Chapter – 104
“ဆေးပညာ၏ဥပဒေသများ”
“ဒါတွေ အားလုံးက အမှန်တရားပဲ . . .”
ဂုဂျင်လုံနှင့် ၀မ်ဇန်းဟိုတို့သည် နောက်ဆုံးကြားလိုက်ရသည့် အဖြေကြောင့် အံ့သြသွားခဲ့ကြရ သည်။
(ဒီလောက်အကြာကြီး နားထောင်တာရဲ့ အဆုံးသတ်က စကားလုံး တစ်လုံးတဲ့လား . . .)
၂ ယောက်သား သွေးအန်မိမလိုပင် ဖြစ်သွားကြ၏။
(တစ်ဘ၀လုံးကို မြုပ်နှံပြီး ကြိုးစားခဲ့ရတဲ့ ရလဒ်က ဒီလိုတဲ့လား . . . ဘယ်လိုကြီးပါလိမ့် . . .)
“စိတ်ရှည်ရှည် နားထောင်ပေးကြပါဦး . . .”
ရဲရှောင် ပြုံးလျက် ပြောလိုက်၏။
“ဒါပေမဲ့ ဆေးပညာရှင် အတော်များများ ဆေးပညာကို လေ့လာရင်း ဆုံးခန်းတိုင်သွားကြတယ် ဆိုတာ သူတို့ရဲ့ နှလုံးသားက တည်ငြိမ်မှု မရှိလို့ပဲ၊ သူတို့တွေမှာ တွေးနေတာတွေ အရမ်းများတယ်လေ”
ရဲရှောင် ပြောလိုက်သည်။ ဆက်လက်၍ –
“ကျုပ်ဆရာဟာ တစ်ဘ၀လုံးမှာ ပညာရပ်ကိုပဲ လေ့လာနေတဲ့ အတွက်ကြောင့် သူ့မှာ တခြား ဘာအတွေးမှ မရှိဘူး၊ သူ့ရဲ့ နှလုံးသားက သန့်စင်နေတယ် . . .”
“နောက်ပြီး ကျုပ်ဆရာက သူတွေ့တဲ့လမ်းကို သူကိုယ်တိုင် လျှောက်လှမ်းခဲ့တယ်။ သုံးရက်လောက် သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် လုပ်ပြီးတော့ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို သန့်စင်ခဲ့တယ်။ နောက်မှ သူ့ရဲ့ ငြိမ်းအေး ငြိမ်သက်နေတဲ့ နှလုံးသားနဲ့ ဆေးတွေ စပြီး လုပ်တော့တာပဲ . . .”
“အဲဒီအကြိမ်ဟာ သူ့ဘ၀အတွက် ပထမဆုံးအကြိမ်အဖြစ် ဆေးလုပ်ဖို့ ကြိုးစားခဲ့ခြင်းပဲ။ ပထမဆုံး အကြိမ်အဖြစ် မီးဖိုကို ထိတွေ့ခဲ့တာပေါ့ . . .”
“ရလဒ်ကရော ဘယ်လိုလဲ . . .”
ဂုဂျင်လုံ မေးလိုက်သည်။ သူ့အနေဖြင့် စိတ်ဝင်တစား ရှိနေပြီ ဖြစ်သဖြင့် သာမန်ဂရုမစိုက်သလို ပုံစံမျိုးဖြင့် မနေနိုင်တော့ချေ။
“မအောင်မြင်ခဲ့ဘူး၊ ကျရှုံးခဲ့တယ်လေ . . .”
ရဲရှောင် ပြောလိုက်သည်။ ဆက်လက်၍ –
“ပထမအကြိမ်မှာ သူကျရှုံးခဲ့တယ်။ ဒုတိယ အကြိမ်မှာလည်း ကျရှုံးခဲ့ပြန်တယ်။ အဲဒီလိုနဲ့ မအောင်မြင်ခဲ့တာ နောက်ဆုံး ၁၇ ကြိမ်မြောက်မှာ ထူးခြားလာခဲ့တယ်။ အဲဒီတုန်းက သာမန် ဖေးယွမ်ဆေးလုံးလေးတွေ လုပ်နိုင်ခဲ့တယ်လေ။ ဒါပေမဲ့ သူက ဆက်ကြိုးစားတယ်။ နှစ်ဝက်လောက် ရောက်တဲ့အခါကျတော့ ဆေးအလင်းတန်း ထွက်ပေါ်နေတဲ့ ထူးခြားအစွမ်းထက် ဆေးလုံးကို လုပ်နိုင်ခဲ့တယ် . . .”
“နှစ်ဝက်နဲ့ ဆေးအလင်းတန်း ဟုတ်လား . . .”
ဂုဂျင်လုံနှင့် ၀မ်ဇန်းဟိုတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
ထိုကဲ့သို့သော လုပ်နိုင်သည့်နှုန်းသည် ယုံနိုင်ဖွယ် မရှိလောက်အောင်ပင် မြန်ဆန်လွန်းလှ၏။
“တစ်နှစ်နေတော့ ဆေးအငွေ့ပါတဲ့ ဆေးလုံးတွေကို လုပ်နိုင်ခဲ့တယ်”
ရဲရှောင်သည် အံ့သြထိတ်လန့်နေသည့် လူ ၂ ဦးအား အေးအေးဆေးဆေးပင် ပြောနေသည်။
“နောက်ထပ် ၂ လလောက် ကြာတဲ့ အခါကျတော့ သူ့ရဲ့ ပထမဆုံး ထူးခြားအစွမ်းထက်တဲ့ ဆေးတိမ်တိုက်ရှိတဲ့ ဆေးလုံးတွေကို လုပ်နိုင်ခဲ့တယ်လေ . . .”
ရဲရှောင်၏ နောက်ဆုံးစကားကို ကြားလိုက်ကြရသည့်အခါ ၂ ယောက်လုံး မျက်လုံးပြူးသွား ကြလေ၏။
(၁၄ လတည်းနဲ့ ဆေးတိမ်တိုက် ပါတဲ့ ဆေးလုံးတွေ လုပ်နိုင်တယ် ဟုတ်လား . . . မယုံနိုင်စရာပဲ)
သူတို့ကိုယ်သူတို့ အိပ်မက်မက်နေ သကဲ့သို့ပင် ခံစားနေကြရသည်။ နှစ်ပေါင်း ၄၀၀ လောက် ကြိုးစားခဲ့ရသည့် အဖြစ်ကို ပြန်တွေးမိသော အခါတွင်လည်း သက်ပြင်းကိုယ်စီ ချလိုက်မိကြပြန်သည်။
လူတစ်ယောက်အနေဖြင့် သူလုပ်ချင်သည့် မည်သည့်အရာကိုဖြစ်စေ မည်သို့သော အနှောင့်အယှက် အဟန့်အတားများ ရှိနေပါစေ ဘာမှ စဉ်းစားမနေဘဲ တစ်ဘ၀လုံးသာ ကြိုးစား လုပ်ဆောင်သွားမည် ဆိုပါက အောင်မြင်မှု ရရှိနိုင်မည်မှာ ဓမ္မတာပင် ဖြစ်သည်။
သူတို့ ၂ ယောက်လုံးသည် အလွန် အံ့သြနေကြလေ၏။ စိတ်ထဲ၌လည်း –
(ဒီလောက် ကြိုးစားပမ်းစား လုပ်ထားပြီး မအောင်မြင်လည်း အဲဒီနေရာမှာပဲ အသက်ထွက်သွား လောက်မယ် . . .)
ရဲရှောင်မှ ဖြည်းညင်းသော လေသံဖြင့် –
“ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေ ရလာတုန်းက ကျုပ်ရှိနေတယ်။ ကမ္ဘာကြီးတစ်ခုလုံးတောင် တုန်ခါသွားသလိုပါပဲဗျာ . . .”
“ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေ မီးဖိုထဲက ထုတ်လိုက်တုန်းက ပတ်ပတ်လည်မှာ တိမ်တိုက်တွေ ဖြစ်လာတယ်လေ။ မွှေးရနံ့ကလည်း မိုင်တစ်ရာ ပတ်လည်လောက်ကို လွှမ်းခြုံသွားတာဗျ။ တကယ်အံ့သြဖို့ ကောင်းတယ် . . .”
“ကမ္ဘာကြီးက ကောင်းချီးပေးတာ နေမှာပေါ့ . . .”
ဂုဂျင်လုံ ရေရွတ်လိုက်သည်။ ဆက်လက်၍လည်း –
“ဒီဆေးလုံးတွေ ထွက်လာတော့ ကမ္ဘာကြီးတောင် မူမမှန် ဖြစ်သွားခဲ့ရတာ အံ့သြစရာ မဟုတ်ပါဘူးလေ . . .”
“ကျုပ်အဲဒီနေ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ ဆေးလုံးတွေကို မြင်လိုက်ရတဲ့ အချိန်မှာ ကျုပ်ဆရာ ကောင်းကင်ကို မျက်ရည်တွေကျရင်း မော့ကြည်လိုက်တယ်ဗျ . . .”
ရဲရှောင် ပြောလိုက်သည်။
“နှစ်ပေါင်း ၄၀၀ နီးပါး ကြိုးစားပမ်းစား လုပ်ခဲ့တယ်။ နောက်ဆုံးတော့ ဆေးတိမ်တိုက်ဖြစ်အောင်ကို လုပ်နိုင်ခဲ့တယ်။ ဒါ . . . ဒါ အရမ်းကို ရင်ထဲ ထိသွားမှာပဲ . . .”
ဂုဂျင်လုံ နားလည်ဟန်ဖြင့် စုတ်တသပ်သပ် ရေရွတ်လိုက်သည်။
“ကျုပ်ဆရာ သူ့ရဲ့ ပထမဆုံး ထူးခြား အစွမ်းထက်တဲ့ ဆေးလုံးတွေ လုပ်ပြီးတော့ သူရပ်နားခဲ့တယ်။ သူ့အဖေရဲ့ ဂူဗိမာန်ကို သွားပြီးတော့ အမွှေးနံ့သာနဲ့ ပူဇော်ခဲ့တယ်လေ။ အဲဒီနေရာမှာ ၁၀ ရက်တိုင်တိုင် နေခဲ့ပြီးတော့ အဲဒီ ၁၀ ရက်အတွင်း ဘာဆိုဘာမှကို မပြောခဲ့ဘူး . . .”
ရဲရှောင် ပြောလိုက်၏။
ဂုဂျင်လုံနှင့် ၀မ်ဇန်းဟိုတို့သည်လည်း ဘာပြန်ပြောရမှန်းပင် မသိ ဖြစ်နေကြပါသည်။
အကယ်၍ သူတို့သာ ရဲရှောင်၏ ဆရာ နေရာတွင် ဆိုလျှင်လည်း ဘာဆိုဘာမှ ပြောနိုင်တော့မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ပြောစရာ စကားပင် မရှိတော့၍ ဖြစ်၏။
နှစ်ပေါင်း ၄၀၀ နီးပါး ဖြတ်သန်းကြုံတွေ့ လာခဲ့ရသည့် အခက်အခဲများကို မည်ကဲ့သို့ ပြောဆို နိုင်ပါမည်နည်း။
“အဲဒါကြောင့် ဆေးလုပ်ခြင်းရဲ့ လျို့ဝှက်ချက်ဆိုတာ ရိုးရိုးလေးပါ . . .”
ရဲရှောင် ပြုံးကာ ပြောလိုက်၏။ ဆက်လက်၍လည်း –
“ကျုပ်ရဲ့ ဆရာက အဓိကကျတဲ့ အချက်အနည်းငယ်ကို ပြောပြခဲ့တယ်။ အဲဒါတွေကတော့ ‘သန့်စင်တဲ့ နှလုံးသား၊ သန့်စင်တဲ့ ဝိညာဉ်၊ သန့်စင်တဲ့ ခန္ဓာကိုယ်နဲ့ သန့်စင်တဲ့ စိတ် ရှိရမယ်၊ ဒုက္ခနဲ့ ဝေးအောင်နေရမယ်၊ မြူဆွယ်ဖျားယောင်းမှုတွေကို တွန်းလှန်နိုင်ရမယ်၊ စိတ်ရှုပ်ထွေးခြင်း ရှိမနေဘဲနဲ့ လူသားနဲ့ သဘာဝတရားကြီးနဲ့ တသားတည်း ဖြစ်နေရမယ်’ တဲ့ . . .”
“တွေးကြည့်ရင်တော့ လွယ်လွယ်လေးပါ။ ဒီစကားလုံးတွေက ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေ ရဲ့ လျို့ဝှက်ချက်ပဲ . . .”
ရဲရှောင်မှ ပြုံးလျက် ပြောလိုက်သည်။ ဆက်လက်၍လည်း –
“ကျုပ်အကုန်လုံး ပြောပြပြီးပြီနော် . . .”
“အင်း . . .”
ဂုဂျင်လုံ သက်ပြင်းချလိုက်ရင်း –
“သန့်စင်တဲ့ နှလုံးသား၊ သန့်စင်တဲ့ ဝိညာဉ်၊ သန့်စင်တဲ့ ခန္ဓာကိုယ်နဲ့ သန့်စင်တဲ့ စိတ် ရှိရမယ်၊ ဒုက္ခနဲ့ ဝေးအောင်နေရမယ်၊ မြူဆွယ်ဖျားယောင်းမှုတွေကို တွန်းလှန်နိုင်ရမယ်၊ စိတ်ရှုပ်ထွေးခြင်း ရှိမနေဘဲနဲ့ လူသားနဲ့ သဘာဝတရားကြီးနဲ့ တသားတည်း ဖြစ်နေရမယ် . . . တော်တော်ကောင်းတဲ့ စကားလုံးတွေပဲ . . .”
ဂုဂျင်လုံ သက်ပြင်းတစ်ချက် ထပ်မံ၍ ချလိုက်ပြန်ရင်း –
“ဒါကလည်း ပြောတော့သာ လွယ်တာ၊ တကယ့်တကယ် လုပ်မယ်ဆိုရင် စကြာဝဠာ တစ်ခုလုံးမှာ ဘယ်နယောက်များ လုပ်နိုင်မှာလဲ . . .”
ထိုအချိန် သူ့ခေါင်းထဲတွင် အကြံထုတ်လျက် ရှိနေ၏။
မရဏ ကျောက်တုံးကို ပြန်လည် ရယူပြီးပါက သူသည် ရဲရှောင်ဆရာ ဆေးပညာရှင်အား ဖမ်းဆီး၍ ချင်းယန်နယ်ပယ်သို့ ခေါ်သွားပြီး သူ့ဂိုဏ်းအတွက် ဆေးလုံးများ လုပ်ပေး ခိုင်းစေရန် တွေးနေခြင်း ဖြစ်ပါသည်။
သူ၏ ဂိုဏ်းအတွင်းမှ အစွမ်းထက် သယံဇာတများဖြင့် ဆိုပါက ရဲရှောင်၏ ဆရာသည်လည်း အသက်ရှည်လာနိုင်ပြီး ကျင့်ကြံမှု အဆင့် မြင့်လာနိုင်မည်ဟုလည်း မျှော်လင့်နေမိသည်။
ဆေးပညာရှင်တစ်ဦး အနေဖြင့် သူ့ကိုယ်သူ အဆင့်မြင့်တင်ရန် လိုအပ်ပြီး သို့မှသာ တခြားလူများ အတွက် ဆေးလုံးများ လုပ်ပေးနိုင်မည် မဟုတ်ပါလား။
သို့သော်လည်း ရဲရှောင်ပြောသည့် စကားလုံးများကို ဂုဂျင်လုံသည် အကြွင်းမဲ့ ယုံကြည် နေမိသဖြင့် သူ့အစီအစဉ်ကို လက်လျှော့ လိုက်ရလေ၏။
ဆေးပညာရှင်တစ်ဦးအား အတင်းအကြပ် ခြိမ်းခြောက်၍ ဆေးလုပ်ခိုင်းမည် ဆိုပါက သန့်စင်သော နှလုံးသား၊ သန့်စင်သော ဝိညာဉ်တော် စသည်တို့ ရှိနိုင်တော့မည် မဟုတ်ပေ။ စိတ်ရှုပ်ထွေးခြင်း ရှိမနေဘဲနဲ့ လူသားနဲ့ သဘာဝတရားကြီးနဲ့ တသားတည်း ဖြစ်နေရမယ် ဟူသော အဆိုမှာလည်း ထိုကဲ့သို့ လုပ်လိုက်သည်နှင့် ပျက်ဆီးသွားမည် မဟုတ်ပါလား။
ဆေးပညာရှင်တစ်ဦး၏ စိတ်ကို ရှုပ်ထွေး စေလိုက်မည် ဆိုပါက ဂုဂျင်လုံအတွက် ဆေးလုံးများ လုပ်ပေးနိုင်သည့်တိုင် ထူးခြား အစွမ်းထက်သော ဆေးလုံးများ အဆင့်တော့ ရအောင် လုပ်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် သူ့အကြံမှာ ဆေးပညာရှင်အား ပျက်ဆီးရာ ပျက်ဆီးကြောင်း လုပ်သလို ဖြစ်မည် ဆိုတာကို သူ့ကိုယ်သူ သိလိုက်ပါသည်။ ယခုအခြေနေတိုင်းသာ ရှိနေခြင်းဖြင့်သာ သူ့လည်း ဆေးလုံးများအား ရရှိစေနိုင်မည် ဖြစ်ပါသည်။
ရဲရှောင်ပြောသမျှအား ဂုဂျင်လုံသည် အကြွင်းမဲ့ကို ယုံကြည်နေမိလေ၏။
အဘယ်ကြောင့်ဆိုသော် ရဲရှောင်ပြောသော အကြောင်းအရာများသည် လီဆယ်ပြောဆိုရန် လုံးဝ မဖြစ်နိုင်သော အကြောင်းအရာများပင် ဖြစ်နေသည်။
ဇာတ်လမ်းအတွင်း ပါဝင်နေသည့် သီအိုရီများ ဥပဒေသများမှာလည်း အလွန်ကို လေးစားဖွယ် ကောင်းလှလေ၏။
သူကိုယ်တိုင်ပင် ထိုကဲ့သို့ ဇာတ်လမ်းဆင်၍ ပြောဆိုနိုင်မည် မဟုတ်ပေ။
သို့သော် သူမသိသည့် အချက်မှာ သူ့ရှေ့တွင် ရှိနေသူမှာ ရှောင်ဧကရာဇ် ဖြစ်နေသည် ဆိုသော အချက်ပင် ဖြစ်လေ၏။
ရဲရှောင်ပြောသည့် သီအိုရီများ၊ ဥပဒေသ အချက်အလက်များသည် အမှန်အကန်ပင် ဖြစ်လေ၏။ သို့သော် သီအိုရီ ဥပဒေသများသာ ဖြစ်ပေသည်။ ထူးခြားအစွမ်းထက်သည့် ဆေးလုံးကို လုပ်နိုင်သည့် သီအိုရီတော့ မဟုတ်ချေ။
ဇာတ်လမ်းကျောရိုးမှာ အမှန်အကန်ပင် ဖြစ်ပြီး သို့သော် အဓိက ဇာတ်ဆောင်မှာမူ ရဲရှောင်၏ ဆရာ မဟုတ်ချေ။ သူ့ယခင်ဘ၀တုန်းက တော်စပ်ခဲ့ဖူးသော သွေးသောက်ညီအစ်ကို တစ်ယောက်၏ အကြောင်းပင် ဖြစ်လေသည်။ ထိုလူသည် ဓားကျင့်စဉ် ပညာရပ်အား တစ်ဘ၀လုံး မြုပ်နှံထားသူ ဖြစ်၏။ ရဲရှောင်မှ အဆိုပါလူ၏ ကျင့်ကြံမှု သီအိုရီများအား လုပ်ကြံ ပြောဆိုလိုက်ခြင်းသာ ဖြစ်ပေသည်။
ထိုလူ၏ ဇာတ်လမ်းအား ကျောရိုးယူ၍ တန်ဆာဆင်ကာ လုပ်ကြံပြောလိုက်ခြင်းပင် ဖြစ်သည်။
ရဲရှောင်၏ သွေးသောက်ညီအစ်ကို အကြောင်း ပြောရမည် ဆိုပါက သူ့ကြောင့်ပင် ရဲရှောင်သည် ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်လေ၏။
ဒါ့အပြင် ရဲရှောင် ပြောသကဲ့သို့ ဆေးလုပ်နိုင်ရန်မှာမူ မည်သို့မျှ မဖြစ်နိုင်ပါချေ။
ဓားပညာရပ်၏ ဥပဒေသအတိုင်း ဆေးပညာရပ်တွင် အသုံးချခြင်းမှာ ရူးမိုက်သော လုပ်ရပ်တစ်ခု ဖြစ်သောကြောင့်ပင် ဖြစ်၏။
ရဲရှောင် ခေါင်းကိုမော့ရင်း ၀မ်ဇန်းဟိုအား ကြည့်လိုက်သည်။ ထို့နောက် ပြုံးလျက် ခနဲ့တဲ့တဲ့ လေသံဖြင့် –
“ကျုပ်က ဒီကိုလာတာ ကျုပ်ကိစ္စလေး ရှိနေလို့ပါ။ အခု ကျုပ်ကို သွားခွင့်ပြုတော့မှာလား၊ ကျုပ်ဖြင့် အစတုန်းက နားမလည်နိုင်အောင်ကို ဖြစ်နေတာ၊ တကယ်တော့ ခင်ဗျားတို့က ကျုပ်ကို ဒီလို ခေါ်ထားတာ ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေ အကြောင်းကို သိချင်လို့ကိုး . . . အခု ကျုပ်ပြောပြ လိုက်ပြီ ဆိုတော့ ကျေနပ်သွားကြပြီမလား . . .”
၀မ်ဇန်းဟိုသည် အနည်းငယ် ရှက်အမ်းအမ်း ဖြစ်သွားလေ၏။
မော်တယ်ကမ္ဘာကြီး၏ နာမည်ကျော် လင်းပါအို လေလံခန်းမ ပိုင်ရှင်အနေဖြင့် ယခုလို လုပ်ခြင်း သည် အမှန်တကယ်ပင် ရှက်ဖွယ်လိလိ ဖြစ်ချေ၏။ သို့သော်လည်း မတတ်သာသည့် အခြေအနေတစ်ခု ရှိနေသည် မဟုတ်ပါလား။
ရဲရှောင်မှ –
“အခု ကျုပ်ခင်ဗျားတို့ကို အားလုံး ပြောပြပြီးသွားပြီ ဆိုတော့ ကျုပ်အသက်ကိုတော့ ချမ်းသာပေး မယ် မလား၊ အနည်းဆုံးတော့ ခင်ဗျားတို့ကို ကျုပ်လျို့ဝှက်ချက်တွေ အများကြီး ပြောပြခဲ့တယ်လေ။ တကယ်လို့ ကျုပ်သေသွားခဲ့ရင် ကျုပ်ဆရာ ကြိုးစားထားသမျှ လျို့ဝှက်ချက်တွေ အကုန်လုံးလည်း ပြန့်ကုန်မှာဆိုတော့ ကျုပ်ဆရာလည်း ဖြေမဆည်နိုင်လောက်ဘူး . . .”
“ခင်ဗျား ကျုပ်တို့ကို အထင်လွဲနေပြီ နောင်ကြီးဖန် . . .”
၀မ်ဇန်းဟိုမှ ကပျာကယာ ရှင်းပြလိုက်သည်။ ထို့နောက် ဆက်လက်၍လည်း –
“ငါက ဒီလိုလူမျိုး မဟုတ်ပါဘူး . . . ငါက . . .”
ရဲရှောင်မှ –
“အခုပြောနေတာက လူတိုင်း လိုချင်နေတဲ့ ထူးခြား အစွမ်းထက်တဲ့ ဆေးလုံးတွေ အကြောင်းနော်”
ဂုဂျင်လုံမှ ပြုံးလိုက်ရင်းဖြင့် –
“ညီလေးဖန် . . . မင်းက အမှန်တိုင်းကို ပြောခဲ့တာပါ။ ဒါပေမဲ့ ငါတို့ ဆေးလုံးတွေကို လိုချင်နေ ရင်တောင်မှ ဒီလို ယုတ်မာတဲ့ နည်းလမ်းကို မသုံးပါဘူးကွာ . . .”
ပြောတာကို ခဏနားလိုက်ပြီးနောက် ဆက်လက်၍ –
“မင်းစိတ်မရှိဘူးဆိုရင် တစ်ခုလောက် မေးလို့ရမလား၊ မင်းဆရာ ဖေးယွမ်ဆေးထက် အဆင့်မြင့်တဲ့ ဆေးလုံးတွေကိုရော လုပ်ဖို့ ဖြစ်နိုင်လောက်လား . . .”
ရဲရှောင်မှ အံ့သြဟန်ဖြင့် –
“ဖြစ်နိုင်တာပေါ့ ဒါပေမဲ့ ကျုပ်ပြောသလိုပေါ့ ကျုပ်ဆရာမှာက အချိန်သိပ်မကျန်တော့ဘူး၊ အဲဒါကြောင့်မို့ . . .”
“ငါသိပါတယ် . . .”
ဂုဂျင်လုံမှ ချက်ချင်းပင် ကြားဝင် ပြောလိုက်သည်။
“ကောင်းပြီ . . . နောက်တစ်ခု ထပ်ပြောရမယ်ဆိုရင် ဒီနေ့ ငါတို့ မင်းအဖော် နည်းနည်း ရိုင်းပြ သလို ဖြစ်ခဲ့ရတဲ့ နောက်ထပ် အကြောင်းအရာ တစ်ခု ရှိသေးတယ် . . .”
ရဲရှောင် အံ့သြသွားဟန်ဖြင့် –
“နောက်ထပ် အကြောင်းအရာ တစ်ခု ဟုတ်လား . . .”
သူသည် တမင် ဟန်ဆောင်၍ အံ့သြခြင်း မဟုတ်ပေ၊ စိတ်ထဲမှ တကယ်ကိုပင် အံ့သြသွားခြင်း ဖြစ်လေ၏။
ဂုဂျင်လုံ အကြောင်းကို သူယခင်ကတည်းက သိထားပြီး ဖြစ်သဖြင့် သတိအနေအထားဖြင့် ရှိနေလိုက်ပါသည်။
ဂုဂျင်လုံမှာ ဉာဏ်နီဉာဏ်နက် များသော လူတစ်ဦး ဖြစ်သည့်အပြင် အလွန်အစွမ်းထက်သော လူတစ်ဦး ဖြစ်လေ၏။ လူတစ်ဦးနှင့် ပြုံးရွှင်စွာ စကားပြောနေရင်း သူ့ဓားကို ထုတ်ကာ ရုတ်တရက် တိုက်ခိုက်တတ်သော လူတစ်ဦးလည်း ဖြစ်လေသည်။ ယခင်ကတည်းက ထိုကဲ့သို့ အပြုအမူမျိုး ကြိမ်ဖန်များစွာ လုပ်ခဲ့ဖူးပါသည်။
ဂုဂျင်လုံ၏ အပြုံးနောက်ကွယ်မှ ဓားချက်ကြောင့် ချင်းယန်နယ်ပယ်တွင် သေဆုံးခဲ့သည့် လူများစွာ ရှိခဲ့ဖူး၏။ ထိုလူများသည် သူတို့ကိုယ်သူတို့ ဘာဖြစ်သွားမှန်း သတိပင် မထားမိလိုက်ဘဲ သေဆုံးသွားခဲ့ကြ ရခြင်းပင် ဖြစ်ပါတော့သည် . . .။