Switch Mode

Chapter – 101

အန္တရာယ်

Chapter – 101
“အန္တရာယ်”

“ဘယ်သူလာတာလဲ . . .”
၀မ်ဇန်းဟိုနှင့် သက်လတ်ပိုင်းအရွယ် လူတို့သည် မျက်လုံးပြုး မျက်ဆံပြူးဖြင့် မေးလိုက်သည်။ သူတို့ ၂ ယောက်လုံး အဖိုးကြီး ကွမ်ဝမ်ရှန်အား စိုက်ကြည့်နေရင်း ကွမ်ဝမ်ရှန်၏ အဖြေကို စောင့်နေကြ ပါတော့သည်။
“ဖန် . . . ဖန်ဇီလင် . . . ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေရဲ့ ပိုင်ရှင်၊ သူရောက်လာပြီ . . .”
ကွမ်ဝမ်ရှန် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေ၏။
“ဒီမျိုးမစစ်ကောင် နောက်ဆုံးတော့ ရောက်လာပြီပေါ့ . . .”
သူတို့ ၂ ယောက်လည်း ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ပြေးထွက်၍ လာကြပြီး ကွမ်ဝမ်ရှန်ကတော့ နောက်တွင် ကျန်ခဲ့ပါသည်။ တံခါးဝသို့ ရောက်ခါနီး အခါမှသာ ကိုယ်ရှိန်သပ်၍ ပုံမှန်လို လျှောက်လာကြခြင်း ဖြစ်၏။
၀မ်ဇန်းဟိုသည်လည်း ခန္ဓာကိုယ်နှင့် မလိုက်ဖက်အောင်ပင် အပြေးမြန်လှလေ၏။
. . . . . .
ရဲရှောင်သည် စိတ်ရှည်ကာ အေးအေးလူလူ နေတတ်သူ တစ်ဦးဖြစ်ပြီး လေလံခန်းမတွင် ရှိသည့် သူ့ပိုက်ဆံများနှင့် ပတ်သက်၍ ကြားထဲတွင် တစ်ခါမျှ လာရောက် မေးမြန်းခဲ့ခြင်း မရှိချေ။ သာမန်လူတစ်ယောက် အနေဖြင့် ထိုကဲ့သို့ နေနိုင်မည် မဟုတ်ပေ။
တကယ်တမ်းတွင် သူသည် ငွေစ လိုအပ်၍သာ လာရောက်ခြင်း ဖြစ်ပေသည်။ အမှန် ထိုပမာဏ လောက်ကို သူသည် ဘယ်သောအခါမှ ဂရုစိုက်ခဲ့ခြင်း မရှိပေ။
သို့သော် ထိုလေလံပွဲပြီးစဉ်တုန်းက သူသည် ငွေစ အကုန်လုံးကို ယူဆောင်သွားခဲ့ခြင်း မရှိသော်လည်း အတော်များများတော့ ပါသွားခဲ့လေ၏။ ထိုပါသွားသည့် ငွေစများ ရက်အနည်းငယ် အတွင်း အဘယ်ကြောင့် ကုန်ဆုံးသွားသနည်းဟု မေးစရာ ရှိနေချေမည်။
အဘယ်ကြောင့်ဆိုသော် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် ညတစ်ညကြောင့်ပင် ဖြစ်သည်။
ရဲရှောင် မနက်ခင်း တစ်ခုတွင် နိုးထလာစဉ်တုန်းက ကောင်းကင်မှ ရှေးဦး ခရမ်းရောင် ချီဓာတ်များအား စုပ်ယူသန့်စင်နေမိသည်။ ထိုစဉ် အစိုဓာတ်ချီ အချို့သည် ခရမ်းရောင် ချီဓာတ်များနှင့် အတူ သူ၏ စွမ်းအင်သိုလှောင်ရာအတွင်းသို့ ၀င်ရောက်လာခဲ့လေ၏။ ထို့နောက်တွင်မူ အစိုဓာတ် ချီများသည် ဟင်းလင်းပြင်များ အတွင်းသို့ ၀င်ရောက်သွားလေ၏။
ထို့နောက် ရေဟင်းလင်ပြင်တွင် မြူကဲ့သို့ အခိုးများ ဖြစ်ပေါ်လာပြီး အစိုဓာတ်များ ဖြစ်ပေါ်လာပါသည်။ အစိုဓာတ်ချီများ ရေဟင်းလင်းပြင် အတွင်းသို့ ၀င်ရောက်သွားသောအခါ မြူခိုးများဟာ ထူသထက် ထူလာပြီး ငွေ့ရည်ပင် ဖွဲ့လာကြပါတော့သည်။
ရဲရှောင် ခေါင်းထဲ စိတ်ရှုပ်ထွေးသွားမိ၏။
(သဘာဝတရားကပါ ငါ့ရဲ့ ကျင့်ကြံမှုတွေကို တိုးတက်စေတာလား၊ ရှေးဦးခရမ်းရောင် ချီဓာတ် ကြောင့်များလား . . . မယုံနိုင်စရာပဲ . . .)
ရဲရှောင်သည် စဉ်းစားလိုက်ပြီးနောက် ရေကန်တစ်ကန်ထဲတွင် အချိန်အတော်ကြာ နေနေကြည့်သည်။ အစိုဓာတ်ချီများ တိုးလာမလား ဟူသည့် မျှော်လင့်ချက်နှင့်ပင် ဖြစ်သည်။
(ကန်ထဲက ရေက အစိုဓာတ်ချီ အဖြစ် မပြောင်းနိုင်ဘူးလား၊ ကြည့်ရတာ ကောင်းကင်က ရေမှ ထင်တယ်။ မျောလွင့်နေတဲ့ ရေတွေပေါ့ . . . ဟင်းလင်းပြင်ကြီးထဲ ရောက်တော့ ထူးခြားသွားရတာပဲ)
ရဲရှောင် အတွေးနယ်ချဲ့ နေမိခဲ့သည်။
သို့သော် ကမ္ဘာကြီးပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းသည့် နေရာအား လိုက်ရှာရန်မှာ မလွယ်ကူချေ။
လွန်ခဲ့သော ညတုန်းကတော့ မုန်တိုင်းတိုက်သကဲ့သို့ မိုးများ ရွာချလာခဲ့၏။ မိုးသည် မကြာခဏ ရွာသွန်းလေ့ ရှိသည် ဆိုသော်လည်း ယခုကဲ့သို့ ဖြစ်ရပ်မျိုးသည် ရှားပါးလှပေသည်။ နှစ်တစ်ရာတွင် တစ်ကြိမ်ပင် မဖြစ်နိုင်လောက်သည့် မိုးမုန်တိုင်း တစ်ခုပင်ဖြစ်၏။
အကယ်၍ ထိုကဲ့သို့ မိုးမုန်တိုင်းကြီးသာ အချိန် အတော်ကြာ ရွာသွန်းနေမည် ဆိုပါက ကမ္ဘာကြီးပင် ပျက်ဆီးသွားလောက်ပေသည်။
ထိုကဲ့သို့ သဘာဝ တရားကြီးကို ကြိုတင် မခန့်မှန်းနိုင်သည့်အတွက် ကိုယ့်ဟာကိုယ်ပင် တီထွင် ကြံဆရမည် မဟုတ်ပါလား။
တီထွင်ကြံဆမည့် နည်းလမ်းကိုလည်း စဉ်းစားရခက်လှပြီး သို့သော်လည်း မကြာခင်မှာပင် လက်တွေ့ကျသော အဖြေတစ်ခုကို သူစဉ်းစားနိုင်ခဲ့သည်။
သူ့တွင် ဝိညာဉ်တော်ကျောက်ပြားများ လုံလောက်စွာ ရှိသည်နှင့် မိုးရာသီ စက်ဝန်း အသေးစားလေး တစ်ခုအား ဖန်တီးနိုင်မည် ဖြစ်လေသည်။ ထိုအခါ ထိုစက်ဝန်းအတွင်းရှိ မိုးအား သူ့စိတ်ကြိုက် ထိန်းချုပ်၍ ရနိုင်မည် ဖြစ်၏။
လက်တွေ့ကျသော အဖြေတစ်ခု ဖြစ်သော်လည်း ပြဿနာ တစ်ခုတော့ ရှိနေပါသေးသည်။
ထိုပြဿနာသည် ချင်းယန်နယ်ပယ်တွင် ပြောပလောက်သည့် ပြဿနာ တစ်ရပ် မဟုတ်ဘဲ ဒုတိယတန်းစား ဂိုဏ်းလောက်ပင် ထိုကဲ့သို့ မိုးရာသီစက်ဝန်းအား အလွယ်တကူ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ သို့သော် မော်တယ်ကမ္ဘာတွင်တော့ ထိုကဲ့သို့ မဟုတ်ချေ။ မော်တယ်ကမ္ဘာကြီးတွင် ထိုကဲ့သို့ ဝိညာဉ်တော်ကျောက်ပြားများမှာ ရှားပါးလွန်းလှပေသည်။
သာမန်လူများအဖို့ တစ်ဘ၀လုံးတွင် ထိုကျောက်ပြားမျိုး မြင်ပင် မြင်ဖူးမည် မဟုတ်ချေ။ အကယ်၍ မြင်တွေ့ခဲ့ဖူးသည့်တိုင် ဘာမှန်းမသိသဖြင့် သတိမထားမိနိုင်ပါဘူး။
အလွန်ကို တန်ဖိုးကြီးသလို ရှားလည်းရှားပါးလွန်းလှပါသည်။
ထို့ကြောင့် ယခုကမ္ဘာတွင် ရဲရှောင်အတွက် ရှာဖွေရခက်နေပြီး အကယ်၍ အနည်းငယ် ရှာတွေ့ မိမည် ဆိုလျှင်တောင် သူ့တွင်ရှိသည့် ငွေပမာဏဖြင့် ဆိုလျှင် မဆိုသလောက်လေးသာ ရနိုင်ပေလိမ့်မည်။ မိုးရာသီးစက်ဝန်းငယ် တစ်ခုအား ပြုလုပ်ရန်အတွက် ဝိညာဉ်တော်ကျောက်ပြား အတော်များများ လိုအပ်မည် ဖြစ်ပါသည်။
ထိုကဲ့သို့ ဝိညာဉ်တော်ကျောက်ပြား များစွာ ရရှိရန်အတွက် ငွေစများစွာ လိုအပ်နေခြင်း ဖြစ်ပါသည်။
ရဲရှောင် တကယ်ပင် ငွေစလိုနေချင်းပါ။ နည်းနည်းလေးတောင် မဟုတ်ပေ၊ များစွာ လိုနေခြင်းပင် ဖြစ်၏။
ထို့ကြောင့် လင်းပါအို လေလံခန်းမတွင် သူအပ်နှံထားခဲ့သည့် ငွေစများအား လာရောက် ယူဆောင်ခြင်း ဖြစ်လေ၏။ ငွေစပေါင်း ၅ သန်းကျော်ပင် ဖြစ်ပါသည်။
သို့သော် လင်းပါအို လေလံခန်းမအတွင်းရှိ ပြောင်းလဲမှုများကိုမူ သူမသိရှိချေ။
သူ့အတွက် အထူးပြုလုပ်ထားသော ထောင်ချောက်တစ်ခု ရှိနေသည့် အဖြစ်အား လုံးဝကို ရိပ်စားမိခြင်း မရှိသေးပေ။
သူအလာကို စောင့်နေကြသည့် လူများစွာ ရှိနေတာပဲ ဖြစ်ပါတော့သည်
. . . . . .
ရဲရှောင်သည် ခပ်လှမ်းလှမ်းတွင် လှမ်းမြင်နေရပြီ ဖြစ်သော လင်းပါအို လေလံခန်းမအား ကြည့်ရင်း ပြုံးလိုက်မိသည်။
သူ့စိတ်ထဲတွင်လည်း –
(ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေ ထပ်ပေးရလည်း ကိစ္စမရှိဘူး၊ ပထမဆုံး ငါလိုနေတာက ဝိညာဉ်တော်ကျောက်ပြားတွေ ရနိုင်မဲ့ ငွေစတွေပဲ . . .
နောက်ပြဿနာ တစ်ခုက ဘယ်နေရာမှာ ရှာရမလဲ ဆိုတာကိုရောပေါ့ . . .)
ရဲရှောင်သည် သူ့ယခင်ဘ၀တွင် ဝိညာဉ်တောက်ကျောက်ပြားများအား အများအပြား အသုံးပြုခဲ့ ဖူးပါသည်။ အရည်အသွေးမှာလည်း အလွန်ကောင်းသော ကျောက်ပြားများ ဖြစ်ပြီး အများအားဖြင့် ၀ယ်ယူခြင်းဖြင့်ဖြစ်စေ လုယူခြင်းဖြင့် ဖြစ်စေ ရရှိခဲ့တာပင် ဖြစ်၏။
ချင်းယန်နယ်ပယ်တွင်တော့ အဆိုပါ ကျောက်ပြားများသည် ဈေးကြီးမြင့်ပေမဲ့လည်း အလွယ်တကူ ရှာနိုင်ပါသည်။
သို့သော် သူသည် ယခုအခါ မော်တယ်ကမ္ဘာသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဝိညာဉ်တော် ကျောက်ပြားများ ဆိုသည်မှာ ကမ္ဘာအရပ်ရပ်တွင် ရှိနေမည် မှန်သော်လည်း ဘယ်လိုပုံစံနှင့် တွေ့ရှိရမလဲ ဆိုတာကို သူမသိချေ။ သိမည့်လူပင် ရှိပါ့မလားဟု သံသယ ဖြစ်မိနေလေ၏။ ထိုအကြောင်းအရာများအား စဉ်းစားမိတိုင်း ရဲရှောင် ခေါင်းကိုက်လေ့ ရှိနေပါတော့သည်။
“အင်း . . . သူ့အလိုလို ပြီးသွားမှာပါ . . .”
ရဲရှောင် ရေရွတ်လိုက်လေ၏။
“မေးခွန်းတိုင်းမှာ အဖြေတစ်ခုခုတော့ ရှိစမြဲပဲဟာ . . .”
ထို့နောက် လေလံခန်းမအတွင်းသို့ ၀င်ရောက်လိုက်ပါတော့သည်။
ထိုအချိန်တွင် ကွမ်ဝမ်ရှန်မှ သူ့အား ကြောင်ငေးကာ ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
ကွမ်ဝမ်ရှန်၏ ပုံမှာ ရွှေတောင်ကြီးတစ်ခုကို မြင်တွေ့ရသကဲ့သို့ အံ့သြ၀မ်းသာ နေဟန်ပါပင်။ အလွန်ကျေနပ်နေသည့် အကြည့်မျိုးဖြင့် ကြည့်နေခြင်းပင် ဖြစ်၏။
ထို့နောက် ချက်ချင်း ဆိုသလို ပြေးထွက်သွားခဲ့လေ၏။ ထိုအခိုက်အတန့်လေး အတွင်းမှာပင် ကွမ်ဝမ်ရှန်သည် အများကြီး နုပျိုသွားသလို ဖြစ်သွားပါတော့သည်။
ရဲရှောင်လည်း အံ့သြတုန်လှုပ်သွားမိလေ၏။
“ဘာဖြစ်တာလဲ . . . ဘယ်လိုပါလိမ့် . . .”
ရဲရှောင်သည် ပါးနပ်သည့် လူတစ်ဦး ဖြစ်သည့်အတွက် တစ်ခုခုတော့ မှားယွင်းနေပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
(ကွမ်ဝမ်ရှန်က ငါ့ကို မြင်တာနဲ့ အံ့သြ၀မ်းသာသွားတဲ့ပုံပဲ၊ ဒါက ပုံမှန်တော့ မဟုတ်ဘူး . . . သူက ဒီလေလံခန်းမကြီးမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာတဲ့ လူတစ်ယောက်၊ အတွေ့အကြုံလည်း အများကြီး ရင့်ကျက်တယ်။ ဒီလိုတော့ မဖြစ်သင့်ဘူးမလား . . .
နောက်ပြီး စိတ်လှုပ်ရှားနေတဲ့ ဟန်ပန်မျိုးလည်း တွေ့တယ်၊ အမှန်ဆို ဖြစ်သင့်တာက ငါ့ကို မြင်ရင် ထွက်ပြီး နွေးနွေးထွေးထွေး နှုတ်ဆက် ကြိုဆိုသင့်တာပေါ့။ ဒါပေမဲ့ အခုလိုကြီး ပြေးထွက်သွားတာ တော်တော်ထူးဆန်းတယ်။ တစ်ခုခုတော့ မှားနေတာ သေချာတယ်။ ဘာများ ဖြစ်လို့ပါလိမ့် . . .)
ရဲရှောင် ဆိုင်တွင်းသို့ အကဲခတ်နေသည့် အချိန်မှာပင် လူအချို့ တံခါးဝတွင် လာရပ်လိုက်သည်ကို တွေ့လိုက်ရသည်။
မြင်ရသလောက် စောင့်ကြည့်နေကြသည့် သဘောပါပင်။
(အင်း . . . ငါမှတ်မိသလောက်တော့ သာမန်ဆိုရင် တံခါးမှာ လူ ၄ ယောက်လောက်ပဲ စောင့်လေ့ ရှိကြတာပါ။ အခုတော့ ၈ ယောက်တောင် ဖြစ်နေပါ့လား၊ နောက်ပြီး ၈ ယောက်လုံးကလည်း င့ါကို မျက်ခြေမပြတ် စောင့်ကြည့်နေကြတယ်။ ငါထွက်သွားမှာကို သူတို့တွေ ကြောက်နေကြတာ များလား . . .)
ရဲရှောင်၏ စိတ်ထဲတွင် ယခုနေသာ သူထွက်သွားမည် ဆိုပါက အစောင့်များ ချက်ချင်း လာရောက် တားဆီးမည်ဟု ခံစား သိရှိနေလေသည်။
“ဘယ်လိုတွေ ဖြစ်နေကြတာလဲ၊ တံခါးကို ပိတ်ပြီး စောင့်နေကြတာလား . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်ပြီး တံခါးရှိရာသို့ ပြန်လျှောက်လာခဲ့သည်။
တံခါးနားတွင် မရောက်သေးချိန်တွင် အစောင့် ၈ ယောက်အနက်မှ လူထွားကြီးတစ်ဦး သူရှိရာသို့ လျှောက်လာပြီးနောက် ပြုံးပြလေသည်။ ထို့နောက် ဦးခေါင်းကို ညွှတ်လိုက်ရင်း –
“သခင်ကြီးဖန် . . . ခဏလေး နေပါဦး၊ သခင်ကြီးကွမ်က ခင်ဗျားလာရင် ခဏလေး စောင့်ခိုင်း ထားပါဆိုပြီး ကျုပ်တို့ကို မှာထားလို့ပါ။ အဲဒါကြောင့် နည်းနည်းလောက် စောင့်ပေးပါဦး၊ ခင်ဗျားကို အရေးတကြီး တွေ့စရာ ကိစ္စလေး ရှိနေလို့ပါ . . .”
ရဲရှောင် ခေါင်းညိတ်လိုက်ရင်း နွေးထွေးသော ဟန်ဖြင့် –
“အင်း . . . ငါသိပါတယ်။ ငါက အပြင်ထွက်ပြီး လေကောင်းလေသန့်လေး ခဏ ရှူမလားလို့ပါ”
ထိုလူမှ ခေါင်းကို ထပ်မံ၍ ညွှတ်လိုက်ပြီး –
“လက်ဖက်ရည် လာပြီး သုံးဆောင်ပါဦး သခင်ကြီးဖန် . . .”
ထိုလူ ဆိုလိုချင်သည်မှာ လေကောင်းလေသန့်လည်း ထွက်မရှူနေနဲ့၊ အထဲဝင်ပြီးသာ တစ်ခုခု သောက်ဦးဟု ဆိုလိုချင်နေခြင်း ဖြစ်ပါသည်။
ရဲရှောင် မျက်မှောင်ကြုတ်လိုက်ပြီးနောက် –
“ဘာလဲ၊ ငါက အခု အပြင်ခဏတောင် ထွက်လို့ မရဘူးလား . . .”
လူထွားကြီးမှာ စိုးရွံ့သည့် ဟန်ပန်မျိုးဖြင့် ရဲရှောင် အရှေ့တွင် ခေါင်းငုံ့လျက် ရှိနေလေသည်။ တခြားသော ၇ ယောက်မှလည်း ဖြည်းဖြည်းချင်းစီ ရွေ့လာကြပြီး ရဲရှောင်အား ဝိုင်းထားချင်သည့် အနေအထားမျိုး ဖြစ်ချင်ကြပုံပင်။
“ဖယ်ကြစမ်း . . .”
ရဲရှောင် မျက်မှောင်ကြုတ်ရင်း အော်ပြောလိုက်သည်။ လင်းပါအို လေလံခန်းမသည် သူ့အတွက် အန္တရာယ်ရှိသည့် နေရာတစ်ခုဖြစ်ကြောင်း သူအသေအချာကို သိလိုက်ပြီး ဖြစ်၏။ အကယ်၍ သူသာ ကြာကြာဆက်၍ နေမည် ဆိုပါက ဒုက္ခတွေ့သွားနိုင်ပါသည်။
“ဒါက ထင်ရှားကျော်ကြားတဲ့ ဖန်ဇီလင်ပဲ ဖြစ်ရမယ်။ သခင်ကြီးဖန် . . . ဟုတ်တယ်မလား”
ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဟားဟားဟား . . . ကျုပ်က ဒီခန်းမရဲ့ ပိုင်ရှင် ၀မ်ဇန်းဟိုပါ။ သခင်ကြီးဖန်အကြောင်း ကြားဖူးနေတာ ကြာပါပြီ။ လူလူချင်းတော့ အခုမှပဲ တွေ့ဖူးတော့တယ်။ ဒီနေ့ကတော့ ကျုပ်အတွက် ကံကောင်းတဲ့ နေ့ပါပဲဗျာ . . . ခင်ဗျားကို တွေ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ် . . .”
ရဲရှောင် မျက်မှောင်ကြုတ်လျက်ပင် အသံလာရာဆီသို့ ကြည့်လိုက်လေ၏။
အသားလုံးကြီးတစ်လုံး သူ့ထံသို့ လိမ့်လာနေသည့် လူတစ်ဦးအား မြင်တွေ့လိုက်ရသည်။
ကြမ်းပြင်ပင် တုန်ခါလျက် ရှိနေပြီး တော်တော်ဝသည့် လူဟု ရဲရှောင် တွေးနေမိသည်။
အစတုန်းက လူဟုပင် မထင်မိဘဲ အသားလုံး တစ္ဆေကြီးတစ်ကောင် ဖြစ်မည်ဟု ထင်မြင်နေမိတာ ဖြစ်ပြီး အပေါ်ထပ်မှ ဆင်းလာ၍ အောက်ရောက်သည့် အချိန်မှသာ လူတစ်ဦးဖြစ်ကြောင်း သိရှိလိုက်ရ လေ၏။
ထိုလူတွင် လည်ပင်းဟူ၍ ရှိမနေချေ။ ဖရဲသီးကြီးတစ်လုံးနှင့် တူနေပြီး တော်တော်ကို ၀သည့် လူကြီးတစ်ဦးပါပင်။ မျက်နှာကြီးဟာလည်း အကြီးကြီးဖြစ်ပြီး ၀လွန်းသောကြောင့် အသားများပင် တွဲ၍ ကျနေလေ၏။ ပါးစပ်ပေါက်ကြီးမှာ သာမန်လူ ပါးစပ်ပေါက်ထက် အဆပေါင်းများစွာ ကြီးမားသော်လည်း သူ့ခန္ဓာကိုယ်နှင့် သူတော့ လိုက်ဖက်သည်ဟု ဆိုနိုင်ပါသည်။ အနည်းငယ်ပင် သေးနေသည်ဟု ဆိုနိုင်ပါ သည်။
ပခုံးပြင်ကျယ်ကြီးနှင့်တကွ ခါးတုတ်တုတ်ကြီးမှာလည်း အလွန်ကို အကြည့်ရဆိုးလေ၏။ ၀မ်းဗိုက်ဝိုင်းဝိုင်းကြီးတစ်ခု ရှိနေပြီး ထိုဝမ်းဗိုက်ကြီးအောက်တွင် ရှိနေသည့် ပေါင်နှင့် ခြေသလုံးကြီးတို့မှာ ဆင်နှာမောင်းကြီးများနှင့်ပင် တူနေပါသေးသည်။ ရဲရှောင် လူတစ်ယောက်ကို တွေ့နေရခြင်း ဟုတ်မဟုတ် သူ့ကိုယ်သူပင် မသေချာ ဖြစ်နေပါတော့သည်။
လှေကားမှ ဆင်းလာသည့်အခါ ထိုလူသည် အတော်ကြီးကို မောပန်းနွမ်းနယ်နေဟန် ရှိပြီး ချွေးများစွာလည်း ထွက်လျက် ရှိပါသည်။
ထိုကဲ့သို့ မောပန်း၍ ချွေးများစွာ ထွက်သွားရခြင်းသည် သူ့အတွက် မြန်မြန်ဆန်ဆန် လာချင်၍ ပေးဆပ်လိုက်ရသည့် တန်ဖိုးတစ်ခုပင် ဖြစ်ပါတော့သည်။
“ဟား ဟား ဟား သခင်ကြီးဖန် လာပါ လာပါ . . .”
ရဲရှောင် ကြောင်ငေးနေသည့် အချိန်မှာပင် ၀မ်ဇန်းဟိုသည် ရဲရှောင်အနားသို့ ရောက်လာပြီး သူ့လက်တုတ်တုတ်ကြီးများဖြင့် ရဲရှောင်လက်အား ဆွဲကိုင်လိုက်သည်။
“နောင်ကြီးဖန် . . . နောင်ကြီးဖန် . . . ဟားဟားဟား . . . ခင်ဗျားကို ဒီရက်ပိုင်းထဲ အရမ်း တွေ့ချင်နေတာဗျ။ ခင်ဗျားကို တွေ့ချင်လွန်းလို့ မျှော်နေတာနဲ့ ကျုပ်တောင်မှ ဝိတ်ကျသွားရတယ်။ ခင်ဗျားကတော့ ကျုပ်ကို ခံရခက်အောင် လုပ်ခဲ့တာဗျာ ဟားဟား . . .”
၀မ်ဇန်းဟို အားရ၀မ်းသာ လေသံဖြင့် ပြောလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset