Chapter – 35
“အား…မြွေ၊ ခေါင်း၈လုံးမြွေကြီး၊ ကယ်ကြပါဦး”
“၂မီတာရှည်တဲ့ ငွေရောင်ကင်းခြေများကြီး၊ ဘုရားရေ၊ ငါ့နောက်လိုက်နေတယ်၊ ကယ်ကြပါဦး၊ ချူဖုန်း ဒီကောင်စုတ်၊ မင်းပြောသလို ဘာပျော်ရွှင်စရာမြေမှ မဟုတ်ဘူး၊ ဖေလိုးမသား အလိမ်ကောင်၊ ဘာလုပ်နေလဲ၊ လာပြီး ဒီစောက်အကောင်တွေကို လာသတ်”
“အား ထပ်လာပြန်ပြီ၊ ကျားမဲကြီး၊ ကြည့်၊ သူ့လက်စွယ်နဲ့ ဟိုကျောက်တုံးကြီးကို ချေလိုက်တာတွေ့လိုက်လား၊ အိုး ချီး ချီးပဲ၊ အာ…ပင်ပန်းလာပြီ၊ နွားနတ်ဆိုး၊ ချူဖုန်း လာကယ်ဦး”
ကျိုးကွမ်သည် ဆက်တိုက် အော်ဟစ်လျက်ရှိသည်၊ သရဲကဲ့သို့ အော်ငိုကာ ဝံပုလွေကဲ့သို့ ညည်းတွားနေသည်။ သူသည် အသားကုန်ပြေးလွှားကာ အသက်ရှင်လိုသည်။ ကဆုန်ပေါက်လျှောက်ပြေးကာ လဲကျမတတ်ပင်ပန်းနေသည်။ အဆုံးတွင် ဝက်ရူးပြန်ရောဂါလူနာကဲ့သို့ ပါးစပ်မှ အမြှုပ်များထွက်လာကာ တစ်ကိုယ်လုံး အကြောဆွဲနေသည်။ သူ့ခန္ဓာကိုယ်မှာ အားပျော့နေပြီး သူ့ခြေထောက်များမှာလည်း ပင်ပန်းမှု၊ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ ပူးပေါင်းခြင်းကြောင့် အားလုံးဝ မရှိတော့ချေ။
နောက်ဆုံးတွင် ချူဖုန်းသည် မွန်းတည့်ချိန်ရောက်သောအခါ ၃ယောက်လုံး ဗိုက်ဆာနေပြီဖြစ်၍ ဤခရီးကို ရပ်စဲရန် သဘောလိုက်သည်။
ချူဖုန်းက ဒီနေ့ဒီလောက်ပဲဟု ပြောလိုက်သည့် အခိုက်အတန့်တွင် ကျိုးကွမ်သည် မျက်ရည်ထွက်မတတ်ဖြစ်သွားသည်။ နောက်ဆုံးတွင် သူသည် အဆုံးမရှိနောက်မှလိုက်ခံရခြင်းနှင့် ပြေးခြင်းအိပ်မက်ဆိုးမှ နိုးထနိုင်ပြီဖြစ်ကြောင်း သိသွားသည့်အခါ အတိုင်းအတာမသိ ပျော်လွန်သွားသည်။
သူ့အသံ ပျောက်သွားပြီဖြစ်သည်။ လွန်ခဲ့သည့်၅နာရီလုံးလုံး ကျိုးကွမ်သည် ကြောက်စိတ်ကြောင့် အော်ဟစ်ရ၍သော်လည်းကောင်း၊ တောရိုင်းကောင်များကို မီးတောက်ဖြင့် တိုက်ထုတ်ရ၍လည်းကောင်း အလုပ်ရှုပ်နေခဲ့သောကြောင့် ဖြစ်သည်။
“ဟဲ့ကောင် မင်းဘယ်လိုကောင်လဲ၊ ငါစိတ်လှုပ်ရှားရမယ်ဆိုပြီး ပြောပြီးတော့၊ အော်အေး ဝန်ခံတယ်၊ တကယ် ငါ့နှလုံးသား တုန်လှုပ်သွားသည်၊ ဒါပေမဲ့ အဲ့တာ ကြောက်လွန်းလို့ သေမတတ်ဖြစ်လို့ဟ ကောင်စုတ်ရဲ့” ကျိုးကွမ်သည် အသက်ဝအောင် ရှူပြီး ဆဲဆိုလေသည်။
သူသည် ခေါင်းလှည့်ကာ တောင်တန်းများကို နောင်တရစွာဖြင့် ကြည့်နေသည်။ တောင်တန်းကြီးမှာ မြူခိုးတွေကြား ဖုံးလွှမ်းနေပြီး တောရိုင်းကောင်များ၏ အော်ဟိန်းသံများမှာလည်း ဆက်တိုက်ကြားရသည်။ သူသည် အထဲကို ဘယ်လိုမှ ဆက်မသွားချင်တော့ချေ။ ဒီနေ့ကြုံတွေ့ခဲ့သည့် သေခါနီးအတွေ့အကြုံ၏ မှတ်ဉာဏ်အပိုင်းအစတစ်ခုစီမှာ သူ၏ စိတ်ထဲတွင် မြဲမြံစွာ မှတ်သားသွားပြီး ထိုမှတ်ဉာဏ်အကုန်လုံးမှာ ဝိညာဥ်လွင့်မတတ်ပင်ဖြစ်သည်။
“ငါ ဘာလို့ ဟိုတောရိုင်းကောင်တွေနဲ့ငှက်တွေကို လွယ်လွယ်နဲ့ ချနိုင်လဲသိလား၊ အဲ့တာဘာလို့လဲဆိုရင် ငါနေ့တိုင်း အန္တရာယ်အပြည့်ရှိတဲ့ ဒီတောင်နက်ထဲမှာ ငါ့ကိုယ်ငါ လေ့ကျင့်လို့ပဲ၊ အပတ်ပေါင်းများစွာ ဆက်တိုက်လေ့ကျင့်ပြီးတော့ ဒီက ရှေးဟောင်းသဘာဝကို နေသားကျသွားပြီး ခုလို အကြောက်တရားမရှိတော့ပဲ အရည်အချင်းတက်လာတာ” ချူဖုန်းသည် သူ့ကို နှစ်သိမ့်သည်။
“မဟုတ်ဘူး၊ ငါ့ကို မင်းနဲ့အတူတူနှိုင်းယှဥ်လို့ မရဘူး၊ ငါတို့က အစကတည်းက တူညီတာမဟုတ်ဘူး၊ မင်းရဲ့ လက်သီးက ကျောက်တုံးတွေနဲ့ တောရိုင်းကောင်တွေ ငှက်တွေကို ချေပစ်နိုင်တယ်၊ ဒါပေမဲ့ ငါမဟုတ်ဘူး၊ ငါက အခုထိ လူသားဟ၊ ငါ့လို ပျော့ညံ့တဲ့သူက တောင်ထဲမှာ မရှင်သန်နိုင်ဘူး” ကျိုးကွမ် အော်ပြောလိုက်သည်။
“မင်းက ဆင့်ကဲပြောင်းလဲပြီးသူလေ၊ ကျောက်တွေ ရွှေတွေအရည်ဖျော်နိုင်တဲ့ မီးကို မင်းထုတ်နိုင်တယ်၊ မင်းမှာရှိနေတဲ့ အစွမ်းက ဒီလောက်မိုက်တဲ့ဟာ၊ မင်းအစွမ်းမင်း တတ်ကျွမ်းအောင်လုပ်လိုက်ရင် ရှင်သန်ဖို့က ပြဿနာမဟုတ်ဘူး” ချူဖုန်း ပြောလေသည်။
ကျိုးကွမ်သည် ဆင့်ကဲပြောင်းလဲပြီးသူတစ်ယောက်အနေနဲ့ ဆက်တိုက်လေ့ကျင့်မှုဖြင့် ဖြစ်နိုင်ချေများစွာကို ရယူနိုင်သည်၊ ထိုကဲ့သို့ လေ့ကျင့်မှသာ သူ့အတွင်း ပုန်းအောင်းနေသည့် အစွမ်းများကို ထုတ်သုံးနိုင်မည်ဖြစ်သည်။
ထို့အပြင် ကျိုးကွမ်၏ ဦးခေါင်းခွံတွင်ပေါက်နေသည့် ဦးချိုက သူစားလိုက်သော အသီးသည် နွားနတ်ဆိုးမျိုးရိုးနှင့် ဆက်နွယ်နေတာဖြစ်နိုင်ကြောင်း ပြသသည်၊ ထို့ကြောင့် အကယ်၍ သူသာ နွားနတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သွားလျှင် နွားဝါဆီမှ နွားနတ်ဆိုးလက်ဝှေ့ထိုးနည်းပုံစံများကို အလွယ်တကူ ရယူနိုင်မည်ဖြစ်သည်။ ထိုပုံစံအကွက်များကို တတ်ကျွမ်းသွားလျှင် သူလည်း ကမ္ဘာအသစ်ကို ရင်ဆိုင်ရန်အတွက် အသင့်ပြင်ပြီးသားဖြစ်မည် ဖြစ်သည်။
ချူဖုန်းသည် သူ၏စိုးရိမ်မှုများကို တွေးရင်း အတွေးနက်နေသည်။ တစ်နေ့ကျ တောင်တန်းများကို တားဆီးထားသော အကာအဆီးများက ထိုတောရိုင်းကောင်များအား ဆက်လက်မထိန်းချုပ်ထားနိုင်လျှင် တောင်နက်ပိုင်းတွင် နေထိုင်ကြသော ထိုမိစ္ဆာတောရိုင်းကောင်များသည် သူတို့အိပ်စက်နေရာမှ နိုးထလာပြီး အပြင်ကမ္ဘာကြီးကို ခြောက်လှန့်တော့မည်ဖြစ်သည်။
ထို့အပြင် အနာဂတ်တွင် အခြားနောက်ထပ်ကြောက်လန့်စရာများ ရှိမရှိ မည်သူသိမည်နည်း။
ငရဲမကျရောက်ခင် အချိန်မှာ အကန့်အသတ်ရှိပြီး အရေးကြီးသည်။ ကိုယ့်ကိုယ်ကို တက်ကြွမှုနှင့်အစွမ်းအားတို့ဖြင့် ကြိုတင်ပြင်ဆင်ထားသူမှသာလျှင် သူများကို အနိုင်ပိုင်းနိုင်ပြီး ရှင်သန်ရန်ခက်ခဲသည့် လောကကြီးတွင် သူများထက် ခြေတစ်လှမ်းသာလွန်မည်ဖြစ်သည်။
ချူဖုန်းသည် သူ၏ထင်မြင်ချက်များကို ပြောကြားကာ ကျိုးကွမ်သည် ဘေးနားရှိကျောက်တုံးတွင် မှီကာ ထိုင်နေသည်။ ကမ္ဘာကြီး စတင်ဗြောင်းဆန်စဥ်က လူသားတို့ရင်ထဲတွင် ဗလောင်ဆူခဲ့သည့် ကပ်ဘေးကို ရင်ဆိုင်ရမည့် အသိစိတ်သည် လတ်တလော ကမ္ဘာကြီးပြန်လည် အေးချမ်းငြိမ်သက်လာသည်နှင့်အမျှ ပျောက်ကွယ်စပြုလာပြီ။ ကျိုးကွမ်သည်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ သို့သော် ယခု သူ၏အတွေးများ စတင်ယိမ်းယိုင်လာပြီ။
“အေး၊ အစ်ကိုကြီး၊ မင်း ဒီနေ့ပြောတာတွေ လုပ်တာတွေအကုန်လုံးက ငါကောင်းဖို့ဆိုတာ သိပြီ၊ မင်းပြောတာမှန်တယ်၊ ငါ့ကိုယ်ငါ ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့အတွက် လုပ်ဖို့ လိုအပ်တယ်” ကျိုးကွမ် စိတ်ဆုံးဖြတ်ချက်ချလိုက်သည်။
တောင်ထဲတွင် လူ၂ယောက်နှင့် နွားပေါက်တစ်ကောင်သည် မီးပုံနားတွင် ပူးပူးကပ်ကပ် ထိုင်နေကြသည်။ ငှက်အသားကို သေချာကင်နေသည်။ ရွှေရောင်တလက်လက်တောက်ပကာ အသား၏ မွှေးရနံ့က လေထဲတွင် ပျံ့နှံ့လျက် ရှိသည်။ ငှက်အသားမှ အဆီများ စီးကျလာ၍ မီးပုံမှာ အသံထွက်နေသည်။
“ဒီအသားရဲ့အရသာကို ဘယ်အရာမှ မယှဥ်နိုင်ပါလား၊ အနံ့က အသေမွှေးတာပဲ” ကျိုးကွမ်သည် စောနက ခံစားကြုံတွေ့ရသည့်မှတ်ဉာဏ်အကုန် ပျောက်သွားသည်။ အသားတဖြည်းဖြည်း ရွှေရောင်သန်းလာသည်ကို ကြည့်ရင်း ထိုအသားကို စားချင်လိုစိတ်သည် တဖြည်းဖြည်း ကြီးမားလာသည်။ အထူးသဖြင့် သေလောက်အောင် ပင်ပင်ပန်းပန်းတိုက်ခိုက်ပြီးနောက် ဆာလောင်မှုကို ဘယ်လိုမှ မခံမရပ်နိုင်ဖြစ်နေသည်။
“ကျက်ပြီ”
ချူဖုန်းသည် အသားကင်ပေါ်တွင် ပျားရည်စမ်းပြီးနောက် ဆားအနည်းငယ်ဖြူးလိုက်သည်။ ဒါသည် အသားအရသာကို ပို၍ ပြည့်စုံစေကာ ခဏတွင်းချင်း အနံ့ပိုမွှေးလာသည်။
“မူး”
၃ယောက်လုံး စတင်စားကြပြီ။ သူတို့၏ လက်များဖြင့် အရေခွံကို ဖယ်ကာ ကင်ထားသည့် ဧရာမအသားတုံးကို ထုတ်သည်။ ထို့နောက် ဖုတ်ကောင်ကဲ့သို့၊ ဆာလောင်နေသော သားရိုင်းကောင်ကဲ့သို့ အားရပါးရ စားသုံးကြသည်။
ရုတ်တရက်ဆိုသလို အစာဝါးချေသံနှင့် မျိုချသံအကျယ်ကြီးသည် လေထုထဲတွင် ပြည့်နှက်လျက်ရှိသည်။ ၃ယောက်လုံးသည် ဝံပုလွေနှင့်ကျားများကဲ့သို့ ပြုမူစားသောက်နေကြသည်။
“ဘုရားရေ၊ အကယ်၍ ဒါသာ ဂီတဖျော်ဖြေမှုဆိုရင် အမိုက်စားဖျော်ဖြေမှုဖြစ်မှာ သေချာတယ်၊ လျှာလည်စေတဲ့ အရသာ၊ နူးညံ့တဲ့ အသားမျှင်၊ စွဲမက်စေတဲ့ အနံ့…အမလေး အမလေး…” ကျိုးကွမ်သည် သဘောကျလွန်း၍ ချီးကျူးနေသည်။
ကျိုးကွမ်က အပိုပြောနေခြင်းမဟုတ်ပါ။ တောင်ထဲတွင် နေထိုင်သည့် အချို့သားရိုင်းကောင်နှင့် ငှက်များ၏ အသားသည် ချက်ပြုတ်သည့်အခါ အလွန်စားကောင်းသော အရသာနှင့် အနံ့ရှိကြသည်။ အနည်းငယ်ပြုပြင်လိုက်ရုံဖြင့် အသားသည် ပုံမှန်စားနေကျမဟုတ်သည့် ထူးကဲသော အရသာကို ရနိုင်သည်။ ထို့အပြင် စွဲမက်စေသည့် မွှေးရနံ့မှာလည်း လေထဲတွင် အချိန်အတော်ကြာ ပျံ့နှံ့လျက်ရှိသည်။
အသားမှာ ဧရာမငှက်၏ လက်အစွယ်နား အသားတုံးကြီးဖြစ်သည်။ ၃ယောက်လုံးသည် အရိုးပေါ်ရှိ အသေးဆုံးအသားစကအစ ကုန်စင်အောင် စားသုံးလိုက်သည်။ အကယ်၍ သူတို့သာ ဗိုက်မပြည့်သေးလျှင် နောက်ထပ် လက်တစ်ဖက်ကို ကင်ရမည်ဖြစ်သည်။
“အရမ်းကျေနပ်အားရတာပဲ၊ ဒီလျှာလည်စေတဲ့ အရသာ…ဘုရားရေ… နတ်ဘူဖေးဆိုတာ ဒါမျိုးဖြစ်ရမယ်၊ ဒီအသားတွေ စားရဖို့အတွက် သေချာပေါက် ဒီကို ထပ်လာရမယ်” ကျိုးကွမ်သည် အလွန်ကျေနပ်သည်။ သူသည် မြေကြီးပေါ်တွင် လဲလျောင်းကာ ဖောင်းကားနေသည့် ဗိုက်ကို ပွတ်သပ်ကာ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးရှိနေသည်။ သရဲကဲ့သို့ အော်ငိုပြီး ဝံပုလွေကဲ့သို့ ညည်းတွားခဲ့ရသည့် အခိုက်အတန့်အားလုံးကို လုံးလုံးမေ့သွားပုံရသည်။ သူ၏ ဝမ်းနည်းဖွယ် အော်ငိုသံများကို အတိတ်တွင် ချန်ရစ်လိုက်ပြီဖြစ်သည်။
ချူဖုန်းနှင့် နွားဝါတို့သည် နီရဲသည့် ဘယ်ရီအသီးကို မြိန်ရေရှက်ရေ စားနေကြသည်။ အသီးမှာ နူးညံ့လွန်း၍ ပါးစပ်ထဲတွင် အရည်ပျော်သွားသည်။ အရသာမှာလည်း ချိုကာ မွှေးသည်။ သံသယဖြစ်စရာ မလိုအောင် ကောင်းမွန်သည့် ထိပ်တန်းဘယ်ရီအသီးပင် ဖြစ်သည်။
ကျိုးကွမ်သည် ထိုဘယ်ရီသီးအရသာကို သိသွားပြီးနောက် ချူဖုန်းလက်ထဲမှ လုယူလိုက်သည်။ သူဗိုက်ပြည့်တင်းအောင် စားပြီးပြီဖြစ်သော်လည်း သူ့ပါးစပ်တွင်းသို့ ဘယ်ရီသီးများအား လောဘကြီးစွာဖြင့် ထိုးထည့်လေသည်။ သူ၏ပြည့်လျှံနေသည့် ပါးစပ်က သူအော်ပြောခြင်းကို မတားဆီးနိုင်ချေ၊ အခုချိန်မှစ၍ ဤနေရာသည် သူ၏ တရားဝင် နူးညံ့ပျော်ရွှင်ဖွယ်မြေဖြစ်ကြောင်း ပြောသည်။
နွားဝါသည် ကျိုးကွမ်၏ စကားကို ကြားကြားချင်း မထီမဲ့မြင်ပြုသော အကြည့်ကို ပြလေသည်။ သူသည် အိတ်ထဲမှ ဖုန်းကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ဖုန်းမျက်နှာပြင်ကို အားဖြင့် ထိုးကာ စောနက ကျိုးကွမ်ကို ရိုက်ထားသည့် ပုံများကို ပြလေသည်။
ကျိုးကွမ်သည် အရှက်ရ၍ ချက်ချင်း စိတ်တိုသွားသည်။
“နွားနတ်ဆိုး၊ ငါ့သဘောတူညီချက်မရှိပဲနဲ့ ငါ့ကို ဗီဒီယိုရိုက်ရဲတယ်ဟုတ်လား၊ ပြီးတော့ မင်းရိုက်ထားတာတွေကို ကြည့်စမ်း၊ တောရိုင်းကောင်တွေကို ငါ သတ္တိရှိရှိတိုက်နေတာကျ မရိုက်ထားဘူး၊ အရှက်ရစေတဲ့ပုံတွေပဲ ရိုက်ထားတယ်၊ မင်းက ဘာလဲ” ကျိုးကွမ်သည် စိတ်ဓာတ်ကျကာ မကျေနပ်ဖြစ်နေသည်။
နွားပေါက်ရိုက်ထားသည့် ဓာတ်ပုံနှင့် ဗီဒီရိုများသည် သူ့ပုံစံနှင့်သူ ရှိသည်။ ချူဖုန်းသည် တစ်ချက်လှမ်းကြည့်လိုက်ရုံဖြင့် အားရပါးရ ရယ်လေသည်။
ဓာတ်ပုံတစ်ပုံမှာ ကျိုးကွမ် ကြောက်လန့်၍ မျက်ဖြူလန်နေသည့်ပုံကို ရိုက်ထားသည်။ နောက်ထပ် ဗီဒီရိုတစ်ခုမှာ ကျိုးကွမ်သည် သူ့ခေါင်းကို ကွယ်ပြီး ကြွက်တစ်ကောင်တွင်းထဲ ပြေးဝင်သကဲ့သို့ သူ့ပါးပေါ်တွင် မျက်ရည်များစီးကျနေပုံကို ရိုက်ထားသည်။ ကျိုးကွမ် ကြောက်လန့်ပြီး သူ့သူငယ်အိမ်များ ကျယ်နေသည့် ပုံများလည်း ရှိသေးသည်။
ထိုဓာတ်ပုံများမှာ အနည်းငယ်ဖြစ်သော်လည်း တစ်ပုံချင်းစီကို “ဂန္တဝင်”ဓာတ်ပုံများဟု ခေါ်နိုင်သည်။
“နေဦး” ရုတ်တရက် ကျိုးကွမ်၏မျက်နှာအမူအရာ ပြောင်းသွားသည်။ “မင်း…မင်း ဒီပုံတွေကို အင်တာနက်ပေါ် တင်လိုက်သေးလား” ကျိုးကွမ်မေးလိုက်သည်။
နွားဝါသည် ကျောက်တုံးပေါ်တွင် မတ်တပ်ရပ်လိုက်ကာ တင်လိုက်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။
ကျိုးကွမ်သည် ဒေါသကြောင့် သွေးအန်မတတ်ဖြစ်သွားသည်။ ယခုဆိုလျှင် သူ၏ဓာတ်ပုံများကို တစ်ကမ္ဘာလုံးရှိ သန်းပေါင်းများစွာသော လူများမြင်သွားပြီး မကြာမီ သူ၏ အရှက်ရစေသော အခိုက်အတန့်များကို ကွင်းကွင်းကွက်ကွက် ဖော်ပြထားသည့် ဤဓာတ်ပုံများသည် အင်တာနက်ပေါ်တွင် နာမည်ကြီးသွားမည် ဖြစ်သည်။
ကျိုးကွမ်သည် ဒေါသထွက်ကာ “နွားနတ်ဆိုး ငါ မင်းနဲ့ သူသေကိုယ်သေ ချမယ်”
သို့သော် နွားဝါသည် သူ့လုပ်ရပ်၏ ပြင်းထန်မှုကို သဘောပေါက်ပုံ မရချေ။ ကျိုးကွမ်၏ ဒေါသထွက်ခြင်းကို ကြောင်တောင်တောင် ဖြစ်နေသည်။ သူ၏ စိတ်တိုဖွယ် အပြုအမူများက နွားဝါ၏ မျက်လုံးထဲတွင် ပိုရွံမုန်းစေသောကြောင့် သူသည် ကျိုးကွမ်ကို ပြင်းထန်သည့် ဘေးကန်ချက်ဖြင့် လေထဲသို့ လွင့်ထွက်သွားစေသည်။
“နွားနတ်ဆိုး မင်းက တော်တော်အနိုင်ကျင့်တာပဲ” ကျိုးကွမ်သည် နွားဝါ၏ လုပ်ရပ်မှားများအတွက် ဘာမှပြန်မလုပ်နိုင်၍ စိတ်တိုနေသည်။
“စိတ်မပူနဲ့ ဟဲ့ကောင်၊ နေ့တိုင်း အင်တာနက်ပေါ်မှာ ပုံတွေထောင်ချီတင်နေကြတာ၊ အများစုက ရိုးရိုးဒီတိုင်း ဟိုးအောက်မြုပ်နေပြီး လူနည်းနည်းပဲ သိတာ၊ မင်း အဆင်ပြေမှာပါဟ” ချူဖုန်း နှစ်သိမ့်ပေးသည်။
ချူဖုန်း၏ တည်ငြိမ်စေသော စကားများက သူ့ကို နှစ်သိမ့်မှုရစေသည်။ သူ၏ စိတ်တိုနေသည့် ဒေါသကို ဖယ်ဖျောက်ကာ စိတ်ကို ငြိမ်ငြိမ်ထားလိုက်သည်။
သူသည် နွားဝါအနားကပ်ပြီး သူ၏ အရှက်ရဖွယ်ဓာတ်ပုံများကို လူအရေအတွက် မည်မျှမြင်ပြီးကြောင်း သိလို၍ တစ်ချက်ကြည့်လိုက်သည်၊ သို့သော် မြင်ပြီးနောက် သူ့သွေးပေါင်ချိန်ကို တစ်ဟုန်ထိုး မြင့်တက်စေသည်။ ခေါင်းမူးလာကာ အမြင်တွေ ဝေဝါးလာသည်။
ဓာတ်ပုံတင်ပြီးသည်မှာ မိနစ်ပိုင်းပင် ရှိသော်လည်း ကြည့်ရှုသူအရေအတွက်မှာ သန်းကျော်နေပြီဖြစ်သည်။
“နွားနတ်ဆိုး ငါ မင်းကို သတ်မယ်”
ကျိုးကွမ်သည် အသားကုန်အော်လိုက်သည်။ သူ့ဒေါသ ပေါက်ကွဲနေပြီဖြစ်သည်။
“အမ် အမှန်အတိုင်းပြောရရင် ဒါတော်တော် အံ့သြစရာပဲ၊ မင်းရဲ့ ဓာတ်ပုံတွေ အခု အင်တာနက်ပေါ်မှာ တရားဝင် ရေပန်းစားနေလောက်ပြီထင်တယ်” ချူဖုန်းသည် ဘေးမှ ပြောလိုက်သည်။
“သေစမ်း၊ ဘုရားရေ…ဘယ်လိုလုပ်ရမလဲ” ကျိုးကွမ်သည် သူ့ခေါင်းကို ငုတ်လိုက်သည်။ သူအလွန်ကူရာမဲ့ပြီး စိတ်ပျက်အားငယ်နေသည်။ မကြာခင် ထိုပုံများသည် တစ်ကမ္ဘာလုံးရှိ မိသားစုတိုင်း အိမ်တိုင်းဆီ ပျံ့နှံ့သွားလိမ့်မည်ဟု သူထင်နေသည်။
ဤကဲ့သို့ ထူးခြားသော ဓာတ်ပုံများဖြင့် နာမည်ကြီးခြင်းကို သူလိုလားသည်မဟုတ်ချေ။
“နွားနတ်ဆိုး၊ မင်းကြောင့် ဘယ်လောက်ဒုက္ခများလဲ တွေ့လား” ကျိုးကွမ်သည် နွားပေါက်ကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။
သိသာသည့်အတိုင်း သူ၏အရည်အချင်းမှာ ယှဥ်မရချေ။ နွားပေါက်သည် သူ့ကို အလွယ်တကူ ရှောင်လိုက်နိုင်သည်။
ကျိုးကွမ်သည် နွားပေါက်၏ဖုန်းကို ခိုးကြည့်လိုက်သည်။ မှတ်ချက်ပေါင်းထောင်ချီက သူ့ကို စနောက်လှောင်ပြောင်ကာ ရေးထားသည်။
“ဒီပုံတွေကို တစ်ပုံချင်းစီကြည့်ရင်တော့ ဘာမှမဟုတ်ဘူး၊ ဒါပေမဲ့ အကုန်ပေါင်းကြည့်လိုက်ရင် ထူးခြားတဲ့ အီမိုဂျီပုံစံအများကြီး လုပ်လို့ရတယ်”
“ဟုတ်တယ်၊ လုံးဝပဲ၊ ဒီအီမိုဂျီတွေအနည်းဆုံး နှစ်ဝက်လောက် ရေပန်းစားမှာ သေချာတယ်၊ မင်းပြောတာမှန်တယ်၊ အဲ့ဒါ အခုသွားဒေါင်းထားရမယ်”
“ပေါလိုက်တာ၊ ဒီခေတ်ကြီးမှာ ဘယ်သူက ဆံပင်ကို အဲ့လိုလုပ်သေးလို့လဲ”
“အရမ်းကောင်းတဲ့ ပုံတွေပဲ၊ ရှယ်ပေးလို့ ကျေးဇူးပါ”
….
ကျိုးကွမ်သည် နွားဝါ၏ ရှေ့ခြေထောက်ထံမှ ဖုန်းကို ဆွဲယူလိုက်သည်။ သူ့သတ္တိနှင့် ပြန်လည်ချေပရေးအစွမ်းတို့သည် ရုတ်တရက် မိုးထိုးကာ သူ့ဒေါသကို စကားအဖြစ်ပြောင်းပြီး မှတ်ချက်နေရာတွင် မကောင်းပြောထားသည့် မှတ်ချက်များကို ပြန်ချေပရန်အလို့ငှာ စိတ်တိုတိုဖြင့် နာကျည်းစေသည့်စကားများအား စာပိုဒ်အရှည်ကြီးရိုက်နေသည်။
ချူဖုန်းသည် ပြောရာစကားမဲ့နေပုံ ရသည်။
“တာဝန်ရှိသူ ဘယ်မှာလဲ၊ အမြန် ဒီဓာတ်ပုံတွေကို ဖြတ်လိုက်”
ကျိုးကွမ်သည် ဝက်ဘ်ဆိုက်၏ တာဝန်ရှိသူထံ တိုင်ကြားစာတင်ကာ ထိုဓာတ်ပုံများကို ပယ်ဖျက်စေသည်။
သို့သော် တာဝန်ရှိသူက အမြန် ပြန်ဖြေလိုက်သည် : စိတ်မကောင်းပါဘူးခင်ဗျာ၊ ဓာတ်ပုံဖျက်ခိုင်းခြင်းကို လက်မခံပါ။ ကျွန်တော်တို့ဝက်ဘ်ဆိုက်ရဲ့ ၉၉%သော အသုံးပြုသူတွေက ဒီဓာတ်ပုံများကို ဒီလ၏ ထိပ်ဆုံးအကြောင်းအရာလုပ်ရန် တောင်းဆိုထားသောကြောင့် ကျွန်တော်တို့သည် သူတို့၏ တောင်းဆိုချက်အတိုင်း လူကြီးမင်း၏ အကြောင်းအရာကို ကျွန်တော်တို့ ဟုန်းမ်ပေ့ချ်၏ ထိပ်ဆုံးတွင် ရက်၃၀အချိန်မျှ ထားထားမည်ဖြစ်ပါသည်။
“ဝေါ့”
ကျိုးကွမ်သည် သွေးအန်မတတ်ဖြစ်နေသည်။ သူ့တောင်းဆိုချက်ကို သွေးအေးအေးဖြင့် အငြင်းခံရရုံမက ထိုရှက်စရာအခိုက်အတန့်များကို အင်တာနက်တွင် တစ်လတိတိ ထိပ်တွင် ထားထားမည်ဖြစ်သည်။ “ဘယ်လိုတာဝန်ရှိသူလဲကွ” ကျိုးကွမ် မတော်မမှန်အော်လိုက်သည်။
“ဟားဟားဟား…” ချူဖုန်းသည် ရုပ်တည်မလုပ်ထားနိုင်တော့ပဲ အားရပါးရ ရယ်ပါလေသည်။
ဤမကောင်းမှုကို စတင်သူဖြစ်သည့် နွားဝါအတွက် အလွန်ပျော်ရွှင်ရသော အခိုက်အတန့်ဖြစ်သည်။ နွားပေါက်သည် အင်တာနက်ပေါ်ရှိ အမည်မသိအသုံးပြုသူများထံမှ ချီးကျူးမှုများစွာ လက်ခံရရှိလေသည်။ မှတ်ချက်အများစုမှာ သူ့ဘက်ဖြစ်သည်။
“လူသားသမိုင်းတစ်လျှောက်မှာ အကောင်းဆုံးအခိုက်အတန့်တွေကို ပညာသားပါပါ ရိုက်ချက်ပါလား”
…..
နွားဝါသည် သူရိုက်ထားသော ဓာတ်ပုံများကြောင့် ချီးကျုးခံရသည်ကို တွေ့သောအခါ ကျိုးကွမ်သည် ထပ်ပြီး မသည်းခံနိုင်တော့ချေ။ သူ့ဒေါသသည် အဆူပွက်ဆုံးအမှတ်ကို ရောက်နေပြီဖြစ်သည်။ သူ့မျက်လုံးထဲတွင် ရုတ်တရက် လူသတ်မည့်အကြည့်ပေါ်လာကာ ကျိုးကွမ်သည် ဖုန်းကို ကျောင်တုံးပေါ်သို့ ထုချေလိုက်သည်။
နွားဝါသည် မျက်စိလျင်ကာ ခွာလည်း သွက်လက်သည်။ သူ၏ ချစ်ရသော ဖုန်းကို အဖြစ်ဆိုးမကြုံမီ ဖမ်းလိုက်နိုင်သည်။
“အဲ့လောက်မဆိုးပါဘူး” ချူဖုန်းသည် တင်လိုက်သည့် ဓာတ်ပုံများကို သေချာကြည့်ပြီးနောက် ခုလိုမှတ်ချက်ချလေသည်။
ခုလိုတောင့်တကြောင့်ကြနေသည့် အခိုက်အတန့်တွင် ချူဖုန်းထံမှ ဤကဲ့သို့စကားကြားရခြင်းမှာ ချစ်ချစ်တောက်ပူနေသည့် သဲကန္တာရကို ကြည်လင်အေးမြသည့် စမ်းရေဖြတ်သန်းစီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ချူဖုန်း၏စကားများကြောင့် စိတ်သက်သာရရသည်။ “မင်းဆိုလိုတာက ဒီဓာတ်ပုံတွေက ငါထင်ထားသလောက် ရှက်ဖို့မကောင်းဘူးလို့ ပြောတာလား” ကျိုးကွမ်သည် သေချာအောင် မေးလိုက်သည်။
“အတော် ရှက်ဖို့ကောင်းတာမှန်တယ်၊ ဒါပေမဲ့ မင်းနောက်ကို ဟိုမိစ္ဆာကောင်တွေ လိုက်နေတဲ့ပုံ တစ်ခုမှ မပါဘူး ဓာတ်ပုံထဲမှာ၊ အဲ့တာကြောင့် မဆိုးဘူးပြောတာ” ချူဖုန်း ပြန်ဖြေလိုက်သည်။ ကျိုးကွမ်သည် သူ့ကို ကျောပေးကာ ခဏတာ လျစ်လျူရှုထားလိုက်သည်။
သိပမကြာခင် ကျိုးကွမ်၏ဖုန်းမြည်လေသည်။ တစ်ယောက်ယောက်က သူ့ကို ခေါ်ခြင်းဖြစ်သည်။
“အမလေး ဝမ်းကွဲအစ်ကို၊ ဓာတ်ပုံရိုက်ဖို့ ပို့စ်ပေးကြမ်းလိုက်တာ၊ အစ်ကို့ရဲ့ ကျွမ်းကျင်မှုကို လေးစားသွားပြီ၊ ပို့စ်ပေးကျွမ်းတဲ့ အစ်ကို့ပါရမီကြောင့် အခုကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးလူဖြစ်သွားပြီ”
ထိုစကားများမှာ သူ့ကို နှစ်သိမ့်မှုမပေးချေ။ ကျိုးကွမ်သည် သူ့အရှက်ကွဲမှုကို သူ့အမျိုးများကပါ လှောင်ပြောင်နေကြ၍ ဒေါသထွက်ကာ ခုန်ဆွခုန်ဆွလုပ်နေသည်။ စိတ်တိုတိုဖြင့် ကျိုးကွမ်သည် လက်ထဲရှိ ဖုန်းကို ကောက်ထုရန် လုပ်စဥ် ဒါသည် သူ့ကိုယ်ပိုင်ဖုန်းမှန်း သတိရ၍ အချိန်မှီရပ်လိုက်သည်။ သူလုပ်နိုင်သည့်အရာမှာ ဖုန်းထဲတွင် ဆဲဆိုပြီးနောက် ဖုန်းချခြင်းပင် ဖြစ်သည်။
သို့သော် သိပ်မကြာမီ နောက်ထပ် ဖုန်းဝင်လာသည်။ ဒီတစ်ခါ သူ့ဝမ်းကွဲမောင်အငယ်ဖြစ်သည်။ ဖုန်းကို ကိုက်လိုက်ချက်ချင်း သူ့ညီ၏ ကျယ်လောင်စူးရှသော အသံကို ကြားရသည်။ “အိုး ငါ့အစ်ကိုရယ် ကျွန်တော်သာ အခု အစ်ကိုနဲ့အတူရှိနေရင် လေးစားလွန်းလို့ ထိုင်ကန်တော့လိုက်ပြီ၊ အစ်ကိုက မွေးရာပါ ပါရမီရှင်ပဲ”
“နင့်မေလိုး ပါရမီရှင်၊ ဖင်ခံလိုက်” ကျိုးကွမ်သည် နောက်ဆုံးတော့ ပွင့်ထွက်လာပြီဖြစ်သည်။
သို့သော် ဒါသည် သူ့ဆွေမျိုးများနှင့် သူငယ်ချင်းများဆီမှ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ဖုန်းခေါ်လာခြင်း၏ အစပင်ဖြစ်သည်။ အားလုံးမှာ တင်လိုက်သည့် ဓာတ်ပုံနှင့် ပတ်သတ်၍ ရွဲ့ကာ ချီးကျုးစကားပြောကြခြင်း ဖြစ်သည်။
ကျိုးကွမ်သည် သူ၏ဖုန်းကို စက်ပိတ်လိုက်လေသည်။ သူ့မျက်နှာမှာ ခရမ်းရောင်သန်းနေပြီး သူ့မျက်လုံးများမှာလည်း မျက်လုံးအိမ်မှ ကျွတ်ထွက်မတတ် စိတ်တိုစွာဖြင့် စိုက်ကြည့်နေသည်။ “အား…ချီး ငါ့ကိုသာ သတ်လိုက်စမ်းပါတော့”
အပိုင်း ၃၅ ပြီး၏။