Chapter – 112
“ထူးခြားအစွမ်းထက်လှသည့်အရိုးသန့်စင်ဆေး”
ရဲရှောင် ဆွံ့အလျက် ရှိနေမိသည်။
(ထူးဆန်းတဲ့ ဥတစ်လုံး ဖြစ်တယ် ဆိုပေမဲ့ ဥက ဥပါပဲ။ မထူးဆန်းပါဘူးလေ၊ အထဲမှာ အဖြူရောင် အကာရယ် အနှစ်ရယ် ရှိနေမှာပဲလေ၊ ဒါပေမဲ့ ဒီဥထဲက သတ္တဝါ ပျော်သွားသလို ခံစားမှုမျိုး ဖြစ်သွားတယ် ဆိုတာကို ငါဘယ်လို ခံစားမိနေတာပါလိမ့် . . .)
ရဲရှောင် ဥအနားသို့ ကပ်၍ကြည့်လိုက်သည်။ အပေါ်ဘက်ရှိ အကွက်များအား ကြည့်ရင်း ပြုံးလိုက်ကာဖြင့် –
“မင်းအခု သက်တောင့်သက်သာ ရှိသွားတယ်မလား၊ အေးအေးဆေးဆေး လှဲနေရင်းနဲ့ အချိန်တန် ကြီးထွားလာရုံပဲ ဘာမှ စိုးရိမ်နေစရာလည်း မလိုဘူး။ မင်းထွက်လာနိုင်မဲ့ နေ့ကို စောင့်နေရုံပဲမလား . . .”
“ငါကတော့ အခု တော်တော် အခြေအနေတွေ ရှုပ်နေပြီ။ ဘယ်သွားရမှန်းလဲ မသိတော့ဘူး။ လက်ရှိ အခြေအနေကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာကိုလည်း မသိတော့ဘူး။ ငါဘယ်လိုတောင် လုပ်ရမလဲ . . . ငါသာ တစ်ခုခု ဖြစ်ကြည့် မင်းရော အခုလို အေးအေးဆေးဆေး ပျော်နေနိုင်မယ် ထင်နေသလား . . .”
ရဲရှောင် နာနာကျင်ကျင်ဟန်ဖြင့် ပြုံးကာ သက်ပြင်းချလိုက်လေသည်။
သူသည် ခက်ခဲမှု ဟူသည့် စကားလုံးကို လက်မခံသည့် လူစားမျိုး ဖြစ်သည်။ မည်သည့် အဟန့် အတားကိုမဆို ကျော်ဖြတ်နိုင်ခဲ့သည့် လူတစ်ယောက်လည်း ဖြစ်ခဲ့၏။
ထို့ကြောင့် သက်ပြင်း အတော်ကြာ ချပြီးနောက်မှာပင် နဂိုပုံမှန် အခြေအနေသို့ ပြန်လည် တည်ငြိမ်စွာ ဖြစ်သွားခဲ့သည်။ အဖြေတစ်ခုကို ထုတ်နိုင်ရန်အတွက် ခက်ခက်ခဲခဲကို စဉ်းစားနေမိသည်။ အသက်ရှူနေသမျှ ကာလပတ်လုံး မဖြေရှင်းနိုင်သည့် ပြဿနာဆိုတာ မရှိဟု ခံယူထားသူပင် မဟုတ်ပါလား။
ပြဿနာတိုင်းတွင် အဖြေဆိုတာ ရှိနေတာဖြစ်ပြီး ထိုအဖြေကိုပင် လူအများစု ရှာမတွေ့နိုင်ကြခြင်း ဖြစ်လေ၏။
လက်တွေ့ကျသော အဖြေဆိုတာ ရှိစမြဲပင်။
ထိုအဖြေကို ရှာတွေ့နိုင်သည်နှင့် အရာအားလုံး အဆင်ပြေပေမည်။ ထိုကဲ့သို့သာ ရှာမတွေ့ ခဲ့ပါက ထိုလူသည် အသုံးမကျသော လူတစ်ယောက် ဖြစ်၍သာ ဖြစ်ပါသည်။ မျှော်လင့်ချက်ထား၍ ကြိုးစားရမည်သာ ဖြစ်ပေသည်။
သူသည် အတွေးပင်လယ်ထဲ နစ်မြောနေရင်း ဥမှာ တဖြည်းဖြည်း မြင့်တက်၍ ပျံသန်းလာသည်ကို သတိမမူမိလိုက်ချေ။ သုံးပေအမြင့်လောက်ထိ မြင့်တက်လာပြီးနောက် အောက်သို့ ပြန်၍ ကျဆင်းသွားလေ၏။
ဥမှ ရဲရှောင်အား တုန့်ပြန်မှု ပေးလိုက်ခြင်းပင် ဖြစ်လေသည်။
ရဲရှောင်မှာမူ မည်သည့် နည်းလမ်းမှ ရှာမတွေ့နိုင်တော့သဖြင့် သက်ပြင်းချကာ ပြုံးလိုက်ရင်း –
“ဒါတွေကပဲ အခု လောလောဆယ် ငါ့မှာ ရှိနေတဲ့ အကျိုးအမြတ်တွေလို့ ပြောရမှာပေါ့ ဟဲဟဲ . . .”
ရဲရှောင်သည် ဥအောက်ခြေဖက်မှ အပြားပေါ်တွင် ရှိနေပြီး ပြင်းထန်သည့် စွမ်းအင်လှိုင်းများ ထွက်နေသော ဆေးလုံး တစ်ဒါဇင်လောက်ကို ကြည့်၍ နေလေသည်။
ထိုဆေးလုံးများ အားလုံးသည် ထူးခြား အစွမ်းထက်လှသည့် ထိပ်တန်းအဆင့် ဆေးလုံးများပင် ဖြစ်ပေသည်။
စုစုပေါင်းအားဖြင့် ၁၅ လုံး ရှိနေခြင်း ဖြစ်ပြီး အရိုးသန့်စင်ဆေးလုံး ၅ လုံး၊ ပင်လယ်ဖယ်ဆေးလုံး ၅ လုံး၊ ချိုးဖျက်ဆေး ၅ လုံး ရှိနေခြင်း ဖြစ်သည်။
ဖေးယွမ်ဆေးလုံးသည် ပထမအဆင့် အဆင့်နိမ့် ဆေးလုံးသာ ဖြစ်ပြီး အရိုးသန့်စင်ဆေးလုံးမှာမူ ဒုတိယအဆင့်ဟု ဆိုနိုင်ပေသည်။ ပင်လယ်ဖယ်ဆေးလုံးမှာလည်း ဒုတိယ အဆင့်ဟု ဆိုနိုင်ပြီး ဒုတိယအဆင့်တွင်မှ အဆင့်မြင့်တန်း ဆေးလုံးပင် ဖြစ်ပါသည်။ ချိုးဖျက်ဆေးမှာမူ သာမန်မဟုတ်ဘဲ တတိယအဆင့် ဆေးလုံးပင် ဖြစ်လေ၏။
အထူးသဖြင့် တစ်စို့နေသည့် အချိန်မျိုးတွင် ထိုဆေးလုံးကို အသုံးပြုကြတာ ဖြစ်ပါသည်။
မည်သည့် အဆင့် ရောက်နေသည့် ပညာရှင်မျိုး ဖြစ်ပါစေ တစ်စို့သည့် အခြေအနေကို ကြုံတွေ့ရမည် ဖြစ်ပြီး မတူညီသော အဆင့်များရှိသည့် ချိုးဖျက်ဆေးလုံးများ လိုအပ်ကြမည် ဖြစ်ပါသည်။
ဥပမာအားဖြင့် ကောင်းကင်အဆင့်မှ မူလဝိညာဉ်တော် အဆင့်သို့ တက်လှမ်းမည့် လူဆိုပါက အဆင့် ၄ ချိုးဖျက်ဆေးလုံးအား သုံးစွဲရန် လိုအပ်မည် ဖြစ်ပေသည်။ မူလအိပ်မက်အဆင့်ကို ရောက်ရှိချင် ပါက အဆင့် ၅ ဆေးလုံးကို အသုံးပြုရမည် ဖြစ်ပြီး မူလတာအို အဆင့်ကို ဆက်လက်တက်လှမ်းမည် ဆိုပါက အဆင့် ၆ ဆေးလုံးကို အသုံးပြုရ ပေလိမ့်မည်။ တချို့ဆိုလျှင် အဆင့် ၇ ဆေးလုံးကိုပင် အသုံးပြုရမည်ဖြစ်ပြီး ထိုအချက်ကတော့ လူအပေါ်မှာသာ မူတည်တာ ဖြစ်ပါသည်။
မည်သူပင် ဖြစ်ပါစေ အဆင့်တက်ရန် လိုအပ်နေပါက ချိုးဖျက်ဆေးအချို့နှင့် ကျင့်ကြံမှု လက်ဖက်ရည်ကို လိုအပ်မည်မှာ သေချာလှသည်။ အတူတကွ အသုံးပြုပါက ပိုမို၍ အကျှိုးထူး ရရှိနိုင်မည် ဖြစ်ပါသည်။
ထိုအရာ ၂ ခုသည် အဆင့်တက်လှမ်းနိုင်ရေးအတွက် ၅၀ ရာခိုင်နှုန်းလောက် သေချာစေမည်ပင် ဖြစ်ပါတော့သည်။
ထို ၅၀ ရာခိုင်နှုန်းဟူသည့် နှုန်းသည်ပင် ကမ္ဘာပေါ်တွင် ရာခိုင်နှုန်း အများဆုံး အောင်မြင်နိုင်မှုဟု ဆိုရမည် ဖြစ်သည်။
လူအများစုသည် ထိုကဲ့သို့ အောင်မြင်မှုနှုန်း ရရှိရန်အတွက် အချိန်နှင့်အမျှ ကြိုးစားနေကြတာ ဖြစ်ပါသည်။
လူအများစုအတွက် ၅၀ ရာခိုင်နှုန်း ဆိုသည်မှာ အိပ်မက်တစ်ခုသာ ဖြစ်ပေသည်။
ထိုကဲ့သို့ ပစ္စည်း ၂ မျိုးလုံး မရရှိသည့်တိုင် တစ်မျိုးချင်းစီ ဆိုလည်း အဆင်ပြေပါသေးသည်။ ကျင့်ကြံမှု လက်ဖက်ရည်သည် ပို၍ သာလွန်ကောင်းမွန်လှပြီး အောင်မြင်မှုနှုန်းအား ၃၅ ရာခိုင်နှုန်းထိ ရရှိစေမည် ဖြစ်ပါသည်။ ချိုးဖျက်ဆေးများကတော့မူ ၁၀ ရာခိုင်း ပတ်ဝန်းကျင်သာ အောင်မြင်မှုနှုန်း ရရှိစေနိုင်မည် ဖြစ်၏။
လူတိုင်း ပထမဆုံး အနေဖြင့် စဉ်းစားမိမည့် အရာမှာ ချိုးဖျက်ဆေးကိုသာ ဖြစ်ပြီး အဘယ်ကြောင့် ဆိုသော် ကျင့်ကြံမှု လက်ဖက်ရည်သည် အလွန် ရှားပါးလွန်းသောကြောင့် ဖြစ်ပေသည်။
ရဲရှောင်တွင် ယခု ရှိနေသည့် ချိုးဖျက်ဆေးများမှာမူ ထိပ်တန်းအဆင့် ထူးခြား အစွမ်းထက်လှသော ဆေးလုံးများပင် ဖြစ်၏။ လူများအဖို့ တစ်ဘဝလုံး မြင်တွေ့ရန်ပင် ခက်ခဲလှပြီး ဒဏ္ဍာရီလာ ဆေးလုံးများ ကဲ့သို့ ရှိနေလေ၏။ ထို့ကြောင့်ပင် ထိုဆေးလုံး၏ အောင်မြင်မှုကို ဖော်ပြရန်မှာ မဖြစ်နိုင်သေးပါချေ။
ရဲရှောင်သည် ဆေးလုံးများအား ယူဆောင်၍ ဟင်းလင်းပြင်ကြီး အတွင်းမှ ထွက်ခွာလာခဲ့သည်။ ပထမဆုံး သူလုပ်သည့် အရာမှာ သူ၏ နဂိုပုံစံဖြစ်သည့် သခင်လေးရဲရှောင် ပုံစံအဖြစ် ပြန်ပြောင်းလိုက်ခြင်း ဖြစ်လေ၏။ ရထားလုံးတစ်စီးအား ငှားရမ်းလိုက်ရင်း သူ့အိမ်သူ ပြန်လာခဲ့ပါတော့သည်။
သူ၏ ပုံစံသည် စိုးစဉ်းမျှ စိုးရိမ်ပူပန်မှု မရှိသည့် ဟန်ပန်မျိုးပင်။
သူအိမ်ပြန်ရောက်သည့်အခါ အရိုးသန့်စင်ဆေးလုံး တစ်လုံးအား ထုတ်ယူလိုက်၏။
သူသည် ယခုအခါ မြေကြီးအဆင့် ၃ ကို ရောက်ရှိနေခြင်း ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တွင်းရှိ မသန့်စင် မှုများအား သန့်စင်ရမည့် အချိန်ပင် ဖြစ်လေသည်။ ထို့အပြင် သူသည် တကယ့်တိုက်ပွဲများကြား တိုးတက်မှုကိုလည်း ရှာဖွေချင်မိနေလေ၏။
ကွာခြားမှု သိပ်မရှိလှ သော်လည်း ဘာမှ မလုပ်ခြင်းထက် စာလျှင်တော့ ပို၍ ကောင်းမည်ဟု တွေးနေမိတာပဲ ဖြစ်ပါတော့သည်။
တခြားဆေးလုံးများထက် အရိုးသန့်စင်ဆေးလုံးကို ထုတ်ယူလိုက်ရခြင်းမှာ ယခုဆေးလုံး သောက်ပြီးမှသာ ပင်လယ်ဖယ်ဆေးလုံးကို သောက်သုံးရန် ပြင်ထား၍ ဖြစ်သည်။ ထိုအခါ သူလည်း မြေကြီးအဆင့်၏ အဆင့် ၄ သို့ တက်လှမ်းနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည် နေမိပါတော့သည်။
သူသည် ယခင်က အရိုးသန့်စင်ဆေးလုံးအား မသုံးခဲ့ဘူး ဆိုသည်မှာ အများကြီး မရှိ၍ဖြစ်ပြီး ထိုစဉ်က တစ်လုံးတည်းသာ ကျန်ရှိနေတာ ဖြစ်ပါသည်။ ထို့ကြောင့် တစ်ခုခု အရေးကြုံလာပါက အသုံးပြုနိုင်ရန်အတွက် အရေးပေါ် ထားထားခြင်းဖြစ်ပြီး ထို့အပြင် သူကိုယ်တိုင် အရိုးများအား သန့်စင်စေနိုင်သည့် နည်းလမ်းကို အသုံးပြုနိုင်နေခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်ပင် ထိုစဉ်က လတ်တလော အခြေအနေအရ မလိုအပ်သေးခြင်း ဖြစ်ပေသည်။
ယခုအခါတွင်မူ သူ့ထံတွင် ဆေးလုံးများစွာ ရှိနေပြီဖြစ်ပြီး ထို့ကြောင့်ပင် အသုံးပြုရန် လက်မတွန့် မိခြင်း ဖြစ်၏။
အလွန်အမင်း ထူးခြားမှုကို ပေးစွမ်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ မိသော်လည်း တစ်ခုခု ထူးခြားမည်မှာတော့ သေချာလှပေသည်။
ရဲရှောင် ယခင်ဘဝတုန်းက ထိုအရိုးသန့်စင်ဆေးလုံး အသုံးပြုလေ့ မရှိပေ။ သူသုံးပါက အလဟဿ ဖြုန်းတီးသလိုပင် ဖြစ်နေမည် ဖြစ်လေ၏။
သူအဆင့်တက်လာသည့် အကြိမ်တိုင်းတွင် သူ၏ သွေးကြောများ အားလုံးသည် ပို၍ပို၍ သန့်ရှင်း စင်ကြယ်လာသလို ခံစားနေရသည်။ ထို့ကြောင့် လျင်မြန်စွာ အဆင့်တက်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေမိပါတော့သည်။
တကယ်တမ်းတွင် အဆင့်အသစ်သို့ စတင် ရောက်ရှိပြီး နောက်တစ်ဆင့်သို့ တက်လှမ်းမည့် အချိန်တွင် အရိုးသန့်စင်ဆေး ၂ လုံး၊ ပင်လယ်ဖယ်ဆေးလုံး ၁ လုံးနှင့် ချိုးဖျက်ဆေးလုံး ၁ လုံးတို့ကို အသုံးပြုခြင်းသည် အကောင်းဆုံး ဖြစ်ပေမည်။
ထိုကဲ့သို့ အသုံးပြုခြင်းအတွက် မည်သည့် ဆိုးကျိုးမျှလည်း ဖြစ်ပေါ်စေမည် မဟုတ်ချေ။
သို့သော်လည်း ထိုကဲ့သို့ လုပ်နိုင်သည်မှာ မူလအိပ်မက်အဆင့်သို့ မရောက်ခင် အဆင့်ထိသာ ဖြစ်ပေသည်။
မူလအိပ်မက်အဆင့်သို့ ရောက်ရှိသောအခါ ထိုကဲ့သို့ တူညီသော သက်ရောက်မှုကို ရရှိစေရန် အတွက် အရိုးသန့်စင်ဆေးလုံး ၉ လုံးလောက်ကို စားသုံးရမည် ဖြစ်ပေသည်။
မူလတာအိုအဆင့် ၅ လောက် ရောက်သည့်အချိန်တွင် ယခုရှိနေသည့် အရိုးသန့်စင်ဆေးလုံးများ၊ ပင်လယ်ဖယ် ဆေးလုံးများသည် လုံးလုံး အသုံးမဝင်တော့သည့် အရာများ ဖြစ်သွားပေလိမ့်မည်။
သို့သော် မြေကြီးအဆင့် ၃ မှ မူလတာအိုအဆင့် ၅ ထိဟူသော ခရီးလမ်းအတွက်ကတော့မူ ထူးခြားမှု ရှိနေဦးမည် ဖြစ်ပေ၏။
ရဲရှောင် တဖြည်းဖြည်း တစ်ဆင့်ပြီး တစ်ဆင့် တက်လာသည်နှင့်အမျှ အရိုးသန့်စင်ဆေးနှင့် ပင်လယ်ဖယ်ဆေးလုံး ရာပေါင်းများစွာ လိုအပ်နေမည် ဖြစ်ပါသည်။ ထို့အပြင် ချိုးဖျက်ဆေးလုံး ဒါဇင်ပေါင်း များစွာလည်း လိုအပ်ပေလိမ့်မည်။
ကမ္ဘာပေါ်တွင် မည်သူမျှ ထိုကဲ့သို့ များပြားလှသည့် ဆေးလုံး ပမာဏကို ရရှိအောင် စွမ်းဆောင် နိုင်လိမ့်မည် မဟုတ်ချေ။
ထိုပမာဏသည် ဂိုဏ်းတစ်ခု တည်ထောင်ရန်အတွက်ပင် လုံလောက်နေပြီ ဖြစ်ပေသည်။
အရိုးသန့်စင်ဆေးလုံးနှင့် ပင်လယ်ဖယ် ဆေးလုံးတို့အား ရှာဖွေရန်မှာ ဖြစ်နိုင်သေးသော်လည်း ချိုးဖျက်ဆေး အများအပြားအား ရရှိရန်မှာမူ အလွန်ကို ခက်ခဲလွန်းလှပေသည်။
သို့သော် ယခုအခါတွင် ရဲရှောင်သည် ထိုဆေးလုံးများ ရှာဖွေရန်နှင့် ပတ်သက်၍ စိုးရိမ်နေစရာ မလိုချေ။
တကယ်တမ်းတွင် ရဲရှောင်သည် သူအဆင့်တက်ရန်အတွက် ဆေးလုံးများစွာ လိုအပ်မည် မဟုတ်ဘဲ အဘယ်ကြောင့်ဆိုသော် သူ့တွင်ရှိသော ဆေးလုံးများသည် ထူးခြား အစွမ်းထက်သည့် ထိပ်တန်းအဆင့် ဆေးလုံးများ ဖြစ်နေ၍ပင် ဖြစ်၏။
အရိုးသန့်စင်ဆေးလုံး တစ်လုံးအား စားလိုက်ပြီးနောက် ရဲရှောင်သည် တင်ပျဉ်ခွေချိတ်၍ ထိုင်ချလိုက်သည်။ ချက်ချင်း ဆိုသလိုပင် သူ၏ ခေါင်းထဲတွင် သူ့ခန္ဓာကိုယ်အား အနှောင့်အယှက် ပေးနေသည့် အရာများအား သူ၏ စွမ်းအင်များကို လည်ပတ်စေရင်း တွေ့ရှိသွားခဲ့လေသည်။
ရဲရှောင်လည်း နက်ရှိုင်းစွာပင် နှလုံးသွင်း၍ ဆေးလုံး၏ စွမ်းအင်များကို ချေဖျက်ရန် ကြိုးစားသည်။
ရုတ်တရက် သူတစ်ဦးတည်းသာ ရှိနေသည့် ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ လေသည်။
သူ၏ နှစ်ဘဝလုံးတွင် အရိုးသန့်စင်ဆေးလုံးအား ပထမဆုံး အကြိမ်အဖြစ် စားဖူးလိုက်ခြင်း ဖြစ်ပေသည်။
ယခင်ဘဝတုန်းက သူသည် စတင်၍ လေ့ကျင့်မှုများ ပြုလုပ်စဉ်တွင် ယခုကဲ့သို့ ဆေးလုံးများကို မပိုင်ဆိုင်ခဲ့ရချေ။ မည်သူ၏ အကူအညီ လမ်းညွှန်မှုမျှ မပါဘဲ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရခြင်း ဖြစ်လေ၏။ ပြင်းထန် ကြမ်းတမ်းလှသော လေ့ကျင့်ရေး နည်းစနစ်များအား ပြုလုပ်၍သာ အဆင့်မြင့် အနေအထားတစ်ခုထိ ရောက်ရှိလာခဲ့ရခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဂိုဏ်းကြီးများတွင်သာ ထူးချွန်ထက်မြက် သည့် ဂိုဏ်းသားများအား ပေးသည့် ဆေးလုံးမျိုးကို တစ်ခါမျှပင် နီးစပ်ခွင့် မရရှိခဲ့ချေ။
သူကိုယ်သူပင် တွန်းအားများပေးရင်း အသည်းအသန် ကြိုးစားခဲ့ရခြင်း ဖြစ်ပေ၏။
သူထိုကဲ့သို့ တန်ဖိုးရှိသော အရာများကို ရယူပိုင်ဆိုင်နိုင်လောက်အောင် အစွမ်းထက်လာချိန်တွင် တော့ သူလိုအပ်ခဲ့သော အရာများကို ထိုအချိန် မလိုအပ်တော့ချေ။
ချိုးဖျက်ဆေးမှာမူ အဆင့်တိုင်းအတွက် လိုအပ်သော်လည်း ရဲရှောင် ရရှိခဲ့သည့် ချိုးဖျက်ဆေးလုံး များမှာ အရည်အသွေးနိမ့်သည့် ချိုးဖျက်ဆေးလုံးများသာ ဖြစ်ပေသည်။ အသုံးမဝင်လုနီးနီးကို ဖြစ်ခဲ့ရပြီး ထို့ကြောင့်ပင် ရဲရှောင်၏ ယခင်ဘဝတွင် ဆေးလုံးများ ဆိုသည်မှာ အိပ်မက်မျှသာ ဖြစ်၏။
သို့သော် ယခုအခါတွင်တော့ အခြေအနေချင်း မတူတော့ချေ။
လုံးဝကို ကွဲပြားခြားနားနေပြီ ဖြစ်လေ၏။
သူ့ထံတွင် ဆေးလုံးများစွာ ရှိနေပြီး အားလုံးမှာလည်း ထူးခြားအစွမ်းထက်လှသည့် ထိပ်တန်း အဆင့် ဆေးလုံးများပင် ဖြစ်၏။
အရိုးသန့်စင်ဆေးလုံး ပါးစပ်ထဲ ရောက်သည်နှင့် အံ့သြစရာ ကောင်းလှသော အရသာသည် ပါးစပ်တစ်ခုလုံး ပြန့်နှံ့သွားခဲ့သည်။ ဝိညာဉ်တော်စွမ်းအား အမျှင်တန်းသည်လည်း ရုတ်တရက် ပါးစပ်ထဲ ပြည့်လျှံလာကာ ပေါက်ကွဲမှုများ ဖြစ်ပေါ်နေလေ၏။
ထိုအချိန် ရဲရှောင်သာ ပါးစပ်ဟလိုက်မည် ဆိုပါက များပြားလှသော ချီဓာတ်များ ပါးစပ်အတွင်းမှ ထွက်သွားမည်မှာ အသေအချာပင်။
လူအများ ပြောလေ့ရှိသည့် ဆိုရိုးစကားတစ်ခုကို သူကြားဖူးခဲ့၏။
“ပါးစပ်ကို ဟထားပြီး သောကလေပူတွေကို ကမ္ဘာမြေကြီးရဲ့ အဆုံးစွန်ထိ မှုတ်ထုတ်လိုက်စမ်းပါ”
သူသည် ထိုစကား၏ အဓိပ္ပါယ်အား အပြည့်အဝ နားမလည်နိုင်ခဲ့ပေ။ ထို့ကြောင့်ပင် မယုံကြည် ဖြစ်ခဲ့ဖူးလေ၏။
သို့သော် ယခုအခါတွင်မူ သူသာ ပါးစပ်ဟလိုက်ပါက သောကလေပူ မဟုတ်သည့်တိုင် လေပူများအား ကမ္ဘာအဆုံးစွန်ထိ မှုတ်ထုတ်မိမည်မှာ သေချာလှပေသည်။
ထို့ကြောင့် ဆိုရိုးစကား ဆိုသည်မှာ အလကားမဟုတ်ဟု သူနားလည်သွားမိပါတော့သည် . . .။