Switch Mode

Chapter – 107

ဒီနေ့တော့ချမ်းသာပြီ

Chapter – 107
“ဒီနေ့တော့ချမ်းသာပြီ”

“ကျုပ်ဆရာက စိန်ခေါ်မှုတွေကို မကြိုက်တတ်ဘူး၊ နောက်ပြီးတော့ . . .”
ရဲရှောင် ပြောနေရင်းဖြင့် သက်ပြင်းချကာ ခဏနားလိုက်သည်။
“ဘာဖြစ်လဲ ဆက်ပြောပါဦး . . .”
ဂုဂျင်လုံသည် ရဲရှောင်၏ ပုံမှန်မဟုတ်သော လေသံကို နားထောင်ရင်း အားမလို အားမရ ဖြစ်လာဟန်ဖြင့် မေးလိုက်သည်။
“နောင်ကြီးဂု . . . ကျုပ်တို့က မိတ်ဟောင်းဆွေဟောင်းတွေ လိုပါပဲ။ ခင်ဗျားနဲ့ ကျုပ်နဲ့က စရိုက်ပါ တူနေတာကိုး . . . ခင်ဗျားကို ကျုပ်သူစိမ်းတစ်ယောက်လို သဘောမထားတော့ပါဘူး၊ အမှန်တိုင်းပဲ ပြောပြပါ့မယ် . . .”
ရဲရှောင် သူတော်ကောင်းယောင် ဆောင်လိုက်ပြန်သည်။
“ဒါပေါ့ . . . ညီလေးဖန် ဆက်ပြောပြပါဦး . . .”
ဂုဂျင်လုံလည်း တကယ့် မိတ်ရင်းဆွေရင်း တစ်ယောက်ကဲ့သို့ ရဲရှောင်အား ပြောလိုက်ရင်း ပြုံးပြလိုက်၏။ ရဲရှောင် မျက်မှောင်ကြုတ်လိုက်ရင်း –
“ဆေးပညာရပ်ဆိုတာ နောင်ကြီးဂုလည်း သိတဲ့အတိုင်းပဲ ကျောထောက်နောက်ခံ မရှိတဲ့ ဆေးပညာရှင်ရယ်လို့ သိပ်ပြီး မရှိလှဘူး မဟုတ်လား . . . ပြောရရင် အောင်မြင်မှု မရှိဘဲ ဆုံးရှုံးခဲ့ရတဲ့ ဆေးပင်တွေအကြောင်း စဉ်းစားကြည့်လိုက်၊ အဲဒါတွေက တကယ့်ရတနာတွေပဲ မဟုတ်လား . . .”
ဂုဂျင်လုံ ခေါင်းညိတ်လိုက်ရင်းဖြင့် –
“အမှန်ပဲ . . . တကယ့် အမှန်တရားပေါ့ . . .”
“နောက်ပြီး ဒီစွန့်ပစ်ရမဲ့ ရတနာတွေက အရမ်းတန်ဖိုးရှိပြီး ရှားပါးတဲ့ ဆေးပင်တွေပဲလေ။ ပျက်ဆီးတာမျိုးသာ မရှိဘူးဆိုရင် ဒါတွေကို လူတိုင်းက အသည်းအသန် လိုချင်နေမှာမလား၊ ၀ယ်ဖို့ဆို ငွေစလည်း အများကြီး လိုမယ်လေ။ ကျုပ်ရော ကျုပ်ဆရာရော ဒီလောက်ထိ တန်ဖိုးရှိတဲ့ ရတနာတွေ အတွက် ဘယ်လိုလုပ်တတ်နိုင်ပါ့မလဲဗျာ . . .”
ရဲရှောင် ၀မ်းနည်းဟန်ဖြင့် ပြောလိုက်သည်။
“ကျုပ်ဆရာအတွက်က ပိုတောင် ခက်ခဲသေးတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်နဲ့ နှလုံးသားကို တည်ငြိမ် အေးချမ်းနေမှသာ ထိပ်တန်းအဆင့် ဆေးလုံးတွေ လုပ်နိုင်တာလေ။ သူက လူတွေ့လည်း မခံချင်ဘူး။ လူ့ဘောင်လောကထဲလည်း မ၀င်ချင်ဘူး၊ မိန်းမတစ်ယောက်ယောက်နဲ့ ချစ်ကျွမ်းဝင်ခြင်းလည်း မရှိဘူး၊ ဂိုဏ်းကြီး တစ်ဂိုဏ်းဂိုဏ်းရဲ့ ဆေးပညာရှင် တစ်ယောက် မဖြစ်ဘဲ သေသွားရမှာလည်း သေချာနေပြီ။ အဲဒါကြောင့် သူ့ကိုယ်သူ တစ်ခါတရံ အားငယ်မိမှာ အမှန်ပဲ . . .”
ရဲရှောင် ပြောသမျှအား ဂုဂျင်လုံသည် ခေါင်းညိတ် ထောက်ခံလျက် ရှိသည်။
“အဲဒါကြောင့် ထူးခြား အစွမ်းထက်တဲ့ ထိပ်တန်းအဆင့် ဆေးလုံးတွေ လုပ်ဖို့က ဆေးပညာရှင် တစ်ယောက်အနေနဲ့ လျင်မြန်တဲ့ တိုးတက်မှုမျိုး မလိုဘဲ ပုံမှန်သာ လုပ်ဖို့ လိုတယ်လေ။ အေး . . . တကယ်သာ တိုးတက်မှု ရှိချင်တယ် ဆိုရင်တော့ အစွမ်းထက်ပြီး အင်အား တောင့်တင်းတဲ့ ဂိုဏ်းကြီး တစ်ဂိုဏ်းဂိုဏ်းရဲ့ ဆေးပင် အထောက်အပံ့မျိုးကို လိုမှာပဲ။ အဲဒီလို ဆေးပင်တွေ အများကြီး ရှိမှသာ ပိုပိုပြီး အရည်အသွေးကောင်းတဲ့ ဆေးလုံးတွေ စမ်းသပ် လုပ်နိုင်မှာပေါ့။ ဒါပေမဲ့ ထူးခြား အစွမ်းထက်တဲ့ ဆေးလုံးတွေ လုပ်ဖို့ ဆိုရင်တော့ သိုင်းလောကနဲ့ ဝေးဝေးနေတာ ပိုကောင်းမယ် . . .”
“အဲဒါကြောင့်ပဲ ဆေးပညာရှင် အများစုဟာ ထိပ်ဆုံးဆိုတဲ့ အဆင့်လွန် အဆင့်မျိုးကို မရောက်ကြ ရတာပဲ . . .”
ရဲရှောင် သက်ပြင်းချလိုက်သည်။
“ပြောရရင် မုန့်လုံး စက္ကူကပ်သလို ဘယ်လိုမှ ဖြေရှင်း မရနိုင်တဲ့ ပြဿနာ တစ်ခုပဲ . . .”
ဂုဂျင်လုံလည်း သက်ပြင်းချလျက် ပြောလိုက်လေသည်။
ရဲရှောင်၏ ပြောစကားများကို နားထောင်ရင်း ဂုဂျင်လုံသည်လည်း သူ့စိတ်ထဲမှ အကြံအစည်များကို လက်လျော့လိုက်ရပါတော့သည်။
“အဲဒါကြောင့် . . .”
ရဲရှောင် ပြုံးလိုက်ပြီး စကားစလိုက်သည်။ ဆက်လက်၍ –
“ကျုပ်ဆရာမှာ ရွေးချယ်စရာ မရှိတော့ဘူးလေ။ ဒါကြောင်ပဲ ဖေးယွမ်ဆေးလုံးတွေ လုပ်နေရတာ၊ တခြားဆေးလုံးတွေ မလုပ်နိုင်ဘူး ဆိုတာက လုံလောက်တဲ့ ဆေးပစ္စည်း မရှိလို့ပဲ။ တနည်းပြောရရင် . . .”
ရဲရှောင် ချောင်းတစ်ချက်ခန့် ဟန့်လိုက်ပြန်သည် ပြီးမှ ဆက်လက်၍ –
“ဆေးပစ္စည်းတွေသာ လုံလောက်မှု ရှိမယ်ဆိုရင် ဝိညာဉ်ခိုင်ဆေး၊ ဝိညာဉ်စုဆေး၊ အရိုးသန့်စင်ဆေး၊ ပြောင်းလဲဆေး၊ ချိုးဖျက်ဆေး၊ မြေကြီးအနှစ်ဆေး၊ စိမ်းပြာတိမ်ဆေး၊ ကောင်းကင်သွေးကြောဆေး၊ ဒြပ်စင်ငါးခုဆေး၊ ခံစားမှုခုနစ်မျိုးဆေး၊ ဝိညာဉ်ဖြတ်ဆေး၊ နောက်ဆုံး ရွှေကိုးလွှာဆေးလုံးကိုတောင်မှ ကျုပ်ဆရာအတွက်က လွယ်နေမှာပဲ။ သေသေချာချာသာ လေ့ကျင့်ခွင့် ရမယ်ဆိုရင် ထူးခြားအစွမ်းထက်တဲ့ ရွှေကိုးလွှာဆေးလုံးတွေ . . .”
ရဲရှောင်သည် လက်တန်းဆိုသလို ဆေးအမျိုးပေါင်း ၇၀ လောက်ကို ချက်ချင်း ရွတ်ပြရင်း ပြောလိုက်သည်။ အဆိုပါ ဆေးများတွင် အဆင့်နိမ့် ဆေးများ ပါဝင်သလို အဆင့်မြင့် ဆေးများလည်း ပါဝင်နေပါသည်။ ဂုဂျင်လုံနှင့် ဝမ်ဇန်းဟိုတို့မှာ မျက်လုံးများ ပြူးကျယ်လျက် နားထောင်နေကြလေ၏။ သူတို့၏ အတွေးထဲတွင် တန်ဖိုးမဖြတ်နိုင်သော ရတနာသိုက်တစ်ခုအား မြင်နေကြရသကဲ့သို့ ဖြစ်နေကြ ပါတော့သည်။
“တကယ်လား . . .”
ဝမ်ဇန်းဟို ချက်ချင်း မေးလိုက်သည်။
“ဟမ့် . . .”
ရဲရှောင် ပြုံးလိုက်ရင်းဖြင့် ခရမ်းရောင် ပုလင်းလေး တစ်လုံးအား ထုတ်လိုက်သည်။ ထို့နောက် –
“ခင်ဗျားတို့က ထူးခြားအစွမ်းထက်တဲ့ ထိပ်တန်းအဆင့်ရှိတဲ့ ဖေးယွမ် ဆေးလုံးလောက်ကိုပဲ မြင်ဖူးတာ မဟုတ်လား၊ ဒီက နောင်ကြီးတို့ ဒီမှာ တစ်ချက်လောက် ကြည့်လိုက်ကြပါဦး၊ ဘာလဲဆိုတာ ပြောကြည့်ပေါ့ . . .”
ဂုဂျင်လုံသည် ချက်ချင်း ဆိုသလို ပုလင်းအား ဖွင့်၍ ကြည့်လိုက်သည်။ ရုတ်တရက် သိပ်သည်းလှ သည့် အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး သူ့မျက်နှာကိုပင် ရိုက်ခတ် မိသွားပါတော့သည်။
ဂုဂျင်လုံ အဆိုပါ အငွေ့အသက်များအား ရှူရှိုက်ရင်း အရိုးများ အတွင်းထိကို လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ဆေးလုံးတစ်လုံး ရှိနေခြင်းဖြစ်ပြီး ရွှေရောင်တောက်ပလျက် အခိုးအငွေ့များ ထွက်ပေါ်နေခြင်း ဖြစ်ပါသည်။ အဖုံးဖွင့်ထားရင်းမှပင် တဖြည်းဖြည်း လင်းလတ်လာသည်ကိုလည်း တွေ့ရှိလိုက်ရလေ၏။
“အ . . . အရိုးသန့်စင်ဆေး . . .”
ဂုဂျင်လုံ တုန်ရီစွာဖြင့် ရေရွတ်လိုက်၏။ သူသည် ထိုစကားလေး ပြောဖို့ပင် အနိုင်နိုင် ဖြစ်နေဟန်ပင်။ သူ့စိတ်ထဲ ဗလာနတ္ထိ ဖြစ်နေသကဲ့သို့ ဆေးလုံးများအား ငေးကြည့်နေမိလေ၏။
“ဆေးတိမ်တိုက် . . . တကယ်ပဲ ဆေးတိမ်တိုက်နဲ့ပါလား . . .”
ဝမ်ဇန်းဟိုသည် အခန်းထဲ ပြည့်နှက်လာသည့် တိမ်တိုက်ကဲ့သို့ အငွေ့အသက်များအား ငေးကြည့် ရင်း ရေရွတ်လိုက်သည်။ ရွှေတောင်ကြီး တစ်တောင်အား မြင်တွေ့လိုက်ရသကဲ့သို့ အံ့သြမှုမျိုးဖြင့် ရှိနေပါတော့သည်။
“ဟုတ်တယ် . . . ကျုပ်ရဲ့ ဆရာက သူ့မှာရှိတဲ့ ဆေးပင်လေး နည်းနည်းနဲ့ ဒီထူးခြား အစွမ်းထက်တဲ့ အရိုးသန့်စင်ဆေးလုံးကို လုပ်ခဲ့တာပဲ . . .”
ရဲရှောင် ဂုဏ်ယူဟန်ဖြင့် ပြုံးရင်း ပြောလိုက်သည်။
ထို့နောက်တွင် ရဲရှောင်သည် ဂုဂျင်လုံထံမှ ပုလင်းအား ပြန်ယူလိုက်ပြီး ဆေးလုံးအား ပုလင်းထဲသို့ ပြန်ထည့်လိုက်လေ၏။ ထို့နောက် ပုလင်းအား သေချာစွာ ပိတ်လိုက်၏။
ရဲရှောင်လုပ်နေသည်ကိုကြည့်ရင်း ဂုဂျင်လုံတို့ အံကြိတ်မိ လိုက်ကြလေ၏။
(ဒီလို ဆေးလုံးကို ဘာလို့များ ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာလဲ၊ ဖျက်ဆီးချင်နေတာလားကွာ)
ဂုဂျင်လုံ၏ မျက်လုံးများ အရောင်တောက်ပလာသည်။
(ထူးခြားအစွမ်းထက်တဲ့ ထိပ်တန်းအဆင့်ရှိတဲ့ အရိုးသန့်စင်ဆေးလုံး . . . ဒီလိုအရာကို မြင်ရလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ နောက်ပိုင်း ငါတို့တွေ ဘယ်လောက်တောင် အကျိုးအမြတ် ရမလဲ ဆိုတာ သေချာတောင် မခန့်မှန်းနိုင်တော့ဘူး . . .)
ဂုဂျင်လုံသည် နှစ်ပေါင်းများစွာ ကျင့်ကြံမှုများ ပြုလုပ်ခဲ့သူ တစ်ဦး ဖြစ်လေ၏။ အစွမ်းထက်လှပါ သည်ဆိုသည့် လူများစွာကိုလည်း တွေ့ရှိခဲ့ရဖူးပါသည်။ သူသည် ရှောင်ဧကရာဇ်အား ယှဉ်နိုင်သည့် အစွမ်းမျိုး မရှိဘူး ဆိုသော်လည်း မော်တယ်ကမ္ဘာရှိ လူများအားလုံးထက်တော့ အစွမ်းထက်သည်မှာ သေချာနေပါသည်။ သို့သော် သူ့လိုလူပင် ယခုကဲ့သို့ ဆေးလုံးမျိုးအား မမြင်တွေ့ခဲ့ဖူးပေ။ ချင်းယန် နယ်ပယ်တွင်လည်း ရှိကိုမရှိချေ။
အရိုးသန့်စင်ဆေးလုံး များစွာအား မြင်တွေ့ခဲ့ဖူးသော်လည်း ထိုဆေးလုံးများသည် သူ့အတွက် ကျောက်ခဲတစ်လုံးလောက်ပင် အဖိုးမတန်ခဲ့ချေ။ လမ်းတွင် တွေ့လျှင်ပင် ကောက်ယူလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် သူသည် ဆေးတိမ်တိုက် ရှိသည့် ထူးခြား အစွမ်းထက် ဆေးလုံးအား မြင်တွေ့လိုက်ရပေသည်။
အခြေအနေ အဆင့်တန်းချင်း တူညီသော လူ ၂ ယောက်ယှဉ်၍ တစ်ယောက်က သာမန် အရိုးသန့်စင်ဆေးလုံးကိုစားကာ နောက်တစ်ယောက်မှာမူ ထူးခြားအစွမ်းထက်သည့် အရိုးသန့်စင်ဆေးကို စား၍ နှိုင်းယှဉ်ကြည့်မည် ဆိုပါက သာမန်ဆေးလုံးစားသောသူသည် မူလအိပ်မက်အဆင့်ကိုသာ ရောက်ရှိနိုင်မည် ဖြစ်ပြီး ထိပ်တန်းအဆင့် ဆေးလုံးအား စားသောသူသည် မူလတာအိုအဆင့်၏ အဆင့် ၉ ထိပင် ရောက်ရှိနိုင်မည်ဖြစ်ကာ ချင်းယန်နယ်ပယ်၏ အစွမ်းထက်ဆုံးပင် ဖြစ်သွားနိုင်ပါသည်။
သာမန်ဆေးလုံးနှင့် ထူးခြားအစွမ်းထက်သော ထိပ်တန်းအဆင့်ရှိသည့် ဆေးလုံးတို့၏ ကွာခြားချက် မှာ အံ့မခမ်းပါပင်။
ကောင်းကင်နှင့် မြေပြင်ကဲ့သို့ပင် ကွာခြားလွန်းလှပေ၏။
ဂုဂျင်လုံသည် လက်ရှိအချိန်တွင် အရိုးသန့်စင်ဆေးလုံးအား သူ့အဆင့် အနေဖြင့် မလိုအပ်သေး သော်လည်း ယခုဆေးလုံးကို အသုံးပြု၍ သူ့ဂိုဏ်းရှိ သူ့နောက်လိုက် ပါရမီရှင် ဂိုဏ်းသားများကို ကျွေးကာ ပြုစု ပျိုးထောင် လိုက်မည် ဆိုပါက သူသည် သူရိယဂိုဏ်း၏ အကြီးအကဲပင် ဖြစ်လာနိုင်ပါသေးသည်။
ထိုကဲ့သို့ အစွမ်းထက်ဆုံးသော ဂိုဏ်းသားများသာ သူ့လူများ ဖြစ်လာမည် ဆိုပါက ဂိုဏ်းတစ်ခုလုံး အား သူသည် သွန်လိုသွန် မှောက်လိုမှောက် လုပ်နိုင်မည်မှာ မလွဲချေ။
(အင်း . . . ဒီဖန်ဇီလင်ရဲ့ ဆရာသာ ထိပ်တန်းအဆင့် တိမ်ခရမ်းကိုးလွှာဆေးလုံးကို လုပ်နိုင်မယ် ဆိုရင် တခြားဆေးတွေ လောက်ကတော့ . . .)
ဂုဂျင်လုံ မျက်လုံးများ တောက်ပသထက် တောက်ပလာခဲ့ပြီး တွေးရင်းတွေးရင်းဖြင့် ကျေနပ် လာမိလေ၏။
စိတ်ထဲတွင်လည်း စိတ်မရှည်သလိုပင် ဖြစ်လာမိသည်။
ယခုအခါ ဖန်ဇီလင်သည် မရဏကျောက်တုံးထက်ပင် ပို၍ တန်ဖိုးရှိနေသည်ဟု ဂုဂျင်လုံ ခံစားနေမိ သည်။
“နောင်ကြီးဖန် . . .”
ဝမ်ဇန်းဟို၏ မျက်နှာပေါ်ရှိ အဆီပြင်ကြီးသည် တုန်ခါလျက် ရှိနေလေသည်။ ရဲရှောင်အား အပြုံးတုဖြင့် ပြုံးပြလိုက်ရင်း –
“ထိပ်တန်းအဆင့် အရိုးသန့်စင်ဆေးလုံးတွေကို ကျုပ် ခင်ဗျားဆီက ဝယ် . . . ဝယ်ချင်လို့၊ ပြီးရင် လေလံပွဲမှာ ပြန်ရောင်းမယ်လေ။ ခင်ဗျား ဈေးဖြတ်လိုက်ပါ။ ခင်ဗျားတောင်းသလောက် ပေးပါ့မယ် . . .”
ရဲရှောင်သည် လင်းပါအို လေလံခန်းမ၏ ပိုင်ရှင် သူဌေးဖြစ်သူအား ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိလေ၏။
(ငါက ပြရုံပဲ ပြတာလေ . . . ဘယ်သူက ရောင်းမယ် ပြောလို့လဲ၊ တစ်လုံးတည်း ရှိတယ် ဆိုမှတော့ ငါ့အတွက်ငါ ဆောင်ထားတာပေါ့၊ အစတုန်းကတော့ ၂ လုံးရှိတာ အိမ်တော်ထိန်းကြီးကို တစ်လုံး ပေးပြီး အသက်ကယ်ခဲ့ရတယ်။ ကျန်တဲ့ တစ်လုံးကတော့ ငါ့အတွက်ငါပဲ။ ငါ့ကောင်မလေးအတွက်တောင် တစ်လုံးမရှိတာကို မင်းတို့ကို ရောင်းရမယ်တဲ့လား . . .
အင်း . . . နောက်ပိုင်း ငါ့မှာ ပိုပြီး ရှိလာရင်တော့ ရောင်းချင် ရောင်းမှာပေါ့လေ။ ဒါပေမဲ့ အခုတော့ မရောင်းနိုင်ဘူး . . .)
“ပါးစပ်ပိတ်ထားစမ်း . . .”
ဂုဂျင်လုံသည် စိတ်ဆိုးမာန်ဆိုး အမူအယာဖြင့် အော်လိုက်သည်။
“ဒီလောက်ထိ အဖိုးတန်တဲ့ ရတနာကိုများ ခင်ဗျားမို့လို့ ရောင်းမလား ပြောထွက်တယ်၊ တော်တော် မလေးမစား လုပ်တာပဲ။ နောင်ကြီးဖန်ပြောတာ ခင်ဗျား မကြားဘူးလား၊ သူ့မှာ တစ်ခုပဲ ရှိပါတယ်ဆိုမှ ခင်ဗျားက သူ့ကို ခက်ခဲအောင် သွားလုပ်နေပြန်ပါပြီ . . .”
ဝမ်ဇန်းဟိုသည် ကြောက်ရွံ့လွန်းသဖြင့် စကားပင် မဟရဲတော့ချေ။
“ခင်ဗျားလည်း အသက်ကြီးပါပြီ။ ဘာလို့ ကလေးဆန်နေရသေးတာလဲ။ အဲဒါနဲ့ ဘယ်လိုများ လင်းပါအို လေလံခန်းမကို ဦးစီးခဲ့လဲ . . .”
ဂုဂျင်လုံသည် ဝမ်ဇန်းဟိုအား ဟောက်နေပါသည်။
(အရူးပဲ၊ ဘာလို့များ အဲဒီလောက်ထိ စိတ်မရှည်နိုင် ဖြစ်နေရတာလဲ၊ တကယ်လို့ ဖန်ဇီလင်သာ ငါတို့ကို ရိပ်မိသွားရင် ဘယ်လိုလုပ်မလဲ။ အခုချိန် ငါတို့က သူ့ကို သွားပြီး ဖိအားပေးလို့ မရဘူးကွ။ ဗျူဟာခင်းပြီးမှသာ ရနိုင်မယ်၊ တော်တော် အလိုက်ကမ်းဆိုး မသိတဲ့လူ . . .)
“ဒါ . . . ဒါက ရွှေတောင်ကြီး တစ်လုံးလိုပဲ . . .”
ဝမ်ဇန်းဟိုသည် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
တကယ်ပင် သူသည် ရွှေတောင်ကြီးအား မြင်တွေ့ရသကဲ့သို့ ဖြစ်နေခြင်း ဖြစ်၏။ သို့သော် မြင်သာမြင် မကြင်ရ ဖြစ်နေသည့် ဘ၀ပါပင်။
စီးပွားရေး လုပ်ငန်းရှင် တစ်ဦးအနေဖြင့် ဝမ်ဇန်းဟိုသည် လိုချင်တပ်မက်မိစိတ်ကို မထိန်းနိုင် ဖြစ်နေလေသည်။
“ညီလေးဖန် . . . တကယ်တော့ ဒီပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းရမှာ လွယ်ပါတယ်”
ဂုဂျင်လုံ ရဲရှောင်အား ကြင်နာသော လေသံဖြင့် ပြောလိုက်သည်။
ရဲရှောင်မှ နာနာကျင်ကျင်ဟန်ဖြင့် ပြုံးလိုက်ရင်း –
“လွယ်တယ် ဟုတ်လား . . . ဘယ်လိုလဲ၊ ခင်ဗျားလည်း သိတဲ့အတိုင်းပဲ နောင်ကြီးဂု၊ ပထမဆုံး အနေနဲ့ ကျုပ်တို့မှာ ဆေးလုံးတွေ စမ်းသပ် ထုတ်နိုင်ဖို့အတွက် ဆေးပင်အမျိုးအစား အများကြီး လိုတယ်။ အားလုံးဟာလည်း ရှားပါးပြီးတော့ တန်ဖိုးကြီးတဲ့ အရာတွေ ဖြစ်ရမယ်။ အဲဒီလို ဆေးပင်တွေကို စုဆောင်းဖို့က ဘယ်လို လွယ်ပါ့မလဲ။ ဒုတိယ အချက် အနေနဲ့ ဒီဆေးလုံးတွေကို လုပ်နေတုန်းမှာ အရည်အသွေးကို မြင့်တင်နိုင်ဖုိ့အတွက် ဆေးပညာရှင်ရဲ့ အရည်အချင်းတင် မကဘူး၊ ဆေးလုံးတွေက ထွက်တဲ့ ဝိညာဉ်တော်ချီဓာတ်တွေကို ထိန်းသိမ်းဖို့အတွက် ဝိညာဉ်တော်ကျောက်ပြားတွေ အများကြီး လိုတယ်။ ဆေးလုံးကို အဆင့်မြင့်မြင့် လိုချင်လေလေ အရည်အသွေးမြင့်တဲ့ ဝိညာဉ်တော် သလင်းကျောက် တွေကို သုံးရလေလေပဲ။ အဲဒါကြောင့် ဝိညာဉ်တော် သလင်းကျောက်တွေ အများကြီးလည်း လိုတယ်”
“ဒီလောက်ထိ လူအား၊ ငွေအား၊ ပစ္စည်းအား အများကြီး လိုနေတဲ့ ကိစ္စကို ခင်ဗျားက လွယ်တယ်လို့ ပြောလိုက်တာလား . . .”
ရဲရှောင် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ ဆက်လက်၍ –
“ကျုပ်နဲ့ ကျုပ်ဆရာက လူ့ဘောင် လောကထဲမှာ မနေချင်တဲ့ လူတွေလေ၊ ဒီလောက်ထိ ပစ္စည်းတွေ အများကြီး ဘယ်က ရနိုင်ပါ့မလဲ . . .”
ပြောနေရင်းဖြင့် သူသည် ဂုဂျင်လုံအား ရှက်ရွံ့ဟန်ဖြင့် ကြည့်နေမိ၏။
(ဟုတ်ပြီ . . . ဟုတ်ပြီ . . . အစတုန်းကတော့ ပြဿနာတွေ တက်မလို ဖြစ်သွားပေမဲ့ အခုတော့ ငါချမ်းသာတော့မှာပေါ့၊ ငါမြင်သလောက်တော့ ဂုဂျင်လုံက အရမ်းချမ်းသာတဲ့ လူတစ်ယောက်ပဲ ဟား ဟား ဟား . . .)
ရဲရှောင်စိတ်ထဲ ကျေနပ်စွာဖြင့် တွေးနေပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset