Chapter – 105
“ကြာပန်းသခင်ဇာတ်လမ်း”
ဂုဂျင်လုံသည် မူလတာအိုအဆင့်၏ အဆင့် ၃ ကို ရောက်ရှိနေသူဖြစ်ပြီး ချင်းယန်နယ်ပယ်တွင် အဆင့်မြင့် ပညာရှင်တစ်ဦးဟု ဆိုနိုင်ပါသည်။ ရှောင်ဧကရာဇ်အား လိုက်လံ ဖမ်းဆီးသည့် တိုက်ပွဲတွင်လည်း အဓိကကျသည့် နေရာမှ ပါဝင်ခဲ့သူ ဖြစ်လေ၏။
အစပိုင်းတွင် သူသည် ရှောင်ဧကရာဇ်အား တောင်းပန်၍ စေ့စပ်ညှိနှိုင်း ဆွေးနွေးရန် ပြောခဲ့သည်။ တကယ်တမ်းတွင်မူ သူသည် ရှောင်ဧကရာဇ်နှင့် နီးစပ်စေရန် ကြိုးစားနေခြင်း ဖြစ်ပြီး သတိမမူမိမည့် အချိန်အား ချောင်းမြောင်းလုပ်ကြံလိုခြင်းပင် ဖြစ်၏။ တဖြည်းဖြည်းဖြင့် ရှောင်ဧကရာဇ်အား သူ၏ ထောင်ချောက် အတွင်းသို့ သွင်းနိုင်ရန် ကြိုးစားနေခြင်းပင် ဖြစ်ပါသည်။
တိုက်ပွဲတွင် ဂုဂျင်လုံထက် များစွာ အစွမ်းထက်သော ပညာရှင်များ သေကြေခဲ့ကြ ရသော်လည်း ဂုဂျင်လုံမှာမူ အားအနည်းဆုံး ဖြစ်သည့်တိုင် ဒဏ်ရာဟူ၍ပင် မရရှိခဲ့ချေ။ ၎င်းကို ကြည့်ခြင်းဖြင့် ဂုဂျင်လုံ၏ တစ်ကိုယ်ကောင်းဆန်မှု သွေးအေးတတ်မှုကို သိနိုင်ပါပေသည်။
အကယ်၍ သူသာ မှန်မှန်ကန်ကန် ဂုဏ်သိက္ခာရှိရှိ တိုက်ခိုက်မည် ဆိုပါက ရှောင်ဧကရာဇ်၏ ဓားချက်အောက်တွင် သေရမည်မှာ သေချာပါသည်။
သို့သော် သူသည် ရှောင်ဧကရာဇ် မောပန်း၍ အားပြတ်ကာ ခုခံနိုင်စွမ်း မရှိတော့သည့် အချိန်မှသာ ပေါ်လာပြီး ရှောင်ဧကရာဇ်၏ ရင်ဘတ်အား ဓားဖြင့် ထိုးခဲ့လေ၏။
တိုက်ပွဲကြီး တစ်ခုလုံးတွင် အဆိုပါ ဓားချက် တစ်ချက်သာ ထိုးနှက်ခဲ့ခြင်း ဖြစ်လေသည်။
ထိုတစ်ချက်တည်းကပင် ရှောင်ဧကရာဇ်အား ပြင်းထန်စွာ အထိနာစေခဲ့ခြင်းဖြစ်ပြီး သတိလက်လွတ် ဖြစ်စေခဲ့ခြင်း ဖြစ်၏။ ဂုဂျင်လုံသည် အကြည့်စူးစူးများဖြင့် အမြဲတမ်း အခွင့်ကောင်းကို ရှာဖွေနေသူ တစ်ဦး ဖြစ်လေ၏။
ရှောင်ဧကရာဇ်၏ မျက်လုံးထဲ အမှိုက်လောက်ပင် တန်ဖိုးမရှိသည့် လူတစ်ယောက် ဖြစ်သော်လည်း ထိုလူကြောင့်ပင် ရှောင်ဧကရာဇ်သည် ကျဆုံးခဲ့ရခြင်းဟု ဆိုရမည် ဖြစ်သည်။
ထို့ကြောင့် ထိုကဲ့သို့ ကောက်ကျစ် ယုတ်မာ၍ အကြံပက်စက်လှသော လူတစ်ဦးအား ရဲရှောင်သည် သတိကြီးကြီးထားနေရလေ၏။
ရဲရှောင်သည် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ထိပ်သီးပညာရှင်ပေါင်း များစွာဖြင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသော်လည်း ကြောက်ရွံ့မိခဲ့ခြင်းမျိုး မရှိခဲ့ပေ။ သို့သော် ဂုဂျင်လုံမှ နောက်ထပ် အကြောင်းအရာ တစ်ခုဟု ဆိုလိုက်သည့် အချိန်တွင် ရဲရှောင် စိတ်ထဲ အံ့သြတုန်လှုပ်သွားသည်။ သူမမျှော်လင့်မိသည့် ကိစ္စ ဖြစ်ခြင်းကြောင့် စိတ်လှုပ်ရှားသွားခြင်းလည်း ဖြစ်၏။
ယခုအချိန်တွင် သူသည် အလွန်အားနည်းသော လူတစ်ဦး ဖြစ်နေသေးသည် မဟုတ်ပါလား။
“တကယ်ပဲ နောက်ထပ်ကိစ္စတစ်ခုက ဘာပါလိမ့် . . .”
ရဲရှောင် စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။
“လေလံပွဲတုန်းက ကိစ္စလေးပါ . . .”
ဂုဂျင်လုံမှ ပြောလိုက်လေသည်။
“ညီလေးဖန် . . . မင်းဒီကနေ ပစ္စည်းတစ်ခု ၀ယ်သွားခဲ့တယ်လေ။ တကယ်တော့ အဲဒီပစ္စည်းလေး က ငါ့ပစ္စည်းလေးပါ။ ဒီပစ္စည်းလေးနဲ့အတူ ၀မ်ဇန်းဟိုဆီ ရင်းနှီးမြုပ်နှံခဲ့တာပေါ့ . . .”
“အဲဒီ အပေးအယူ လုပ်ခဲ့တာ ကြာပြီ။ လင်းပါအို လေလံခန်းမကြီး အောင်မြင်လာတဲ့ အခါကျရင် အဲဒီပစ္စည်းလေးကို ငါလာပြန်ယူမယ်လို့ မှာထားတာလေ။ အချိန်တွေ အရမ်းကြာလာတော့ ၀မ်ဇန်းဟိုက ငါမေ့လောက်ပြီထင်ပြီး နားလည်မှု လွဲသွားတယ်၊ အဲဒါနဲ့ ထုတ်ရောင်းလိုက်တယ်လေ။ အခုလို ပြောရတာ မသင့်တော်ပေမဲ့ ငါ့အတွက် တကယ်ပဲ အရေးကြီးနေလို့ပါ . . .”
ရဲရှောင်သည် ဂုဂျင်လုံ ပြောသည့် ပစ္စည်းကို သဘောပေါက်လိုက်ပြီး ဖြစ်လေ၏။
မရဏ ကျောက်တုံးပင် ဖြစ်ပါသည်။
ရဲရှောင်လည်း ဂုဂျင်လုံ ပြောသည့် စကားများအား နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ စိတ်ထဲမှာလည်း “သောက်ရူးတွေ” ဟုသာ ပြောနေမိပါတော့သည်။
(တော်တော် အဓိပ္ပါယ် မရှိတာပဲ . . . မင်းတို့ပစ္စည်းဆိုလည်း အစကတည်းက ထုတ်မရောင်းဘဲ ဘိုးဘွား အမွေအနှစ်လို သိမ်းထားလေ။ ဘာလို့ ၀မ်ဇန်းဟိုကိုတောင် ပေးနေသေးလဲ၊ ကူညီတယ်၊ ရင်းနှီး မြုပ်နှံတယ် ဟုတ်လား . . . မင်းတို့ကောင်တွေ ငါ့ကိုများ အရူးကျနေရော . . .)
“ငါတို့ရဲ့ အမှားပါကွာ . . . မင်းကိုလည်း ဆုံးရှုံးမှု မရှိစေရပါဘူး . . .”
ဂုဂျင်လုံမှ ပြောလိုက်သည် ဆက်လက်၍လည်း –
“မင်းလေလံပွဲမှာ ၀ယ်ခဲ့တဲ့ ဈေးရဲ့ ၂ ဆပေးမယ်လေ၊ ဘယ်လို သဘောရလဲ . . .”
(၂ ဆ ဟုတ်လား . . .)
ရဲရှောင် ဂုဂျင်လုံအား တတ်သမျှ ဆဲနည်းပေါင်းစုံဖြင့် ဆဲဆိုနေမိသည်။
(၂ ဆ မပြောနဲ့ အဆ ၂၀၀၀ ပေးတောင် ငါ့ဆီက တစ်စွန်းတစ်စ ရမယ်မထင်နဲ့ . . . ဒါက မရဏ ကျောက်တုံးကွ၊ ဘာများ ထင်နေလဲ၊ ၂ ဆတဲ့ ဟမ့် . . . ငါ့ကို တကယ့် အရူးတစ်ကောင်လို ထင်နေကြတာပဲ . . .)
သို့သော်လည်း ရဲရှောင်သည် ရယ်မောလိုက်ရင်းဖြင့် –
“ပထမတုန်းကတော့ ခင်ဗျားတို့ဟာ ကျုပ်အတွက် အရမ်းကောင်းတဲ့ မိတ်ဆွေကောင်းတွေလို လုပ်ပြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ခင်ဗျားတို့ လိုချင်တဲ့ ပစ္စည်းက သိပ်တန်ဖိုးရှိမယ်ထင်တယ်။ ကိစ္စမရှိဘူး၊ ဒါနဲ့ ဘယ်ပစ္စည်းလဲ ဆိုတာ အတိအကျပြောမှပေါ့၊ ကျုပ်က အဲဒီနေ့က လေလံပွဲကနေ တန်ဖိုးကြီး ပစ္စည်းအတော်များများ ၀ယ်လာခဲ့တာလေ။ ခင်ဗျားတို့ ဘယ်ဟာကို ပြောနေလဲဆိုတာ မမှတ်မိ တော့ဘူး။ ခင်ဗျားတို့သာ ပြောလိုက်ပါ၊ ကျုပ်ပေးပါ့မယ်၊ ၂ ဆတွေ ၃ ဆတွေ လုပ်မနေပါနဲ့တော့၊ လက်ဆောင်အဖြစ်ပဲ ယူလိုက်တော့၊ ဒီမှာ နောင်ကြီးဂု . . . ကျုပ်ကို မိတ်ဆွေတစ်ယောက်တောင် လက်ဆောင်မပေးနိုင်တဲ့ လူတစ်ယောက်အဖြစ် မြင်မနေစမ်းပါနဲ့ဗျ။ လင်းပါအို လေလံခန်းမနဲ့ ပတ်သက်ရင် ငွေကြေးတွေ အများကြီးတောင် ဂရုမစိုက်တာ ဒီပစ္စည်းလေးတစ်ခုနဲ့ ဘာများ ဂရုစိုက်စရာ ရှိမလဲ . . .”
ဂုဂျင်လုံမှ ကျယ်လောင်စွာ ရယ်မောလိုက်ရင်းဖြင့် –
“ညီလေးဖန်က တကယ် သဘောကောင်းတာပဲ၊ ကောင်းပါပြီ၊ ငါလည်း ပွင့်ပွင့်လင်းလင်းပဲ ပြော လိုက်တော့မယ်။ ငါပြောနေတာ မရဏကျောက်တုံးကိုပါ . . .”
သူသည် ရဲရှောင်အား ကြည့်ရင်း ခပ်ဖြည်းဖြည်းပင် ပြောလိုက်လေ၏။
“အရမ်းကြီး တန်ဖိုးကြီးတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါတို့မျိုးနွယ်စုရဲ့ ဘိုးဘေးအစဉ်အဆက် ထိန်းသိမ်းလာတဲ့ ပစ္စည်းဆိုတော့ ငါ့လက်ထက်မှာလည်း ထိန်းသိမ်းရမယ်လေ။ ငါတို့ဆီမှာ ရှိနေတာ နှစ်ထောင်ချီတော့မယ်ကွ၊ အဲဒီတော့ ညီလေးဖန် အနေနဲ့ ကျေးဇူးပြုပြီး . . .”
ဂုဂျင်လုံသည် ဖန်ဇီလင်ဆိုသည်မှာ ဆေးလုံးများအတွက် မျှော်လင့်ချက်ပင် ဖြစ်ပြီး ဖန်ဇီလင်၏ ဆရာဖြစ်သူမှာ အနှေးနှင့်အမြန် သေတော့မည် ဆိုတာကိုလည်း သူသိနေပါသည်။ ထို့ကြောင့်ပင် ကောင်းမွန်စွာ ဆက်ဆံနေခြင်းဖြစ်ကာ ထိုကဲ့သို့သာ မဟုတ်ပါက ဖန်ဇီလင်အား တစစီ စုတ်ဖြဲပစ်၍ ဆေးလုံးများ၏ လျို့ဝှက်ချက်ကို မေးခဲ့ပြီး ဖြစ်ပါသည်။
ဂုဂျင်လုံသည် မရဏကျောက်တုံးအား ပြန်လိုချင်နေသကဲ့သို့ ဆေးလုံးများကိုလည်း လိုချင်နေခြင်း ဖြစ်လေ၏။
ထို့ကြောင့်ပင် သူသည် ရဲရှောင်အား စိတ်ရှည်ရှည်ဖြင့် အရူးလုပ်နေခြင်း ဖြစ်သည်။
ရဲရှောင်သည် ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းပင် အလန့်တကြား မတ်တတ် ထရပ်လိုက်ရင်း –
“ဘာ . . . ဘာ . . . မ . . . မရဏ ကျောက်တုံးလား . . .”
ဂုဂျင်လုံလည်း ကြောင်ငေးကာဖြင့် –
“ညီလေးဖန် . . . ဘာဖြစ်လို့လဲ . . .”
ရဲရှောင်မှ ခုံတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ရင်း –
“ဘာလို့ မရဏကျောက်တုံးမှ ဖြစ်နေရတာလဲ . . .”
ဂုဂျင်လုံမှ မျက်မှောင်ကြုတ်လိုက်ရင်း –
“ဘာဖြစ်လို့လဲ၊ ဒီရက်တွေထဲ ဘာတွေ ကြုံတွေ့ခဲ့ရတာလဲ . . .”
သူ၏ အသံသည် စိတ်အလိုမကျ ဖြစ်နေသည့် အသံမျိုးပင် ဖြစ်၏။
“အမှန်တိုင်း ပြောရရင် နောင်ကြီးဂုရေ နည်းနည်းတော့ ပြဿနာ ရှိနေပြီ . . .”
ရဲရှောင် သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်၏။
“အဲဒီပစ္စည်းက ကျုပ်ဆီမှာ မရှိတော့ဘူးဗျ . . .”
ဂုဂျင်လုံ ချက်ချင်းပင် ထိတ်ထိတ်ပြာပြာဖြင့် –
“ဒါဆို ဘယ်သူ့ဆီမှာလဲ . . .”
“အဲဒီလူရဲ့ နာမည်တော့ ကျုပ်လည်း မသိဘူး . . .”
ရဲရှောင် မျက်မှောင်ကြုတ်ကာ စဉ်းစားဟန်လုပ်ရင်း ပြောလိုက်သည်။
“ကျုပ်လည်း မရဏ ကျောက်တုံးကို လိုချင်လို့ရယ် မဟုတ်ဘူး၊ ဒီတိုင်းပဲ ဈေးပေးကြည့်လိုက်တာ နောက်ဆုံး ကျုပ်ပဲ ရသွားခဲ့တယ်လေ။ ကျုပ်ဘ၀မှာ လေလံပွဲဆိုတာ တစ်ခါမှ မတက်ဖူးဘူးရယ်။ အဲဒါကြောင့် ဒီကျောက်တုံးကို သိလည်း မသိဘူး၊ ကြားတောင် မကြားခဲ့ဖူးဘူး . . .”
“သေ . . . သေချာလေး ပြောစမ်းပါဦး . . .”
ဂုဂျင်လုံလည်း သူတော့ ကံဆိုးပြီ ဆိုတာကို သိလိုက်ပါသည်။ သို့သော်လည်း စိတ်ရှည်ရှည်ဖြင့် ဆက်၍ မေးလိုက်၏။
“အင်း . . . လွန်ခဲ့တဲ့ ရက်အချို့က ကျုပ်ဆရာဆီကို လူတစ်ယောက် အလည်လာခဲ့တယ်။ သူက ကျုပ်ဆရာကို အရမ်းတန်ဖိုးရှိတဲ့ ရတနာတွေလို ဆေးပင်တွေ ပေးခဲ့တယ်။ အချို့ဆို ဒီကမ္ဘာကတောင် မဟုတ်ဘူး၊ ကံကောင်းလို့သာ တွေ့မြင်ခွင့်ရတဲ့ ပစ္စည်းတွေပဲ။ သူက ကျုပ်ဆရာကို ဒီလိုပေးတယ် ဆိုတာက ဆေးလုံး ၁၀ ခု အတွက်ပဲ။ သူပြောတာတော့ သူက ကျုပ်ဆရာဆီကနေ ဆေးလုံး တစ်လုံးပဲ လိုချင်တာပါတဲ့ . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်သည်။ နောက်ထပ် လုပ်ကြံဇာတ်လမ်းတစ်ပုဒ် ဖန်တီးရတော့မည် မဟုတ်ပါလား။ ဒီတစ်ကြိမ်တွင်မူ ပို၍ပင် ခက်ခဲသော ဇာတ်လမ်းကို ဖန်တီးရမှာ ဖြစ်ပါသည်။
“ကျုပ်ရဲ့ဆရာကလည်း အစတုန်းက လက်မခံဘူး၊ ဘာလို့လဲဆိုတော့ အရမ်းကို ခက်လွန်းလို့ပဲ။ သူပေးတဲ့ ပစ္စည်းတွေကလည်း အရမ်းတန်ဖိုးကြီးတယ်။ အဲဒါကြောင့် ဆေးလုံးအဖြစ် လုပ်နိုင်ဖို့က အရမ်း ခက်လိမ့်မယ်။ ထူးခြားအစွမ်းထက်တဲ့ တန်ဖိုးကြီး ဆေးလုံးတွေ အများကြီး မပြောနဲ့ ဒါတွေနဲ့သာဆို တစ်လုံးတောင် ရဖို့ ခက်ခဲမှာပဲ . . .”
“တန်ဖိုးကြီးဆေးလုံး ဟုတ်လား . . . ဘယ်လိုဆေးလုံးမို့လို့ မင်းဆရာအတွက် ခက်ခဲနေရတာလဲ”
ဝမ်ဇန်းဟို အချိန်ကိုက်ပင် မေးမြန်းလိုက်လေ၏။
“အဲဒါက . . . အင်း . . . တိမ်ခရမ်းကိုးလွှာဆေးလုံးပဲ . . .”
ရဲရှောင်သည် အလွန်အမင်း စဉ်းစားရခက်နေသည့် ပုံစံမျိုးဖြင့် စဉ်းစားရင်း ပြောလိုက်၏။
“ဘာ . . .”
ဂုဂျင်လုံ မတ်တတ်ထရပ်လိုက်ရင်း ရေရွတ်လိုက်သည်။
“တိမ်ခရမ်းကိုးလွှာဆေး ဟုတ်လား . . . မင်းပြောတာ သေချာရဲ့လား . . .”
“သိပ်သေချာတာပေါ့ . . . ကျုပ်အဲဒီဆေးကို တစ်ခါမှ မမြင်ဖူးပေမဲ့ နာမည်ကတော့ ဘယ်လိုမှ မမှားနိုင်ဘူး။ ကျုပ်ရဲ့ဆရာကိုယ်တိုင်လည်း ရက်အတော်ကြာ အဲဒီနာမည်ပဲ ပါးစပ်က ရွတ်နေခဲ့တာလေ”
“တိမ်ခရမ်းကိုးလွှာဆေးဆိုတာ ဘယ်လိုလဲ . . .”
ဝမ်ဇန်းဟို နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“တိမ်ခရမ်းကိုးလွှာဆေးလုံး ဆိုတာက ဝိညာဉ်တော် ဒဏ်ရာရတဲ့ အခါမှာ ကုသနိုင်တဲ့ ဆေးပဲ၊ ကမ္ဘာ့နတ်ဆေးလုံးလို့တောင် ပြောလို့ရတယ် . . .”
ဂုဂျင်လုံ ပြောလိုက်သည်။ ဆက်လက်၍လည်း –
“ချင်းယန်နယ်ပယ်မှာ အဆင့် ၇ ဆေးလုံးပဲ . . . ထိပ်ဆုံးအဆင့် ဆေးလုံးတွေထဲ အပါအ၀င်ပေါ့။ ဒီဆေးလုံးမျိုးဆို မူလတာအိုအဆင့်ရဲ့ အဆင့် ၅ တွေ ဝိညာဉ်တော် ဒဏ်ရာရတဲ့ အခါမျိုးမှာ သုံးလေ့ ရှိကြတယ်။ အဲဒီအဆင့်အောက်က လူတွေ စားလိုက်မယ်ဆိုရင်တော့ သူတို့ရဲ့ ဝိညာဉ်တော်တွေ တစစီကို ဖြစ်သွားမှာ . . .”
“ဘယ်လိုလူကများ ဒီဆေးလုံးကို လိုတာပါလိမ့် . . .”
ဂုဂျင်လုံမှ တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။
ဖန်ဇီလင်အား ကြည့်ရင်း ဖန်ဇီလင်မှာ ရိုးရိုးသားသား အမှန်အတိုင်းပင် ပြောနေခြင်း ဖြစ်ကြောင်း သူယူဆနေမိသည်။ ဖန်ဇီလင် အနေဖြင့် ပိပိရိရိ လိမ်မည် ဆိုလျှင်တောင် ယခုလောက် လက်တန်း အနေဖြင့် ယုံအောင် ပြောဆိုနိုင်မည် မဟုတ်ဆိုတာကို သူသိနေပါသည်။
(သူလိမ်မယ်ဆိုရင်တောင် ဒီလို ဆေးလုံးနာမည်ကို အတိအကျ သိပြီး လိမ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဘယ်သူများပါလိမ့် . . .)
“အဲဒီလူရဲ့ နာမည်ကို မင်းသိလား . . .”
ဂုဂျင်လုံမှ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
“မသိဘူး၊ သူနဲ့ ကျုပ်ဆရာ ပြောနေတဲ့ အချိန်မှာ ကျုပ်က အပြင်ဘက်မှာ နေနေရတာလေ . . .”
ရဲရှောင်လည်း သေချာ ပြန်၍ စဉ်းစားနေသလို ပုံစံမျိုး ဟန်ဆောင်နေလေသည်။ ဆက်လက်၍ –
“ဟာ . . . ဒါနဲ့ ကျုပ်ဆရာ တစ်ခါပြောတာကို ကြားလိုက်တယ်။ သူက အဲဒီလူကို ကြာပန်းသခင်လို့ ခေါ်တာ ကြားလိုက်ရတယ် . . . ဟုတ်တယ်၊ ကြာပန်းသခင်ပဲ . . .”
“ကြာပန်းသခင် . . .”
ဂုဂျင်လုံ ချက်ချင်းပင် မျက်နှာပျက်သွားသည်။
ချင်းယန်နယ်ပယ်တွင် ကြာပန်းသခင်ဟူသော နာမည်ရှိသည့်လူမှာ ၆ ဦးထက် မပိုချေ။ အားလုံးဟာလည်း ထိပ်သီးအဆင့် ပညာရှင်များပင် ဖြစ်ကြသည်။ ကမ္ဘာတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်သော စွမ်းအား ရှိသူများပင် ဖြစ်၏။
မည်သူမျှ မနှောင့်ယှက်ဝံ့ကြသူများလည်း ဖြစ်ကြ၏။
သို့သော် ဂုဂျင်လုံသည် မည်သည့် ကြာပန်းသခင်မှ ဒဏ်ရာရသည် ဆိုခြင်းကို မကြားမိခဲ့ချေ။
“ဘာကြာပန်းသခင်လဲ . . . ဘယ်လိုပုံစံ ရှိလဲ၊ အရည်ရှည်လား၊ ၀လားပိန်လား၊ ရုပ်ရည်ကရော၊ ဆံပင်ပုံစံကရော၊ နောက်ပြီး ဘယ်လို ၀တ်ရုံကို ၀တ်ထားလဲ . . .”
ဂုဂျင်လုံသည် အသက်ရှူချိန် တစ်ချက်အတွင်မှာပင် မေးခွန်းပေါင်း အခု ၂၀ လောက်အား မေးမြန်း လိုက်လေ၏။
“အင်း . . . ကျုပ်က သူ့ကို တစ်ခါနှစ်ခါလောက်ပဲ မြင်လိုက်ရတာဗျ၊ သူ့ပုံစံက . . .”
ရဲရှောင် မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်ကာဖြင့် ပုံဖော်ပြရန် ခက်ခဲသလို လုပ်နေလေ၏။ ထို့နောက် ကြာပန်းသခင်၏ ပုံစံအား တဖြည်းဖြည်းဖြင့် ပြောပြနေပါတော့သည် . . .။