Switch Mode

Chapter – 99

ကွာခြားမှု

Chapter – 99
“ကွာခြားမှု”

ကမ္ဘာလောကကြီးတွင် နင်ဘီလျူအား အလွန်အမင်း တုန်လှုပ်အံ့သြအောင် လုပ်နိုင်သည့် အရာဆိုတာ မရှိခဲ့သလောက်ပင်။
သို့သော် ယခုအချိန် ကြုံတွေ့နေရသည့် အဖြစ်အပျက်များမှာ မယုံကြည်နိုင်ဖွယ် ကောင်းလွန်း သည်ဟု စိတ်ထဲ တွေးနေမိလေ၏။
“ဘာတွေ ပြောနေတာလဲ၊ ဒီအခန်းက ကျုပ်အခန်းပါ ဆိုတာကို ဖြေပြီးမှတော့ ဒါကျုပ်အိမ်လို့ ပြောပြနေရဦးမှာလား . . .”
ရဲရှောင်သည် နင်ဘီလျူအား ကျောပေးလျက် အနေအထားဖြင့် ရှိနေတာဖြစ်ပြီး အ၀တ်အစားများ လဲလှယ်နေခြင်း ဖြစ်ပါသည်။
ယခုအခါ ဟန်ဆောင်နေစရာ မလိုတော့ဟု ယူဆမိသဖြင့် သူ့နဂိုရုပ်သွင်သို့ ပြန်ပြောင်းလိုက်ပြီး ဖြစ်၏။
“ကျုပ်သိပါပြီ။ အခု ခင်ဗျားက စစ်သူကြီး ရဲနန်ရှန်ပဲ ဖြစ်ရမယ်။ ခင်ဗျားရဲ့ နောက်ကြောင်း ရာဇ၀င်ကို ဘယ်သူမှ မသိတာလဲ မဆန်းပါဘူး၊ ခင်ဗျားက အဆင့်မြင့် နယ်ပယ် တစ်ခုက ဖြစ်ပြီးတော့ ဒီမှာ ခဏ လာရှောင်နေတာမလား . . . အခု ခင်ဗျားက အရမ်းအားနည်းနေတယ်၊ ဒဏ်ရာ တစ်ခုခုများ ရထားတာလား . . .”
နင်ဘီလျူသည် ရဲရှောင်နောက်ကျောအား ကြည့်ရင်း ပြောလိုက်သည်။ ဆက်လက်၍လည်း –
“ခင်ဗျားက မြောက်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတာ မဟုတ်ဘူးလား၊ အခု ဒီမှာ ဘယ်လိုလုပ်ပြီး တော့ . . .”
ရဲရှောင် စိတ်ထဲ ရယ်ချင်လာသလို ဖြစ်လာပြီး ချက်ချင်း ဆိုသလို နင်ဘီလျူဘက်သို့ လှည့်ကာ ပြုံးလိုက်ရင်း –
“ကျုပ်က စစ်သူကြီးရဲ မဟုတ်ပါဘူး . . .”
ထိုအချိန် ရဲရှောင်သည် သူ၏ မျက်နှာ အစစ်အမှန်ကို ပြလိုက်သည်သာမက အခေါ်အဝေါ်ပါ ပြောင်းသုံးလိုက်ပါသည်။ ပထမတုန်းက သူသည် အသက်ကြီးဟန် ဆောင်ထားသဖြင့် နင်ဘီလျူအား မင်းနဲ့ငါ ဟု သုံးနှုန်းခဲ့သော်လည်း ယခုအခါတွင်မူ ခင်ဗျားနှင့် ကျုပ် ဟူ၍သာ သုံးနှုန်း လိုက်ပါတော့သည်။
သူ၏ ရုပ်သွင်အား နင်ဘီလျူမှ မြင်တွေ့သွားသောအခါ အံ့သြမှုနှင့်အတူ ထိတ်လန့် တုန်လှုပ် သွားဟန်ပါပင်။
(ဟာ . . . ငါခန့်မှန်းတာ မှားသွားပြန်ပြီလား . . .)
“မင်း . . . မင်း . . . မင်း . . .”
နင်ဘီလျူ ပါးစပ် အဟောင်းသား ဖြစ်သွားပြီးနောက် သူ့ရှေ့ရှိ အသက် ၁၈ နှစ်သာသာ လူငယ်လေးအား ငေးကြည့်နေမိသည်။ သူ၏ ဦးနှောက်တစ်ခုလုံးလည်း စဉ်းစားရလွန်းသဖြင့် ပေါက်ကွဲ လုမတတ် ဖြစ်နေပါတော့သည်။
သူ့ဦးနှောက်ထဲတွင် ကမ္ဘာကြီး တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသကဲ့သို့ပင် ဖြစ်နေလေ၏။
နင်ဘီလျူ ထင်ထားခဲ့သည်မှာ ခရမ်းရောင်ကြာပန်းသခင်သည် စစ်သူကြီး ရဲနန်ရှန် ဖြစ်မည်ဟု ဖြစ်သည်။ ထိုကဲ့သို့ ယူဆမိခဲ့စဉ်တုန်းက သူ၏ ခေါင်းထဲ နောက်ကျိနေသည့် မေးခွန်းများ၏ အဖြေ အတော်များများကို ဖြေရှင်းနိုင်ခဲ့သလို ဖြစ်ခဲ့၏။ သို့သော် ရဲရှောင်၏ မျက်နှာကို မြင်တွေ့ လိုက်ပြန်သော အခါ ထိုအဖြေမရှာနိုင်သော မေးခွန်းများသည် ထပ်မံ၍ ပေါ်လာပြန်ပါတော့သည်။
ခေါင်းထဲတွင် မိုက်ခနဲပင် ဖြစ်မိ သွားလေ၏။
ရဲရှောင် ပြုံးပြလိုက်ပြီး –
“ဘာလဲ . . . ဘာတွေ အံ့သြနေတာလဲဗျ . . .”
ရဲရှောင် ယခုမှသာ နံပါတ် ၁ လုပ်ကြံ သတ်ဖြတ်သူ ဆိုသူ၏ မျက်နှာ အစစ်အမှန်အား သေချာစွာ တွေ့ရှိ လိုက်ရလေသည်။
ပိန်ပိန်ပါးပါးဖြင့် အရပ်မှာလည်း မနိမ့်မမြင့်ဖြစ်ကာ ရဲရှောင်ထက်တော့ အနည်းငယ် ပုပါသည်။ ရုပ်ချောမောခန့်ညားခြင်း မရှိသလို ရုပ်ဆိုးနေခြင်းလည်း မရှိပါပေ။
သူ၏ မျက်လုံးများသည် ပင်လယ်ပြင်ကဲ့သုိ့ လေးနက်လှပြီး အကြည့်စူးစူးများကိုလည်း ပိုင်ဆိုင် ထားလေ၏။
လူအုပ်ကြားထဲ ရောနေမည် ဆိုပါက နင်ဘီလျူအား မည်သို့မျှ သတိထားမိစေနိုင်မည့် အချက်ဟူ၍ မရှိချေ။ ထို့ကြောင့် အခြေခံ အားဖြင့် လုပ်ကြံ သတ်ဖြတ်သူ တစ်ဦးတွင် ရှိရမည့် ရုပ်ရည်မျိုးပါပင်။ သို့သော် လှုပ်ရှားမှု ပြုလုပ်လိုက်မည် ဆိုပါက ကမ္ဘာတစ်ခုလုံးပင် တုန်ခါသွားစေနိုင်လောက်မည် ဖြစ်ပါသည်။
ယခုအခါတွင်မူ သူသည် ရဲရှောင်၏ မျက်နှာအား တုန်လှုပ်သည့် ဟန်ပန်ဖြင့် ကြည့်နေပြီး တခဏ အကြာတွင် ခုံတစ်ခုံ၌ ၀င်ထိုင်လိုက်ရင်း –
“ငါ့ကို အမှန်တိုင်း ပြောစမ်းပါ။ ငါ့ကို ၂ ခါလုံး ကယ်လိုက်တာ တကယ်ပဲ မင်းပေါ့ . . . တခြား တစ်ယောက် မဟုတ်ဘူးလား . . .”
ရဲရှောင် ရယ်မောလိုက်ပြီးနောက် –
“ဘာလဲ၊ ဘာဖြစ်လို့လဲ . . . ခင်ဗျားကို ကျုပ်က လိမ်နေတယ်များ ထင်နေတာလား . . .”
“၂ ခါလုံးမှာ မင်းက ရုပ်ဖျက်ထားတယ်လေ။ တူညီတဲ့ အချက်ဆိုလို့ တစ်ခုပဲ ရှိတယ်။ မင်းက အားနည်းတယ် ဆိုတဲ့ အချက်ပဲ . . .”
နင်ဘီလျူ၏ ပုံစံသည် ယခုအခါ ရယ်ချင်စရာ ဖြစ်နေလေ၏။ အမူအယာများမှာ စက္ကန့်မလပ် ပြောင်းလဲနေပေ၏။
ရဲရှောင် နင်ဘီလျူအား ဘာမှ ပြန်မဖြေဖြစ်ပဲ စိတ်ထဲ၌ စဉ်းစားနေမိသည်။
(ရိုင်းလိုက်တာ၊ ငါကတော့ သူ့ကို ၂ ခါတောင် ကယ်ခဲ့ရတယ်။ သူပြောတာတွေ အကုန်လုံး အဆင်ပြေနေသေးတယ်။ ဒါပေမဲ့ နောက်ဆုံး စကားလုံးကတော့ မပြောသင့်ပါဘူး၊ လိုလည်း မလိုအပ်ဘူး၊ အားနည်းတယ် ဆိုတာ ဘာကို ပြောချင်နေတာလဲ နှိမ်တာလား . . .)
နင်ဘီလျူသည် သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း –
“ငါနားလည်ပြီ၊ မင်းငါ့ကို ကယ်တင်ခဲ့တယ်ဆိုတာ မင်းဘက်ပါအောင် သိမ်းသွင်းချင်လို့ မလား၊ သိမ်းသွင်းချင်တယ် ဆိုတာကလည်း မင်းက အခုချိန်မှာ အရမ်းအားနည်းနေတယ်။ အဲဒါကြောင့် ငါ့လို လူတစ်ယောက်ကို မင်းအတွက် လိုအပ်တယ်လေ။ ဒီလို ဖရိုဖရဲနဲ့ ခေတ်ပျက်နေတဲ့ အခြေအနေမှာ မင်းတစ်ယောက်ထဲ နေရတာ မလုံခြုံဘူး၊ မင်းက အားနည်းနေတာကိုး . . .”
ရဲရှောင်မှ ခပ်တည်တည်ဖြင့် –
“အဓိပ္ပါယ်မရှိတာ၊ ခင်ဗျားက ဘယ်သူ့အတွက်မှ မလုပ်ပေးချင်ဘူးမလား . . .”
သူ့စိတ်ထဲ မကျေမချမ်းလည်း ဖြစ်နေမိလေ၏။
(ဒီလူက တော်တော် စကားပြောလို့ မကောင်းတဲ့လူပဲ၊ မပြောသင့်တဲ့ အရာကို ထပ်ကာ ထပ်ကာကို ပြောနေပါလား။ ငါက တကယ်ပဲ အားနည်းပါတယ်။ ဒါပေမဲ့ အဲဒါ သူ့ကိစ္စမှ မဟုတ်တာ၊ အဲဒါကိုတောင် ထပ်ကာထပ်ကာ ပြောနေစရာ လိုလို့လား . . .)
နင်ဘီလျူသည် ခေါင်းငုံ့၍ စဉ်းစားနေရာမှ –
“ငါတောင်းပန်ပါတယ်၊ မင်းငါ့ကို ၂ ခါတောင် ကယ်တင်ခဲ့တာ ဆိုတော့ ကျေးဇူးကြွေးက ၂ ခါတောင် တင်နေပြီလေ။ ဒါပေမဲ့ ငါသူများကို ဦးညွှတ်ပြီး အမိန့်ပေးတာ လုပ်ရမဲ့ အဖြစ်ကို တွေးလိုက်မိရင် ငါတကယ်ပဲ စိတ်ထဲ . . .”
ရဲရှောင် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူလည်း ထိုအချက်ကို စဉ်းစားမိပြီးသား ဖြစ်၏။
နင်ဘီလျူ ကမ္ဘာ့နံပါတ် ၁ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင် ဖြစ်နေရခြင်းမှာ သူ၏ မာနကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် ရဲရှောင်မှ –
“တကယ်တော့ ခင်ဗျား ဘာမှ စိတ်အနှောင့်အယှက် ဖြစ်နေစရာ မလိုပါဘူး။ ခင်ဗျားကို ဘာမှ ကျုပ်က တွန်းအားပေးနေမှာ မဟုတ်ဘူး . . .”
နင်ဘီလျူသည် ရဲရှောင်၏ ဆိုလိုရင်းကို ကောင်းစွာ နားလည်ပေသည်။ ရဲရှောင်နောက်သို့သာ လိုက်မလာခဲ့ဘူး ဆိုပါက ယခုကဲ့သို့ စိတ်ကျဉ်းကြပ်စရာလည်း ဖြစ်မည် မဟုတ်ချေ။
ယခုလို ဖြစ်နေရခြင်းအတွက် သူ့ကိုယ်သူပင် အပြစ်တင်သင့်သည် မဟုတ်ပါလား။
“ဒါပေမဲ့ ငါဘယ်လို ပြန်ပြီး ပေးဆပ်ရမလဲ . . .”
နင်ဘီလျူ ရှက်အမ်းအမ်းဟန်ဖြင့် မေးလိုက်သည်။
“ဟဲဟဲ . . . ခင်ဗျားကို ဘာမှ ပြန်လုပ်ပေးစရာ မလိုပါဘူးလို့ ပြောပြီးပြီမလား . . .”
ရဲရှောင် ပြုံးလျက်ပင် ပြန်ဖြေလိုက်၏။
“ခင်ဗျားမှာလည်း ခင်ဗျား ခံယူချက်နဲ့ ခင်ဗျားလေ။ ခင်ဗျားလမ်းသာ ခင်ဗျားလျှောက်ပါ။ ကျုပ်က လည်း ကျုပ်လမ်းကျုပ် ဆက်လျှောက်မှာပဲ။ ကျုပ်တို့က အတူတူပါပဲ၊ ခင်ဗျားကို နားလည်ပါတယ် . . .”
“အဲဒါကြောင့် ခင်ဗျား လုပ်သင့်တယ် လုပ်ချင်တယ် ဆိုတဲ့ ဟာကိုသာ ခင်ဗျားလုပ်လိုက်”
ရဲရှောင် အေးအေးဆေးဆေးပင် ပြောနေခြင်း ဖြစ်သည်။
“ခင်ဗျားနဲ့ ကျုပ်နဲ့ကြားက ကိစ္စကို ဘာမှ ဂရုစိုက်မနေနဲ့၊ ဘာမှ အရေးမကြီးဘူး . . .”
“ဒါပေမဲ့ ငါကတော့ ဂရုစိုက်တယ် . . . ဂရုမစိုက်ပဲ ဘယ်နေနိုင်ပါ့မလဲ . . .”
နင်ဘီလျူ နာနာကျင်ကျင်ဟန်ဖြင့် ပြုံးလျက် ပြောလိုက်၏။
ရဲရှောင် ဆွံ့အသွားမိသည်။
(ခင်ဗျားက အခုကျတော့ ဂရုစိုက်သွားရပြန်ပြီ။ ခင်ဗျားပဲ သူများအတွက် ဘာမှ မလုပ်ပေးဘူးဆို၊ အခု ခင်ဗျားက ဘာဖြစ်ချင်နေပြန်တာလဲ။ ဘာတွေများ ဒီလူ တွေးနေလဲ မသိပါဘူး . . .)
“အခုချိန်မှာ မင်းအတွက် ငါလုပ်ပေးနိုင်တာ ဘာမှ မရှိဘူးလား . . .”
နင်ဘီလျူ လေးနက်စွာ မေးလိုက်သည်။
“ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ငါလုပ်ပေးပါ့မယ်။ ငါ့တာဝန်သာ ထားလိုက်ပါ . . .”
“စိတ်မကောင်းပါဘူး၊ အခု ခင်ဗျားအတွက် လုပ်စရာ ဘာမှ မရှိဘူးဗျ . . .”
ရဲရှောင် ပြန်ငြင်းလိုက်ပြန်သည်။
သူ့မှာလည်း သူ့မာနနှင့်သူ ရှိနေခြင်း ဖြစ်သည်။
(ခင်ဗျားက ဘယ်သူ့အလုပ်မှ မလုပ်ပေးချင်တာကို ကျုပ်က အတင်းအကြပ် ခိုင်းမယ်များ ထင်နေလား၊ ခင်ဗျားမှာလည်း ခံယူချက် ရှိသလို၊ ကျုပ်မှာလည်း ရှိတယ်။ အတူတူပဲဟာ . . .)
“ငါအကြွေးဆပ်ဖို့အတွက် နည်းနည်းလေးတောင် အခွင့်အရေး မရှိဘူးလား၊ မင်းက ငါ့ကျန်ရှိနေတဲ့ ဘ၀တလျှောက်လုံး နောင်တတွေ တပွေ့တပိုက်နဲ့ မသက်မသာ ဖြစ်စေချင်လို့လား . . .”
နင်ဘီလျူ စိတ်မရှည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
“ဟဲဟဲ . . . အခွင့်အရေးတော့လည်း ရှိလာမှာပေါ့၊ စိတ်ရှည်ရှည် ထားစမ်းပါ၊ နောက်ပိုင်းကျ ခင်ဗျား သေချာပေါက် ပြန်ပေးနိုင်မဲ့ အခွင့်အရေး ရှိလာမှာပါ . . .”
နင်ဘီလျူ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူရဲရှောင်အား နားလည်သွားပြီ ဖြစ်၏။ အကယ်၍ ရဲရှောင်အနေဖြင့် အခက်အခဲ တွေ့နေသည့် အခိုက်အတန့်မျိုး ဖြစ်လျှင်ပင် သူ့အား အကူအညီ ထုတ်ဖော်တောင်းဆိုမည် မဟုတ်ပေ။
ဒါ့အပြင် ရဲရှောင် သူ့ကို ဘယ်အချိန်မှ အကူအညီ တောင်းမလဲ ဆိုတာကိုလည်း မစဉ်းစားတတ် အောင် ဖြစ်နေပါသည်။
နင်ဘီလျူသည် မာနကြီးသော လူတစ်ယောက်ဖြစ်ပြီး သူ့ရှေ့ရှိ ငယ်ရွယ်သော လူငယ်လေးမှာလည်း သူနှင့်အပြိုင် မာနခပ်ကြီးကြီး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူ့ထက်ပင် ပို၍ မာနာကြီးမည်ဟု ထင်မြင်နေမိပါတော့သည်။
“ငါ့ရဲ့ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ကို တည်ထောင်ချင်တယ် . . .”
နင်ဘီလျူ လေသံ တီးတိုးဖြင့် ပြောလိုက်သည်။
ရဲရှောင် သန့်ရှင်းရေး လုပ်ပြီးသွားသဖြင့် သူ့အိပ်ယာဆီသို့ လျှောက်လှမ်းလာသည်။ သူ၏ ဖိနပ်များကို ချွတ်လိုက်ပြီးနောက် အိပ်ယာထက်တွင် လှဲလျောင်းလိုက်၏။ ခြေနှစ်ဖက်ကို ချိတ်၍ ခပ်ရင့်ရင့်ပင် ထိုင်နေခြင်းဖြစ်ကာ အခန်းထဲ သူတစ်ဦးတည်း ရှိနေသလို နေနေခြင်း ဖြစ်၏။
နင်ဘီလျူသည် ရဲရှောင် ယခုကဲ့သို့ ပြုမူနေခြင်းကို ကောင်းစွာ နားလည် သဘောပေါက်လေသည်။ ရဲရှောင် ထိုကဲ့သို့ လုပ်နေခြင်းမှာ စကားဆက်မပြောချင်တော့၍ ဖြစ်ပြီး သူ့ကို ထွက်သွားစေချင် နေပြီ ဆိုတာကို သိနေပါတော့သည်။
“မင်းနည်းနည်းပါးပါး အကြံဉာဏ်လေး ပေးပါဦး . . .”
နင်ဘီလျူ ပြောလိုက်သည်။
ရဲရှောင်သည် နင်ဘီလျူ၏ ဆိုလိုရင်းကို သဘောပေါက်ပါသည်။ နင်ဘီလျူဟာ အတင်းကို ကျေးဇူးကြွေး ဆပ်ချင်နေခြင်း ဖြစ်လေ၏။
(မင်းအတွက် ကျေးဇူးကြွေး ဆပ်တဲ့အနေနဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ တည်ထောင်ပေးမယ်)
ရဲရှောင်မှ ခပ်အေးအေး လေသံဖြင့်ပင် –
“စိတ်မကောင်းပါဘူး၊ ကျုပ်က လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် မဟုတ်ဘူးလေ။ အဲဒါကြောင့် ဘာအကြံဉာဏ်မှ ပေးနိုင်မှာ မဟုတ်ဘူး။ ပညာရှင်ကြီး တစ်ယောက်ရဲ့ ရှေ့မှာ တိတ်တိတ်လေးနေတာ ပိုကောင်းမယ်လို့ ကျုပ်ကတော့ ထင်တယ် . . .”
နင်ဘီလျူ မတ်တတ်ထရပ်လိုက်ရင်း –
“ငါ့မှာ ဘာမှ ပြောစရာ မရှိတော့ဘူး . . .”
သူသည် ပြတင်းပေါက် ရှိရာဘက်သို့ လျှောက်သွားရင်း –
“ငါမြို့ထဲမှာ နောက်ရက်တွေထိ ရှိနေဦးမှာ . . .”
ရဲရှောင်မှ ခပ်အေးအေးပင် –
“ခင်ဗျား သဘောလေ။ ဒီကမ္ဘာကြီးက အကြီးကြီးပါ။ ခင်ဗျား စိတ်ကြိုက်နေပေါ့ . . .”
ထို့နောက် ခေါင်းကို မော့၍ ဆက်လက်ပြီး –
“နင်ဘီလျူ . . . ခင်ဗျားအပေါ် ကျုပ်လုပ်ပေးခဲ့တာကို ဘာအကြွေးမှ သတ်မှတ် မနေပါနဲ့။ ကျုပ်တို့က သိုင်းလောကသား အချင်းချင်းပဲ။ ကံတရားအရ ရေစက်ဆုံလာတာပဲဟာ စိတ်ထဲ တေးမှတ် မနေပါနဲ့ . . .”
နင်ဘီလျူလည်း ရှက်ရွံ့သည့် ဟန်မျိုးဖြင့် –
“ကောင်းပြီ၊ အခုတော့ ငါသွားပြီ၊ မင်းအကြောင်းကိုလည်း ငါဘယ်သူ့မှ လျှောက်မပြောပါဘူး”
ရဲရှောင်မှ ထပ်မံ၍ –
“ကျုပ်လည်း ခင်ဗျားအကြောင်း ဘာမှ မပြောပါဘူး၊ နင်ဘီလျူ . . . သိုင်းလောကသား တစ်ယောက်အနေနဲ့ စောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေကို သိပြီးသားပါ။ စိတ်ထဲ ထားမနေနဲ့ . . .”
နင်ဘီလျူ ပြုံး၍သာ ရှိနေ၏။ စိတ်ထဲတွင်မူ –
(မင်းက ငါ့အသက်ကို ၂ ခါတောင် ကယ်တင်ခဲ့တာ အဲဒါတောင်မှ ငါ့ကို ကျေးဇူးတုန့်ပြန်ခွင့် မပေးဘူး။ စိတ်ထဲ မထားဖို့တောင် ပြောနေသေးတယ်။ အဲဒီလိုသာဆို ငါက ကျေးဇူးကန်းတဲ့ လူတစ်ယောက် ဖြစ်သွားမှာပေါ့ . . .)
ပြတင်းပေါက်နားသို့ ရောက်သောအခါ လေသံတီးတိုးဖြင့် –
“သခင်လေးရဲ၊ နည်းနည်းလောက် ညှိကြည့်ကြရအောင်၊ နောက်သုံးနှစ် ကြာတဲ့အထိ မင်းအမိန့်အတိုင်း ငါလိုက်နာမယ်။ သုံးနှစ်ပြီးရင်တော့ ငါ့ကို လွတ်လပ်ခွင့်ပေး၊ ဘယ်လိုလဲ . . .”
ရဲရှောင် ရယ်မောလိုက်ပြီးနောက် –
“မလိုဘူး၊ မလိုချင်ပါဘူးဆိုဗျာ . . .”
ထို့နောက် ဆက်လက်၍လည်း –
“အပြင်မှာ မိုးတွေ သည်းနေတုန်းပဲ၊ ဂရုစိုက်ပါ၊ နောက်ပြီး ခင်ဗျား ထွက်သွားတဲ့ အခါကျရင် ကျုပ်အတွက် ပြတင်းပေါက် ပြန်ပိတ်ပေးခဲ့ဖို့ မမေ့နဲ့နော် . . .”
နင်ဘီလျူလည်း ထပ်မံ၍ အငြင်းခံလိုက်ရပြန်သည်။
သုံးနှစ်ဆိုသည့် ကာလသည် သူ၏ အလုပ်နိုင်ဆုံး ကာလတစ်ခုပင် ဖြစ်သည်။ သို့သော် ရဲရှောင်မှ ချက်ချင်းပင် ငြင်းပယ်ခဲ့ပြီး ရဲရှောင်၏ မာနကြီးမှုကို နင်ဘီလျူတစ်ယောက် တော်တော် အံ့သြနေမိလေ၏။
ရဲရှောင်သည် ကျေးဇူးတုန့်ပြန်ခွင့် မပေးသည့်အတွက် သူအတတ်နိုင်ဆုံး ညှိနှိုင်း ယူလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း အခွင့်မသာခဲ့ပြန်ချေ။
သက်ပြင်းတစ်ချက်သာ ချရင်း ပြန်လည်ထွက်ခွာလာခဲ့ကာ ရဲရှောင် ပြောခဲ့သည့် အတိုင်းပင် တံခါးကို ညင်ညင်သာသာပဲ ပြန်ပိတ် ပေးခဲ့လေ၏။
ထိုအချိန် ရဲရှောင် အတွင်းထဲမှနေ၍ –
“အခု ခင်ဗျား ကျုပ်အတွက် တစ်ခု လုပ်ပေးလိုက်ပြီလေ။ ဟုတ်တယ်မလား၊ အခုကစပြီး ခင်ဗျား အပေါ် ဘာကျေးဇူးကြွေးမှ မရှိတော့ဘူး။ အေးအေးဆေးဆေးသာ နေတော့၊ ခင်ဗျားက လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်လေ။ ကျုပ်က စစ်သူကြီးရဲ့ သားတစ်ယောက်၊ ကျုပ်တို့က ဆန့်ကျင်ဘက်တွေပဲ။ မျဉ်းပြိုင် ၂ ကြောင်းလို ဘယ်တော့မှ ဆုံနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် သိပ်ပြီး စိတ်ထဲ ထားနေစရာ မလိုပါဘူး . . .”
ထို့နောက်တွင် အခန်းထဲရှိ မီးပါ မှိတ်သွားသည်ကို မြင်တွေ့လိုက်ရလေ၏။
(ငါဒီတံခါးလေး ပိတ်ပေးလိုက်ပြီး ကျေးဇူးဆပ်ရတယ်တဲ့လား . . . အသက်ကို ၂ ကြိမ် ကယ်တင်ခဲ့တာအတွက် ငါလုပ်ပေးခဲ့ရတာ ဒီလောက်ပဲလား . . .)
နင်ဘီလျူ စိတ်မချမ်းမသာဟန်ဖြင့် တွေးနေမိပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset