Switch Mode

Chapter – 100

တင်းမာလျှက်ရှိသောလေလံခန်းမ

Chapter – 100
“တင်းမာလျက်ရှိသောလေလံခန်းမ”

နင်ဘီလျူသည် ရဲရှောင် ပြောသည်ကို ကြားလိုက်သည့်အခါ စိတ်ထဲ မတင်မကျ ဖြစ်နေမိ၏။ ရဲရှောင်၏ အသံတွင် မကျေနပ်မှု ဒေါသဖြစ်မှု တစ်စုံတစ်ရာ မပါရှိသဖြင့် ရဲရှောင်စိတ်ထဲ တကယ်ပင် ဘာမှ မရှိကြောင်း နင်ဘီလျူ သိလိုက်သည်။
(မင်းကတော့ ဘယ်လိုမှ သဘောမထားပေမဲ့ ငါကအဲဒီလိုမှ မနေနိုင်တာ . . .)
နင်ဘီလျူသည် မိုးသည်းထန်စွာ ရွာနေသည့် ခေါင်မိုးထက်တွင် အချိန် အတော်ကြာသည်ထိ နေနေပြီးနောက် သက်ပြင်းတစ်ချက်ချကာ ထွက်ခွာသွားလေသည်။
ရဲရှောင် ပြုံးလိုက်ပြီး အမှောင်ထဲသို့ ကြည့်ရင်း –
“လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ပီပီ၊ တော်တော် ချစ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ သူက ငါ့ကို လျော့တွက်နေတယ်။ ငါသာ အမြဲတမ်း အကျိုးအမြတ် လိုလားသူ တစ်ယောက်ဆိုရင် ငါ့အသက်ကို မနှမြောပဲ သူ့ကို ကယ်မနေဘူး . . .”
“နောက်ပြီး နံပါတ် ၁ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်သာ ငါ့ရဲ့ အခိုင်းအစေ ဖြစ်လာခဲ့ရင် သူဟာ ဘယ်လိုမှ နံပါတ် ၁ ဖြစ်နိုင်စရာ အကြောင်း မရှိတော့ဘူး။ သူ့ရဲ့ ဂုဏ်သိက္ခာပါ ကျသလို ဖြစ်သွားလိမ့်မယ် . . .”
“အဲဒါကြောင့် ငါက ဘာမှ မတောင်းဆိုချင်တာပဲ . . . လမ်းခရီး အန္တရာယ် ကင်းပါစေ မိတ်ဆွေကြီးရေ . . .”
ထို့ရောက် ရဲရှောင်လည်း အိပ်မော ကျသွား လေတော့၏။
ယခုညတွင် ဖြစ်ပျက်ခဲ့ရသမျှသည် သူ့ကို အတော် ခြေကုန်လက်ပန်း ကျသွားစေ၏။
. . . . . .
နောက်တစ်နေ့မနက် . . .
လင်းပါအို လေလံခန်းမတွင် ယခုရက်ပိုင်းအတွင်း အလုပ်ရှုပ်နေလျက် ရှိကြပြီး ပိုင်ရှင်ဖြစ်သူ ရောက်ရှိနေသဖြင့် အကုန်လုံး ပြာယာခတ်နေကြခြင်း ဖြစ်လေ၏။ ၀န်ထမ်း ဖြစ်သူများအတွက် တကယ်ပင် ခက်ခဲသော အခြေအနေပင် ဖြစ်ပါသည်။
အထူးသဖြင့် သခင်ကြီးကွမ်ခေါ် ကွမ်ဝမ်ရှန်အတွက် အခက်ခဲဆုံး နေ့ရက်များ ဆိုလျှင်လည်း မမှားချေ။
သူသည် နေ့တိုင်း ဖန်ဇီလင် ပေါ်လာနိုးနိုးဖြင့် မျှော်နေမိလေ၏။
ပိုင်ရှင်သူဌေးဖြစ်သူ လူဝကြီး ၀မ်ဇန်းဟိုပင် ယခုရက်ပိုင်းအတွင်း အနည်းငယ် ပိန်သွားသလို ဖြစ်နေ၏။ နေ့စဉ်နေ့တိုင်းလိုလို အချိန်တိုင်းနီးပါး လေလံခန်းမအတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်ရင်း အရူးတစ်ယောက်လို ဖြစ်နေခဲ့ခြင်း ဖြစ်ပါသည်။
သူ၏ ခန္ဓာကိုယ် အချိုးအစားကြောင့် ခေါက်တုန့်ခေါက်ပြန် လျှောက်သည် ဆိုခြင်းထက် ခေါက်တုန့်ခေါက်ပြန် လိမ့်နေခြင်း ဖြစ်သည်ဟု ဆိုလျှင် ပို၍ မှန်ကန်မည် ဖြစ်ပါသည်။
သူသည် ကွမ်ဝမ်ရှန်အား မြင်သည့် အခါတိုင်း အနားကို ခေါ်လိုက်ရင်း –
“ဖန်ဇီလင် လာပြီလား၊ သူဘယ်မှာလဲ၊ မလာသေးဘူးလား . . .”
စသည့် မေးခွန်းကို တစ်နေ့တွင် ၁၀ ကြိမ်ထက်မနည်း မေးတတ်လေ၏။ ထိုကဲ့သို့ မေးသည့် အခါတိုင်းတွင်လည်း ထိုစကားလုံးကိုပင် အကြိမ် ၂၀ စီလောက် ထပ်တလဲလဲ မေးခြင်း ဖြစ်၏။
ဒါ့အပြင် ဖန်ဇီလင်အား မေးမြန်းပြီးသည့် အခါတွင်လည်း –
“သူက ဘာလို့ မလာသေးတာလဲ၊ ဘယ်ချိန်မှ လာမှာလဲ . . .”
ဟူသည့် မေးခွန်းကိုပါ တဆက်တည်း ထပ်မေးလေ့ ရှိ၏။ စကားပြောဆိုနေရင်းဖြင့်လည်း အချိန်နှင့်အမျှ မေးမြန်းနေလေ့ ရှိသဖြင့် အကြိမ် ၂၀ ဆိုသည်မှာ နည်းပင် နည်းသေးသည်ဟု ဆိုနိုင်ပါ သည်။
“သူသေတော့ မသေလောက်သေး ပါဘူးနော် . . .”
“သူအခုထိ ဘာလို့ မလာသေးတာလဲ . . . ဒီလူ ဘာများ ဖြစ်နေလဲ မသိဘူး . . .”
“အခုထိကို မရောက်သေးဘူးကွာ . . . သူဘာဖြစ်နေလဲ ဆိုတာကို ခင်ဗျား သိလား၊ ရောဂါ တစ်ခုခုကြောင့် သေသွားတာမျိုးတော့ မဟုတ်လောက်ပါဘူးနော် . . .”
“ဒီကိစ္စကို လူလွှတ်ပြီး စုံစမ်းခိုင်းမှနဲ့ တူတယ်။ ခင်ဗျားရော ဘယ်လိုထင်လဲ . . .”
“ဘာလို့ အခုထိ မလာသေးတာလဲ ဆိုတာကို ခင်ဗျား ရှင်းပြပေးနိုင်မလား . . .”
ကွမ်ဝမ်ရှန်အတွက် အဆိုပါ မေးခွန်းများကို ကြားသည့် အခါတိုင်း ခေါင်းကိုက်လွန်းနေပြီ ဖြစ်သည်။ ခေါင်းတစ်ခုလုံးပင် ပေါက်ထွက်မတတ် ခံစားနေရပြီ ဖြစ်၏။
ထိုကဲ့သို့ စကားများကိုပင် ကြားရဖန် များလာသောအခါ နားပင် ကန်းချင်သလိုလို ဖြစ်နေမိလေ၏။
ယခုကဲ့သို့သာ နေ့စဉ်ရက်ဆက် ရက်ပေါင်းများစွာ မေးခံရမည် ဆိုပါက သူရူးသွားလောက်မည် ဟုပင် ကွမ်ဝမ်ရှန် တွေးနေမိပါတော့သည်။
(ဖန်ဇီလင် . . . သူက ငါ့သားလည်း မဟုတ်ဘူး၊ ငါက သူဘယ်ချိန်လာမလဲ ဘာလို့ မလာတာလဲ ဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ၊ ခင်ဗျားက ကျုပ်ကိုပဲ လာလာမေးနေတယ်။ ကျုပ်က ဘယ်သူ့ကို ပြန်မေးရမှာလဲ၊ ပြောစမ်းပါဦး . . . ကျုပ်က ဘယ်လိုလုပ်ပြီး ရှင်းပြပေါ်ရမှာလဲ . . . သဲလွန်စ ဘယ်က သွားရှာရမှာလဲ၊ သေသာသေလိုက်တော့ . . . ဒါပေမဲ့ ကိုယ့်သူဌေး ဆိုတော့လည်း ကိုယ်ပြန်မပြော နိုင်ဘူးပေါ့ . . .)
အဆိုပါ အဓိပ္ပါယ်မရှိသည့် ထပ်တလဲလဲ မေးခွန်းများကို ဖြေရသည့် အခါတိုင်း ရူးချင်နေပြီ ဖြစ်ပြီး နောက်တစ်ခါ မေးလျှင် ရူးသွားနိုင်သည် ဟူသည့် အတွေးကလည်း ခေါင်းထဲတွင် အချိန်တိုင်း ကြီးစိုးလျက် ရှိနေပါသည်။
ယခုအခါ သူဌေးဖြစ်သူကို မြင်သည်နှင့် ချက်ချင်းဆိုသလို ပုန်းရှောင်နေသည်မှာ များပြီ ဖြစ်သည်။
သို့သော် ခန်းမကြီးဟာ အလွန်ကျယ်ဝန်းသည် မဟုတ်သဖြင့် သူ့အနေဖြင့် ရှောင်တိမ်းစရာ မြေသိပ်မရှိရှာပေ။
ထို့ကြောင့် မရှောင်တိမ်းနိုင်သည်က များလေသည်။
နေ့စဉ်နှင့်အမျှ ဆိုသလို သူဌေးဖြစ်သူမှာ စိတ်မရှည်နိုင် ဖြစ်လာဟန်ပါပင်။ ကွမ်ဝမ်ရှန်ကို မတွေ့သည့်အခါတိုင်း ကွမ်ဝမ်ရှန်၏ အခန်းရှိရာသို့ လာလာ၍ –
“လာသေးဘူးလား၊ ဘာသဲလွန်စ ရသေးလဲ၊ ဘယ်တော့လာမလဲ . . .”
ဟူသည့် မေးခွန်းများ လာမေ့ပြန်ပါသည်။ တစ်ခါတရံ ကွမ်ဝမ်ရှန်အား သူကိုယ်တိုင် ရှာ၍ မတွေ့သောအခါ လူလွှတ်၍ ရှာခိုင်းပါသေးသည်။
ထို့ကြောင့် မကြာခဏ ဆိုသလို ကွမ်ဝမ်ရှန်သည် သူဌေးဖြစ်သူ၏ ခေါ်ခေါ်နေတာကို ခံနေရသည့် အတွက် စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေပြီ ဖြစ်ပါသည်။ ကွမ်ဝမ်ရှန်ကို တွေ့သည်နှင့် ထုံးစံအတိုင်း မေးနေကျ မေးခွန်းများကိုသာ ထပ်တလဲလဲ မေးပြန်ပါသည်။
ကွမ်ဝမ်ရှန်မှ အဆိုပါ မေးခွန်းများကို ကြားသောအခါ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပင် ပေါက်နေမိပြီး ရူးမတတ်ကို ဖြစ်နေရပါတော့သည်။
သူစိတ်ထဲမှ အော်ဟစ်ပစ်ချင်သည်မှာ –
(စောက်ရေးမပါတာ၊ ဒီမေးခွန်းတွေပဲ တစ်နေ့ကို အခါ ၈၀၀ လောက် မေးနေတယ်။ မင်းကိုယ်မင်း ရယ်စရာကောင်းနေပြီလို့ မထင်ဘူးလား . . .)
သို့သော်လည်း ထိုအတွေးအား စိတ်ထဲမှာသာ တွေးဝံ့တာဖြစ်ပြီး လက်တွေ့တော့ ထုတ်ဖော် ပြောဝံ့ခြင်း မရှိချေ။
သူသည် သူဌေးဖြစ်သူ၏ လက်အောက်တွင် အလုပ်လုပ်နေသူ ဖြစ်သည့်အတွက် သူဌေးဖြစ်သူကို မတွန်းလှန်နိုင်သဖြင့် သင့်တော်သော အဖြေမျိုးကိုသာ ဖြေနေရလေ့ ရှိပါသည်။
တကယ်တမ်းတွင် သူဌေးဖြစ်သူသည်လည်း စိတ်မချမ်းမသာ ဖြစ်နေခြင်း ဖြစ်သည်။
တန်ဖိုးရှိသည့် ရတနာအား ဆိုင်တွင် နှစ်ပေါင်း ၃၀၀၀ လောက် သိမ်းဆည်းထားခြင်းဖြစ်ပြီး လေလံဆွဲတိုင်းလည်း ထုတ်၍ ရောင်းနေကျ ဖြစ်လေ၏။
နှစ် ၃၀၀၀ အတွင်း မည်သူမျှ အဆိုပါ ပစ္စည်းလေးအား စိတ်မ၀င်စားဘဲ အကြိမ်ကြိမ် ရောင်းထွက် ခဲ့သည်တိုင် ခဏအတွင်းမှာပဲ ပြန်ရောက်လာသည်ချည်းပင်။ ထိုအချိန်တုန်းကတော့ သူ့ကိုယ်သူ ကျိန်စာ မိနေသလို ၀မ်းနည်း၍ စိတ်ပျက်လက်ပျက် ဖြစ်နေမိလေ၏။
တကယ်တမ်းတွင် သူယနေ့ ရရှိနေသည့် အောင်မြင်မှုများသည် အဆိုပါ ရတနာကြောင့်ပင် ဖြစ်ပါသည်။ ကံကောင်းမှု တစ်ခုဟု ဆိုနိုင်ပြီး အဘယ်ကြောင့် အကြိမ်ကြိမ် ရောင်းခဲ့မိသလဲ ဆိုတာကို ယခုအချိန်တွင် သူ့ကိုယ်သူပင် မစဉ်းစားတတ်တော့ချေ။
ယခုအခါတွင်မူ လုံးဝ ရောင်းထွက်သွားပြီဖြစ်ပြီး နောင်တရမိသည့် အချိန်တွင်တော့ တကယ့် ရတနာတစ်ခု ဖြစ်မှန်း သိရှိသွားခဲ့ပါပြီ။
သူ့အတွက် တကယ်ကို ကံဆိုးမိုးမှောင်ကျသွားခြင်းပင် ဖြစ်၏။
အမှန်တရားကို သိခဲ့စဉ်တုန်းက ကိုယ့်ကိုယ်ကိုယ်ပင် သတ်သေချင်စိတ်များ ပေါက်ခဲ့ရသည်။
လူတိုင်းသည် လင်းပါအို လေလံခန်းမဆိုတာ အမွေအနှစ်ကို လက်ဆင့်ကမ်းလာခဲ့သည့် ဆိုင်ခန်း တစ်ခုဖြစ်သည် ဆိုတာ သိရှိထားကြပြီးသားပင် ဖြစ်သည်။ မည်သူပင် ပိုင်ရှင် ဖြစ်ပါစေ သူ၏ နာမည်ကို ၀မ်ဇန်းဟို ဟု ပြောင်းလဲပစ်ရသည်မှာလည်း ထုံးစံတစ်ခုပင် ဖြစ်လေ၏။
ဒါသည်ပင်လျှင် လင်းပါအို လေလံခန်းမ၏ အစဉ်အလာတစ်ခု ဖြစ်ပါသည်။
သို့သော် ၀မ်ဇန်းဟိုသည်သာ အမှန်တရားကို သူ့ကိုယ်သူ သိနေလေ၏။ အဆိုပါ အစဉ်အလာ ဆိုသည်မှာ အပြင်ပန်း အဖြစ်အပျက် တစ်ခုသာ ဖြစ်သည်။ တကယ်တမ်းတွင် အမွေဆက်ခံသူဟူ၍ မရှိဘဲ သူတစ်ဦးတည်းသာ အပိုင်ရထားခြင်းဖြစ်၏။ သူ၏ သက်တမ်းသည်လည်း အတော်ကြီးကို ရှည်နေပြီ ဖြစ်ပါသည်။
မည်သူမျှ ထိုကိစ္စကို မသိရှိကြချေ။
“ဘယ်သူမှ အမှန်တိုင်း မသိကြလို့သာ တော်တော့တယ်။ ဒီလိုမှ မဟုတ်ရင် ငါ့မှာ သိက္ခာ ကျလိုက်မဲ့ဖြစ်ခြင်း၊ ဘယ်လိုပဲဖြစ်ဖြစ် မရဏ ကျောက်တုံးကို ရအောင် ပြန်ယူမှ ဖြစ်မယ် . . .”
၀မ်ဇန်းဟိုသည် တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
(မကြာခင် အချိန်အတွင်း ပြန်မရခဲ့ရင် ငါသေသွားမလား မသိဘူး။ နေ့စဉ်နဲ့အမျှ ငါ့မှာ လန့်နေရတဲ့ လူကလည်း ရှိနေသေးတယ် ဟူး . . .)
သူ၏ အခန်းထဲတွင် ရှိနေသည့် သက်လတ်ပိုင်းအရွယ် လူမှ ၀မ်ဇန်းဟိုအား ကြည့်ရင်း –
“ဟိုဖက်ဒီဖက် လျှောက်နေတာကလွဲပြီး ဘာမှ မလုပ်တတ်တော့ဘူးလား၊ ၀မ်ဇန်းဟို . . . ခင်ဗျားးဟာ တော်တော် သိုသိုသိပ်သိပ် နိုင်တဲ့လူပဲ၊ ဒီလို တန်ဖိုးရှိတဲ့ ရတနာ ပစ္စည်းတစ်ခု ခင်ဗျားနဲ့အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့တာတောင်မှ ကျုပ်ကို ဘာမှ မပြောခဲ့ဘူး . . .”
၀မ်ဇန်းဟိုသည် ချွေးများ ထွက်နေလျက် ရှိပြီး အားနည်းသည့် အသံဖြင့် –
“ကျုပ် အဲဒီပစ္စည်းရဲ့ တန်ဖိုးကို သေချာ မသိလို့ပါ။ ဘာမှ အဖိုးမတန်တဲ့ ပစ္စည်းတစ်ခုလို့ ထင်ပြီးတော့ ထုတ်ထုတ် ရောင်းခဲ့တာလေ။ အာ . . . ကျုပ်တော်တော် အမြင်မရှိခဲ့တာပဲ . . .”
သက်လတ်ပိုင်းအရွယ်လူမှ ခနဲ့တဲ့တဲ့ဖြင့် –
“ကျုပ်ကတော့ ခင်ဗျား အသက်ရှည်နိုင်ဖို့ အများကြီး အားစိုက်ပေးခဲ့ရတယ်။ အသက်ကို ဆွဲဆန့်နိုင်တဲ့ လျို့ဝှက်ကျင့်စဉ်တွေ ကိုလည်း သင်ပေးခဲ့ရတယ်။ ခင်ဗျားတို့ လင်းပါအို လေလံခန်းမကို တစ်ကမ္ဘာလုံးမှာ နံပါတ် ၁ ဖြစ်လာအောင်လည်း ကူညီပေးခဲ့ရတယ်။ ၀မ်ဇန်းဟို . . . ခင်ဗျားကျုပ်ကို ဒီလိုနည်းနဲ့ ကျေးဇူးဆပ်နေတာလား . . .”
၀မ်ဇန်းဟိုသည် အလွန် ထိတ်လန့် တုန်လှုပ်နေဟန်ဖြင့် –
“ကျေး . . . ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ။ ကျုပ်က မရဏကျောက်တုံး အကြောင်းကို ဘာမှ မသိခဲ့လို့ ဒီလို ဖြစ်ခဲ့ရတာ . . . ကျုပ်သာ သိခဲ့မယ် ဆိုရင် လေလံပွဲမှာတောင် ခဏခဏ ထုတ်မရောင်း ခဲ့ဘူး၊ နောက်ပြီး ငွေစ ဘယ်လောက်ပဲ ရရ ကျုပ်တကယ်ကို ရောင်းမှာ မဟုတ်ဘူးလေ။ ဒီလိုပစ္စည်းက ခင်ဗျားလို ထိပ်သီး ပညာရှင် တစ်ယောက်ရဲ့ လက်ထဲမှာပဲ ရှိသင့်ပါတယ်။ ခင်ဗျားသာ ဒီပစ္စည်းလေးကို သဘောကျမှန်း ကြိုသိခဲ့ရင် လက်ဆောင်တောင် ပေးမိဦးမှာ၊ ခင်ဗျား ကျုပ်ကို နည်းနည်းလေး မျက်နှာသာ ပေးတာက ကျုပ်အတွက် ရွှေစ ငွေစတွေထက် အများကြီး ပိုတန်ဖိုး ရှိပါတယ် . . .”
သက်လတ်ပိုင်းအရွယ်လူသည် မျက်မှောင်ကြုတ်၍ တွေးနေမိသည်မှာ –
(မှန်တာပဲ . . . သူပြောတာ တကယ် ယုတ္တိရှိတယ်၊ ဘာမှ မသိတဲ့ လူအတွက်တော့ ဒါက ကျောက်တုံးတစ်တုံးသာသာ ဖြစ်နေမှာပဲ။ နောက်ပြီး အရောင်ကလည်း လိုချင်စရာ ကောင်းလောက်အောင် မလှပဘူးကိုး . . .)
“အခု ဘာသတင်း ရသေးလဲ အဲဒီ ဖန်ဇီလင်ဆိုတဲ့ လူနဲ့ ပတ်သက်ပြီးတော့ . . .”
သက်လတ်ပိုင်းအရွယ်လူမှ မေးလိုက်သည်။
ထိုမေးခွန်းအား သူသည်လည်း ကွမ်ဝမ်ရှန်ကို မရေမတွက်နိုင်အောင် မေးခဲ့ပြီး ဖြစ်လေသည်။ ထိုကဲ့သို့ပင် သူ့ကိုလည်း သက်လတ်ပိုင်းအရွယ် လူမှ အကြိမ်ပေါင်းများစွာ မေးမြန်းလေ့ ရှိလေ၏။ ကွမ်ဝမ်ရှန် ခံစားနေရသကဲ့သို့ သူလည်း ခံစားနေရခြင်း ဖြစ်လေ၏။
ကွမ်ဝမ်ရှန်သည် ၀မ်ဇန်းဟိုအား အလုပ်ရှင်တစ်ဦးကို ထိတ်လန့်သလို ထိတ်လန့်၍ နေတာ ဖြစ်သော်လည်း ၀မ်ဇန်းဟိုမှာမူ သက်လတ်ပိုင်း အရွယ်လူအား စိတ်ထဲ နှလုံးသားထဲမှကို ကြောက်ရွံ့ ထိတ်လန့် နေရခြင်း ဖြစ်လေ၏။ မတူညီသော အခြေအနေ ၂ ခုပါပင်။
“အခုတော့ ဘာသတင်းမှ မကြားရသေးပါဘူး . . .”
၀မ်ဇန်းဟို စိတ်ဓာတ်ကျသည့် လေသံဖြင့် ပြောလိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် သက်လတ်ပိုင်းအရွယ်လူ နောက်ထပ် မေးလာမည့် မေးခွန်းများအား ကြိုတင် သိရှိနေခြင်းကြောင့်ပင် ဖြစ်သည်။
“ခင်ဗျားက ဘာလို့ အခုထိ ဘာသတင်းမှ မရသေးတာလဲ၊ ဘယ်အချိန်ကျမှ ထူးခြားလာမှာလဲ၊ ဘယ်လောက်ကြာအောင် ကျုပ်ကို စောင့်ခိုင်းချင်နေတာလဲ၊ ခင်ဗျား ကျုပ်ရဲ့ အချိန်တွေကို ဘယ်လောက်တောင် ဖြုန်းတီးနေသလဲ ဆိုတာကိုရော သိရဲ့လား . . .”
ထိုစကားလုံများအား တစ်နေ့လျှင် အကြိမ်ရာနဲ့ချီ၍ ပြောနေခြင်း ဖြစ်ပြီး ၀မ်ဇန်းဟိုပင် အလွတ် ရနေပြီ ဖြစ်၏။
“ဝုန်း . . .”
ရုတ်တရက် တံခါး ပွင့်လာပြီးနောက် အဖိုးကြီး ကွမ်ဝမ်ရှန်သည် ၁၇ နှစ်သား လူငယ်လေး တစ်ဦးကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် ပါးစပ်မှလည်း အော်ဟစ်လျက် ပြေးလာလေသည်။
“ဟို . . . ဟိုလူ လာနေပြီ . . .”
အခန်းထဲရှိ လူ ၂ ယောက်လုံးမှာ တချိန်တည်းလိုလို တုန်လှုပ် အံ့သြသွားကြသည်။
မျက်လုံးများ ပြူးကျယ်လျက် ကွမ်ဝမ်ရှန်အား စိုက်ကြည့်နေပြီး ကြောင်ငေးလျက် ရှိနေကြပါသည်။
သူတို့ ရှိနေကြသည့် အခန်းအား မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ၀င်ခွင့် မပေးထားချေ။ ကွမ်ဝမ်ရှန်သည် လင်းပါအို လေလံခန်းမ၏ အရေးပါသူ တစ်ဦးဖြစ်သည့်တိုင် ထိုအခန်းသို့ ခွင့်မပေးဘဲ မ၀င်ရဲပေ။ သို့သော် ယခုအခါ မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ အတင်းကို ၀င်လာခြင်း ဖြစ်လေ၏။
ကွမ်ဝမ်ရှန်သည် အထစ်ထစ် အငေါ့ငေါ့ဖြင့် အော်၍ ပြောနေခြင်း ဖြစ်သည်။ ဒူးခေါင်းများအား ကုန်းလျက် ကိုင်ထားပြီး တစ်ကိုယ်လုံး မောပန်းနေဟန်ဖြင့် တုန်ရီနေလေ၏။ မောပန်းမှုနှင့်အတူ စိတ်လှုပ်ရှားမှုကိုပါ ခံစားနေရပြီး မျက်နှာတစ်ခုလုံး နီရဲလျက် ရှိနေပါသည်။
(ဘုရားမတာပဲ . . . ကျေးဇူးတင်လိုက်တာ . . . တစ်နေ့ကို အကြိမ် ၈ သန်းလောက် ထပ်တလဲလဲ မေးခွန်းတွေ မေးခံနေရတဲ့ ဘ၀ကနေ ကျွတ်ပြီ . . . အိပ်မက်ဆိုးတွေ အဆုံးသတ်သွားခဲ့ပြီ၊ ဖန်ဇီလင် တကယ်ပဲ ရောက်လာသားပဲ ဟူး . . .)
ကွမ်ဝမ်ရှန်၏ စိတ်ထဲတွင် ထိုကဲ့သို့ တွေးနေမိပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset