Chapter – 111
“သောကပွေခြင်း”
ရဲရှောင်သည် ဂုဂျင်လုံမှ လက်စွပ် မည်သည့် နေရာသို့ ရောက်ရှိနေသလဲ ဆိုတာကို သိစေနိုင်ရန် အတွက် တမင်ပင် လက်စွပ်အား အသက်သွင်းလိုက်၏။
ထိုသို့ဖြင့် အခြေအနေများဟာ ပြောင်းလဲခဲ့ရပေသည်။
ရဲရှောင်သည် ယခုဇာတ်ထုပ် တစ်ခုလုံးအား သူ့စိတ်တိုင်းကျ ခြယ်လှယ်နိုင်တော့မည် ဖြစ်လေ၏။ ဂုဂျင်လုံမှာမူ အရာရာတိုင်း သူ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသည်ဟုသာ ယုံကြည်နေမိပါတော့သည်။
ထိုအချက်သည်ပင် ရဲရှောင်အတွက် အရေးကြီးဆုံးပြီးပြီး သူလိုချင်သော အခြေအနေလည်း ဖြစ်ပေ၏။
ထို့အပြင် ရဲရှောင်သည် တန်ဖိုးကြီးလှသည့် ပစ္စည်းများစွာကို ရရှိခဲ့သည့်အပြင် ယခုအခါ သူ့တွင် ဝိညာဉ်တော်ကျောက်ပြားများစွာ ရှိနေပြီ ဖြစ်၏။ ထို့ကြောင်ပင် အလွန် ပျော်ရွှင် နေမိပါတော့သည်။
သို့သော် သူသည် သောကပွေနေသကဲ့သို့ ရှိနေလေ၏။
လက်ရှိအချိန်တွင် သူ့အတွက် စိုးရိမ်စရာများစွာ ရှိနေပါသည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိ ပြဿနာများ ပြေလည်သွားသည် ဆိုခြင်းမှာ တခဏတာ အတွက်သာ ဖြစ်ကြောင်း သူ့ကိုယ်သူ သိရှိထားလေ၏။
အန္တရာယ်အငွေ့အသက်များမှာမူ သူ့ထံသို့ အရိပ်လိုပင် လိုက်နေမည် ဖြစ်၏။
ယခုကဲ့သို့ လိမ်လည်မှုကြီး လုပ်ပြီးသည့်တိုင်း လုပ်မိခဲ့သည့် ယုတ္တိရှိလှသော အကြောင်းအရာများအတွက် သူ့ကိုယ်သူ အံ့သြနေမိလေ၏။
သူ့အနေဖြင့် ဆေးပညာ၏ ဆရာသခင် အဆင့်ရှိသည့် သူ့ဆရာဟု ပြောခဲ့သည့် လူတစ်ယောက်ကို ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင်။
တကယ်ကိုပဲ ဂုဂျင်လုံအား ထူးခြားအစွမ်းထက်သော ဆေးလုံးများစွာ ပေးရမည် သကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။
ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ခဲ့မိသလိုပင် ဖြစ်ခဲ့ရလေ၏။
အကယ်၍ ဆေးလုံးများကိုသာ ပေးနိုင်ခြင်း မရှိပါက အဘယ်သို့ လုပ်ရပါမည်နည်း . . .။
ဂုဂျင်လုံမှာ ရဲရှောင်နှင့် ညီအစ်ကိုလို ဖြစ်နေပြီဟု ပြောခဲ့သော်လည်း သူ့အတွက် ရဲရှောင် အသုံးမလိုမှန်း သိသည်နှင့် ချက်ချင်း သတ်ပစ်ရန်မှာ ဝန်မလေးလောက်ချေ။
ယခုဖြစ်နေသည့် ကိစ္စရပ်များ အားလုံးကို ဖြေရှင်းနိုင်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဂုဂျင်လုံအား သတ်ပစ်ရန်ပင် ဖြစ်လေသည်။ သို့သော် ရဲရှောင်မှာမူ မည်ကဲ့သို့ ရင်ဆိုင်ရမလဲ ဆိုတာကို မစဉ်းစားရသေးချေ။
အဘယ်ကြောင့်ဆိုသော် မဖြစ်နိုင်ဘူး ဆိုတာကိုတော့ သူ့ကိုယ်သူ သိနေ၍ပင် ဖြစ်၏။
အိမ်တော်ထိန်းကြီးနှင့် နင်ဘီလျူ အပါအဝင် ရှိသမျှ အင်အားကုန်သုံး၍ တိုက်ခိုက်သည့်တိုင် ဂုဂျင်လုံအား လုံးဝ ဖမ်းမိနိုင်မည် မဟုတ်ချေ။
ရဲရှောင်သည် လက်ရှိအချိန်တွင် အားနည်းလွန်းနေပြီး ဂုဂျင်လုံမှာမူ အကြည့်တစ်ချက်နဲ့တင် သူ့ကို သတ်နိုင်လောက်ပေသည်။
တိုက်ခိုက်ရန် အကြံအစည်မှာ နောက်ဆုံး မတတ်သာသည့် အခြေအနေမျိုးတွင်သာ လုပ်ရမည်မှာ သေချာလှသည်။ လက်ရှိအချိန်တွင် သတ်ဖြတ်ရန် စိတ်ကူးကို တွေးနေ၍ မရသေးချေ။
ထိုကဲ့သို့ သတ်ဖြတ်ရန် မဖြစ်နိုင်သေးသည့်အတွက် လက်ရှိအတိုင်းပင် ဆက်သွားရမည်ဖြစ်၏။
နောက်တစ်ကြိမ် ဂုဂျင်လုံမှ သူ့ကို တွေ့သည့်အခါတွင် ပြန်လွှတ်တော့မည်ပင် မထင်ချေ။
ဂုဂျင်လုံသည် သူ့ကို ခြိမ်းခြောက်သည်ဟု ခံစားရသည်နှင့် ထိုလူအား အမေးအမြန်းမရှိ သတ်ဖြတ် တတ်သော အကျင့်ရှိသူတစ်ဦး ဖြစ်၏။ ထွေထွေထူးထူးပင် မစဉ်းစားနေပါချေ။
“တော်တော် စိတ်ရှုပ်စရာ ကောင်းတဲ့ အခြေအနေကြီးပဲ . . .”
ရဲရှောင် သက်ပြင်းချရင်း ရေရွတ်လိုက်၏။
လေးလေးနက်နက် စဉ်းစားလိုက်ပြီးနောက် သူသည် အဖြေတစ်ခုကို အသေအချာ ရရှိလိုက်ပါ သည်။
ထိုအဖြေမှာ ဂုဂျင်လုံအား သတ်ဖြတ်ရန် မဖြစ်နိုင်ဟူသော အဖြေပင် ဖြစ်လေ၏။
ထိုအဖြေမှတပါး တခြားစဉ်းစားမိသည့် အဖြေမျိုး မရရှိသေးပါချေ။
“ဒီအရှုပ်ထုပ်ကို စဉ်းစားမိရင်း ငါတော့ ရူးတော့မှာပဲ . . .”
ရဲရှောင် သက်ပြင်းချရင်း ရေရွတ်လိုက်မိပြန်သည်။
“သူ့ကိုသတ်ဖို့ဆိုတာ နည်းလမ်းမရှိဘူး၊ ငါက အခုချိန် ပြောပလောက်တဲ့ အစွမ်းမျိုး မရှိသေးဘူး၊ ဒီကမ္ဘာပေါ်က အင်အားစုတွေ အားလုံးကို တတ်နိုင်သလောက် စုစည်းလိုက်မယ် ဆိုရင်တောင်မှ ဂုဂျင်လုံကို တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး . . .”
“ဒီကမ္ဘာမှာ ရှိသမျှ အဆိပ်တွေ အကုန်လုံး ရောစပ်ပြီး ကျွေးလိုက်မယ် ဆိုရင်တောင်မှ ဂုဂျင်လုံ အသက်ရှင်နိုင်ဦးမှာ သေချာတယ် . . .”
“ဒီဘဝမှာ ငါကောင်းကောင်းမွန်မွန် နေသားကျနေပြီကို ဘယ်လိုဖြစ်ပြီး ရုတ်တရက် ကံဆိုးသွားရ တာလဲ မသိပါဘူး . . .”
ရဲရှောင် နာနာကျင်ကျင်ဟန်ဖြင့် မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။
ထပ်ကာထပ်ကာ စဉ်းစား၍ နေသော်လည်း တိကျသေချာသည့် အဖြေမျိုး စဉ်းစား၍ မရ ဖြစ်နေလေသည်။
အသုံးဝင်နိုင်မည့် နည်းလမ်းတစ်ခုခု မတွေ့နိုင်တော့သဖြင့် ရဲရှောင်လည်း သိပ်ပြီး စိတ်ပူနေခြင်းမှ သူ့ကိုယ်သူ ပြန်လည် ထိန်းလိုက်သည်။
(ထားလိုက်တော့ . . . ငါအခုနေ သေမယ် ဆိုရင်တောင်မှ သေပါစေတော့။ အနည်းဆုံးတော့ သုံးလကျော်လောက် အသက်ပိုပြီး ရှည်ခဲ့ရတာပဲမလား . . .”
ထို့ကြောင့် သူသည် လက်စွပ်အား ဖွင့်လိုက်ပြီး အတွင်းရှိ ဆေးဖက်ဝင် ပစ္စည်းများ အားလုံးကို သူ၏ ဟင်းလင်ပြင်ကြီးများထဲသို့ ထည့်သွင်းရန် ပြင်လိုက်သည်။
လက်ရှိတွင် သူ၏ မျှော်လင့်ချက်များ အားလုံးသည် ယခုဟင်းလင်းပြင်များ အပေါ်တွင် များစွာ မှီခိုနေလေ၏။
သို့သော်လည်း ကမ္ဘာပေါ်ရှိ ရတနာများ အားလုံးအား စုဆောင်းကာ ဟင်းလင်းပြင်ကြီးများ အတွင်းသို့ ထည့်လိုက်သည့်တိုင် ချက်ချင်းလက်ငင်းကြီး ဂုဂျင်လုံနှင့် အဆင့်တူသွားမည်မှာ မဖြစ်နိုင် ဆိုတာကိုတော့ သူ့ကိုယ်သူ သိရှိနေပါတော့သည်။
သူ၏ နောက်ဆုံး မျှော်လင့်ချက်ကို ဖြည့်ဆည်းနေရုံသာ ရှိလေ၏။
ပစ္စည်းများအား ရွှေ့ပြောင်းနေရင်းဖြင့် ရဲရှောင်လည်း –
“လုပ်ကြံရမလား . . . အဆိပ်ခတ်ရမလား . . . ဒါမှမဟုတ် ဂုဏ်သိက္ခာရှိရှိပဲ တိုက်ရမလား . . . မဖြစ်သေးပါဘူးလေ . . .”
“သွေးထိုးလိုက်ရမလား . . . ဒုက္ခရောက်အောင်လုပ်ရမလား . . . ဘယ်လို လုပ်ရင် ကောင်းမလဲ၊ ဒီကမ္ဘာမှာ သူ့ကို ဆန့်ကျင်နိုင်မဲ့လူမျိုး ငါရှာလို့ ရမယ်မထင်ပါဘူး . . .”
ရဲရှောင်သည် လက်ရှိအချိန်တွင် စဉ်းစားရ အလွန် ကြပ်နေလေ၏။
ယခင်က မကြုံတွေ့ခဲ့မိဖူးသည့် အန္တရာယ် အငွေ့အသက်များကို ခံစားနေရပြီး သူ့ယခင်ဘဝမှာပင် ယခုလို ကျဉ်းထဲကြပ်ထဲ အခြေအနေမျိုး မကြုံတွေ့မိခဲ့ဖူးချေ။
ရှောင်ဧကရာဇ်သည် ကမ္ဘာပေါင်းများစွာ ပတ်၍ သွားလာခဲ့ကာ ပြဿနာမျိုးစုံ ရှာခဲ့ဖူးသော်လည်း သူ့ထက်အင်အား သာလွန်နေသည့် လူမျိုးအား တစ်ခါမျှ မမြင်တွေ့ခဲ့ရပါချေ။ သူမတိုက်ခိုက်နိုင်သည့် ပြိုင်ဘက်မျိုးဟူ၍ မရှိခဲ့ခြင်း ဖြစ်ပေသည်။
အသက်အန္တရာယ်များလှသည့် အခြေအနေမျိုးများဖြင့် ကြုံတွေ့ခဲ့ရဖူးသော်လည်း ယခုကဲ့သို့ စိတ်ရှုပ်စရာ အခြေအနေမျိုး မရှိခဲ့ဖူးချေ။
ယခင်ဘဝ၏ နောက်ဆုံးတိုက်ပွဲတွင်တောင် သူ့ကိုယ်သူ သေရမည်မှန်း သိနေသည့်တိုင် ကြောက်ရွံ့ခြင်း အလျဉ်းမရှိခဲ့ပေ။
အနည်းဆုံးတော့ သူသည် လွတ်မြောက်ရန် ထွက်ပြေးနိုင်သေးသည် မဟုတ်ပါလား။
သူသည် ကံကြမ္မာအရ သေဆုံးခဲ့ရသော်လည်း ရန်သူမြောက်များစွာကို သတ်နိုင်ခဲ့လေ၏။
သို့သော် ယခုအချိန်တွင် အရာရာသည် ကွဲပြားခြားနားနေလေသည်။ လုံးဝကို ကွဲပြားခြားနား နေခြင်း ဖြစ်လေ၏။
ရဲရှောင်သည် သူသာ ရှောင်ဧကရာဇ်ဘဝဖြင့် ဆိုပါက ဂုဂျင်လုံအား သတ်နိုင်မည်မှာ သေချာလှ ပေသည်။
သို့သော် ယခုအခါ သူမည်သို့ပင် လုပ်နေပါစေ ဂုရျင်လုံအား သေအောင် သတ်နိုင်မည် မဟုတ်ပေ။
သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် ပေါက်ကွဲစေနိုင်သည့် ယမ်းများဖြင့် တန်ဆာဆင်ကာ ကိုယ့်ကိုယ်ကိုယ် အသေခံ၍ ဂုဂျင်လုံအား သတ်မည်ဆိုလျှင်ပင် ဂုဂျင်လုံသည် နည်းနည်းမျှကို နာကျင်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် စိတ်ရှုပ်စရာ အလွန်ကောင်းနေလေ၏။
ရဲရှောင်သည် နေ့စဉ်ရက်ဆက် ဆိုသလို ထိုကဲ့သို့ စိတ်ရှုပ်ထွေး နေရတော့မည် ဖြစ်ပေသည်။
လက်ရှိဘဝတွင် ဂုဂျင်လုံနှင့် မဆုံချင်သေးသော်လည်း မရဏကျောက်တုံးနှင့် ထူးခြား အစွမ်းထက်သည့် ဆေးလုံးများကြောင့် မတတ်သာဘဲ ဆုံတွေ့နေရပြီ ဖြစ်သည်။
ရဲရှောင်သည် ပစ္စည်များအား ရွှေ့ပြောင်းနေရင်း စိုးရိမ်ပူပန်နေမိလေ၏။
ပစ္စည်း ၁၀၀ ကျော်လောက် ရွှေ့ပြောင်းပြီးသည့်အချိန်တွင် သူ၏ ဟင်းလင်းပြင်ကြီး ကိုးခုအနက် သစ်သားဟင်းလင်းပြင်ကြီးသည် တစ်ခုခု ထူးခြားလာခဲ့သည်။
အလွန်လျင်မြန်လှသဖြင့် ရဲရှောင်ပင် အထိတ်တလန့် ဖြစ်သွားခဲ့၏။ ထို့ကြောင့် သစ်ပင်ကြီး တစ်ပင်အား မှီလိုက်ရင်း ဟင်းလင်းပြင်ကြီးအတွင်း ဝင်ရောက် စစ်ဆေးကြည့်လိုက်လေသည်။
သစ်သားဟင်းလင်းပြင်အတွင်းတွင် ဆေးပင် ၁၀၀ လောက်သည် အတန်းလိုက် အတန်းလိုက် ဖြင့် ပေါက်ရောက်နေကြလေ၏။ တကယ်ကိုပင် အံ့သြစရာ မြင်ကွင်းတစ်ခုပင် ဖြစ်သေည်။
အပင်များ၏ အထက် လေထုထဲတွင် အစိမ်းရောင် အခိုးအငွေ့ အနည်းငယ် ရှိနေပြီး ဟင်းလင်းပြင် ကြီး တစ်ခုလုံးအား အသက်ဓာတ်များဖြင့် ဖုံးလွှမ်းထားသလို ဖြစ်နေလေ၏။
အစိမ်းရောင် အငွေ့အသက်များ ထွက်နေသည့်တိုင် အပင်များသည် ရှင်သန် ကြီးထွားနေဆဲပင် ဖြစ်ပေသည်။
အပင်အချို့သည် အစပိုင်းတွင် အရွက်များပင် မရှိကြသော်လည်း အစိမ်းရောင် အငွေ့များ၏ လွှမ်းခြုံမှုကြောင့် ရွက်သစ်များ ပြန်လည် ထွက်ပေါ်လာကာ အစိမ်းရောင်များ ဖုံးလွှမ်း၍ နေလေသည်။
အစိမ်းရောင် အသက်ဓာတ်များဖြင့် ပြည့်ဝနေပြီး ဟင်းလင်းပြင်ကြီး တစ်ခုလုံးအား အစိမ်းရောင်ဖြင့် ခြယ်ထားသကဲ့သို့ အလွန်လှပနေစေပါတော့သည်။
သစ်သားဟင်းလင်းပြင် ပြောင်းလဲနေစဉ်တွင် ရေဟင်းလင်းပြင်သည်လည်း ပြောင်းလဲစ ပြုလာလေ၏။
ရေဟင်းလင်ပြင်ထဲရှိ ရေငွေ့များသည် ထွက်ပေါ်လာကြပြီးနောက် ရုတ်တရက် သစ်သား ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်လာလေ၏။ အစိမ်းရောင် အငွေ့အသက်များဖြင့် ရောယှက်သွားပြီးနောက် မိုးစက်မိုးပေါက်များအဖြစ် သစ်သားဟင်းလင်းပြင်အတွင်း ရွာချလာပါတော့ သည်။
တခဏအကြာတွင် သစ်ရွက်များပေါ်၌ ရေစက်များ စိုစွတ် လာကြလေ၏။
ဟင်းလင်းပြင်ကြီး တစ်ခုလုံးသည် အစိုဓာတ်များဖြင့် ပြည့်နှက်သွားပါတော့သည်။
ရဲရှောင်သည် ထိုအဖြစ်အပျက် အားလုံးကို မြင်တွေ့နေရပြီး ထိုအချိန်မှာပင် ရွှေရောင် ဂျင်စင်းပင်သည် လှုပ်ရှားလာလေသည်။ ထိုအပင် လှုပ်ရှားမှုနှင့်အတူ ၎င်း၏ အမြစ်များသည် တဖြည်းဖြည်း ရှည်ထွက်လာကာ မြေပြင်ထဲသို့ ကုပ်တွယ်သွားကြ၏။
တခဏအကြာတွင် အရွက်များ လှုပ်ခတ်လာပြန်ပါသည်။
ရဲရှောင် သူ့ကိုယ်သူ အိပ်မက် မက်နေသကဲ့သို့ ခံစားနေရလေသည်။ မျက်လုံးများကို ပွတ်သပ်၍ ဂျင်စင်းပင်အား ထပ်မံ၍ ကြည့်လိုက်သည်။ အတော်ကြီးကို ပျော်ရွှင်သွားမိပြီး အသက်ဓာတ်များ ပိုမို ပြည့်ဝလာသည်ကို တွေ့ရှိလိုက်ရလေ၏။
ရေငွေ့များသည် သစ်သားဟင်းလင်းပြင် အတွင်းမှ လွင့်မျောသွားကြသည့် အချိန်တွင် အစိမ်းရောင် အခိုးအငွေ့များပါ လိုက်ပါ၍ သွားကြလေ၏။ ၎င်းတို့သည် ရွှေဟင်းလင်းပြင်၊ မီးဟင်းလင်းပြင် နှင့် တခြားသော ဟင်းလင်းပြင်များအား ဖြတ်သန်းသွားကြသည်။ တခြားသော စွမ်းအင်များ ထွက်ပေါ်လာ ကြပါတော့သည်။
ထို့နောက် ဟင်းလင်းပြင်ကြီး ကိုးခုမှ ထူးဆန်းလှသော စွမ်းအင်များသည် လမ်းကြောင်းတစ်ခု အတွင်းသို့ စီးဝင်သွားကြသည်။
ထိုလမ်းကြောင်းမှာမူ ဥတည်ရှိရာ နေရာနှင့် ဆက်သွယ်ထားခြင်းပင် ဖြစ်ပေသည်။
ရဲရှောင် မြင်ကွင်းအား ကြည့်ရင်း တုန်လှုပ် အံ့သြမိနေလေသည်။
အိပ်မက်ထဲ ရောက်နေသကဲ့သို့ ခံစားနေရပြီး ဟင်းလင်းပြင်ကြီး ကိုးခုမှ ထွက်ပေါ်လာသော စွမ်းအင်များ စီးဆင်းနေသည်ကို ကြည့်နေလေ၏။
ထို့နောက် သူလည်း စွမ်းအင်များ စီးဆင်းရာနောက်သို့ လိုက်လာခဲ့သည်။
ထိုအခါ စွမ်းအင်လှိုင်းများသည် ဥရှိရာသို့ အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသည်အား တွေ့ရှိ လိုက်ရလေ၏။
စွမ်းအင်အချို့သည် ဥထဲသို့ ဝင်ရောက်ပြီးသည်နှင့် ချက်ချင်း ပြန်၍ ထွက်လာကြ၏။ ဖြစ်စဉ် တစ်ခုလုံးသည် တိုတောင်းလှသော်လည်း အလွန်ကို အံ့သြစရာ ကောင်းလှပေသည်။ ပြန်ထွက်လာသော စွမ်းအင်များသည် ဥ၏ ပတ်လည်တွင် လည်နေလျက် ရှိကြပြီးနောက် သစ်သားဟင်းလင်းပြင် ရှိရာသို့ ပြန်ရောက်လာကြပြန်သည်။ စွမ်းအင်များသည် ဥနှင့် သစ်သားဟင်းလင်းပြင်အကြား အသွားအပြန် လုပ်နေခြင်းပင် ဖြစ်သည်။ ရပ်တန့်ခြင်းလည်း မရှိတော့ချေ။
ထိုအချိန် ဥဟာလည်း တုန်ခါလာလေ၏။
ရဲရှောင် မျက်လုံးများကို ချက်ချင်းပင် ပွတ်သပ်၍ ကြည့်လိုက်ပြန်သည်။
ထို့နောက်တွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များအား သေချာစွာ မြင်တွေ့လိုက်ရ လေ၏။
ဥသည် လှုပ်လာပါသည်။ သို့သော် အသက်ရှိလား မရှိလား ဆိုတာကိုတော့ သူသေချာ အတပ်မပြောနိုင်ချေ။ သို့သော် အရွယ်အစား ကြီးမားလာသည်ကိုတော့ သေချာစွာ မြင်တွေ့နိုင်မည် ဖြစ်ပေသည်။ အစတုန်းက ငန်းဥ အရွယ်လောက်သာ ရှိနေတာဖြစ်ပြီး ယခုအခါ တဖြည်းဖြည်း ကြီးထွား လာလေတော့သည်။
ထိုကဲ့သို့ ကြီးမားလာသဖြင့် ဥလေးသည် လှုပ်နေသကဲ့သို့ ဖြစ်နေလေ၏။
ဟင်းလင်ပြင်ကိုးခုနှင့် ဥကြားရှိ စွမ်းအင်လှိုင်းများသည်လည်း ၉၉ ခေါက်တိတိ အသွားအပြန် လုပ်ပြီးနောက် ရပ်တန့်သွားကြပါသည်။ အရာအားလုံး ပုံမှန်အတိုင်းပင် ပြန်ဖြစ်သွားပြီး တိတ်ဆိတ် သွားပါတော့သည်။
ပထမဆုံးအနေဖြင့် ရေဟင်းလင်းပြင်မှ ပိုင်ဆိုင်သည့် စွမ်းအင်များသည် ရေဟင်းလင်းပြင် ရှိရာသို့ ပြန်လည် ရောက်ရှိသွားသည်။
ထို့နောက် တခြားသော စွမ်းအင်များသည်လည်း သက်ဆိုင်ရာ ဟင်းလင်းပြင်ထဲသို့ ပြန်လည် ဝင်ရောက်သွားကြပါတော့သည်။
ဟင်းလင်းပြင်ကြီး ကိုးခုသည် ဘာဆိုဘာမှ မဖြစ်ခဲ့သလို ပုံမှန်အတိုင်းပင် တည်ငြိမ်စွာ ပြန်လည် ဖြစ်ပေါ်လာလေ၏။
သို့သော်လည်း ဥမှာမူ အတော်ကြီး ပြောင်းလဲသွားခဲ့ချေပြီ။
ယခုအခါတွင် ဥသည် ဖရဲသီးတစ်လုံး အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။
ပုံစံမှာလည်း ပြောင်းလဲသွားခဲ့ပြီး ဥမျက်နှာပြင်ပေါ်တွင် ကြယ်ကဲ့သို့ အစက်အပျောက်လေးများ ဖြစ်ပေါ်လျက် ရှိနေ၏။ ထူးဆန်းသော အရေးအကြောင်းများသည်လည်း ပိုမို၍ ရှင်းလင်း လာပါတော့သည်။
ထို့အပြင် ဥသည် သလင်းကျောက်ကဲ့သို့ ကြည်လင် တောက်ပလာခဲ့ပါသည်။
ရဲရှောင်လည်း ဥကိုကြည့်ရင်း စိတ်လှုပ်ရှားနေမိသည်။
စွမ်းအင်အမြောက်အများကို တစ်ကြိမ်တည်း အများအပြား စုပ်ယူနိုင်ခဲ့သဖြင့် ဥအတွင်းမှ အရာသည်လည်း ပျော်ရွှင်နေလိမ့်မည်ဟု သူတွေးနေမိပါတော့သည် . . .။