Switch Mode

Chapter – 108

တောင်းသလောက်ပေးမယ်

Chapter – 108
“တောင်းသလောက်ပေးမယ်”

“အဲဒါကြောင့် ကျုပ်တို့ဟာ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ရှာရဦးမယ်၊ စိတ်ငြိမ်ငြိမ် ထားပြီးလည်း ဆေးလုပ်ရဦးမယ်။ ဒီ ၂ ခုကို ပြိုင်တူ လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးဗျာ . . .”
ရဲရှောင် ခံစားရ ခက်နေသည့် ဟန်မျိုးဖြင့် ပြောလိုက်သည်။
ဂုဂျင်လုံမှ ပြုံးလိုက်ပြီး –
“မဟုတ်တာ . . . မဟုတ်သေးပါဘူး . . . ဒါနဲ့ ပတ်သက်ပြီး မင်းတော့ မှားနေပြီလို့ ငါထင်တယ် ညီလေးဖန် . . . ဒီကိစ္စ ၂ ခုကို တပြိုင်နက်တည်း ရနိုင်တာပေါ့၊ တကယ်တော့ တပြိုင်တည်းနဲ့ အောင်မြင် ဖို့က လွယ်ပါတယ် . . .”
“ဘယ်လိုလဲ . . . ဘယ်လို ရနိုင်မှာလဲ . . .”
ရဲရှောင် မျက်လုံးပြူးကျယ်လျက် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“နောင်ကြီးဂု . . . တပြိုင်တည်းနဲ့ အောင်မြင်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို သိရင် ပြောပြစမ်းပါဦးဗျာ . . .”
ဂုဂျင်လုံသည် နူးညံ့သော လေသံဖြင့် –
“ညီလေးဖန် . . . မင်းက သိပ်ပြီး ရိုးရိုးလေး တွေးနေတာကိုး၊ နောက်ထပ် ရှုထောင့် တစ်ခုကနေ ဘာလို့ မတွေးရတာလဲ။ ဒီမှာကြည့် . . . အခု ဆေးတွေ လုပ်နိုင်တဲ့လူက မင်းဆရာမလား၊ အဲဒီတော့ လိုအပ်တဲ့ ပစ္စည်းတွေကို ဘယ်ကရသလဲ ဆိုတာ သူစိတ်ဝင်စားနေမှာ မဟုတ်ဘူး။ သူ့အတွက် စိတ်ကို ငြိမ်ငြိမ်သက်သက်နဲ့ ဆေးတွေ လုပ်နိုင်ရင် အဆင်ပြေပြီလေ။ ဟုတ်တယ်မလား . . .”
ရဲရှောင် စိတ်ရှုပ်ထွေးဟန်ဖြင့် –
“ယေဘူယျ အားဖြင့်တော့ ဟုတ်ပါတယ် . . . ဒါပေမဲ့ . . .”
“မဟုတ်ဘူး . . . ဒါပေမဲ့ ဆိုတာ မရှိဘူး . . . မင်းသာ ငါနဲ့ လက်တွဲလိုက်မယ်ဆိုရင် အရာအားလုံး အဆင်ပြေသွားမှာ ညီလေးဖန်၊ မင်းလိုတဲ့ အရာတွေကို လွယ်လွယ်ကူကူ ရမှာပေါ့ . . .”
“ခင်ဗျားနဲ့ လက်တွဲရမယ် ဟုတ်လား . . .”
ရဲရှောင် မျက်လုံးပြူးကျယ်လျက် နားမလည်ချင်ယောင် ဆောင်လိုက်ပြန်သည်။
“ဟုတ်တယ် . . . လက်တွဲရမယ် . . .”
ဂုဂျင်လုံ ပြောလိုက်ပြန်သည်။
“မင်းလည်း တွေ့တဲ့အတိုင်းပဲ မင်းဆရာ လုပ်တဲ့ ဆေးလုံးတွေက တကယ် အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ လိုပဲ။ ကျင့်ကြံမှု လုပ်တဲ့ လူတိုင်းက အသည်းအသန် လိုချင်နေကြမှာ သေချာတယ်။ ပွင့်ပွင့် လင်းလင်း ပြောရရင် ငါကလည်း အဆင့်မြင့်မြင့်နဲ့ အရည်အသွေး ကောင်းကောင်း ဆေးလုံးတွေ လိုနေတယ်။ အဲဒီတော့ ဆေးအခိုးအငွေ့နဲ့ ဆေးတိမ်တိုက် ရှိတဲ့ ဆေးလုံးတွေ ငါယူမယ်၊ လိုအပ်တဲ့ ပစ္စည်းတွေ၊ ဝိညာဉ်တော် ကျောက်ပြားတွေ အကုန်လုံးကို ငါထောက်ပံ့ပေးမယ်။ ဘယ်လောက်ပဲလိုလို ကိစ္စမရှိဘူး၊ ငါက အဲဒီပစ္စည်းတွေကို မင်းကိုပေးမယ်၊ မင်းကမှတဆင့် မင်းဆရာဆီ ပေးလိုက်ပေါ့ . . .”
ရဲရှောင် ကြောင်ငေးနေဟန်ဖြင့် –
“ဒါ . . . ဒါက . . . ကောင်းသားပဲ . . .”
ဂုဂျင်လုံမှ ဆက်လက်၍ –
“ဒါက ပြဿနာတွေ အားလုံးကို ဖြေရှင်းနိုင်တဲ့ အကောင်းဆုံး အဖြေလို့ ငါတော့ ထင်မိတာပဲ။ မင်းဘက်ရော ငါ့ဘက်ရော ၂ ဦး ၂ ဖက် အကျိုးရှိတယ်လေ။ ငါကတော့ အဆင့်မြင့် ဆေးလုံးတွေ အများကြီးရမယ်၊ မင်းဆရာကလည်း သူလုပ်ချင်တာကို လုပ်ခွင့် ရမှာပေါ့ . . .”
“ဒါ့အပြင် မင်းရဲ့ ကြိုးစားမှုအတွက် မင်းကိုလည်း ငွေစတွေဘာတွေ ဆုကြေး ပေးဦးမှာပါ”
ဂုဂျင်လုံ ပြောလိုက်သည်။
“ငွေစ ဆိုတာမျိုးက နှလုံးသား သန့်စင်မှုကို ထိခိုက်စေမယ် ဆိုရင် ရတနာတစ်ခုခု၊ ဒါမှမဟုတ် ဆေးလုံးပဲဖြစ်ဖြစ် ရှားပါးတဲ့ ဘာပစ္စည်းပဲဖြစ်ဖြစ် ယူပေါ့။ ဘာမှ တွေဝေမနေပါနဲ့၊ ဒီပစ္စည်းတွေကို မင်းအတွက် ငါအလွယ်တကူ ပေးနိုင်တယ်နော် . . .”
“မင်းသာ ငါနဲ့ အတူတူ လုပ်မယ်လို့ ကတိပေးလိုက်ရင် မင်းလိုချင်တာ မှန်သမျှ ရတော့မှာ . . .”
ဂုဂျင်လုံ မက်လုံးပေးလျက် ရှိနေ၏။
“ကုန်ကုန် ပြောရရင်း မင်းဒီကမ္ဘာကြီးရဲ့ ဧကရာဇ် ဖြစ်ချင်တယ် ဆိုရင်တောင်မှ ဖြစ်နိုင်မယ်လို့ ပြောရမှာပဲ . . .”
ရဲရှောင် ကြောင်အလျက် ရှိနေသည်။ ထိုအချိန်တွင် သူမည်သို့ ပြန်ပြောရမလဲ ဆိုတာကိုပင် မသိတော့ချေ။
တကယ်တမ်းတွင်မူ သူ့စိတ်ထဲ၌ သူ့အမူအယာ သရုပ်ဆောင် အလွန်ကောင်းသည်ဟု သူ့ကိုယ်သူ ချီးကျူးနေမိခြင်း ဖြစ်၏။
သူသည် ရိုးသား၍ တုန်လှုပ်နေဟန် ရှိသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ပုံစံမျိုးဖြင့် ဟန်အမူအယာအပြည့် ရှိနေခြင်းပင် ဖြစ်ပါသည်။
ဂုဂျင်လုံ၏ စိတ်ထဲမှ အကြံအစည်များကိုလည်း ရိပ်မိပြီး ဖြစ်လေ၏။
(တော်တော် ကောင်းတဲ့ အစီအစဉ်ပဲ၊ မင်းက ဆေးပစ္စည်းတွေနဲ့ ဆေးလုံးတွေကို အပေးအယူ လုပ်ချင်နေပုံပဲ။ မင်းကတော့ ရသမျှ အကုန်ယူမယ်၊ ငါ့ဆရာကတော့ မင်းကို အလကား လုပ်ပေးရမယ် ပေါ့လေ . . . တော်တော်ပဲ နစ်နာနေပါဦးမယ် . . .)
ဆေးလုံးများအား ဝမ်ဇန်းဟိုမှတဆင့် ရောင်းခိုင်းမည် ဆိုပါက ငွေကြေးများစွာ ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်၏။ အကယ်၍ ထိုသို့မဟုတ်ဘဲ ဂုဂျင်လုံသာ ယူမည် ဆိုပါက အရိုးသန့်စင်ဆေးလုံး ဖြစ်သည့်တိုင် သူ့လူများအား ထိပ်တန်းအဆင့် ပညာရှင်များ ဖြစ်အောင် လုပ်ပေးနိုင်စွမ်း ရှိနေမှာ အသေအချာပါပင်။
ထိုကဲ့သို့သာ အမှန်တကယ် ဖြစ်ပွားခဲ့ပါက သူရိယဂိုဏ်းသည် ချင်းယန်နယ်ပယ်တွင် အစွမ်းထက်ဆုံး ဖြစ်လာနိုင်ပေသည်။
ချင်းယန်နယ်ပယ်၌ မူလက အင်အားစုကြီး ၃ စု ရှိနေခဲ့ရာမှ အင်အားစုကြီး ၁ စုသာ ကျန်ရှိနိုင်တော့မည်မှာ သေချာသလောက်ပင်။ ထိုကျန်ရှိမည့် ဂိုဏ်း၏ အမည်မှာလည်း သူရိယူဂိုဏ်းသာ ဖြစ်ပေလိမ့်မည်။
“ဘယ်လိုလဲ . . .”
ဂုဂျင်လုံ ရဲရှောင်အား ကြည့်ရင်း မေးလိုက်သည်။ သူ၏ အသံသည် တည်ငြိမ်လျက် ရှိနေပြီး စိတ်ထဲတွင်မူ အလွန် လှုပ်ရှားလျက် ရှိနေလေ၏။
(ဒီအရူးက ထူးခြားအစွမ်းထက်တဲ့ ထိပ်တန်းအဆင့် ဆေးလုံးတွေရဲ့တန်ဖိုးကို ဘာမှ မသိဘူး။ အခုတော့ ငါ့ရဲ့ ၂ ဘ၀စာ အတွေ့အကြုံတွေနဲ့ မင်းကို အရူးလုပ်နိုင်ပြီ . . .)
ရဲရှောင် တွေးနေမိသည်။ ဆက်လက်၍ –
“နောင်ကြီးဂု ပြောတာကို နားလည်ပါတယ်။ ကျုပ်လည်း သဘောကျပါတယ်။ ဒါပေမဲ့ ကျုပ်ဆရာ သံသယ ဖြစ်လိမ့်မယ်ဗျ . . .”
ရဲရှောင် တွေဝေနေဟန် လုပ်လိုက်သည်။ ထို့နောက် ဆက်လက်၍ –
“ဒီပစ္စည်းတွေ ဘယ်ကရသလဲ ဆိုတဲ့ မေးခွန်းကိုတော့ ကျုပ်ဆရာ မေးလာမှာ သေချာတယ် . . .”
ဂုဂျင်လုံ စဉ်းစားလိုက်ပြန်သည်။
(ဒီငတုံးကိုတော့ ငါလှည့်စားနိုင်တော့မယ်။ ငါသာ သူပြောတဲ့ ကိစ္စလေးကို ဖြေရှင်းပေးနိုင်မယ် ဆိုရင် ဒီကိစ္စ ပြီးပြီပဲ . . .)
ဂုဂျင်လုံသည် အတော်ကြီးကို စိတ်လှုပ်ရှားလျက် ရှိပြီး ပျော်ရွှင်နေမိလေ၏။ ထို့နောက် နူးညံ့သော အသံဖြင့် –
“ညီလေးဖန် . . . မင်းက တကယ် ရိုးသားတဲ့ လူတစ်ယောက်ပဲ။ တကယ်တော့ မင်းသာ အမှန်တိုင်း မပြောသ၍ မင်းဆရာ သိလာနိုင်စရာ မရှိဘူး၊ ဟုတ်တယ်မလား၊ မင်းပြောရမှာက မင်းဆရာ လုပ်လိုက်တဲ့ ပထမအသုတ် ဆေးလုံးတွေကနေ ငွေစတွေ အများကြီး ရလာတယ်ပေါ့၊ ဆေးလုံး တစ်လုံးတည်းကိုတောင် ငွေစ သန်းနဲ့ချီရပြီးတော့ အဲဒီငွေတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်လာတာလို့ ပြောလိုက်ပေါ့။ ဒါဆို မင်းဆရာလည်း သဘောကျပြီး ဘာမှ ပြောမှာ မဟုတ်ဘူး . . .”
ရဲရှောင် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေ၏။
(ဈေးကလည်း ငါတကယ် ရတာထက်တောင် ၁၀ ဆ လောက် မြင့်ပြီး ပြောနေသေးတယ်။ မင်းက ငါ့ထက် လိမ်တဲ့ နေရာမှာ ပိုတောင် တော်သလို ဖြစ်နေပါရောလား . . .)
ရဲရှောင်မှ စိုးရိမ်ဟန်ဖြင့် –
“ဒါက အကြောင်းပြချက် ကောင်းတစ်ခုပါပဲ။ ဒါပေမဲ့ ကျုပ်ကတော့ အမှားလုပ်မိမှာ ကြောက်မိတယ်”
ဂုဂျင်လုံ စိတ်ထဲတွင် –
(ဒီလူက တကယ့် ငတုံးစစ်စစ်တော့ မဟုတ်သေးဘူး။ အခု အကျိုးလိုလို့ ညောင်ရေသွန်းနေတဲ့ သဘောပဲ။ ထားလိုက်ပါ . . . ဒီလို သူပိုပြီး အလုပ်အပေါ် စိတ်နှစ်တာ စိတ်ဝင်စားစရာ ကောင်းသား . . .)
ထိုသို့ စဉ်းစားလိုက်မိပြီးနောက် –
“ညီလေးဖန် . . . မင်းလည်း မြင်တဲ့အတိုင်းပဲ မင်းဆရာက သူ့တစ်ဝဘလုံးကို ဆေးလုပ်ခြင်း အကြောင်း လေ့လာရင်း အချိန်ကုန်ဆုံး ခဲ့ရတယ်။ ဒါပေမဲ့ အခုက ပစ္စည်းအလုံအလောက် မရှိတာနဲ့ ပတ်သက်ပြီး စိတ်ညစ်နေရတယ်မလား . . . ငါကတော့ သူ့စိတ်ထဲက ၀မ်းနည်းမှုကို မင်းပဲ ဖြေရှင်းပေး နိုင်မယ် ထင်တာပဲ။ ဟုတ်တယ်မလား . . .”
“မင်းရဲ့ ဆရာရဲ့ စိတ်ထဲမှာ အဲဒီအတွေးက အမြဲတမ်း ရှိနေမှာ။ သူဟာ ကမ္ဘာမှာ အကောင်းဆုံး ဆေးလုပ်နည်း နည်းစနစ်တွေကို တတ်မြောက်ထားပေမဲ့ ဘာမှ မရှိတဲ့ မီးဖိုလေးကို ငိုင်ပြီး ကြည့်နေမှာကွ၊ ဒီလို အစွမ်းအစရှိတဲ့ လူတစ်ယောက် အနေနဲ့ ဖေးယွမ်းဆေးလောက်ပဲ လုပ်နေရတာ တကယ် နှမျောစရာ ကောင်းလွန်းပါတယ်။ မော်တယ်ကမ္ဘာကြီးအတွက် တကယ့် ဆုံးရှုံး နစ်နာမှုကြီးပဲ။ မင်းဆရာသာ သူလုပ်ချင်တာ မလုပ်ရ၊ နောက် ဘာနာမည်မှ မရှိဘဲ သေသွားရရင် မင်းတရားခံ ဖြစ်နေမှာနော် . . .”
ဂုဂျင်လုံမှ ကောင်းကောင်းကြီးကို မြူဆွယ်လျက် ရှိနေလေသည်။ ယခုအခါ သူသည် ကမ္ဘာနှင့် ချီ၍ပင် ပြောဆိုနေပြီး ရဲရှောင်အား ကမ္ဘာ့တရားခံ အဖြစ်သို့ပင် ပုံဖော်နေသည် မဟုတ်ပါလား။
ရဲရှောင်၏ စိတ်တွင်း၌ ဂုဂျင်လုံအား ရစရာ မရှိအောင် ဆဲဆိုနေမိသော်လည်း မျက်နှာတွင်မူ ၀မ်းနည်းနေသည့် ဟန်ဖြင့် –
“ဟုတ်တယ် . . . ဒီလိုသာဆို ကျုပ်လည်း ဖြေဆည်နိုင်မှာ မဟုတ်ဘူး . . .”
(မင်းက ငတုံးပါကွာ . . .)
ဂုဂျင်လုံ စိတ်ထဲ ရေရွတ်လိုက်မိသည်။ သို့သော်လည်း ရဲရှောင်အား ကိုယ်ချင်းစာသော ဟန်ဆောင်လိုက်ပြီး –
“ဒါပေါ့ . . . မင်းက သူ့တပည့်လေ၊ ပြောရရင် သူ့သား တစ်ယောက်လိုပဲ။ မင်းဆရာ သူလုပ်ချင်တာကို မလုပ်နိုင်ဘဲ သေသွားခဲ့ရင် မင်းရင်ထဲက နာကျင်မှုကို ဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်လောက်ဘူး . . .”
“ဒါပေမဲ့ အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး . . .”
ဂုဂျင်လုံသည် သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်ရင်း ဂုဏ်ယူဟန်ဖြင့် ပြုံးကာ ဆက်လက်၍ –
“ငါရှိနေမှတော့ မင်းအတွက် ဘာမှ မခက်ခဲတော့ဘူးပေါ့ . . .”
“ဘာလို့လဲ ဆိုတော့ ငါ့ရဲ့ အကူအညီနဲ့ မင်းစိုးရိမ်နေတာတွေ အကုန်လုံးအောင် ပျောက်သွား အောင် လုပ်နိုင်တယ်လေ . . .”
ဂုဂျင်လုံ ဟန်ပါပါ ပြောလိုက်ပြန်သည်။
“ညီလေးဖန် . . . မင်းဆရာကို လိမ်ဖို့ လိုတယ် ဆိုပေမဲ့လည်း သူ့ရဲ့ နောက်ဆုံး နေ့ရက်တွေမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားနိုင်မှာနဲ့ စာရင် တန်ပါတယ်။ မင်းလည်း အခွင့်အရေးရတာကို အသုံးချနိုင်ရင် နောင်တရနေစရာ အကြောင်းမရှိတော့ဘူး။ သူ့ကို ဒဏ္ဍာရီမှာ ထင်ကျန်ရစ်အောင် လုပ်နိုင်မဲ့ အခွင့်အရေးလည်းဖြစ်တယ်၊ ဟုတ်တယ်မလား . . .”
“သူ့ရဲ့ ဂုဏ်သတင်းကလည်း အကြာကြီးကို မွှေးပျံ့နေတော့မှာ။ ဆေးဒဏ္ဍာရီထဲက ဆေးတိမ်တိုက် အကြောင်းနဲ့ပေါ့ . . .”
ဂုဂျင်လုံသည် ရဲရှောင်အား ဆက်လက်၍ ဆွဲဆောင်နေပြန်သည်။
ရဲရှောင်လည်း စိတ်လှုပ်ရှားမှုကြောင့် မျက်နှာပင် ရဲသွားခဲ့သည်။ လေးလေးပင်ပင် ဟန်ပန်ဖြင့် ခေါင်းကို ညိတ်လိုက်ပြီးနောက် တုန်ရီသော လေသံဖြင့် –
“ဟုတ်တယ် . . . သူဒီလိုပဲ ဖြစ်သင့်တာပေါ့ . . .”
ရဲရှောင်သည် သူ့ကိုယ်သူ ဂုဂျင်လုံ၏ စကားများအား နားဝင်သွားဟန်ကဲ့သို့ ဟန်ဆောင် နေလိုက်သည်။ တချိန်တည်းမှာပဲ ခေါင်းကို ဆက်၍ ညိတ်လိုက်ရင်း –
“ကျုပ်ဆရာရဲ့ ဂုဏ်သိက္ခာကို မြင့်တင်နိုင်ပြီးတော့ ဒဏ္ဍာရီမှာ စာတင်နိုင်ဖို့ဆို ကျုပ်ဘာမဆို လုပ်မှာပဲ . . . ကျုပ်ဆိုတဲ့ ဖန်ဇီလင် . . . ဘာပဲဖြစ်ဖြစ် လုပ်ဖို့ ဆုံးဖြတ် လိုက်ပြီ . . .”
ဂုဂျင်လုံသည် ကျေနပ်သော အပြုံးဖြင့် ရဲရှောင်အား ကြည့်နေလေ၏။
(ငတုံးကတော့ နောက်ဆုံး ငါအရူးလုပ်တာ ခံလိုက်ရပြီ။ ဒီလောက်ထိ လွယ်လွယ်ကူကူ ကိစ္စပြတ်မှတော့ ငါဆိုတဲ့ ဂုဂျင်လုံလည်း ချမ်းသာပြီပေါ့ . . .”
သို့သော် ရဲရှောင်၏ အတွေးနှင့် သူ့အတွေးသည် လုံးဝ ဆန့်ကျင်ဖက် ဖြစ်နေသည် ဆိုတာကိုတော့ သူမသိချေ။
ရဲရှောင်၏ အတွေးထဲတွင်မူ –
(ငါ့ရဲ့ သရုပ်ဆောင်ချက်က တကယ်ကို နတ်ဘုရားအဆင့် ရောက်နေပြီ။ သနားစရာ သတ္တဝါလေးကို ကြည့်စမ်းပါဦး . . . ငါအရူးလုပ်တာကို တောက်လျှောက် ခံလာရရှာတယ်။ ဒါတောင်မှ ပျော်ရွှင်နေတာပဲ . . . ငတုံးပါကွာ . . . ဒီလောက်ထိ လွယ်လွယ်ကူကူ ကိစ္စပြတ်မှတော့ ငါဆိုတဲ့ ရဲရှောင်လည်း ဒီတစ်ချီ ချမ်းသာရချည်ရဲ့ . . .)
“မင်းနဲ့ငါက လားရာတူနေတယ်။ အဲဒီတော့ ဒီကိစ္စ အောင်မြင်မယ် ဆိုတာ ပြောနေစရာတောင် မလိုတော့ဘူး၊ မင်းတခြား ပြောစရာ ရှိသေးလား ညီလေးဖန် . . .”
ဂုဂျင်လုံသည် အလွန်ယုံကြည်ချက် ရှိနေမိသည်။ ယခုကိစ္စမှာ လုံးဝ အတည်ဖြစ်သွားပြီ ဆိုတာကိုလည်း သိနေလေ၏။ မရဏကျောက်တုံး၏ သဲလွန်စကိုသာမက ဆေးလုံးများအတွက်ပါ ကံကောင်းမှုမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူမထင်ထားခဲ့မိချေ။
သူ့အတွက် အိပ်မက်ကောင်းတစ်ခု မက်နေရသကဲ့သို့ပင် ဖြစ်နေလေ၏။
“အင်း . . . ခင်ဗျားကို အထင်သေးတာတော့ မဟုတ်ပါဘူး နောင်ကြီးဂု၊ ခင်ဗျားအနေနဲ့ ဝိညာဉ်တော် ကျောက်ပြား ဘယ်လောက်ထိ ထောက်ပံ့နိုင်မလဲ ဆိုတာကို သိလို့ရမလား။ ဆေးပင်တို့၊ ရတနာတို့ ဘယ်လောက်ထိ ထောက်ပံ့နိုင်မလဲ၊ အဲဒါမှ ကျုပ်လည်း အကြမ်းတွက်လို့ ရမှာမို့လို့ပါ . . .”
ရဲရှောင်သည် မျှော်လင့်ထားသည့် ဟန်ပန်မျိုးဖြင့် မေးလိုက်သည်။
“ဟဲဟဲ . . . ညီလေးဖန်၊ မင်းဒါမျိုးမေးတာ မေးသင့်ပါတယ်။ ကောင်းပြီ၊ ငါက ဘယ်လောက် ပေးနိုင်မလဲ ဆိုတာကို မပြောတော့ဘူး၊ မင်းသာ ငါ့ကိုတောင်းကြည့်ပေ့ါ၊ တစ်ခုတော့ ပြောလိုက်မယ်၊ မင်းဟာမင်း ဘယ်လောက်ပဲ တောင်းတောင်း မင်းတောင်းသလောက် ပေးနိုင်တယ် ဆိုတာကို ငါအာမခံတယ် . . .”
ဂုဂျင်လုံ ပြုံးလျက် ပြောလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset