Switch Mode

Chapter – 106

ရိုးသားသောဖန်ဇီလင်

Chapter – 106
“ရိုးသားသောဖန်ဇီလင်”

ရဲရှောင်ပြောသမျှအား ဂုဂျင်လုံသည် ရင်တမမဖြင့် နားထောင်နေလေ၏။
ရဲရှောင် စကားဆုံးသွားသည့်အခါ ဂုဂျင်လုံ သက်ပြင်း ချလိုက်ပြီး –
“သူပဲ . . . သူပဲ . . . သူက အသက်ရှင်နေ သေးတာကိုး . . . နောက်ပြီး အခု မော်တယ်ကမ္ဘာ ကိုတောင် ရောက်နေတယ်ပေါ့၊ ခရမ်းရောင်ကြာပန်းသခင်က သူ့ဒဏ်ရာအတွက် တိမ်ခရမ်းကိုးလွှာဆေး လိုချင်နေတယ်ဆိုတာ ငါစဉ်းစားမိလိုက်ရမှာ၊ ဒီဆေးကို သူကလွဲပြီး ဘယ်သူက လိုစရာ ရှိမလဲ . . .”
သူ၏ မျက်လုံးများသည် အလွန် လေးနက်တည်ကြည်ဟန် ဖြစ်သွားလေသည်။ ထို့နောက် တစ်လုံးချင်း တိုးညင်းစွာဖြင့် –
“ခရမ်းရောင်ကြာပန်းသခင်က တကယ်ပဲ အသက်ရှင်နေသေးတာလား . . .”
သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများလည်း ဖြစ်ပေါ်လာလေ၏။
ရဲရှောင် သူ့ပေါင်ကိုသူ ပုတ်လိုက်ရင်း –
“ဟုတ်တယ် . . . ခရမ်းရောင် ကြာပန်းသခင်ပဲ၊ အဲဒါ သူ့နာမည် နောင်ကြီးဂုက သူ့ကို သိလား”
ဂုဂျင်လုံ နှုတ်ဆိတ်လျက် ရှိနေလေ၏။
(ငါ့ကိုများ သိလားတဲ့ . . . လာနောက်နေတာလား၊ သူ့ကို သိမှတော့ ငါအသက်ရှင် နေနိုင်မှာတောင် မဟုတ်လောက်ဘူး . . .)
“နောင်ကြီးဂု သူ့ကို သိတယ်ဆိုရင် ခင်ဗျားအတွက် ဒီကိစ္စက လွယ်မှာပါ။ သူကပဲ ကျုပ်ကို ဒီကျောက်တုံးဝယ်ခိုင်းခဲ့တာလေ။ ကျုပ်ဆီက ကျောက်တုံးကို မြင်တာနဲ့ ယူသွားပြီး ထွက်သွားတာပဲ၊ ဘယ်သွားလဲ ဆိုတာကိုတော့ ကျုပ်လည်း မသိဘူး၊ ခင်ဗျား သိတယ်ဆိုရင် သူ့ကို တွေ့တာနဲ့ မရဏကျောက်တုံးကို ပြန်ရနိုင်မှာပါ . . .”
ဂုဂျင်လုံ မျက်နှာပျက်သွားမိသည်။ ထို့နောက် သူ့စိတ်ထဲရှိ အကြံအစည်များကိုလည်း အမျိုးမျိုး အဖုံဖုံ ပြောင်းလဲနေလျက် ရှိလေ၏။
(ရှောင်ဧကရာဇ် ရဲရှောင် . . . သူက ခရမ်းရောင်ကြာပန်းသခင်ကို လိုက်သတ်တယ်ဆို၊ နောက်ပြီး အဲဒီအချိန်ကစပြီး ဘာသတင်းမှ မကြားရတော့တာ၊ ကြာပန်းသခင် သေသလား ရှင်သလား ဆိုတာကို လည်း ဘယ်သူမှ မသိကြတော့ဘူး၊ နောက်ပြီး ရှောင်ဧကရာဇ်က ကြာပန်းသခင်နောက်လိုက်တွေ အကုန်လုံးကို အမြစ်ဖြတ်လိုက်တာလည်း အားလုံးအသိပဲ။ ငါကတော့ သူသေပြီလို့ ထင်ထားတာ၊ မတွေ့ရတာလည်း အတော်ကြာပြီကိုး၊ ငါကတော့ သူအသက်ရှင်နေမှာကို လန့်မိတယ်။ သူက မော်တယ်ကမ္ဘာကိုလာပြီး ရှောင်ဧကရာဇ်ရန်က ပုန်းရှောင်နေတာပဲ။
ကြည့်ရတာ ရှောင်ဧကရာဇ်က ကြာပန်းသခင်ရဲ့ နောက်လိုက်နောက်ပါတွေ အကုန်လုံးကို သတ်လိုက်တယ်ဆိုတာ ကြာပန်းသခင်ကို မသတ်နိုင်လို့ အဲဒီလို လုပ်ပစ်တာ ဖြစ်နိုင်တယ်။
ဖန်ဇီလင် ပြောတာသာ အမှန်ဆိုရင် ခရမ်းရောင်ကြာပန်းသခင်က ရှောင်ဧကရာဇ် လက်ကနေ ထွက်ပြေးလာပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာပဲ ဖြစ်ရမယ်။
အဲဒါကြောင့်သာ တိမ်ခရမ်းကိုးလွှာဆေးကို သူလိုနေတာ။ သူ့ရဲ့ စိတ်ဝိညာဉ်ကိုပါ ဒဏ်ရာ ရသွားတာဖြစ်မယ်။ သူ့ဟာသူ ပြန်ကောင်းအောင် ကုနိုင်ဖို့ဆိုတာ မဖြစ်နိုင် သလောက်ပဲ။ အဲဒါကြောင့်မို ဆေးလုံးလိုတာ . . .
ဒါပေမဲ့ သူက မရဏကျောက်တုံးကို ဘာလုပ်ဖို့ပါလိမ့် . . .
ငါသူ့အကြောင်းကို သိပါတယ်၊ သူသာ တကယ်လိုချင်တယ်ဆိုရင် လင်းပါအို လေလံခန်းမ တစ်ခုလုံးကို ဖျက်ဆီးပြီး ၀င်ယူလို့ ရနေတာပဲဟာ။ သူ့အတွက် ဒီလောက်က ငှက်ပျောသီး အခွံခွာရ သလောက်ကို ခက်မှာ မဟုတ်ဘူး၊ အဲဒီလို မလုပ်ဘဲနဲ့ လူလွှတ်ပြီးတောင် ၀ယ်ခိုင်းလိုက်သေးတယ်။ သူက ဘာလို့ ဒီလို လုပ်ရတာလဲ . . .
ဒီမော်တယ်ကမ္ဘာမှာ သူ့အတွက် ဘာများ ကြောက်စရာ ရှိနေလို့လဲ . . .
ဖြစ်နိုင်တာကတော့ သူဒဏ်ရာ အတော်ပြင်းပြင်းထန်ထန် ရထားလို့သာ ဖြစ်မယ်။ အနည်းဆုံး တော့ သူကိုယ်တိုင်တောင် လာမယူနိုင်လောက်တဲံ အထိပေါ့ . . .
ဒါဆိုရင် ငါသာ သူ့ကို တွေ့ရင် အေးအေးဆေးဆေး သတ်လို့ရပြီ။ မရဏကျောက်တုံးကို ပြန်ယူဖို့က တော်တော်ကို လွယ်နေမှာ . . .)
ထိုခဏအတွင်းမှာပဲ သူ့ခေါင်းထဲတွင် အထက်ပါ အချက်အလက်များ စဉ်းစားမိပြီးသွား ဖြစ်သွားခဲ့ သည်။
“ညီလေးဖန် . . . အဲဒီလူ ဘယ်မှာလဲ ဆိုတာနဲ့ ပတ်သက်ပြီး မင်းသဲလွန်စလေး ဘာလေးများ မရဘူးလား၊ သူက ငါ့မိတ်ဆွေပါပဲ။ မတော်တဆမှု တစ်ခုခုကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့တာလေ။ ငါတို့မိတ်ဆွေ အများစုက သူ့ကို သေပြီပဲ ထင်ကြတာ၊ အခုလို ဒီမှာ ရောက်နေမယ်လို့ ထင်ကို မထင်မိခဲ့ကြဘူး . . .”
ဂုဂျင်လုံသည် ရဲရှောင်အား မျှော်လင့်ချက်များ အပြည့်ပါဝင်သော မျက်လုံးများဖြင့် ကြည့်လေသည်။ သူ၏ ပါးစပ်မှမူ အဓိပ္ပါယ်မရှိသော လိမ်လည်မှုများအား ထွက်ဆိုနေပြီး အမူအယာမှာမူ တကယ်ခံစားနေရသည့်ဟန်မျိုး ဟန်ဆောင်နေပါသည်။
“အင်း . . . ကျုပ်တကယ် မသိတာပါ . . .”
ရဲရှောင် ပြောလိုက်သည်။ ဆက်လက်၍ –
“သူက ဒဏ်ရာရထားတာလို့သာ သိုသိုသိပ်သိပ် နေနေတာ ဖြစ်ရမယ်။ ကျုပ်ရဲ့ဆရာကို ပစ္စည်းတွေလည်း ပေးပြီးရော မရဏကျောက်တုံးကို ယူပြီး ထွက်သွားတာပဲဗျ . . .”
ရဲရှောင် တခဏမျှ စဉ်းစားဟန် ပြုလိုက်ရင်း ဆက်လက်၍ –
“ဪ ဒါနဲ့ . . . သူမထွက်သွားခင်မှာ ကျုပ်ဆရာနဲ့အတူတူ ကျုပ်ဆရာနေတဲ့ အိမ်အနီးနားက တောင်ကြားထဲကို လျှောက်သွားတယ်။ ပြီးတော့ ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ၂ ချက်လောက် ထောက်သွားတယ်ဗျ။ ကြည့်ရတာတော့ အစီအရင်တစ်ခုခု လုပ်သွားတာထင်တယ်။ ထူးတော့ ထူးဆန်းသား၊ အဲဒီအချိန်ကစပြီး တောင်ကြားတဝိုက်မှ ဘာဆိုဘာမှကို မတွေ့ရတော့ဘူး၊ အဲဒီနောက်တော့ သူလည်း ထွက်သွားတာပဲ . . .”
ဂုဂျင်လုံမှ ပြုံးဟန်ဆောင်ရင်း –
“မထူးဆန်းပါဘူး . . . တကယ်လုပ်သင့်တာပေါ့၊ ခရမ်းရောင်ကြာပန်းသခင်မှာ ဒီလို လုပ်နိုင်တဲ့ အစွမ်းရှိတယ်လေ။ သူအဲဒီလို မလုပ်ခဲ့ရင်သာ ထူးဆန်းနေမှာ . . .”
သူ၏ စိတ်ထဲတွင်မူ –
(ကြည့်ရတာ သူဟာ တော်တော် သတိလက်လွတ် မနေရဲတဲ့ပုံပဲ။ အဲဒါကြောင့်မို့ ဝိညာဉ်တော် မဟာအစီအရင်တစ်ခုခု လုပ်သွားခဲ့တာဖြစ်မယ်။ တကယ်လို့ အတင်းချိုးဖျက်ပြီးသာ ၀င်လိုက်မယ်ဆိုရင် သူသေချာပေါက် သိသွားမှာပဲ။ အဲဒါဆို တစ်ယောက်ယောက်က သူ့ကို ရှာနေတာ သူရိပ်မိသွားပြီးတော့ နောက်တစ်နေရာ ထွက်သွားခဲ့ရင် ငါဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး . . .
အခုတော့ သူက သူ့ဒဏ်ရာအတွက် ဆေးလိုနေတယ်။ အဲဒီလို လုပ်နိုင်တဲ့ ဆေးပညာရှင်က အဓိက သော့ချက်ပဲ။ ငါအတင်းကြီး လုပ်လို့တော့ မဖြစ်ဘူး . . .
ငါသာ အမှားတစ်ခုခု လုပ်မိသွားရင် ဆေးလုံးတွေ ဘာမှ မရတဲ့အပြင် မရဏကျောက်တုံးကိုပါ ဆုံးရှုံးသွားနိုင်တယ်။ ဒီဆေးဆရာကို ငါ့ဂိုဏ်းအတွက် အကူအညီ တောင်းကြည့်ရင် ကောင်မလားပဲ . . .)
ဂုဂျင်လုံ၏ ခေါင်းထဲတွင် အတွေးများစွာ ရှုပ်၍ နေပါသည်။
အကယ်၍ မရဏကျောက်တုံးကိုသာ သူရခဲ့မည် ဆိုပါက သူသည် ချင်းယန်နယ်ပယ်တွင် နှစ်ပေါင်း ၁၀၀၀ အတွင်း အစွမ်းထက်ဆုံး ပညာရှင်များထဲမှ တစ်ဦး ဖြစ်သွားနိုင်ပါသည်။
သို့သော် ထိုကိစ္စကိုသာ သူ့ဂိုဏ်းအတွင်းရှိ အဆင့်မြင့် ပညာရှင်တစ်ဦးဦး သိသွားခဲ့မည် ဆိုပါက မရဏကျောက်တုံးကို ရသည့်တိုင် သူအသုံးပြုခွင့် ရမည် မဟုတ်ပေ။
ထိုကဲ့သို့ တန်ဖိုးကြီးလှသည့် ပစ္စည်းအား မည်သူမျှ လက်လွတ်ခံချင်မည် မဟုတ်ချေ။
သူ့ဂိုဏ်းအတွင်းတွင် သူ့ထက် များစွာ သာလွန် အစွမ်းထက်သော လူများစွာ ရှိနေပါသည်။
ထို့ကြောင့် ယခုကိစ္စအား သူ့ဂိုဏ်းကို အသိမပေးရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်၏။
ထိုကဲ့သို့ သူ့ဂိုဏ်းအား အသိမပေးချင်သဖြင့် ခရမ်းရောင် ကြာပန်းသခင်ကို သူကိုယ်တိုင်ပင် ရင်ဆိုင်ရမည် ဖြစ်ပေသည်။
ဂုဂျင်လုံသည် ထိုအချက်ကိုပါ စဉ်းစားမိလိုက်သဖြင့် သက်ပြင်းချလိုက်ရင်း ထပ်တွေးလိုက်ပြန် သည်။
(ရှောင်ဧကရာဇ်ကို ငါသတ်တယ်လို့သာ ပြောလိုက်ရင် ခရမ်းရောင် ကြာပန်းသခင်နဲ့ အဆင်ပြေနိုင်သားပဲ . . .)
သူ့စိတ်ထဲတွင် ကြိုတင်၍ အကွက်ချမိနေသည်။
ထို့နောက် ဖန်ဇီလင်အား ကြည့်ရင်း အကြံထုတ်နေမိပြန်၏။ သူ၏ အကြံအစည်များသည် ဖန်ဇီလင် အပေါ်တွင် အများကြီး မူတည်နေသဖြင့် ပြုံးလိုက်ရင်း –
“အင်း . . . ကောင်းပါပြီ။ ငါ့ရဲ့ ရတနာက ငါ့မိတ်ဆွေ လက်ထဲမှာ ရှိနေတာ ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ လည်း . . .”
ရဲရှောင်မှ ကြားဖြတ်၍ –
“အဲဒီပစ္စည်းကို သူလည်း မသုံးရလောက်သေးပါဘူး၊ နောက်တစ်ခါ သူနဲ့ တွေ့တဲ့ အခါကျရင် သူ့ကို ခင်ဗျား ရှာနေတယ် ဆိုတာကို ပြောပြလိုက်မယ်လေ။ ဘာမှ စိုးရိမ်မနေနဲ့။ သူသေချာပေါက် ပြန်လာပြီး ဆေးလုံးတွေကို လာမေးမှာပဲ။ ခင်ဗျားတို့ အချင်းချင်းက မိတ်ဆွေတွေဆိုတော့ ဘာမှ ခက်ခဲမှာ မဟုတ်ပါဘူး။ ရတနာ ရှိနေသေးသ၍ ခင်ဗျား ပြန်ရမှာ သေချာပါတယ် . . .”
ဂုဂျင်လုံမှ ခေါင်းခါယမ်းလိုက်ရင်း –
“မဟုတ်ဘူး၊ အဲဒီလို မလုပ်ပါနဲ့။ ငါက ငါ့မိတ်ဆွေ ဖြစ်မယ်လို့ ခန့်မှန်းမိရုံပါ။ လုံးဝ တပ်အပ် အသေအချာကြီး ပြောနိုင်သေးတာ မဟုတ်ဘူးလေ။ တကယ်လို့ လူမှားသွားခဲ့ရင် မလိုလားအပ်တာတွေ ဖြစ်လာနိုင်တယ် . . .”
ထို့နောက် ဆက်လက်၍ –
“ဒီလိုဆိုရင်ရော . . . မင်းရဲ့ ဆရာဆီ သူရောက်လာတဲ့ အခါကျရင် င့ါကို အသိပေးပါ။ ငါ့ဟာငါပဲ တွေ့ကြည့်လိုက်မယ်။ တကယ်လို့ ငါ့မိတ်ဆွေ ဖြစ်တယ်ဆိုရင်တော့ အေးဆေးပေါ့၊ မဟုတ်ဘူး ဆိုရင်လည်း ငါ့ကျောက်တုံး ပြန်ရဖို့ ပြောကြည့်ရမှာပဲ . . .”
ရဲရှောင် စိတ်ထဲတွင် ခနဲ့တဲ့တဲ့ ရေရွတ်နေမိမှာ –
(ပြောကြမယ်မယ် ဟုတ်လား၊ ဘယ်လိုပြောမှာလဲ မင်းရဲ့ ဓားနဲ့ ပြောမှာလား၊ တော်တော် မျက်နှာပြောင်တဲ့ကောင် . . .)
သို့သော်လည်း အပြင်ပိုင်းတွင်တော့ ခေါင်းညိတ်ပြလိုက်ရင်း –
“တကယ်ကောင်းတဲ့ ဆုံးဖြတ်မှုပါပဲ . . . အခုလို ခင်ဗျားတို့ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်း လာခဲ့တဲ့ ပစ္စည်းတစ်ခုကို ခင်ဗျားအနေနဲ့ မဆုံးရှုံးနိုင်လောက်ပါဘူး၊ နောင်ကြီးဝမ်က ကျုပ်ကို ဒီခေါ်လာတာ ဒါပြောမလို့ကိုး . . . ဘာမှ စိတ်မပူပါနဲ့ ကျုပ် ကူညီမှာပါ . . .”
ရဲရှောင်သည် အလကားနေရင်း ဝမ်ဇန်းကိုပါ ဆွဲထည့်လိုက်လေသည်။
ဂုဂျင်လုံမှ ကျေးဇူးတင်ဟန်ဖြင့် –
“ညီလေးဖန်က တကယ်ကို စိတ်သဘောထားကောင်းတဲ့ လူတစ်ယောက်ပဲ။ ဒီကိစ္စကို ငါဘယ်တော့မှ မမေ့ပါဘူး။ မင်းကို မျက်နှာသာပေးဖို့ အခွင့်အရေးကို စောင့်နေမှာပါ။ ကျေးဇူး အများကြီး တင်ပါတယ်၊ မင်းနဲ့ မိတ်ဆွေ ဖြစ်ရတာ တကယ်ကို ၀မ်းသာမိတယ် . . .”
ရဲရှောင်မှ ခေါင်းညိတ်လိုက်ရင်း –
“အာ . . . အဲဒီလို မပြောပါနဲ့၊ ကူညီရမှာပေါ့။ ခင်ဗျားကလည်း ကျုပ်အပေါ် သိပ်ပြီး ယဉ်ကျေးလွန်း နေပြန်ပါပြီ . . .”
ဂုဂျင်လုံမှ ဝမ်ဇန်းဟိုအား မျက်ရိပ်ပြလိုက်သောအခါ ဝမ်ဇန်းဟိုသည် အိတ်ငယ်တစ်အိတ်အား ထုတ်ယူလိုက်လေ၏။
“ဒီမှာ ငါပေးတဲ့ လက်ဆောင်လေးကို လက်ခံပေးပါဦး ညီလေးဖန် . . .”
ရဲရှောင်သည် အိတ်ကို ဆွဲချလိုက်ပြီး ချက်ချင်းပင် စိတ်တိုသော လေသံဖြင့် –
“ခင်ဗျားတို့က ကျုပ်ကို အထင်သေးတာလား . . . ကျုပ်က ဒီလို လူမျိုးလား၊ မိတ်ဆွေ ကျင့်ဝတ်အရ လုပ်ပေးတာလေ၊ ဒါတွေ မလိုဘူး . . .”
“မိတ်ဆွေတွေဆိုတာ အကောင်းအဆိုးကို ဝေမျှရတယ်မလား . . .”
ဂုဂျင်လုံမှ ပြောလိုက်သည်။
“ညီလေးဖန် . . . ငါတို့က လက်ဆောင်လေး ပေးလို့ဆိုပြီး အထင်သေးသွားတာလား။ မင်းမယူရင် ငါတို့ကို မိတ်ဆွေအဖြစ် သတ်မှတ်ရာ မရောက်တာပဲ . . .”
ထိုကဲ့သို့ ပြောနေရင်းဖြင့် သူ၏ အသံသည်လည်း မကျေမနပ်သည့် အသံဖြစ်လာပြီး အနည်းငယ် စိတ်တိုလာဟန်ပါပင်။
ရဲရှောင်မှ –
“ကောင်းပြီ . . . ဒီလောက်ထိ တောင်းဆိုနေမှတော့ ယူလိုက်ပါတော့မယ် . . .”
အိတ်ကို ဆွဲယူလိုက်ရင်း သူ၏ အိတ်တွင်းသို့ လျင်မြန်စွာ ထည့်လိုက်လေ၏။
ထိုအခါကျမှသာ အားလုံးလည်း ရွှင်ရွှင်ပြုံးပြုံး ဖြစ်သွားကြပါတော့သည်။
သူတို့သည် ထပ်မံ၍ အသေးစိတ်ကျကျ တိုင်ပင်ကြပြန်သည်။ ဂုဂျင်လုံသည် ဖန်ဇီလင်မှ သူ့အား သံသယ ၀င်မည်ကို ထိတ်လန့်နေလျက် ရှိပြီး ထို့ကြောင့်ပင် နောက်ထပ် အကြောင်းအရာတစ်ခုကို စကားလမ်းကြောင်း လွှဲလိုက်သည်။
“ညီလေးဖန် . . . မင်းပြောပုံအရ မင်းဆရာက တိမ်ခရမ်းကိုးလွှာဆေးလုံးကို လုပ်နိုင်မယ်လို့ မထင်ဘူးဆို၊ သူက အောင်မြင်နိုင်မယ်လို့ အာမမခံရဲတာပေါ့၊ ဒါဆိုရင် သူက သာမန် အဆင့်မြင့် ဆေးလုံးတွေ လောက်ကိုတော့ လုပ်နိုင်လောက်မယ်၊ ဟုတ်တယ်မလား . . .”
“ဒါပေမဲ့ ကျုပ်ကတော့ သိပ်ပြီး သဘောမတူချင်လှဘူး၊ ကျုပ်ဆရာက ဆေးလုပ်တဲ့ နေရာမှာ အောင်မြင်ခဲ့တယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဆေးလုပ်တယ် ဆိုတာကလည်း ကံတရားနဲ့ ဆိုင်သေး တယ်။ ၁၀၀ ရာခိုင်နှုန်း အမြဲတမ်း လုပ်နိုင်ပါ့မယ်လို့ အာမမခံနိုင်ဘူးလေ။ ကျုပ်ဆရာအတွက်တော့ ဆေးအများစုကို လုပ်ဖို့ မခက်ပါဘူး။ ထိပ်တန်းအဆင့် ရောက်အောင် လုပ်ဖို့သာ ခက်တာ။ တကယ်တော့ တိမ်ခရမ်းကိုးလွှာ ဆေးလုံးဆိုတာကိုလည်း ကျုပ်ဆရာ လုပ်နိုင်လိမ့်မယ်လို့ ကျုပ်တော့ ထင်တာပဲ။ သူအာမမခံနိုင်ဘူး ဆိုတာက ထိပ်တန်းအဆင့် ဖြစ်လာနိုင် မဖြစ်လာနိုင် ဆိုတာကိုပဲ . . .”
ရဲရှောင်မှ ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset