Chapter – 110
“ထောင်ချောက်မိသွားခြင်း”
“သေတဲ့ထိ ညီအစ်ကိုတစ်ယောက်လို သတ်မှတ်မှာပေါ့နော် . . .”
ရဲရှောင်သည် အလွန်ကို ခံစားသွားရဟန်ဖြင့် ပြောလိုက်လေသည်။ ထို့နောက် ဂုဂျင်လုံ၏ လည်ပင်းကို ကြည့်လိုက်ရင်း –
“ကျုပ်ခင်ဗျားကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး နောင်ကြီးဂု . . . ခင်ဗျားက ကျုပ်ကို သိပ်ပြီး ကြင်နာတာပဲ၊ ကျုပ်ဘက်ကလည်း အပြန်အလှန်အနေနဲ့ ခင်ဗျားအပေါ် သစ္စာရှိပေးရမှာပေါ့ဗျာ၊ ခင်ဗျား လက်က ထွက်ပြေးမိရင် ကျုပ်ကိုယ်ကျုပ် လူလို့တောင် သတ်မှတ်ချင်တော့မှာ မဟုတ်ဘူး . . .”
တကယ်တမ်း သူစဉ်းစားနေမိသည်မှာ –
(သေတဲ့ထိ ညီအစ်ကို တစ်ယောက်လို သတ်မှတ်မယ် ဟုတ်လား . . . အားဟား . . . ဒါဆိုလည်း ခဏတော့ စောင့်နေဦး ခင်ဗျားကို ကျုပ်ရဲ့ ဓားနဲ့ ကိုယ်တိုင်သတ်ပြီးမှပဲ ကျုပ်ခင်ဗျားပြောတာ စဉ်းစားနိုင် မယ် . . .)
ဂုဂျင်လုံ ကျယ်လောင်စွာ ရယ်မောနေလေ၏။
“ဒါပေမဲ့ နောင်ကြီးဂု . . . ခင်ဗျားကို အမှန်တိုင်း တစ်ခုလောက် ပြောရဦးမယ်။ ကျုပ်ဆရာက ဘယ်လောက်များတဲ့ ဆေးလုံးတွေပဲ လုပ်လုပ် ကျုပ်အတွက်တော့ ၂ လုံးလောက် သိမ်းထားချင်တယ်”
ရဲရှောင်သည် လက်စွပ်အား သိမ်းဆည်းလိုက်ရင်း တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်လေ၏။
“ညီလေးဖန် . . . မင်းက တကယ်ကို ရိုးသားတဲ့ လူတစ်ယောက်ပါလား၊ မင်းရဲ့ဆရာ တစ်ကြိမ်မှာ ထူးခြားအစွမ်းထက်တဲ့ဆေးလုံး ဘယ်နလုံး ပါအောင် လုပ်နိုင်သလဲ ဆိုတာ ငါသိချင်မိရဲ့ . . .”
ဂုဂျင်လုံ မေးလိုက်သည်။
ရဲရှောင် ရယ်မောလိုက်ရင်းဖြင့် စိတ်လက်ပေါ့ပါးစွာပင် –
“ကျုပ်ရဲ့ဆရာက ဆေးပညာရပ်မှာ ဆရာသခင်အဆင့်ကို ရောက်နေပြီလို့ ပြောလို့ရတယ်။ ၉၉ ရာခိုင်နှုန်းလောက်က ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေပဲ . . .”
ထိုကဲ့သို့ ရဲရှောင် ပြောလိုက်သောအခါ ဝမ်ဇန်းဟိုနှင့် ဂုဂျင်လုံတို့သည် မျက်လုံးများ အရောင် ဝင်းလတ် သွားကြလေသည်။ အတော်ကြီး အံ့သြနေကြခြင်းပင် ဖြစ်၏။
(၉၉ ရာခိုင်နှုန်း . . . ဒီကမ္ဘာကြီးပေါ်မှာ ရှိတဲ့ ဆေးပညာရှင်တွေထဲ ၁ ရာခိုင်နှုန်းတောင်မှ ဒီလို အောင်မြင်မှုမျိုး ရှိနိုင်မှာ မဟုတ်ဘူး၊ ဒီဖန်ဇီလင်ရဲ့ ဆရာဖြစ်သူက တကယ့် ဆေးပညာရဲ့ ဆရာသခင် အဆင့်ကို ရောက်နေတာပဲ . . . တော်တော်ကို ထူးချွန်တဲ့ လူပါလား . . .)
“မင်းစိတ်မရှိဘူးဆိုရင် သူဘယ်နှလုံးလောက် တစ်ခါလုပ်ရင် ရမလဲဆိုတာ ထပ်မေးပါရစေ . . .”
ဂုဂျင်လုံ မေးလိုက်ပြန်သည်။
“အင်း . . . ဒါကတော့ ပစ္စည်းတွေ အပေါ်မှာ မူတည်တယ်။ လုံလောက်တဲ့ ပစ္စည်း တွေနဲ့ ဆိုရင်တော့ တစ်ခါလုပ်ရင် အနည်းဆုံး တစ်ဒါဇင်တော့ ရတယ် . . .”
ရဲရှောင် ပြောလိုက်လေသည်။ ဂုဂျင်လုံမှာတော့ သက်ပြင်းတစ်ချက်သာ ချလိုက်ပါတော့သည်။
“ကောင်းပြီ . . . ဒါဆို ငါ့မှာ ထပ်မေးစရာ ဘာမှ မရှိတော့ပါဘူး၊ အားလုံး အဆင်ပြေတယ် . . .”
ဂုဂျင်လုံ ကျယ်လောင်စွာ ရယ်မောရင်းဖြင့် ရဲရှောင်၏ ပခုံးအား ပုတ်လိုက်လေ၏။
“ညီလေးဖန် . . . မင်းလိုချင်တဲ့ ဆေးလုံးကို ငါယူခွင့် ပေးပါတယ်။ အဲဒီဆေးလုံးတွေအပြင် မင်းအတွက် တခြားဆုလည်း ပေးဦးမှာပါ . . .”
“ကျေးဇူးအများကြီး တင်ပါတယ်ဗျာ . . .”
ရဲရှောင် ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည်။
“ကျုပ်တောင်းဆိုမိတာကပဲ တော်တော် များနေပါပြီ . . .”
တကယ်တော့ သူသည် စိတ်ထဲတွင် အလွန် ပျော်ရွှင်နေမိလေ၏။
(ဒီအရူးကတော့ နောက်ဆုံး ငါ့ထောင်ချောက် မိပြီပေါ့ . . .)
ဂုဂျင်လုံလည်း အလွန် ပျော်ရွှင်နေမိလေ၏။ သူ၏ စိတ်ထဲတွင်မူ –
(ဒီကောင်က တကယ်ရိုးသားပြီးတော့ တုံးအတဲ့ ကောင်ပဲ၊ ဘယ်လို အကျိုးအမြတ်တောင်းပြီး ညှိနှိုင်းရမလဲ ဆိုတာကို မသိဘူးထင်တယ်။ နောက်ဆုံးတော့ ငါ့ထောင်ချောက်ထဲ ၀င်လာပြီပေါ့ . . .)
သူသည် ယခုအပေးအယူနှင့် ပတ်သက်၍ အတော်ကြီးကို ကျေနပ်နေမိလေ၏။ ရဲရှောင်အား ကိုယ်တိုင်ကိုယ်ကျပင် လင်းပါအို လေလံခန်းမ အပေါက်ဝထိ လိုက်ပါပို့ဆောင် ပေးလေသည်။
ဒါ့အပြင် ရဲရှောင်အား လေးစား တန်ဖိုးထားသည့် အမူအယာမျိုး ဖြစ်အောင်လည်း လုပ်နေပါတော့ သည်။
“ညီလေးဖန် . . . ငါမင်းကို တစ်ခုလောက် ပြောဦးမလို့၊ ငါ့ရဲ့ မရဏကျောက်တုံးနဲ့ ပတ်သက်ပြီး တော့လည်း မျက်စိဖွင့် နားစွင့် ပေးထားပါဦးနော် . . .”
ဂုဂျင်လုံ ပြုံးပြလိုက်ရင်း ပြောလိုက်လေ၏။
“နောင်ကြီးဂု စိတ်မပူနဲ့၊ ကျုပ်အဲဒီလူအကြောင်း သတင်းရတာနဲ့ ခင်ဗျားကို သေချာပေါက် သတင်းပေးမှာပါ။ ကျုပ်တို့က အခု သူစိမ်းတွေမှ မဟုတ်တော့တာ ညီအစ်ကိုတွေ ဖြစ်နေကြပြီလေ . . .”
ထို့နောက် သူ့ရင်ဘတ်ကိုသူ ပုတ်ပြလိုက်ရင်း –
“ခင်ဗျားပြဿနာဆိုတော့ ကျုပ်ပြဿနာပဲပေါ့ . . .”
ဂုဂျင်လုံမှာ ပြုံးလိုက်ရင်း –
“တကယ် ကျေးဇူးတင်ပါတယ် . . .”
ဖန်ဇီလင် ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝမ်ဇန်းဟိုသည် စိတ်ရှုပ်ထွေးသည့် အမူအယာဖြင့် ရှိနေလေ၏။
ဂုဂျင်လုံ၏ အစီအစဉ်များနှင့် ပတ်သက်ပြီး သူနားမလည်နိုင်အောင် ဖြစ်နေလေသည်။ ထို့ကြောင့် ချက်ချင်း ဆိုသလိုပင် –
“သခင်ဂု . . . ခင်ဗျား သူ့ကို ဒီအတိုင်းပဲ အလွယ်တကူ ထွက်သွားခိုင်းလိုက်မယ်ပေါ့ . . . ခင်ဗျား သေ . . .”
သူဆိုလိုချင်သည်မှာ ‘ခင်ဗျား သေရောသေချာရဲ့လား’ ဟု မေးမြန်းချင်ခြင်းပင် ဖြစ်ပါသည်။
ဂုဂျင်လုံမှ ပြုံးပြလိုက်ရင်း –
“ကျုပ်သူ့ကို ယုံပါတယ်။ သူက ကျုပ်ရဲ့ ညီလေးပဲဟာ . . .”
ထိုနောက် ပြန်လှည့်လိုက်ရင်း အခန်းထဲသို့ ပြန်ဝင်လာခဲ့လေ၏။
ဝမ်ဇန်းဟိုသည် တစ်ကိုယ်လုံး တုန်ရီလျက် ရှိနေသည်။ သူ၏ စိတ်ထဲတွင်မူ –
(ညီလေး ဟုတ်လား . . . သူ့ကို ယုံနေတာလား၊ ငါ့ကို ဖန်ဇီလင်လို အရူးများ ထင်နေတာလား မသိဘူး။ မင်းက သူ့ကို ညီအစ်ကိုအဖြစ် အသိအမှတ် ပြုလိုက်တယ် ဆိုတာကို ငါယုံမယ်များ ထင်နေလား၊ မင်းသာ ဒီလို တကယ် မှတ်ယူတယ်ဆို ငါကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့မယ်။
ထားပါတော့လေ ငါယုံပေးလိုက်ပါ့မယ် . . . လောကမှာ ညီအစ်ကိုလို ခင်မင်တဲ့ လူတွေကပဲ သစ္စာဖောက်ကြတာ များတာမလား . . .)
ဂုဂျင်လုံ လက်ကို နောက်ပစ်လျက် လျှောက်နေရင်းမှ –
“ခင်ဗျား သိပ်ပြီး စိုးရိမ်မနေနဲ့၊ ကျုပ်လုပ်တာ ကျုပ်သိတယ်။ ဒီဖန်ဇီလင်ဆိုတဲ့ကောင် ကျုပ်လက်က မလွတ်နိုင်ပါဘူး . . .”
ထို့နောက် ဆက်လက်၍ –
“ကျုပ်က သူ့ကို လက်စွပ်ကို ဒီအတိုင်း ပေးလိုက်တယ်များ ထင်နေတာလား၊ ဒီလောက်ထိ ရူးမိုက်တဲ့ အလုပ်မျိုး ကျုပ်က လုပ်ပါ့မလား . . .”
ဝမ်ဇန်းဟို၏ တုတ်ခိုင်လှသော ခန္ဓာကိုယ်ကြီး ရုတ်တရက် တစ်ချက် တုန်ခါသွားရင်း –
“သခင်ဂု . . . ခင်ဗျားက ကျုပ်စိတ်ပူနေတာကို ဘယ်လိုသိတာလဲ၊ ခင်ဗျားရဲ့ နောက်စေ့မှာ မျက်လုံးများ ပါနေတာလား . . .”
ထို့နောက် ဂုဂျင်လုံ၏ တင်ပါးနေရာသို့ အကြည့်ရောက်သွားရင်း –
(ဒီအပေါက်ကနေများ မြင်နေရတာလား . . .)
ဂုဂျင်လုံသည် လျှောက်လာရင်းဖြင့် ပြုံးလိုက်ပြီး –
“မဟုတ်တာတွေ ပြောမနေနဲ့၊ ခင်ဗျားရဲ့ မျက်နှာက အသားစိုင်တွေ လှုပ်နေတယ်လေ . . .”
ထို့နောက် ချက်ချင်းပင် ကျောခိုင်းထားရာမှ လှည့်ကြည့်လိုက်ရင်း –
“ခင်ဗျားက သိပ်ပြီး ၀လွန်းတော့ ခင်ဗျားရဲ့ အသားစိုင်တွေ လှုပ်တာနဲ့ အသံတွေ ထွက်တယ်လေ၊ အဲဒါကြောင့် ခင်ဗျား တုန်နေတာကို သိပြီး မစိုးရိမ်နဲ့လို့ ပြောတာ။ သာမန်လူတစ်ယောက် ဆိုရင်တော့ ဘယ်သတိထားမိနိုင် ကြားနိုင်ပါ့မလဲ ဟားဟား . . .”
ထို့နောက် လျှောက်နေရင်း ဆက်လက်၍ –
“ကျုပ်ဘ၀မှာ မရေမတွက်နိုင်တဲ့ လူပေါင်းများစွာကို သတ်ခဲ့ပြီးပြီ။ အဲဒါကြောင့် အခုလို လှုပ်ရှားမှု မျိုးကို ကျုပ်က မသိဘဲ နေပါ့မလား . . .”
ဝမ်ဇန်းဟိုမှာမူ ဂုဂျင်လုံ ပြောသည်အား နားထောင်ရင်း ပိုမို၍ တုန်လှုပ်နေမိပါတော့သည်။
(ဒီလောက်ထိ သတ်ဖြတ်ဖူးတာ တကယ်ကို မယုံနိုင်စရာပဲ . . . အသက်တစ်သက်ကို သတ်မိရင် တောင် အပြစ်ကြီး ဖြစ်နေပြီ။ အသက် တစ်သောင်းလောက် သတ်ဖူးတဲ့ လူဆိုတာ မိစ္ဆာတစ်ကောင်ပဲ ဖြစ်မယ်။ အသက်ပေါင်း ကိုးသန်းလောက် သတ်ဖူးတဲ့ လူကတော့ ဒဏ္ဍာရီ မိစ္ဆာပဲ။
ဒီလူက အသက်ပေါင်း ၁၀ သန်းကျော်ကို သတ်ဖူးမယ်ဆို ဒဏ္ဍာရီလာ မိစ္ဆာထက်တောင် ကြောက်ဖို့ ကောင်းနေပါလား . . .)
“အဲဒီ လက်စွပ်လေးက ရတနာတစ်ခုပဲ။ ဒီလက်စွပ်ထဲက ဟင်းလင်းပြင်ကို ဖွင့်ဖို့က ဝိညာဉ်တော် စွမ်းအားတွေ ထည့်သွင်းဖို့ လိုအပ်တယ်။ နောက်ပြီး ဒီလက်စွပ်က ကျုပ်ရဲ့ လက်စွပ်လေ။ ဒီကမ္ဘာမှာ ရှိတဲ့ ဘယ်သူကမှ ဒီလက်စွပ်ရဲ့ သခင်ဖြစ်တဲ့ ကျုပ်အပိုင်ကနေ လွှဲပြောင်းပြီး ယူတာကို မလုပ်နိုင်ဘူး။ ဒီလူလို အရူးသာသာ ကောင်ကတော့ . . .”
ထို့နောက် ပြုံးလိုက်ရင်း ဆက်လက်၍ –
“အဲဒါကြောင့် ဒီလက်စွပ်က ဖန်ဇီလင်နဲ့အတူ နောက်ထပ် နှစ်ပေါင်း တစ်သောင်းလောက် ရှိနေမယ် ဆိုရင်တောင် သူက ကျုပ်အတွက် သိမ်းဆည်းထားပေးသလိုပဲ ဖြစ်နေမှာ။ ကျုပ် အသက်ရှင်နေသ၍ လက်စွပ်ရဲ့ သခင်ဟာ ငါပဲပေါ့ . .”
“အခု လက်စွပ်က သူ့ဆီ ရောက်နေပြီဆိုတော့ သူဘယ်ကို သွားသွား ကျုပ် အာရုံခံနိုင်ပြီလေ . . .”
“အရေးကြီးဆုံး အချက်က သူမရဏကျောက်တုံးကို မြင်တဲ့ အခါမှာ သူမပြောတောင် ကျုပ်က သိနိုင်နေပြီ။ မရဏကျောက်တုံးရဲ့ အငွေ့အသက်က သာမန်မဟုတ်ဘူး၊ ကျုပ် အာရုံခံမိတယ် ဆိုတာနဲ့ ချက်ချင်း သွားယူနိုင်မှာလေ . . .”
သူ၏ မျက်လုံးများသည် ထိုအချိန်တွင် အေးစက်လျက် ရှိနေလေသည်။
“ဒီကောင်က အခုချိန်မှာ ကျုပ်တို့အတွက် အရေးပါတဲ့ လူတစ်ယောက်ပဲ . . .”
ဂုဂျင်လုံ ပြောလိုက်သည်။ ဆက်လက်၍ –
“အဲဒါကြောင့် သူ့ကို ဆန့်ကျင်ဖို့ မကြိုးစားနဲ့ဦး . . .”
“ဒီတစ်ခေါက် မော်တယ်ကမ္ဘာမှာ ကျုပ် စီမံကိန်း အကြီးကြီးတွေ လုပ်နိုင်လိမ့်မယ်လို့ မထင်ထား ခဲ့မိဘူး . . . တကယ်ကို ပျော်စရာ ကောင်းတဲ့ ခရီးစဉ်ပဲ . . .”
ဂုဂျင်လုံသည် ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။
“သခင်ဂု . . . ခင်ဗျားရဲ့ဘေးမှာ နေရင်းနဲ့ လာမဲ့နေ့တွေမှာ ခင်ဗျားအောင်မြင်မှုတွေကို မျှဝေ ခံစားရမှာ တကယ်ဂုဏ်ယူမိပါတယ် . . .”
ဝမ်ဇန်းဟို မြောက်ပင့်၍ ပြောလိုက်လေ၏။
ရဲရှောင်မှာမူ လေလံခန်းမမှ ထွက်ခွာလာပြီးနောက် မြို့ပြင်ဘက်သို့ လျှောက်လာလေ၏။
အနောက်ဘက် နယ်စပ်နားသို့ သွား၍ တောထဲတွင် ခဏပုန်းအောင်းနေမိသည်။
ယခုအခါ သူသည် အေးအေးဆေးဆေး ရှိရမည့်အစား မောပန်းနွမ်းနယ်လျက် ရှိနေပေသည်။ ချွေးများ တစ်ကိုယ်လုံး စိုရွှဲကာ အ၀တ်အစားများ အားလုံးကိုပင် ရွှဲနစ်နေပြီ ဖြစ်လေ၏။
သူ၏ ဆံပင်များသည်လည်း ချွေးများကြောင့် စေးကပ်လျက် ရှိနေ၏။
ယနေ့သည် သူ့အတွက် တကယ်ကို ခက်ခဲပင်ပန်းသည့် နေ့တစ်နေ့ ဖြစ်ခဲ့ပြီး အလွန်အမင်း အန္တရာယ် များလွန်းလှကာ သေမင်း၏ နှုတ်ခမ်းဝသို့ ကျရောက်လုဆဲဆဲ အခြေအနေပါပင်။ ယခုထိအောင် ပြန်စဉ်းစားမိရင်း တုန်လှုပ် နေမိလေ၏။
ယခုမှသာ ငရဲတွင်းမှ လွတ်လာသလို ခံစားမှုမျိုး ဖြစ်ပေါ်နေမိပါသည်။
အမှားသေးသေးလေး တစ်ခု လုပ်မိလျှင်ပင် လင်းပါအို ခန်းမအတွင်း အကြိမ်တစ်ထောင်လောက် အသတ်ခံသွားရနိုင်သည့် အခြေအနေမျိုးပင် ဖြစ်ပေသည်။
သူသည် လက်ရှိအချိန်တွင် အားနည်းသူတစ်ဦး ဖြစ်နေပြီး သူကြုံတွေ့ခဲ့ရသည့် သူ့ရန်သူ ဖြစ်သူမှာမူ အင်ပြည့်အားပြည့်ဖြင့် အကောင်းဆုံး အခြေအနေ ရောက်ရှိနေခြင်း ဖြစ်ပေသည်။
ယခုအခါတွင်မူ သူသည် သစ်ပင်ကြီး တစ်ပင်အောက်တွင် မှီရင်း အမောဖြေနေမိလေ၏။
သူ၏ နှစ်ဘဝလုံးတွင် ယခုကဲ့သို့ အတွေ့အကြုံမျိုး မခံစားခဲ့ရဖူးချေ။
သူသည် အလွန် စိတ်တည်ငြိမ်၍ သွေးအေးသော ရှောင်ဧကရာဇ် ဖြစ်သည့်တိုင် လူသားတစ်ဦး ပင် ဖြစ်သောကြောင့် ယခုကဲ့သို့ အခြေအနေမျိုးဖြင့် ကြုံတွေ့ရသည့်အခါ ထိတ်လန့်မိသည်ကိုတော့ ဝန်ခံရပေမည်။
အနည်းဆုံးတော့ သူသည် သူ၏ အစွမ်းထက်လှသော ရန်သူအား သွေးအေးအေးဖြင့် ဟန်မပျက် ပြောဆိုနိုင်ခဲ့ကာ အန္တရာယ်တွင်းမှ လွတ်မြောက်လာသည့်အပြင် အကျိုးအမြတ်များစွာပင် ရရှိခဲ့ပါ သေးသည်။ ယခုလို လွတ်မြောက်လာသည့်တိုင် ရင်ခုန်နေမိပါတော့သည်။
အတော်ကြာသည့်အခါမှသာ စိတ်တည်ငြိမ်အောင် လျော့ချနိုင်လိုက်လေ၏။
ထို့နောက် လက်စွပ်ကို ထုတ်ကြည့်လိုက်ရင်း အေးစက်စက် လေသံဖြင့် –
“ဂုဂျင်လုံ . . . လက်စွပ်လေးထဲက လှည့်ကွက်လောက်နဲ့ ရှောင်ဧကရာဇ်ကို ရနိုင်မယ်များ ထင်နေတာလား . . . မင်းက တော်တော်ကို နုပါသေးတယ် . . .”
သူသည် တွေဝေခြင်း မရှိဘဲ ရှေးဦးခရမ်းရောင် ချီဓာတ်များအား လည်ပတ်စေလျက် ဝိညာဉ်တော် စွမ်းအားများအား လက်စွပ်အတွင်း ထည့်လိုက်ကာ ဂုဂျင်လုံ၏ စွမ်းအားများကို ကာထားလိုက်သည်။
ဂုဂျင်လုံ၏ စွမ်းအားများအား အပြည့်အ၀ ကာထားပြီးကြောင်း သေချာသည့် အခါမှသာ မျက်လုံးများကို မှိတ်လိုက်လေ၏။ လက်စွပ်အတွင်းမှ ဂုဂျင်လုံ၏ စွမ်းအားများဟာ အမျှင်တန်းလေးအဖြစ် ထွက်ပေါ်လာပြီး ထိုစွမ်းအားသည် မြေပြင်ပေါ်သို့ ကျဆင်းကာ အရပ်မျက်နှာ အသီးသီးသို့ ပြန့်နံှ့သွားပါ တော့သည်။
ရဲရှောင်သည် လက်စွပ်၏ သခင်အဖြစ် ပြောင်းလဲယူခြင်းကိုတော့ မကြိုးစားသေးချေ။ အဘယ်ကြောင့်ဆိုသော် သူသာ ထိုကဲ့သို့ လုပ်လိုက်မည် ဆိုပါက ဂုဂျင်လုံ ချက်ချင်း သိသွားမည် ဖြစ်သဖြင့် လိုက်လာမည် ဖြစ်ကာ ရဲရှောင်အား သတ်လိုက်နိုင်ပါသည်။ လက်ရှိနေရာသည် ဂုဂျင်လုံ ရှိနေသည့် နေရာနှင့် မကွာဝေးလှပါချေ။
ယခုအခါ ရဲရှောင်သည် ဂုဂျင်လုံ၏ စွမ်းအားများအား ကာကွယ်ထားလိုက်ပြီး ဖြစ်လေသည်။ သူဆွဲထုတ်လိုက်သည့် ဂုဂျင်လုံ၏ စွမ်းအားများမှာမူ မြို့ထဲသို့ ပြန့်နှံ့သွားခဲ့ပြီး ထိုကဲ့သို့ ဖြစ်သွားခြင်းကိုမူ ဂုဂျင်လုံ မရိပ်မိချေ။ အဘယ်ကြောင့်ဆိုသော် ရဲရှောင်ထုတ်ယူလိုက်သည့် ပမာဏမှာ အလွန်နည်းပါး သောကြောင့် ဖြစ်ပါသည်။
သို့သော်လည်း ထိုပမာဏလောက်သည်ပင်လျှင် ရဲရှောင်အတွက် တကယ်ကို အရေးပါလှပေသည်။
ဂုဂျင်လုံသည် လက်စွပ်ဘယ်နေရာမှာ ရှိသလဲ ဆိုတာနှင့် ရဲရှောင် လက်စွပ်အား အသုံးပြုသည့် အခါမျိုးတွင်သာ အပြည့်အ၀ အာရုံခံနိုင်ခြင်း ဖြစ်ပါသည်။
လက်စွပ်အား ရဲရှောင် မသုံးမချင်း သူသိနိုင်မည် မဟုတ်ပေ။
ဂုဂျင်လုံကတော့ ရဲရှောင် ချန်ရှင်းမြို့တော်အတွင်း ရှိနေမည်ဟုသာ ယုံကြည်နေမည်ဖြစ်ပြီး အဘယ်ကြောင့်ဆိုသော် ရဲရှောင် ထုတ်ယူခဲ့သည့် အငွေ့အသက်များကိုသာ အာရုံခံမိမည် ဖြစ်သောကြောင့်ပင် ဖြစ်ပါတော့သည် . . .။