Switch Mode

Chapter – 109

ပူးပေါင်းမှုမလုပ်ခင်အပေးအယူ

Chapter – 109
“ပူးပေါင်းမှုမလုပ်ခင်အပေးအယူ”

“ဘယ်လောက်လိုလို ကိစ္စမရှိဘူး ဟုတ်လား . . .”
ရဲရှောင် အသက်တစ်ချက် ရှူသွင်းရင်း မေးလိုက်သည်။
“ဒါဆို ကျုပ်က ဝိညာဉ်တော်ကျောက်ပြား ၁၀ သန်းလောက်၊ သလင်းကျောက်ပြား အခုတစ်သိန်း၊ ဆေးပင်ပေါင်း တစ်သိန်း၊ ရှားပါးရတနာပေါင်း တစ်သောင်းလောက် တောင်းမယ် ဆိုရင်ရော ခင်ဗျား ပေးနိုင်မလား . . .”
အမှန်တော့ သူသည် ပါးစပ်ထဲတွေ့သည့် ဂဏန်းများအား ပြောလိုက်ခြင်းပင် ဖြစ်သည်။ သူပြောလိုက်သည့် ပမာဏမှာ အလွန်များပြားလှပြီး မော်တယ်ကမ္ဘာ၏ နိုင်ငံတစ်နိုင်ငံကိုပင် ၀ယ်ယူနိုင်လောက်ပါသည်။
ဂုဂျင်လုံမှာမူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေလေသည်။ ရဲရှောင်အား ကြည့်ရင်း –
“ရတာပေါ့ . . . မင်းသာ ယူသွားနိုင်ရင် ငါ့အတွက် ဘာပြဿနာမှ မရှိဘူး။ တကယ်တော့ မင်းဆရာကိုသာ ဘယ်လောက်များများ လုပ်နိုင်မလဲ ဆိုတာကို မေးရမှာ . . .”
“ဝါး . . .”
ရဲရှောင်သည် အလွန်အမင်း အံ့သြဟန်ဖြင့် အသံထွက်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း ထိုကဲ့သို့ ပင် အသံထွက်မိသွားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအကြိမ်တွင် သူသည် သေချာပေါက် ချမ်းသာတော့မည့် အဖြစ်အား တွေးမိ၍ပင် ဖြစ်ပါသည်။
ဝမ်ဇန်းဟိုမှာမူ တုန်လှုပ်နေဟန် ရှိပြီး ဘာမှ မပြောတော့ချေ။
(သူဒီလောက်ထိ ချမ်းသာတာကို ငါဘာလို့ မသိခဲ့ပါလိမ့် . . .)
သူ့ကို ထောက်ပံ့ပေးနေသူ ထိုမျှလောက်ထိ ချမ်းသာလိမ့်မည်ဟု သူမထင်ထား ခဲ့မိချေ။
ဂုဂျင်လုံသည် မော်တယ်ကမ္ဘာမှ မဟုတ်သည့် ထိပ်တန်းအဆင့် ပညာရှင်ကြီး တစ်ဦး အနေဖြင့်သာ သူ သိထားခြင်း ဖြစ်၏။
ရဲရှောင်သာ ဂုဂျင်လုံအကြောင်း ကောင်းစွာ သိရှိသူ ဖြစ်ပေသည်။ သူပြောလိုက်သည့် ပမာဏသည် မော်တယ်ကမ္ဘာတွင် တုန်လှုပ်ဖွယ်ရာ ပမာဏ ဖြစ်သော်လည်း ချင်းယန်နယ်ပယ်ရှိ သူရိယဂိုဏ်းအတွက် မပြောပလောက်ချေ။
သို့သော် ထိုကဲ့သို့ ဆိုရာတွင် မပြောပလောက်သည့် ပမာဏ ဆိုသည်မှာ ဂိုဏ်းကြီး တစ်ဂိုဏ်းလုံး ကို ကိုယ်စားပြု၍ ပြောခြင်း ဖြစ်သည်။ ဂုဂျင်လုံ တစ်ယောက်တည်း တတ်နိုင်သူဟု ဆိုလိုငြ်း မဟုတ်ချေ။
ဂုဂျင်လုံသည် အလွန် လိုက်လျောတတ်သူ ဟန်ဖြင့် တည်ငြိမ်စွာ ရှိနေလေ၏။ သို့သော် လက်ရှိ အချိန်တွင်မူ သူသည် ရဲရှောင်တောင်းသည့် ပမာဏလောက်အား မပေးနိုင်သေးချေ။ သူ့အရေပြားကို လှီး၍ ယူမှပင် ရပေလိမ့်မည်။
နိုင်ငံငယ် တစ်နိုင်ငံအား ၀ယ်ယူ၍ ရနိုင်လောက်သည့် ပမာဏ ဖြစ်ပြီး သူသည် မူလတာအို အဆင့်၏ အဆင့် ၃ ပညာရှင် တစ်ဦး ဖြစ်သည့်တိုင် ထိုမျှလောက် ပမာဏအား တစ်ခါတည်း ထုတ်ပေးရန်မှာ မဖြစ်နိုင်သေးချေ။
ထို့နောက် ပြုံးလိုက်ရင်း –
“ညီလေးဖန် . . . မင်းနဲ့ ငါနဲ့က အခု တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြပြီလေ။ ဒါပေမဲ့ မင်းဆရာရဲ့ အခြေအနေပေါ်လည်း မူတည်သေးတယ်။ သူ့ရဲ့ လုပ်နိုင်စွမ်း အပေါ်မှာ ငါတို့က တွက်ချက် ကြရမှာကိုး၊ ငါက ဆေးလုံးလိုချင်သူ၊ မင်းက မင်းဆရာရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ပေးချင်သူ၊ အဲဒါကြောင့် ငါတို့တွေ ဖြည်းဖြည်းချင်း စပြီး တည်ဆောက်ကြတာပေါ့။ ဟဲဟဲ . . . မင်းရဲ့ဆရာသာ မရှိတော့ရင် ငါတို့ရဲ့ အပေးအယူကိစ္စတွေကလည်း ပြတ်ပြီပဲ မင်းရော ဘယ်လိုထင်လဲ . . .”
ရဲရှောင်မှ –
“သေချာတာပေါ့ . . . အပေးအယူက အပေးအယူပါ၊ မိတ်ဆွေကဏ္ဍက မိတ်ဆွေကဏ္ဍပါ၊ ကျုပ်တို့အနေနဲ့ ကိုယ်ရေးကိုယ်တာကို စီးပွားရေးနဲ့ မရောထွေးသင့်ဘူး၊ ကျုပ်ဖြစ်ချင်တာက ကျုပ်ဆရာ သူမသေခင် ပျော်ရွှင်တဲ့ အခိုက်အတန့်တွေကို ခံစားစေချင်တယ်။ တစ်နေ့ ကျုပ်ဆရာ သေသွားခဲ့ရင် ကျုပ်လည်း လူဘောင်လောကကနေ အဝေးဆုံးကို သွားပြီး ဆေးပညာမှာ မြုပ်နှံတော့မယ်။ အပေးအယူ ကိစ္စကိုတော့ အဲဒီအချိန် ကျုပ် မလုပ်ချင်လောက်ဘူး . . .”
ရဲရှောင်သည် တည်ကြည်လေးနက်ဟန်ဖြင့် ပြောလိုက်သည်။
“ကျုပ်ဆရာရဲ့ အံ့သြစရာ အောင်မြင်မှုတွေကို ကျုပ်လက်ထဲ အဆုံးရှုံးခံလို့ ဘယ်ဖြစ်ပါ့မလဲ။ တကယ်လို့ ကမ္ဘာကြီးမှာ ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေ လုပ်နိုင်တဲ့ လူဆိုတာ ကျုပ်ကလွဲပြီး တခြား ဖြစ်နိုင်စရာ မရှိဘူး . . .”
ဂုဂျင်လုံမှ လေးစားသည့် ဟန်ပန်ဖြင့် –
“ညီလေးဖန် . . . ငါမင်းနဲ့ တွေ့ရတာ ကံကောင်းလိုက်တာ၊ ငါတို့က ရေစက်ပါတယ်ထင်တယ်။ မင်းသေချာပေါက် အောင်မြင်မှာပါ . . .”
သူ၏စိတ်ထဲတွင်မူ –
(ငါဘာကိုမှ လျော့တွက်ထားလို့ မဖြစ်ဘူး၊ ဒီကောင့်ကို အခုနေ တစ်ခုခု ပေးလိုက်ရင် တစ်နေ့မှာ ငါ့အတွက် အများကြီး အကျိုးရှိ လာနိုင်တယ်။ နောက်ပြီး သူက သူ့ဆရာရဲ့ တစ်ဦးတည်းသော တပည့်၊ နောင်အနာဂတ်မှာ ထူးခြားအစွမ်းထက်တဲ့ ထိပ်တန်းအဆင့် ဆေးလုံးတွေ လုပ်နိုင်ဖို့လည်း များတယ်။
နောက်ဆုံး ဆေးတိမ်တိုက် အဆင့်ရှိတဲ့ ဆေးလုံးမျိုး မလုပ်နိုင်ရင်တောင်မှ ဆေးအခိုးအငွေ့တို့၊ ဆေးအင်းကွက်တို့ အဆင့်ရှိတဲ့ ဆေးလုံးမျိုးတွေတော့ သေချာပေါက် လုပ်နိုင်မှာပဲ။ အဲဒါတွေကလည်း သာမန်ဆေးတွေထက်တော့ အများကြီး အရည်အသွေး ကောင်းတယ်။ ချင်းယန်နယ်ပယ်မှာတောင် အဲဒီအဆင့်လောက် လုပ်နိုင်တာ သိပ်မရှိဘူး၊ ဒီကောင်နဲ့ သေချာ ပေါင်းထားမှပဲ . . .
သူက ရိုးလည်း ရိုးသားတယ်၊ သူနဲ့က အပေးအယူလေး နည်းနည်းလောက် လုပ်ရင်ကို အဆင်ပြေမယ်။ အဲဒါဆို သူကလည်း ငါ့ဘက်ကို ပါလာမယ်၊ နောက်နှစ်ပေါင်း လေးငါးရာလောက်ကျ ငါ့အပေါ် လုံးဝ သစ္စာရှိသွားမှာ သေချာတယ်။ ငါ့လို ကျင့်ကြံသူ တစ်ယောက်အတွက်က ဒီလောက် အချိန်ဟာ သိပ်ပြီး မကြာပါဘူး။
ဝမ်ဇန်းဟိုနဲ့ အပေးအယူ လုပ်ခဲ့တာဆို အတော်ကြီးကြာပြီ။ နှစ်ပေါင်း ၃၀၀၀ လောက်ကို အချိန်ဖြုန်းခဲ့မိတာပဲ။ ဒီတစ်ခါတော့ ငါကလည်း အများကြီး ပေးရမှာ ဖြစ်ပေမဲ့ ရလာမဲ့ အကျိုးအမြတ်ကလည်း တွေးတောင် မတွေးရဲစရာပဲ . . .
စဉ်းစားကြည့်ရင် ဖန်ဇီလင်နဲ့ အပေပးအယူ လုပ်တာက ဝမ်ဇန်းဟိုနဲ့တုန်းကထက် ပိုပြီး အကျိုးရှိမှာ သေချာတယ် . . .)
ဂုဂျင်လုံ အတွေးနယ်ချဲ့လျက် ရှိနေပြီး ဖန်ဇီလင်အား လှမ်း၍ ကြည့်လိုက်သည်။
သူသည် တိတ်တဆိတ်ဖြင့် တွေးနေခြင်း ဖြစ်သော်လည်း ရဲရှောင်မှာမူ သေချာ ဂရုပြု သတိထားနေသူ ဖြစ်သည့်အတွက် ဂုဂျင်လုံ အတွေးပင်လယ်အတွင်း မျောပါလျက် ရှိနေသည်ကို သိနေလေသည်။
ထို့ကြောင့် ရဲရှောင်သည် ပို၍ ရိုးသားချင်ယောင် ဆောင်နေလိုက်သည်။
ဂုဂျင်လုံသည်လည်း ပို၍ပင် ရဲရှောင်အပေါ် ယုံကြည်အားကိုးချင်စိတ်များ ပေါ်လာလေသည်။
ထို့ကြောင့် စိတ်လိုလက်ရကိုပင် ပြုံးနေလျက် ရှိလေ၏။
သူ၏ နှလုံးသားထဲမှ တကယ်ကိုပင် ယုံကြည်ကိုးစားစိတ်များ ပေါက်နေပါတော့သည်။ ယခုလို ခံစားမှုမျိုး သူ့တွင် မဖြစ်ဖူးသလောက်ကို ရှားပါးလှ၏။ ဖန်ဇီလင်၏ ဆရာဖြစ်သူ သေသည့်တိုင် ဖန်ဇီလင်သည် တစ်ဦးတည်းသော တပည့်ဖြစ်သည့် အားလျော်စွာ သေချာပေါက် ပညာအမွေ တစ်ခုခု ရရှိနိုင်ပေသည်။ ထို့ကြောင့် ဖန်ဇီလင်အား ယခုကတည်းက ပေါင်းထားပါက နောက်ပိုင်း သူ့လူဖြစ်လာ နိုင်သည် မဟုတ်ပါလား။
သို့သော် သူ၏ အပြုံးများ၊ မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများ အားလုံးသည် အချည်းနှီး ဖြစ်ရမည်ကိုမူ သူမသိချေ။
ရဲရှောင်သည် ဂုဂျင်လုံ တွေးထင်ထားသည့် ဖန်ဇီလင် မဟုတ်ပေ။
ရဲရှောင်၏ ခေါင်းထဲတွင် ရှိသည်မှာ ဂုဂျင်လုံအား တစစီ လုပ်ပစ်ရန်ပင် ဖြစ်လေသည်။
ရဲရှောင်သည် စကားအရာတွင်သာမက အမူအယာပိုင်းတွင်ပါ ပီပြင်စွာ သရုပ်ဆောင်ခဲ့ရခြင်း အတွက် စိတ်ရောလူရော ပင်ပန်းနေပြီ ဖြစ်သည်။ လက်ဖက်ရည်ခွက်အား ဆွဲကိုင်လိုက်ရင်း မော့ချ လိုက်လေ၏။ ထို့နောက် –
“ဒီက နောင်ကြီးဝမ်၊ ကျုပ်အပ်ထားတဲ့ ငွေစတွေ ပြန်ပေးနိုင်မလားဗျ။ ကျုပ်ဒီမှာ အချိန်တောင် ကြာသွားပြီ။ ပြန်မှ ဖြစ်တော့မယ် . . .”
ဝမ်ဇန်းဟိုမှ –
“ရတာပေါ့ . . .”
သူသည် ထိုသို့ ပြောပြီး ဂုဂျင်လုံအား တစ်ချက်ကြည့်လိုက်သည်။ လက်ရှိအခြေအနေတွင် သူသည် ဆုံးဖြတ်ပိုင်ခွင့် ရှိသည့် လူတစ်ဦး မဟုတ်ချေ။
ဂုဂျင်လုံမှ ခေါင်းအသာအယာ ညိတ်ပြလိုက်သည့် အခါမှာတော့ ဝမ်ဇန်းဟိုလည်း ခပ်သုတ်သုတ်ပင် ထွက်ခွာ သွားလေ၏။
ဝမ်ဇန်းဟို ထွက်ခွာသွားပြီးနောက် ဂုဂျင်လုံမှ ရဲရှောင်အား လက်စွပ်တစ်ကွင်း ချွတ်ပေးလိုက်ရင်း –
“ညီလေးဖန် . . . ငါတို့က မိတ်ဆွေရင်းတွေ ဖြစ်နေကြပြီ။ လာမဲ့ နေ့ရက်တွေမှာ ပိုပြီး ချစ်ခင် ရင်းနှီးစွာ နေသွားကြတာပေါ့။ ငါက မင်းထက် နည်းနည်းအသက်ကြီးတယ်၊ အဲဒါကြောင့် ငါ့ကို မင်းရဲ့ အစ်ကိုကြီးလို သဘောထားနိုင်ပါတယ်။ အစ်ကိုကြီး တစ်ယောက် အနေနဲ့ ငါ့မှာ ထွေထွေထူးထူး ဘာမှ လက်ဆောင် ပေးစရာ မရှိဘူး၊ ဒါပေမဲ့ ဒီဆေးပင်အချို့နဲ့ ဝိညာဉ်တော် ကျောက်ပြား အချို့ကို လက်ဆောင် အဖြစ် ပေးပါရစေ။ အများကြီးတော့လည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ မိတ်ဖြစ်ဆွေဖြစ် အတွက်တော့ လက်ဆောင်အရာ မြောက်မယ် ထင်ပါတယ် . . .”
ရဲရှောင်သည် မျက်လုံးပြူးကျယ်သွားပြီး လက်စွပ်အား ကြည့်လိုက်ရင်း –
“ခင် . . . ခင် . . . ခင်ဗျား . . . ကျုပ်ကို အမှန်တိုင်း ပြောစမ်းပါ။ ကျုပ်က ဇနပုဒ်လို လူသူမရှိတဲ့ နေရာက လာတယ် ဆိုပေမဲ့ ဒါဟာ လက်စွပ် တစ်ကွင်း ဆိုတာကိုတော့ ကောင်းကောင်းသိတယ်။ ခင်ဗျားပြောတော့ ဆေးပင်တွေ ကျောက်ပြားတွေဆို ပေါက်ကရတွေ မပြောစမ်းပါနဲ့ဗျာ . . .”
ဂုဂျင်လုံသည် ကြောင်ငေးသွားပြီးမှ တဟားဟား ရယ်မောလိုက်လေသည်။ သူသည် ရယ်စရာ တစ်ခုကို ကြားလိုက်သလို ဖြစ်သွားပြီး ပထမခပ်သုတ်သုတ် ထွက်သွားသော ဝမ်ဇန်းဟိုလည်း ပြန်ရောက် လာပြီးနောက် ရဲရှောင် စကားကို ကြားသောအခါ ရယ်မောမိသွားလေ၏။
လက်စွပ်သည် သာမန်လက်စွပ်တစ်ကွင်း မဟုတ်ဘဲ မော်တယ်ကမ္ဘာတွင် ဒဏ္ဍာရီလို မရှိနိုင်သော ရတနာ တစ်ခုဆိုလျှင်လည်း မမှားချေ။
အထဲတွင် ဟင်းလင်းပြင်ကဲ့သို့ အကန့်များ ပါဝင်သော သိုလှောင်လက်စွပ် တစ်ခုပင် ဖြစ်ပေသည်။
မော်တယ်ကမ္ဘာတွင် မရှိနိုင်သလို ချင်းယန်နယ်ပယ်မှာတောင်မှ ရှားပါးလွန်းပြီး သာမန်လူမျိုး မရှိနိုင်သည့် ရတနာ တစ်ခုပင် ဖြစ်၏။
ဂုဂျင်လုံမှ စိတ်ရှည်လက်ရှည်ပင် –
“ညီလေးဖန် . . . ဒီလက်စွပ်ကို အထင်မသေးစမ်းပါနဲ့၊ ဒီလက်စွပ်ထဲမှာ အံ့သြစရာတွေ ရှိနေတယ်ကွ . . .”
ထို့နောက် သူလည်း လက်စွပ်၏ အသုံးပြုပုံအား ရှင်းပြလိုက်လေသည်။
တကယ်တမ်းတွင် ရဲရှောင်သည် သိုလှောင်လက်စွပ် အကြောင်းကို သိထားပြီးသား ဖြစ်၏။ တမင်တကာ အရူးလိုက်လိုက်ခြင်းပင် ဖြစ်ပေသည်။
သူသည် ထိုကဲ့သို့သော လက်စွပ်မျိုးအား လိုချင်နေသည်မှာ ကြာပြီဖြစ်ပြီး ယခုကဲ့သို့ သူ၏ အကြီးမားဆုံး ရန်သူတစ်ဦးဖြစ်သည့် ဂုဂျင်လုံထံမှ ရရှိလိမ့်မည်ဟု မထင်မှတ် ထားခဲ့မိချေ။
အဖြစ်အပျက်များသည် ထူးဆန်းလွန်းသဖြင့် ရဲရှောင်ကိုယ်တိုင်ပင် စိတ်လှုပ်ရှား နေမိလေ၏။
ပထမဆုံး သူယခုနေရာသို့ ရောက်ရှိစဉ်တွင် အန္တရာယ်အလွန်များကာ သေမင်းနှုတ်ခမ်းဝသို့ ရောက်ရှိလာသကဲ့သို့ ဖြစ်သော်လည်း ယခုအခါတွင်မူ အဆိုပါ သေမင်းနှုတ်ခမ်းဝ အတွင်းမှ ရတနာသိုက် တစ်ခုကို ရရှိတော့မည်ဖြစ်ပေသည်။
ဂုဂျင်လုံ ရှင်းပြပြီးနောက် ရဲရှောင်သည် တစ်ခါမှ မမြင်ဖူးသည့် ပစ္စည်းတစ်ခုအား အံ့သြတကြီး အမူအယာမျိုးဖြင့် ကြည့်နေသည့်ဟန် ဆောင်လိုက်ပြန်ပါသည်။ လက်စွပ်ကို ယူလိုက်ပြီးနောက် သူ၏ ဝိညာဉ်တော်စွမ်းအားများကို ထည့်သွင်းလိုက်သည့်အခါ အလွန်ပျော်ရွှင် မိသွားလေသည်။
ယခုအကြိမ် ပျော်ရွှင်သွားခြင်းသည် ဟန်ဆောင်နေခြင်း မဟုတ်ပေ။
လက်စွပ်အတွင်း ရတနာကဲ့သုိ့ အရာများစွာ ရှိနေပြီး အခုရေ ထောင်နဲ့ကို ချီနေပါသည်။
အများစုသည် ရှားပါး၍ တန်ဖိုးကြီးသော အရာများသာ ဖြစ်ပေ၏။ အဆိုပါ ပစ္စည်းများ အားလုံးသည် မော်တယ်ကမ္ဘာတွင် စစ်ပွဲများ ဖြစ်စေနိုင်သည်ထိ ဆွဲဆောင်မှု ရှိလွန်းလှပေသည်။
ရဲရှောင် ဝမ်ဇန်းဟိုအား ကြည့်လိုက်သည့်အခါ သူ၏ တစ်ကိုယ်လုံး တုန်ရီနေသည်ကို တွေ့လိုက်ရပေ၏။
တကယ်တမ်းတွင် အဆိုပါ ရတနာများ အားလုံးသည် ဂုဂျင်လုံ နဂိုပိုင်ဆိုင်သော အရာများ မဟုတ်ချေ။ ဂုဂျင်လုံအတွက် ဝမ်ဇန်းဟိုမှ စုစည်းပေးထားခဲ့သည့် ရတနာများပင် ဖြစ်ချေသည်။ ယခုအခါ ဂုဂျင်လုံသည် ထိုပစ္စည်းများ အားလုံးအား ရဲရှောင်ဆီသို့ တစ်ခါတည်း ပေးလိုက်ခြင်း ဖြစ်၏။
ရဲရှောင်သည် ပစ္စည်းများအား ကြည့်ရင်း အံ့သြပြီးရင်း အံ့သြနေရလေ၏။ လက်စွပ်အတွင်း၌ ချင်းယန်နယ်ပယ်တွင်သာ ရှိနိုင်သော ရတနာအချို့ ပါဝင်နေပါသေးသည်။ အားလုံးသည် တန်ဖိုးကြီး ပစ္စည်းများ ဖြစ်ကြပြီး ထိုကဲ့သို့ ပစ္စည်းများအပြင် ဝိညာဉ်တော်ကျောက်ပြား များစွာလည်း ရှိနေလေ၏။ အဆိုပါ ဝိညာဉ်တော် ကျောက်ပြားများကမူ ဂုဂျင်လုံ၏ ကိုယ်ပိုင် စုဆောင်းထားသည့် အရာများ ဖြစ်ချေ လိမ့်မည်။
ရဲရှောင်သည် အကြမ်းဖျဉ်း ရေတွက်လိုက်သည့်အခါ ဝိညာဉ်တော်ကျောက်ပြား ၃၀၀၀ ရှိနေကြောင်း တွေ့ရှိလိုက်ရပေသည်။
ရဲရှောင်အတွက် တကယ်ကိုပင် မျှော်လင့်မထားဘဲ ရရှိလိုက်သည့် ဆုလဒ်တစ်ခုကဲ့သို့ပင် ဖြစ်၏။ ထို့ကြောင့် ပျော်ရွှင်လွန်းသဖြင် သူ၏ မျက်နှာ၏ အပြုံးများကို မရပ်တန့်နိုင်တော့ချေ။ သူ့ရန်သူဖြစ်သူ ဂုဂျင်လုံမှာပင် အနည်းငယ် ကြည့်ကောင်း၍လာသလို ခံစားနေမိလေ၏။
သူ့အနေဖြင့် ဂုဂျင်လုံအား တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ သတ်ချင်နေမိသော်လည်း ယခုအခါ အခြေအနေများမှာ ပိုမို၍ ကျေနပ်စရာ ကောင်းနေသည် မဟုတ်ပါလား။
“နောင်ကြီးဂု . . . ခင် . . . ခင်ဗျား . . .”
ရဲရှောင် စိတ်လှုပ်ရှားလွန်းဟန် ဆောင်လိုက်ပြန်သည်။
“ခင်ဗျားက တစ်ခါတည်းနဲ့ ကျုပ်ကို ဒီလောက်ထိတောင် ပေးတယ် . . . ကျုပ်က ဒါတွေကို ယူပြီး ခင်ဗျားနဲ့ ဝေးရာကို ထွက်ပြေးသွားမှာ မစိုးရိမ်ဘူးလား၊ လွယ်ရင် သူကြွယ်တောင် လက်မနှေးဘူးနော်”
ဂုဂျင်လုံ နူးညံ့စွာ ပြုံးလိုက်ရင်းဖြင့် –
“ညီလေးဖန် . . . မင်းနဲ့ငါက ညီအစ်ကိုအရင်းတွေ လိုပါပဲ။ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုထားဖို့ လိုအပ်တယ်။ မင်းကိုမှ ငါမယုံမိရင် ငါတို့တွေ ဘယ်လိုလုပ်ပြီး ထာဝရမိတ်ဆွေ ညီအစ်ကိုတွေအဖြစ် ဘယ်လို နေကြမလဲ။ ငါမင်းကို ယုံပါတယ် ညီလေးဖန် . . .”
ထို့နောက် ဂုဂျင်လုံသည် ထပ်မံ၍ ပြုံးလိုက်ပြန်ပြီး –
“ညီလေးဖန် . . . မင်းက ငါပေးတဲ့ ပစ္စည်းတွေ အကုန်လုံးကို ယူပြီး ထွက်ပြေးသွားရင်တောင်မှ ငါ့ကို နတ်ဘုရားတွေက ဒဏ်ခတ်လိုက်တယ်လို့ပဲ မှတ်ယူလိုက်မှာပါကွာ . . .”
ဂုဂျင်လုံသည် သူ၏ မျက်နှာတွင် အလွန် ဖြောင့်မတ်တည်ကြည်၍ ရွှန်းရွှန်းဝေအောင် ပြောနေသော်လည်း သူ၏ စိတ်ထဲတွင်မူ လှောင်ပြောင် ရယ်မောလျက် ရှိနေသည်။
(မော်တယ်ကမ္ဘာမှာ မင်းပြေးချင်တဲ့ နေရာကို ပြေးစမ်းပါ။ ငါ့လက်က မလွတ်ပါဘူး၊ ငါ့ရဲ့ လက်ကနေ ပြေးလို့လွတ်တဲ့ လူဆိုတာ မပေါ်သေးဘူး၊ ရှောင်ဧကရာဇ်တောင်မှ မတတ်နိုင်ဘူးကွ၊ ဖန်ဇီလင် . . . မင်းက ကလေးပဲ ရှိပါသေးတယ်၊ ဘာအဆင့်မှ မဟုတ်ဘူး၊ သိပ်ပြီး တွေးမနေစမ်းနဲ့ . . .)
ဂုဂျင်လုံ သူ့စိတ်ထဲ တွေးနေရင်း သဘောကျနေမိပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset