Chapter – 103
“လုပ်ဇာတ်”
၀မ်ဇန်းဟိုနှင့် ဂုဂျင်လုံတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
(သူ့ဆရာဆိုတော့ . . .)
ရဲရှောင်၏ စကားအသွားအလာတွင် အချက်အလက်များစွာ ဖော်ပြလိုက်ပြီး ဖြစ်သည်။
ဆိုလိုသည်မှာ ဖန်ဇီလင်သည် ထူးခြားအစွမ်းထက်သော ဆေးလုံးများ လုပ်နိုင်ခြင်း မရှိဘဲ ထိုကဲ့သို့ လုပ်နိုင်သည့်လူမှာ သူ့နောက်ကွယ်ရှိ လူဖြစ်တယ် ဆိုတာကိုပင် ဖြစ်၏။
ထိုလူသည်လည်း ထိပ်တန်းအဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။
ဂုဂျင်လုံနှင့် ၀မ်ဇန်းဟိုတို့သည် အစကတည်းက စဉ်းစားထားသား ဖြစ်၏။ ဖန်ဇီလင်၏ ပုံစံသည် နဂိုရဲရှောင်ပုံစံထက် အများကြီး ကြီးသည်ဟု ဆိုနိုင်သော်လည်း အသက် ၃၀ ၀န်းကျင်လောက်သာ ရှိနေခြင်း ဖြစ်၏။ အသက် ၃၀ အရွယ် လူတစ်ယောက်မှ ထိပ်တန်းအဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေသည် ဆိုသည့် အချက်သည် သံသယဖြစ်ဖွယ်ရာပင် မဟုတ်ပါလား။ ထို့ကြောင့် ယခု ဖန်ဇီလင်၏ နောက်ကွယ်တွင် ဆရာတစ်ယောက် ရှိနေသည် ဆိုခြင်းကို ယုံကြည်မိသွား ကြပါတော့သည်။
၀မ်ဇန်းဟို ရယ်မောလိုက်ရင်းဖြင့် –
“နောင်ကြီးဖန် . . . ကျုပ်သိချင်တာ ခင်ဗျားရဲ့ ဆရာက ထူးခြား အစွမ်းထက်တဲ့ ဖေးယွမ် ဆေးလုံးတွေ အပြင် တခြား ဘယ်လို အဆင့်မြင့် ဆေးလုံးတွေများ လုပ်နိုင် သေးသလဲ . . .”
ရဲရှောင်သည် ခဏတာမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းကို မော့ကြည့်လိုက်၏။ ချီတုံချတုန် ဖြစ်နေသည့် ပုံစံမျိုးဖြင့် –
“ကျုပ်က လင်းပါအို လေလံခန်းမနဲ့ ရင်းနှီးနေပြီ ဆိုတော့ ခင်ဗျားတို့ အမေးကို အမှန်တိုင်းပဲ ပြောပြသင့်တယ်လို့ ကျုပ်ဖြင့် ယူဆမိတယ် . . .”
ဂုဂျင်လုံနှင့် ၀မ်ဇန်းဟိုတို့ နှစ်ဦးလုံး စိတ်ဝင်စားသွား မိကြသည်။
ဖန်ဇီလင်ပြောမည့် အကြောင်းအရာသည် အလွန် အရေးကြီးမည် ဟုလည်း စိတ်ထဲမှ အလိုလို သိနေကြပါတော့သည်။
“ကျုပ်ရဲ့ ဆရာက လွန်ခဲ့တဲ့ နှစ်ကမှ ဆေးစလုပ်ခဲ့တာဗျ . . .”
ရဲရှောင်၏ ပထမဆုံး ပြောလိုက်သည့် စကားကပင် သူတို့ ၂ ဦးလုံးအတွက် ကြောင်ငေး သွားစေမိလေသည်။
(ဘယ်လို . . . မနှစ်ကမှ ဟုတ်လား . . . ဒါဆိုရင် ဆိုလိုချင်တာက ဆေးလုပ်တဲ့ သက်တမ်း ၁ နှစ်နဲ့ ဒီလို ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေကို လုပ်နိုင်ခဲ့တာလား . . .
ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲ၊ အဓိပ္ပါယ် မရှိလိုက်တာ၊ ဟုတ်ရော ဟုတ်ပါ့ မလား . . .)
“ကျုပ်ကို လိမ်ပြောနေတယ်၊ တမင် ကြွားပြောနေတယ်လို့ ခင်ဗျားတို့ ထင်ကောင်း ထင်ကြပါလိမ့် မယ်။ ဒါပေမဲ့ ကျုပ်ပြောနိုင်တာ တစ်ခုကတော့ ကျုပ်ပြောတဲ့ အချက်ဟာ အမှန်ပဲဗျ။ ထူးခြား အစွမ်းထက် တဲ့ ဆေးလုံးတွေက အကောင်းဆုံး သက်သေပဲလေ . . .”
ရဲရှောင် ဆက်ပြောလိုက်လေ၏။
“ဆက်ပြောပါဦး . . .”
အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်လိုက်ကြပြီး ဆက်မေးလိုက်၏။
“ကျုပ်ရဲ့ ဆရာက အခုဆိုရင် အသက် ၃၉၇ နှစ် ရှိပြီ။ သူက မြေကြီးအဆင့်ရဲ့ အဆင့် ၉ ရှိတဲ့ လူတစ်ယောက်ပဲ။ ဒီအဆင့်က သူ့ရဲ့ နောက်ဆုံး အဆင့်လို့တောင် ပြောလို့ရတယ်။ နောက်ထပ် ၃ နှစ် ကနေ ၅ နှစ်အတွင်း သူသေတော့မယ် ထင်တာပဲ . . .”
ရဲရှောင် ဆက်လက်၍လည်း –
“ကျုပ်ရဲ့ ဆရာက ဆေးပညာရှင် မျိုးရိုးဗျ။ မွေးကတည်းက ဆေးလုပ်နည်း ပေါင်းစုံကို မြင်ခဲ့ ကြားခဲ့ရတယ်။ ဒါပေမဲ့ သူ့အဖေကတော့ သူ့ကို ဆေးလုံးတွေနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်း တွေကိုပဲ ဖတ်စေခဲ့တယ်လေ။ ဒူးထောက်တောင်းပန်ပြီး လေ့ကျင့်ဖို့ တောင်းဆိုခဲ့တာတောင် သူ့ကို ခွင့်မပြုခဲ့ကြဘူးဗျ . . .”
ရဲရှောင်၏ ပြောစကားများကို နားထောင်ရင်း ဂုဂျင်လုံ မျက်မှောင် ကြုတ်နေမိ၏။
ဂုဂျင်လုံသည် ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း တစ်ခုခုကို ပုံဖော်မိသလို ဖြစ်နေပြီ ဖြစ်၏။
ထိုအချိန် ၀မ်ဇန်းဟိုမှ –
“ဘာလို့လဲ . . .”
ရဲရှောင်မှ ပြုံးပြလိုက်ကာ –
“ကျုပ်ပြောတာကို သေသေချာချာနဲ့ စိတ်ရှည်ရှည်လေး နားထောင်ပေးပါ . . .”
ဝမ်ဇန်းဟိုလည်း နှုတ်ဆိတ်ကာ သွားလေ၏။
“အဲဒီနောက်တော့ ကျုပ်ဆရာဟာ သူ့ရဲ့ အစောပိုင်း ကာလတွေမှာ ကမ္ဘာပေါ်မှာ တွေ့နိုင်တဲ့ ဆေးလုံးတွေ အကြောင်း ရေးထားတဲ့ စာအုပ်တွေကိုပဲ ဖတ်ခဲ့ရတယ်။ နောက်ပိုင်း သူလေ့လာ မှတ်သားခဲ့ တာတွေနဲ့ လက်တွေ့ လုပ်သင့်တယ်လို့ သူ့ကိုယ်သူ ခံစားမိခဲ့တယ်။ ဒါပေမဲ့ သူ့အဖေကတော့ သူ့ကို ခွင့်မပြုဘူးမလား . . . နောက်ဆုံး သူ့အဖေဟာ သူ့ကို အရမ်းကို ခက်ခဲလှတဲ့ ကိစ္စတစ်ခုကို မယုံနိုင်လောက်အောင်ပဲ ခိုင်းခဲ့တယ်လေ . . .”
“ဘာများလဲ . . . ဘယ်လောက်တောင် ခက်ခဲပြီး မယုံနိုင်စရာ ကောင်းနေလို့လဲ . . .”
၀မ်ဇန်းဟိုမှ ရဲရှောင် စကားဆုံးသည်နှင့် သိချင်ဇောဖြင့် မေးလိုက်ပါသည်။
“အဲဒါက ဘာလဲဆိုတော့ . . . စာအုပ်တွေ အကုန်လုံးကို နှုတ်တိုက် အာဂုံဆောင်နိုင်အောင် လုပ်ခိုင်းတာပဲ။ တစ်လုံးမှ အလွဲမခံဘူး။ စာလုံးလေး သတ်ပုံကအစ တစ်ခုမှကို အလွဲမခံတာ . . .”
ရဲရှောင် ပြောလိုက်၏။ ဆက်လက်၍လည်း –
“လူတစ်ယောက်က ဂိုဏ်းထဲကို ၀င်ချင်ရင် ပထမဆုံး လုပ်ရမှာက စာအုပ်တွေကို ထုံးလိုချေ ရေလိုနှောက် ရနေရမယ်။ ကျုပ်တို့ဂိုဏ်းဟာ မော်တယ်ကမ္ဘာမှာရှိတဲ့ ရှားပါး စာအုပ်စာတမ်း အတော်များများကို စုဆောင်းမိထားတယ်လေ။ ကျုပ်တို့ မသိတဲ့ စာအုပ်ဆိုတာ ခပ်ရှားရှားပဲ။ ကျုပ်တို့ရဲ့ စာအုပ်တွေကိုသာ စုပုံထားလိုက်မယ်ဆိုရင် အိမ်အချို့ ပြည့်သွားလောက်မယ်။ ကျုပ်ဆို ဂိုဏ်းထဲမှာ နေလာတာ နှစ် ၂၀ ရှိနေပြီ။ ဒါပေမဲ့ အခုထိ စာအုပ်တွေ အကုန်လုံးကို ဖတ်လို့ မပြီးသေးဘူး။ ကျုပ်ဆရာရဲ့ အဖေက သူ့ကို ဒီစာအုပ်အားလုံး ကျက်ခိုင်းပြီးတော့ တစ်လုံးမှတောင် အမှားမခံဘူးတဲ့လေ။ ဒါက ကောင်းကင်ကို ရောက်အောင် ကြိုးစားတာထက်ကို ပိုခက်သေးတယ် . . .”
ဂုဂျင်လုံနှင့် ဝမ်ဇန်းဟိုတို့သည် သက်ပြင်းကိုယ်စီ ချလိုက်ကြလေသည်။ အဖေဖြစ်သူမှ အဘယ်ကြောင့် ထိုကဲ့သို့ လုပ်ခိုင်းသငလဲ ဆိုတာကိုလည်း နားမလည်နိုင်အောင် ဖြစ်နေကြလေ၏။
“နောက်တော့ရော . . .”
ဝမ်ဇန်းဟိုမှ မေးလိုက်သည်။
“နောက်တော့ ကျုပ်ရဲ့ဆရာလည်း တကယ်ပဲ စာတွေ ဖတ်ရှု လေ့လာတော့တာပေါ့။ သူစာအုပ်တွေ အကုန်လုံးကို အာဂုံ မဆောင်နိုင်ခင်မှာပဲ သူ့အဖေ ကွယ်လွန်သွားခဲ့တယ်။ သူ့အဖေ မသေခင်မှာ မှာသွားတာကတော့ ‘ငါ့သား . . . ငါ့တစ်ဘ၀လုံး ဆေးလုပ်တာနဲ့ပဲ အချိန်ကုန်ဆုံး ခဲ့ရတယ်။ လူအများရဲ့ အမြင်မှာတော့ ဆေးပညာရဲ့ ပါရဂူကြီး တစ်ဆူပေါ့ . . . ငါ့ထက် တော်တဲ့လူဆိုတာ အများကြီး မရှိနိုင်တော့ဘူး၊ ဒါပေမဲ့ ငါ့အရည်အချင်းဟာ အများကြီး လိုနေသေးတယ်ဆိုတာကို ငါ့ကိုယ်ငါ သိနေတယ်၊ အရမ်းအရမ်းကို လိုနေသေးတာ . . .
ဆေးနယ်ပယ်ကြီးမှာ အကန့်အသတ်ဆိုတာ မရှိဘူးကွ။ အခုမှ ငါက မိုင်တစ်ရာလောက် ရှိတဲ့ ဆေးပညာ ခရီးလမ်းရဲ့ ခြေလှမ်း တစ်လှမ်းနှစ်လှမ်းလောက် လှမ်းမိရုံလေး ရှိသေးတာပါ။
ငါ့ကိုယ်ငါ အမှတ်အတိုင်း သိလိုက်ရတဲ့ အချိန်မှာ အရမ်းနောက်ကျပြီး ငါကလည်း အိုမင်းသွားပြီကွ၊ အဲဒါကြောင့် မင်းဆေးလုံးတွေကို လုပ်တဲ့အခါ တည်ငြိမ်တဲ့ နှလုံးသား ဖြစ်ဖို့လိုတယ်။ မင်းမှာ အဲဒီလို နှလုံးသား မရှိရင်တော့ မင်းနှလုံးသားက မင်းကို နောက်ကျအောင် လုပ်နေမှာပဲ’ ဆိုပြီး တော့ကို မှာခဲ့တာဗျ . . .”
ဂုဂျင်လုံသည် ရဲရှောင် ပြောသမျှအား အာရုံစူးစိုက်ကာ နားထောင် နေလေ၏။ သူ၏ စိတ်ထဲတွင် လည်း –
(ထူးခြား အစွမ်းထက်တဲ့ ဆေးလုံးတွေရဲ့ လျို့ဝှက်ချက် ဒီဇာတ်လမ်းမှာ ပါမယ်ထင်တယ် . . .)
“ကျုပ်ဆရာရဲ့ အဖေ အလေးအနက် မှာသွားတာ တစ်ခုလည်း ရှိသေးတယ်။ အခုနောက်ပိုင်းမှာတဲ့ စာအုပ်တွေကို သူက မဖတ်တော့ဘူး၊ စာအုပ်ထဲက အမှားတွေကိုသာ တွေ့အောင် လိုက်ရှာတယ်တဲ့ အဲဒီလိုကို ပြောသွားတာ . . .”
“နောက်ပြီး ဆေးလုပ်တဲ့အခါမှာ ထပ်တလဲလဲ ဒီနည်းလမ်းကိုပဲ သုံးနေရတဲ့ အခါကျတော့ ပုံသေ နည်းကြီးလို ဖြစ်နေတယ်လေ။ အဲဒီ ပုံသေနည်းထဲကို ရုန်းမထွက်နိုင် ဖြစ်နေကြတယ်။ အဲဒါကြောင့် ကျုပ်ဟာ ဒဏ္ဍာရီထဲမှာပဲ ရှိတဲ့ ထူးခြား အစွမ်းထက် ဆေးလုံးတွေကို မလုပ်နိုင်ခဲ့ဘူး . . .”
“ကမ္ဘာပေါ်မှာ ဆေးပညာရပ်နှင့် ပတ်သက်ပြီး စာအုပ်တွေ သန်းနဲ့ချီပြီး ရှိတယ်။ စာအုပ်တွေက နည်းလမ်းတွေဟာ သူ့နည်းနဲ့သူ ဟုတ်ကြတယ် ဆိုပေမဲ့ အဲဒီစာအုပ်တိုင်းမှာ စာအုပ်ရေးသူရဲ့ အာဘော် ပါနေတယ်လေ။ ဒီစာအုပ်ထဲက နည်းအတိုင်းသာ လုပ်မယ်ဆိုရင် စာအုပ်ရေးသူထက် ဘယ်လိုမှ ပိုသာ နိုင်စရာ အကြောင်း မရှိဘူး။ သဘောသဘာဝနဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကို ရနိုင်မှာ မဟုတ်ဘူး၊ အဲဒါကြောင့် အဲဒီလိုလူတွေက တခြားလူတွေနောက် ရောက်နေရတာပဲ . . .”
ဂုဂျင်လုံ ခေါင်းညိတ်လိုက်၏။
(သူပြောတာ အမှန်ပဲ၊ အမှန်တရားတွေထဲက အမှန်တရား တစ်ခုပေါ့ . . .)
ရဲရှောင်မှ ဆက်လက်၍ –
“ကျုပ်ဆရာရဲ့ အဖေက ကျုပ်ဆရာကို သူမသေခင် နောက်ဆုံး တောင်းဆိုမှု တစ်ခု လုပ်ခဲ့တယ်။ စာအုပ်တွေ အကုန်လုံးကို အာဂုံဆောင်နိုင်စေချင်တယ်တဲ့။ အဲဒါဆို၇င် ဆေးလုံးတွေရဲ့ အကြောင်း တော်တော်များများကို သိသွားမယ်တဲ့၊ အဲဒီနောက် . . . အဲဒီနောက်တော့ ဒီစာအုပ်တွေ အကုန်လုံးကို ဖယ်ရှားလိုက်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံ အသိဉာဏ်နဲ့ ဝေဖန်စမ်းစစ်ပြီး ဆေးလုပ်နိုင်တဲ့ နည်းလမ်းကို ရှာဖွေ ရမယ်တဲ့ . . . ဆိုလိုတဲ့သဘောက ဆေးလုပ်နည်း အသစ် ရှာခိုင်းတာပဲပေါ့ . . .”
“အဲဒီလို နည်းလမ်း အသစ်ကို လုပ်နိုင်ရင်လည်း လုပ်နိုင်လိမ့်မယ်။ လုပ်နိုင်ချင်မှလည်း လုပ်နိုင်လိမ့်မယ် . . . ဒါပေမဲ့ ဆေးပညာရပ်ရဲ့ ဥပဒေသတွေ သဘောတရားတွေကို နားလည်နေမှာတော့ သေချာတယ်လေ . . . အဲဒီလိုနဲ့ မှာကြားရင်း နောက်ဆုံးစကား ပြောပြီးတာနဲ့ သူ့အဖေလည်း သေသွားခဲ့တယ် . . .”
“နောက်ဆုံးစကားက ဘာတဲ့လဲ . . .”
၀မ်ဇန်းဟို မေးလိုက်ပြန်သည်။
“အဖိုးကြီး ပြောခဲ့တာက တစ်နေ့မှာ ကိုယ့်နည်းလမ်းနဲ့ကိုယ် ဆေးလုပ်နိုင်သွားပြီဆိုရင် စပြီး ဆေးပညာနဲ့ ရှင်သန်နိုင်ပြီတဲ့။ တစ်နေ့ ထူးခြား အစွမ်းထက်တဲံ ဆေးလုံးတွေကို လုပ်နိုင်တဲ့ အချိန်ကျ သူ့ရဲ့ ဂူဗိမာန်ကို လာခဲ့ပါတဲ့ ငါ့အတွက် အမွှေးနံ့သာတွေ ထွန်းပြီး ကျုပ်ဆရာရဲ့ အောင်မြင်မှုကို လာပြောပြ ပါတဲ့လေ . . .”
ရဲရှောင်သည် ပြောရင်းဖြင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။
ဂုဂျင်လုံနှင့် ၀မ်ဇန်းဟိုတို့သည် ရဲရှောင် ပြောပြသည့် ဇာတ်လမ်းအတွင်း မျောနေမိကြသည့် အတွက် သူတို့သည်လည်း သက်ပြင်းကိုယ်စီ ချလိုက်ကြပါတော့သည်။
“နောက်တော့ ကျုပ်ဆရာလည်း စာတွေကို အလွတ်ရအောင် ကျက်တယ်။ ဒီနှစ်တွေထဲမှာ သူဟာ တစ်ဖက်မှာ ကြိုးစားနေသလို တစ်ဖက်မှာလည်း တောထဲတောင်တွေထဲ ဆေးပစ္စည်းတွေ လိုက်ရှာ ခဲ့တယ်လေ။ လွန်ခဲ့တဲ့ နှစ် ၃၀၀ လုံး သူရဲ့ ဆေးမီးဖိုကို တစ်ခါမှ မထိကိုင်ခဲ့ဘူး . . .”
“နောက်ဆုံးနှစ် ရောက်တဲ့အခါမှသာ ကျုပ်ဆရာဟာ သူ့စိတ်ကူးထဲမှာ ဆေးပညာရပ် တစ်ခုခုကို ပုံဖော်မိ သွားတဲ့ပုံပဲ။ တောင်ထိပ်ကနေ သုံးကြိမ်တိတိ ရယ်မောပြီးတော့ ဆေးလုံးတွေ စပြီး လုပ်တော့ တာပဲ။ အဲဒီအချိန်မှာ သူ့ဘ၀အတွက် ပထမဆုံး ဆေးလုံးတွေကို စလုပ်ခဲ့တာပေါ့ . . .”
“အဲဒီနေ့က ကျုပ်ဆရာရဲ့ အသက်ဟာ ၃၉၅ နှစ်နဲ့ ၆ လ ပြည့်တဲ့ နေ့ပဲ . . .”
“ကျုပ်ဆရာရဲ့နောက်ကို ကျုပ်လိုက်နေတာ ၁၈ နှစ်ရှိပြီ။ အခုထိ သူပြောခဲ့တာကို ကျုပ်ဖြင့် ပြန်ကြားယောင်မိနေတုန်းပဲ . . .”
ရဲရှောင် လွမ်းဆွတ် တမ်းတသည့် ဟန်ပန်မျိုးဖြင့် ပြောလိုက်လေ၏။
“နှစ်ပေါင်း ၄၀၀ ကျော်ရင်တော့လည်း အားလုံး ပြီးဆုံးသွားမှာပါ။ ဒါပေမဲ့ ကျုပ်ကတော့ အားမလျော့မိဘူး။ ကိစ္စတိုင်းကို မျှော်လင့်ချက် ထားနိုင်တာပဲ မဟုတ်လား။ ကျုပ်အောင်မြင်တဲ့ တစ်နေ့ ကျရင်လည်း ကောင်းကင်ဘုံ ကိုးခုလုံး ဟိုးလေးတကြော်ကြော် ဖြစ်စေရမယ်။ ဒီနေ့ကစပြီး ကျုပ်မသေခင် အချိန်ထိ ဆေးလုပ်ရင်းနဲ့ ကုန်ဆုံး စေရမယ် . . .”
ရဲရှောင်၏ စကားကို နားထောင်ရင်း ဂုဂျင်လုံနှင့် ဝမ်ဇန်းဟိုတို့ နှစ်ယောက်လုံး သက်ပြင်း ချလိုက်ကြလေ၏။
မြေကြီးအဆင့်မှ လူများသည် ဘယ်တော့အခါမျှ အသက် ၄၀၀ ကျော်လွန်အောင် နေရိုးထုံစံ မရှိချေ။
ထိုကဲ့သို့ သက်တမ်း သတ်မှတ်ခဲ့ခြင်းမှာ နတ်ဘုရားများ၏ အလိုအရပင် ဖြစ်နိုင်လေ၏။
(ဖန်ဇီလင်ရဲ့ ဆရာက သူ့အသက် ၃၉၅ နှစ်ခွဲကျမှ သူ့ရဲ့ အစွမ်းတွေ ရလာခဲ့တယ်။ တကယ်တော့ သူအသက်ရှင်ရမှာ ၄ နှစ်ခွဲလောက်ပဲ ကျန်တော့တာကိုး . . . နှစ်ရာနဲ့ချီ ကြိုးစားခဲ့သမျှက လေးနှစ်ကျော် လောက်စာလေး အတွက်နဲ့လား . . .
အောင်မြင်မှုရခဲ့တာ သိပ်မကြာလိုက်ဘူး ဆိုပေမဲ့ ခဏပဲ အောင်မြင်နိုင်မှာပါလား . . .)
“ဒါကတော့ ထူးခြား အစွမ်းထက်တဲ့ ဆေးလုံးတွေရဲ့ ရာဇ၀င်ပဲ။ ဒီဆေးလုံးတွေ လုပ်နိုင်ဖို့ အတွက် နှစ်ပေါင်း ၄၀၀ နီးပါး အချိန်ယူခဲ့ရတယ်။ ဟုတ်တယ်မလား . . . ဒီလို ဆေးလုံး လုပ်ရတဲ့ ခက်ခဲမှုက တကယ်ပဲ မယုံနိုင်စရာပါလား . . .”
ဂုဂျင်လုံ ပြောလိုက်လေ၏။
“အဲဒီထက်တောင် ကြာနိုင်သေးတာပေါ့ . . .”
ရဲရှောင်မှ –
“ဆေးပညာရပ်ရဲ့ ဥပဒေသကို ကျုပ်ဆရာသာ ပုံမဖော်နိုင်ခဲ့ဘူး ဆိုရင် အဲဒီ ကုန်ဆုံးမဲ့ နှစ်ပေါင်း ၄၀၀ က ဘာအဓိပ္ပါယ်များ ရှိတော့မှာလဲ . . .”
“ဟင် . . . ဆေးပညာရဲ့ဥပဒေသ ဟုတ်လား . . .”
ဂုဂျင်လုံ မေးလိုက်သည်။
ဂုဂျင်လုံမှ အဆိုပါ ဆေးလုပ်နည်း လျို့ဝှက်ချက်အား လောဘတက်နေပုံပါပင်။ သာမန်အားဖြင့် ဂုဂျင်လုံကဲ့သို့ အဆင့်ရှိသည့် လူတစ်ဦးမှ ယခုလို အံ့သြတကြီး ထုတ်ဖော် မေးမြန်းနေမည် မဟုတ်ချေ။ သို့သော်လည်း ရဲရှောင်သည် ဂုဂျင်လုံ ရင်ခုန်သွားအောင် လုပ်နိုင်လိုက်ခြင်း ဖြစ်လေ၏။ တစ်ချိန်လုံး တည်ငြိမ်စွာ နားထောင်လာခဲ့သော ဂုဂျင်လုံသည် ဟန်ပင် မဆောင်နိုင်တော့ဘဲ ထုတ်ဖော် မေးမြန်း နေရပြီ ဖြစ်၏။
ရဲရှောင်မှ နူးညံ့သော လေသံဖြင့် –
“ကျုပ်ဆရာ ရှာဖွေ တွေ့ရှိခဲ့တဲ့ လျို့ဝှက်ချက်ဆိုတာ စကားစု တစ်စုထဲပါ . . .”
“စကားစုတစ်စု ဟုတ်လား . . . ဘာစကားစုလဲ . . .”
၂ ယောက်လုံး ပြိုင်တူ မေးမြန်းလိ်ုကြလေ၏။
“ငြိမ်းအေးမှု . . .”
ရဲရှောင် ပြန်ဖြေလိုက်သည်။
“ငြိမ်းအေးမှု ဟုတ်လား . . .”
၂ ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ကြားရသည့် အဖြေကြောင့် အံ့သြ နေကြဟန်ပါပင်။
“ဟုတ်တယ် . . . ငြိမ်းအေးမှု ဆိုတဲ့ စကားစုလေး တစ်ခုပဲ . . .”
ရဲရှောင် လက်ဖက်ရည် အနည်းငယ်ကို သောက်လိုက်လေသည်။ သူသည် အချိန်ကြာမြင့်စွာ စကားပြောနေရသည့်အတွက် ရေအတော်ဆာနေပြီ ဖြစ်၏။
“စာအုပ်စာတမ်းတွေ အကုန်လုံးကို နားလည်သွားပြီးနောက် ကျုပ်ဆရာ အဖြေထုတ်ခဲ့တာပဲ။ တကယ်တော့ ဆေးပညာရှင်တွေ ဆေးလုပ်ခဲ့တဲ့ နည်းလမ်းတွေ ဆိုတာ အမျိုးမျိုး ကွဲပြားပေမဲ့ နောက်ဆုံးမှာတော့ ဆေးရရှိအောင် လုပ်တဲ့ ရည်ရွယ်ချက်ခြင်း တူတာပဲ မဟုတ်လား . . .”
ရဲရှောင်ပြုံးလျက် ပြောလိုက်ပါတော့သည် . . .။