Chapter – 102
“ရန်သူ”
ရဲရှောင်သည် သူ့လက်တစ်ခုလုံး အသားတုံးကြီး တစ်ခုအတွင်းသို့ အစာသွပ်လိုက် သကဲ့သို့ ခံစား လိုက်ရသည်။
၀မ်ဇန်းဟိုသည် ပါးစပ်နားရွက် တက်ချိတ်မတတ် ပြုံးရယ်နေပြီး တစ်ကိုယ်လုံးသည် တုန်ရီ နေလေ၏။ သူ၏ ပခုံးပေါ်ရှိ အသားစိုင်ကြီးများသည်လည်း လှုပ်ခါလျက် ရှိနေပြီး ကြည့်ရသည်မှာ တကယ် အန်ချင်စရာပါပင်။
ရဲရှောင်သည် ထူးဆန်းသော အမူအယာဖြင့် –
“ခင်ဗျားက ဒီရက်ပိုင်း ကိုယ်ရည်စစ် သွားတယ် ဟုတ်လား . . .”
သူ့စိတ်ထဲ ပြောစရာ စကား ရှာမရအောင်ပင် ဆွံ့အ နေမိလေ၏။
(ခင်ဗျား ကိုယ်ရည်စစ် သွားတာတောင် ဒီလောက် ၀နေရင် . . . ဘယ်လိုတောင် ဒီစကား ပြောထွက်ရတာလဲ . . .)
“အိုး ဟိုးဟိုး . . . ဆရာကြီးဝမ် သူဌေးဝမ် . . . တွေ့ရတာ ၀မ်းသာပါတယ် . . .”
ရဲရှောင် ရုတ်တရက် ထပြောလိုက်သည်။ ထိုအချိန်တွင် ပါးစပ်အား လက်ဖြင့် ခပ်ကြမ်းကြမ်းလေး ပင့်၍ ရိုက်ထည့်လိုက်ပြီး ဖြစ်၏။
ထိုကဲ့သို့ လုပ်လိုက်ခြင်းမှာ အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကာ အဆစ်လွဲသွားသဖြင့် ပြန်တည့်လိုက်ခြင်း ဖြစ်လေ၏။
ရှောင်ဧကရာဇ်သည် နှစ်ဘ၀စာ မှတ်ဉာဏ် ရှိနေသော လူတစ်ဦး ဖြစ်သည့်တိုင် ယခုအကြိမ်သည် သူ့ဘ၀တွင် အကြီးမားဆုံး အရာကြီးကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်၏။ ထိုအရာကြီးမှာလည်း အံ့သြဖွယ်ရာ လူသားတစ်ဦး ဖြစ်နေပြန်ပါသည်။
ထို့ကြောင့် ထိုလူကို မြင်ကတည်းက ပါးစပ်အဟောင်းသားဖြင့် ပွင့်၍ နေသဖြင့် မေးရိုးလွဲသွားခြင်း ပင် ဖြစ်၏။
ထို့ကြောင့် အလျင်အမြန်ပင် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး ပြန်တည့်လိုက်ရလေ၏။
၀မ်ဇန်းဟိုသည် ရှောင်ဧကရာဇ်အား ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်အောင် လုပ်နိုင်သည့် ပထမဆုံး လူတစ်ဦးပင် ဖြစ်လေသည်။
ရဲရှောင်လည်း ပါးစပ်ကို ပြင်ပြီးသည်နှင့် ထိုကဲ့သို့ ပြောမိပြောရာ ပြောလိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အထာမကျသဖြင့် “ဟဲဟဲ” ဟု ပြောလိုက်သော်လည်း “ဟိုးဟိုး” ဟု အသံထွက်သွားခြင်း ဖြစ်၏။
သို့သော်လည်း ထိုကဲ့သို့ ဖြစ်သွားရခြင်းသည် သူ့အမှားတော့လည်း မဟုတ်ချေ။ ၀မ်ဇန်းဟိုသည် လူတိုင်း မျှော်မှန်းထားသည်ထက်ပင် ၀လွန်နေခြင်း ဖြစ်ပြီး လူသားတစ်ဦးနှင့်ပင် မတူလှပေ။
၀မ်ဇန်းဟိုသည် သိုင်းကျင့်စဉ် ပညာရပ်များအကြောင်း မသိသည့်တိုင် ထိပ်တန်းအဆင့် ပညာရှင် တစ်ဦး တိုက်ခိုက်မည် ဆိုပါက သူ၏ အသားစိုင်များကို ဖြတ်သန်း၍ အရိုးကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ဟု ရဲရှောင် ခန့်မှန်းလိုက်မိ၏။
ရဲရှောင်သည် ပြုံးပြလိုက်ရင်း လက်ဆွဲနှုတ်ဆက်သည့်လက်အား ပြန်ရုပ်လိုက်ကာ နောက်သို့ ပစ်လိုက်လေ၏။ သူ့လက်တွင် ဆီကဲ့သို့ အရာများ ပေကျံနေပြီး လူဝကြီး၏ လက်မှထွက်သော ချွေးများ လက်ဆီများပင် ဖြစ်ပါချေလိမ့်မည်။
“ဟားဟား ဟားဟား . . .”
၀မ်ဇန်းဟိုသည် ရယ်မောလျက်သာ ရှိနေလေ၏။
“လာပါ နောင်ကြီးဖန် . . . အပေါ်ထပ်ကို လိုက်ခဲ့ပါ။ ဟားဟားဟား . . . နှစ်တစ်ထောင် လက်ဖက်ရည်နဲ့ ဧည့်ခံပါ့မယ်။ ကျုပ်က မိတ်ဆွေဖွဲ့ရတာ အရမ်းကြိုက်တာဗျ။ အထူးသဖြင့် ခင်ဗျားလို တော်တဲ့ တတ်တဲ့ ပညာရှင်တွေ မျိုးနဲ့ပေါ့။ ခင်ဗျားကို မြင်လိုက်ရမှ ကျုပ်လည်း နေသာထိုင်သာ ရှိသွား တော့တယ်။ ခင်ဗျားနဲ့ မိတ်ဆွေတွေ ဖြစ်ချင်တယ်ဗျာ . . .”
သူသည် အဆက်မပြတ်ဖြင့် တရစပ် ပြောဆိုနေသည်။
(နှစ်တစ်ထောင် လက်ဖက်ရည်ဆိုမှတော့ လက်ဖက်ခြောက်က အမှုန့်ပဲ ဖြစ်ရမယ် . . .)
ရဲရှောင်သည် ဘာဆိုဘာမျှကို ပြန်လည် ပြောဆိုနိုင်စွမ်း မရှိပေ။
၀မ်ဇန်းဟိုသည် အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦး ဖြစ်သဖြင့် သူ၏ တုတ်ခိုင်လှသော ခန္ဓာကိုယ် သည် တစ်ဖက်လူ အမြင်တစ်မျိုး ဖြစ်နေမည်ကို ကြိုတင် သိရှိနေပုံပါပင်။ ထို့ကြောင့် ရယ်မောရင်း ဆက်လက်၍ –
“ကျုပ်ကတော့ အေးအေးဆေးဆေးပါပဲဗျာ၊ ကျုပ်ရဲ့ ခန္ဓာကိုယ် အလေးချိန်က လွဲလို့ပေါ့။ ဟားဟား၊ ဒါလည်း ကျုပ် ဘာမှ မတတ်နိုင်ဘူးမလား။ ဘာတွေပဲစားစား စားတယ် ဆိုတာနဲ့ ၀လာမှာပဲ၊ မစားဘဲကလည်း နေလို့ မရဘူးလေ။ လေ့ကျင့်ခန်းတွေ လုပ်ပေမဲ့လည်း မထူးပါဘူးလေ။ ကျုပ် အတွက်ကတော့ အမြဲတမ်း ၀နေတော့မှာပဲ။ ဘယ်လောက်ထိများ ၀နိုင်ဦးမလဲ ဆိုတာကို ကျုပ်ကိုယ်ကျုပ် သိချင်မိရဲ့ . . .”
သူလှေကား တစ်ထစ် တက်လိုက်တိုင်း လှေကားကြီးသည် တုန်ခါလျက် ရှိနေလေ၏။
“တ . . . တဖြည်းဖြည်းနဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ်လည်း ဒီလိုကြီး ဖြစ်ဖြစ် လာရတာပဲဗျာ . . .”
နောက်ဆုံးတွင်တော့ သူတို့သည် အပေါ်ထပ်သို့ ရောက်ရှိလာကြလေ၏။
“ကျုပ်ကိုယ်ကျုပ် ထင်တာတော့ ပေါင် ၁၅၀၀ လောက် ရှိနေမယ် ထင်တယ်။ မှားကောင်းလည်း မှားနိုင်ပါတယ် . . .”
“ထူးဆန်းပါပေ့ဗျာ . . .”
ရဲရှောင်သည် အံ့သြဟန်ဖြင့် ပြောလိုက်သည်။ သူ့စိတ်ထဲတွင်လည်း အမှန်တကယ်ပင် အံ့သြ နေခြင်း ဖြစ်လေ၏။
(ပေါင် ၁၅၀၀ . . .)
“ဒါက လှောင်ပြောင်စရာ မဟုတ်ပါဘူးဗျာ။ နယ်ပယ်တိုင်းမှာ ထူးချွန်တဲ့ လူဆိုတာ ရှိစမြဲပါ။ ဒီလို ခန္ဓာကိုယ် အ၀ဆုံး ပြိုင်မယ် ဆိုရင် ခင်ဗျားလည်း သမိုင်းမှာ နံပါတ် ၁ အဖြစ် ဗိုလ်စွဲလောက်ရဲ့ . . .”
ရဲရှောင် ခပ်အေးအေးပင် ပြောလိုက်သည်။
သူသည် မြောက်ပင့်၍ ပြောဆိုခြင်း မဟုတ်ပေ။ စိတ်ထဲ ရှိသည့် အတိုင်းသာ ပြောလိုက်ခြင်း ဖြစ်လေ၏။ တကယ်လည်း ဖြစ်နိုင်နေသည် မဟုတ်ပါလား။
(ဒီလောက်ထိဝတဲ့ လူမျိုး ငါ့ဘ၀ ၂ ခုလုံးမှာ မြင်ကို မမြင်ခဲ့ဖူးဘူး . . .)
၀မ်ဇန်းဟိုမှ ရယ်မော၍ –
“တော်ဝင်ပြိုင်ပွဲတွေမှာ အ၀ဆုံး လူတွေကို စစ်ဆေးမှုလုပ်ပြီး လူသစ်မခေါ်တာ တကယ်စိတ်ပျက် စရာပဲ။ ဒီလိုမှမဟုတ်ရင် ကျုပ်အဲဒီကို ရောက်ပြီးလောက်ပြီဗျ . . .”
“ခင်ဗျား ပြုံးပြလိုက်ရင်ကို လူတိုင်းက ခင်ဗျားကို အဆင့် ၁ ပေးမှာ သေချာတယ် . . .”
ရဲရှောင် ချီးကျူးဟန်ဖြင့် ပြောလိုက်၏။
သူတို့သည် အခန်းတစ်ခုအတွင်း စကားပြောရင်းဖြင့် ၀င်လာကြသည်။ အခန်းထဲသို့ ရောက်သည် အထိ ရဲရှောင်သည် သတိကြီးစွာထား၍ နေနေမိ၏။ ရောက်ရှိသွားသည့် အခါတွင်တော့ ပို၍ပင် သတိကြီးစွာ ထားလိုက်မိပါတော့သည်။
အဘယ်ကြောင့်ဆိုသော် လူတစ်ဦးအား တွေ့ရှိလိုက်၍ ဖြစ်ပါသည်။
ထိုလူသည် သက်လတ်ပိုင်းအရွယ် ဖြစ်ပြီး သူ၏မျက်နှာတွင် ပေါက်နေသည့် အမွှေးအချို့သည် ရင်ဘတ်ထိတိုင်အောင် ကျနေလေ၏။ မျက်နှာသည် ခပ်ပိန်ပိန်ဖြစ်ပြီး ခန္ဓာကိုယ်မှာတော့ ကြံ့ခိုင် သန်စွမ်းဟန်ပါပင်။ ကောင်းကင်ထက်မှ လူတစ်ဦးကဲ့သို့ မိုးပြာရောင် ၀တ်ရုံအား ၀တ်ဆင်ထား၏။
ထိုအချိန်တွင် ထိုလူသည် ရဲရှောင်အား အပြုံးဖြင့် ကြိုဆိုလိုက်ရင်း နူးညံ့သော လေသံဖြင့် –
“နောင်ကြီးဖန်လား . . .”
ရဲရှောင်သည် ထိုင်ခုံတစ်ခုံအား ကြည့်နေရင်းဖြင့် ထိုင်ချလိုက်သည်။ ထို့နောက် သူလည်း ပြန်၍ကြည့်လိုက်ရင်း –
“ဒီက မိတ်ဆွေက . . .”
သူ၏ မျက်နှာသည် တည်ငြိမ်သည့် ဟန်ပန်မျိုး ရှိနေသော်လည်း မျက်လုံးများအရ စိတ်ရှုပ်ထွေး နေသည့် ဟန်ပန်မျိုးပင် ဖြစ်နေလေ၏။
သူ့ရင်ထဲတွင်လည်း တကယ်ပင် ရတက်မအေး ဖြစ်နေသည်။
ထိုလူအား ရဲရှောင် သိနေခြင်းပင် ဖြစ်၏။
ထိုလူကို သိသည်မှာ ယခုဘ၀ ရဲရှောင် မဟုတ်ပေ၊ ရှောင်ဧကရာဇ်ပင် ဖြစ်၏။
ထိုလူအား လွန်ခဲ့သည့် ၃ လခွဲတုန်းကပင် နောက်ဆုံးအနေဖြင့် တွေ့ရှိခဲ့ပါသေးသည်။
လွန်ခဲ့သော သုံးလခွဲခန့်က ရှောင်ဧကရာဇ်အား ကျဆုံးအောင် လုပ်ခဲ့သည့် လူများအနက် တစ်ဦးပင် ဖြစ်နေလေ၏။
အင်အားစုကြီး ၃ စုအနက် ၁ စုဖြစ်သည့် သူရိယဂိုဏ်း၏ ထိပ်ဆုံး လက်ရွေးစင် ၁၀ ယောက်တွင် အဆင့် ၉ ရှိနေသူပင် ဖြစ်၏ လေဓားနတ်ဘုရား ဂုဂျင်လုံပင် ဖြစ်သည်။
သူ၏ ဓားချက်သည် လေပြည်လေညှင်းကဲ့သို့ ညင်သာလွန်းလှကာ ခြေရာလက်ရာ မကျန်အောင် သတ်ဖြတ်နိုင်သူ တစ်ဦး ဖြစ်သဖြင့် လေဓားနတ်ဘုရားဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ရဲရှောင်သည် သူ့ယခင်ဘ၀မှ ရန်သူတော်တစ်ဦးနှင့် ယခုဘ၀တွင် ပြန်၍ ဆုံတွေ့ရလိမ့်မည်ဟု မထင်မှတ် ထားခဲ့မိချေ။
ထိုကဲ့သို့ ကျင့်ကြံမှု အဆင့်မြင့်လှသော ပညာရှင်တစ်ဦး မော်တယ်ကမ္ဘာသို့ ရောက်ရှိနေခြင်းသည် အလွန်ထူးဆန်းသော ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။
ယခုအခါတွင်တော့ ရဲရှောင်သည် တစ်စုံတစ်ခုကို နားလည်သွားခဲ့ချေပြီ။ ယခုကမ္ဘာသို့ ရောက်ရှိ ကတည်းက ကောက်ချက်ချမိခဲ့သည့် အတွေးပင်ဖြစ်ပြီး ယခုအခါ ပို၍ပင် သေချာသွားပြီ ဖြစ်သည်။ မော်တယ်ကမ္ဘာနှင့် ချင်းယန်နယ်ပယ်တို့ကို ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်ခုရှိပြီး ထိုလမ်းကြောင်းမှ လူများ သွားလာနိုင်မည် ဆိုသည့် အတွေးပင် ဖြစ်၏။
အဆိုပါ လမ်းကြောင်းကိုလည်း ချင်းယန်နယ်ပယ်ရှိ အင်အားစုကြီး ၃ ခုမှသာ ထိန်းချုပ်ထားခြင်း ဖြစ်မည်ဟုပါ တွေးလိုက်မိလေ၏။
အင်အာားစုကြီး ၁ ခုချင်းစီတွင်ပင် လမ်းကြောင်းတစ်ခုဆီ ရှိနေနိုင်ပြီး လျို့ဝှက်ထားကြမည်မှာ လည်း သေချာလှပေသည်။
ဂုဂျင်လုံသည် လက်ရှိ မော်တယ်ကမ္ဘာတွင် အစွမ်းထက်ဆုံး ပညာရှင်တစ်ဦး ဖြစ်နေမည်ဆိုတာ ရဲရှောင် သိရှိနေပြီး ထိုကဲ့သို့သော အဆင့်မျိုးသည် မော်တယ်ကမ္ဘာတွင် ရှိမနေနိုင်ချေ။
သူသည် မူလတာအိုအဆင့်၏ ထိပ်သီးတစ်ဦးပင် ဖြစ်၏။
မော်တယ်ကမ္ဘာတွင် သိုင်းပညာအဆင့်အား ၃ ဆင့်ခွဲခြားထားပြီး ၎င်းတို့မှာ မော်တယ်အဆင့်၊ မြေကြီးအဆင့်နှင့် ကောင်းကင်အဆင့် ဟူ၍ ဖြစ်ကြ၏။
ကောင်းကင်အဆင့်၏ ဆရာသခင် အဆင့်ဆိုသည်မှာ ယခုကမ္ဘာ၏ အစွမ်းထက်ဆုံး အဆင့်ပင် ဖြစ်ပါသည်။
ချင်းယန်နယ်ပယ်၏ အဆင့်များမှာမူ အဆိုပါ အဆင့်များထက် မြင့်ပြီး စုစုပေါင်းအားဖြင့်လည်း ၃ ဆင့်ပင် ဖြစ်၏။
၎င်းတို့မှာ မူလဝိညာဉ်တော်အဆင့်၊ မူလအိပ်မက်အဆင့်နှင့် မူလတာအို အဆင့်တို့ပင် ဖြစ်လေ၏။
အဆင့်တစ်ခုတွင် အဆင့်ခွဲ ၉ ဆင့် ရှိနေပြီး ထို့ကြောင့်ပင် အဆင့်ကြီး ၃ ဆင့်သည် တစ်ဆင်နှင့် တစ်ဆင့်ကြားတွင် ကွာခြားမှု အလွန်ရှိသည်ဟု ဆိုနိုင်ပေသည်။
ထို့ကြောင့်ပင် ဂုဂျင်လုံအား မော်တယ်ကမ္ဘာတွင် မည်သူမှ ယှဉ်နိုင်မည် မဟုတ်ဟု ဆိုခြင်း ဖြစ်၏။
မော်တယ်ကမ္ဘာ၏ နတ်ဘုရားတစ်ပါးဟုပင် ဆိုနိုင်လေသည်။
ထိုလူသည် ရဲရှောင်၏ ရန်သူတော်ဟောင်း တစ်ဦးပင် ဖြစ်လေ၏။
ယခုအခါ ရဲရှောင်၏ ရှေ့မှောက်တွင် ရောက်ရှိနေပြီ ဖြစ်သည်။
ရဲရှောင် လက်ဖက်ရည်အား တစ်ငုံငုံလိုက်ပြီးနောက် မျိုချလိုက်သည်။ သူ၏ရင်ထဲမှ အမုန်းတရား များအား လက်ဖက်ရည်နှင့်အတူ ပြန်၍ မျှောချလိုက်လေ၏။
သူ၏ ယခင် ရှောင်ဧကရာဇ်လို အားမျိုး ရှိနေလျှင်တော့ ဂုချင်လုံအား အေးအေးဆေးဆေးပင် သတ်၍ ရနိုင်ပေသည်။
သို့သော် ယခုအချိန်တွင်မူ ဂုချင်လုံအဖို့ ရဲရှောင်အား လက်ဖျောက်တစ်ချက် တီး၍ပင် သတ်ဖြတ် နိုင်နေပြီ ဖြစ်၏။
တကယ်တမ်းတွင် လက်ဖျောက်တစ်ချက်ပင် မလိုလောက်ပေ၊ အကြည့်တစ်ချက်နဲ့တင် သေစေနိုင်မည် ဖြစ်လေ၏။
ထိုကဲ့သို့ အဆင့်ကွာခြားလှသဖြင့် ရဲရှောင် သတိကြီးစွာ ထားနေသည်မှာ လွန်သည်ဟု မဆိုအံ့ပေ။
“ကျုပ်နာမည်က ဂုပါ၊ ကျုပ်က ခင်ဗျားထက် နည်းနည်းတော့ ပိုကြီးမယ် ထင်တယ်။ ခင်ဗျား စိတ်မရှိဘူးဆိုရင် ကျုပ်ကို နောင်ကြီးဂုလို့ ခေါ်နိုင်ပါတယ်။ ကျုပ်ကတော့ မင်းနဲ့ငါနဲ့ပဲ ပြောပါရစေ . . .”
ဂုဂျင်လုံသည် သာမန်လိုပင် ပြောလိုက်လေ၏။ သူ၏ ပုံစံသည် ထိပ်သီး ပညာရှင်တစ်ဦး၏ ဟန်ပန်မျိုး မပေါက်ဘဲ သာမန်လို ဖြစ်နေခြင်း ဖြစ်ပေသည်။ စကားလုံး အနည်းငယ်ပြော၍ ရဲရှောင်နှင့် နီးစပ်အောင် ကြံစည်နေခြင်းပင် ဖြစ်လေ၏။
ယခုအခါ သူသည် ရဲရှောင်၏ အရှေ့တွင် ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ဦး၏ ဟန်ပန် အပြည့်ပါပင်။
ခြိမ်းခြောက် ပြောဆိုမှုမျိုး လုံးဝကို ရှိမနေပါချေ။
“နောင်ကြီးဂု . . .”
ရဲရှောင် ပြုံး၍ ခေါ်လိုက်လေသည်။ ထို့နောက် ဆက်လက်၍ –
“ခင်ဗျားက တကယ်ကို ယဉ်ကျေးတဲ့ လူတစ်ယောက်ပဲ၊ လေးစားမိပါတယ်ဗျာ . . .”
ဂုဂျင်လုံမှ နူးညံ့သော အပြုံးကို ပြုံး၍ –
“မင်းရဲ့နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ အခုမှပဲ လူချင်း တွေ့ခွင့် ရတော့တယ်။ ပြောရရင် မင်းက အရွယ်နဲ့ မလိုက်အောင် တော်တော် ပါရမီထူးတဲ့ လူတစ်ယောက်ပဲ . . .”
ရဲရှောင် ပြုံးပြလိုက်ရင်း –
“ကျုပ်က ငယ်ရွယ်မှုကို အကျိုးရှိရှိ အသုံးမချမိတဲ့ လူတစ်ယောက်ပါဗျာ . . .”
သူတို့သည် ရောက်တတ်ရာရာ စကားစမြည် ပြောဆိုနေကြပြီး ဂုဂျင်လုံမှ ရင်နှီးမှု ယူနေခြင်း ဆိုလည်း မမှားပါချေ။ သူ့ထံတွင် မည်သို့သော ရည်ရွယ်ချက် ရှိသလဲ ဆိုတာကို ရဲရှောင် မသိသဖြင့် ရဲရှောင်ဘက်မှ စကားမကျွံမိစေရန် ထိန်း၍ ပြောနေမိ၏။ စကားကျွံလျှင် နှုတ်၍မရ ဖြစ်မည် မဟုတ်ပါလား။ ဂုဂျင်လုံမှာမူ ရဲရှောင်နှင့် ရင်းနှီးမှု ရအောင်သာ ကြိုးပမ်းနေလေ၏။
သို့သော်လည်း ရဲရှောင်သည် ထိုအချိန်တွင် အရေးကြီးသော အချက်တစ်ချက်ကို တွေးလိုက်မိသည်။
ယခုလို နှုတ်သွက်လျှာသွက်ဖြင့် ပြောဆိုနေသည့် ဂုဂျင်လုံသည် ထိုင်ခုံ၏ ထိပ်ဆုံး နေရာတွင် ထိုင်နေခြင်းဖြစ်ပြီး ထိုကဲ့သို့ နေရာယူထားခြင်းသည်ပင်လျှင် လေလံခန်းမ၏ နောက်ကွယ်ရှိ အရေးပါဆုံး လူတစ်ဦး ဖြစ်မည်ဟု တွေးလိုက်မိခြင်း ဖြစ်၏။
စကားစမြည် ပြောဆိုကြပြီးသည့် နောက်တွင် ဂုဂျင်လုံနှင့် ၀မ်ဇန်းဟိုတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြလေ၏။ ရဲရှောင်သာ သတိကြီးစွာ စောင့်ကြည့်နေခြင်း မရှိပါက ထိုအကြည့်ကို သတိထားမိမည် မဟုတ်ပေ။
ထို့နောက် ၀မ်ဇန်းဟိုမှ မျက်နှာကြီး ပြဲထွက်လျက် ရယ်မောလိုက်ရင်း –
“ဟားဟားဟား . . . နောင်ကြီးဖန်၊ ခင်ဗျား နောက်ဆုံးတစ်ခေါက်တုန်းက ယူလာခဲ့တဲ့ ထူးခြားအစွမ်းထက် ဆေးလုံးတွေက တော်တော်ကို ကောင်းတာပဲဗျာ။ အခု ဒီမှာ လူကြီးမင်းဂုကလည်း ရောက်နေပြီ ဆိုတော့ နောင်ကြီးဖန်များ ဟဲဟဲ . . .”
“ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေက လုပ်ရတာ အရမ်းခက်တယ်ဗျ။ ကျုပ်ရဲ့ ဆရာက အခု သူ့ကိုယ်သူ သန့်စင်ရင်းနဲ့ ဒုတိယအသုတ် ဆေးလုံးတွေ လုပ်ဖို့ ကြိုးစားနေတယ်လေ . . .”
ရဲရှောင် ပြုံးလျက် ပြောလိုက်ပါတော့သည် . . .။