အခန်း (၆၂၆) အရှေ့ဧကရာဇ်
“မင်း ဂေါက်သွားတာလား၊ ဘာဖြစ်လို့ ဒီလောက်တောင် သေချင်နေရတာလဲ”
ဟန်ထော်ရဲ့ ရုတ်တရက် ကြိမ်းမောင်းမှုက ယီတျန်ကို လန့်သွားစေပါတယ်။ အတိတ်မှာတုန်းက ယီတျန်ဟာ ဟန်ထော်ရဲ့ အစ်ကိုလို နေရာမျိုးမှာ ရှိခဲ့တာပါ။ မတွေ့ရတာ နှစ်တွေ အတော်ကြာသွားတဲ့အပြင် ဟန်ထော်ကလည်း သူ့ကို ထပ်ကယ်ခဲ့တဲ့အတွက် ယီတျန်ဟာ သူ့ကိုယ်သူ အတော်လေး နှိမ့်ချနေပါတယ်။
ယီတျန်ဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ် “ဒါက တာအိုပညာရှိဖြစ်လာဖို့ အခွင့်အရေးနော်၊ နောက်ပြီး ငါ့အတွက် အမှောင်တားမြစ်နယ်မြေက အင်မော်တယ်ကမ္ဘာထက် ပိုသင့်တော်တယ်၊ ဒီနေရာမှာ သန်မာတဲ့သူက သန်မာသူပဲ၊ အားနည်းတဲ့သူက အားနည်းသူပဲ၊ အင်မော်တယ်ကမ္ဘာမှာလိုမျိုး တစ်ဖက်လူရဲ့ နောက်ခံကို ကြည့်နေစရာ မလိုဘူး၊ ဘယ်လောက်တောင် လွတ်လပ်လိုက်လဲ”
ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်းစကားက ဘာကြီးလဲ၊ မင်းက ပြန်ဖို့ အစီအစဉ် မရှိဘူးလား”
“ဘာလို့ ပြန်သွားရမှာလဲ၊ ငါ အင်မော်တယ်ကမ္ဘာမှာ ရှိတုန်းက ငါ့မှာ ရွေးချယ်စရာ မရှိဘူးလို့ အမြဲတမ်း ခံစားခဲ့ရတယ်၊ ငါက အရည်အချင်း ရှိပေမဲ့ တစ်စုံတစ်ခုက ငါ့ကို ထိန်းချုပ်နေတယ်လို့ အမြဲတမ်း ခံစားခဲ့ရတယ်၊ အမှောင်တားမြစ်နယ်မြေလည်း ရောက်လာရော အဲဒီခံစားချက်က ပျောက်သွားတယ်၊ ဒီနေရာက ထိပ်တန်းကျင့်ကြံသူတွေအတွက် သုခဘုံပဲ၊ သူတို့တွေက သတ်ဖြတ်ခြင်းကြားထဲမှာ ကြီးပြင်းလာပြီး အန္တရာယ်ကြားထဲကနေ အခွင့်အရေးကို အရယူတယ်၊ ဟန်ထော်… မင်း သတိမထားမိဘူးလား၊ ငါ ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်နေပြီ” ယီတျန်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
ဟန်ထော်ဟာ ယီတျန် ဒီလောက်ထိ စိတ်လှုပ်ရှားတာကို သိပ်မတွေ့ဖူးပါဘူး။ ကြည့်ရတာ ယီတျန်က အမှောင်တားမြစ်နယ်မြေကို တော်တော် သဘောတွေ့နေပုံပါပဲ။
ဟန်ထော်ဟာ ‘ငါလည်း ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်သွားပြီ’ လို့ ပြောချင်လာပါတယ်။
ဒါပေမဲ့ ဟန်ထော် ပါးစပ်မဟခင်မှာပဲ ယီတျန်က ဆက်ပြောပါတယ် “အင်မော်တယ်ကမ္ဘာရဲ့ အဆင့်အတန်းက ပုံသေဖြစ်တာ ကြာပြီ၊ တာအိုပညာရှိတွေရဲ့ သင်ကြားမှုတွေက ထာဝရပဲ၊ မင်းနဲ့ ငါ တာအိုကို ရယူနိုင်ခဲ့ရင်တောင် ကောင်းကင်တာအို ထိန်းချုပ်တာကို ခံရဦးမှာပဲ၊ မင်း ကိုယ့်လမ်းကိုယ် မလျှောက်ချင်ဘူးလား”
“မင်းက အလျင်လူတွေရဲ့ ကြိုးပမ်းမှု အသီးအပွင့်အောက်မှာပဲ ကြီးပြင်းချင်တာလား”
ယီတျန်ရဲ့ စကားက ဟန်ထော်ရင်ကို ထိသွားပါတယ်။ ဟန်ထော်ဟာ သူ့အဖေကို တွေးမိလိုက်ပါတယ်။ သူသာ အင်မော်တယ်ကမ္ဘာမှာ နေရင် လုံးဝလုံခြုံမှာ ကျိန်းသေပါတယ်။ ဒါပေမဲ့ သူ့အဖေကို ကျော်တက်ဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ထော်ဟာ သူ့အဖေ ကောင်းကင်တာအိုကနေ မထွက်ရဲတာက ကောင်းကင်တာအို အပြင်ဘက်မှာ သူ့ထက် စွမ်းအားပိုကြီးတဲ့ တည်ရှိမှုတွေ ရှိနေတာကြောင့်လို့ ခန့်မှန်းလိုက်ပါတယ်။ ဒီလိုဆိုရင် ပိုကြီးမားတဲ့ အခွင့်အရေးတွေကလည်း ကျိန်းသေပေါက် တည်ရှိနေမှာပါ။
နောက်ဆုံးမှာတော့ ဟန်ထော်ဟာ ယီတျန်စကားကို စိတ်ပါသွားပါတယ်။
ယီတျန်ဟာ ဟန်ထော်မျက်လုံးကို ကြည့်ရုံနဲ့ ဟန်ထော် ဘာတွေးနေတယ်ဆိုတာကို သိတာကြောင့် ထပ်ပြီး ပြောလိုက်ပါတယ် “အဲဒီသားရဲကို အရင်သတ်ပြီး လောကဦး ခရမ်းရောင်ချီကို လုယူရအောင်၊ နောက်ကျလို့ ငါတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်က တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို ရောက်သွားရင် အဲဒီလူက အရင်ဆုံး တာအိုပညာရှိအဆင့်ကို တက်လှမ်းတာပေါ့၊ ဘယ်လိုသဘောရလဲ”
ဟန်ထော်ဟာ အံကြိတ်လိုက်ပါတယ် “ကောင်းပြီလေ၊ အဲဒီအတိုင်း လုပ်ကြတာပေါ့”
ဟန်ထော်နဲ့ ယီတျန်ဟာ အမှောင်သားရဲနောက်ကို လိုက်သွားပါတော့တယ်။
နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက နည်းနည်းတိုးသွားတယ်ဆိုပေမဲ့ အဆင့်တက်နိုင်ဖို့က အဝေးကြီး လိုပါသေးတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို တာအိုစတင် ဟောကြားပါတယ်။ အန္တိမမူလ မဟာတာအိုက သူတို့ကို လွှမ်းမိုးသွားတဲ့အတွက် တပည့်သိန်းချီဟာ တာအိုသုံးသပ် နားလည်တဲ့ အခြေအနေကို ချက်ချင်း ဝင်ရောက်သွားကြပါတယ်။
ဟန်ကျွယ်ဟာ တာအိုဟောကြားရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဒီထဲက စာတစ်စောင်ဟာ ဟန်ကျွယ်အာရုံကို ဆွဲဆောင်လိုက်ပါတယ်။
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ကောင်းကင်တာအိုမှ နှင်ထုတ်ခံလိုက်ရသည်။]
‘ဘိုးဘေးရှီတျန်က ကောင်းကင်တာအိုကနေ နှင်ထုတ်ခံလိုက်ရပြီလား…’ ဟန်ကျွယ် မျက်ခုံးလှုပ်သွားပါတယ်။
ဘိုးဘေးရှီတျန်က ကောင်းကင်တာအိုအတွက် အသန်မာဆုံး အကာအကွယ် ထီးတစ်လက်ပါ။ ပြီးခဲ့တဲ့တစ်ခေါက် တာအိုကောင်းကင်မိစ္ဆာတွေ တိုက်ခိုက်တာကလည်း ဘိုးဘေးရှီတျန် မရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ခဲ့တာပါ။
အခု ဘိုးဘေးရှီတျန်က ကောင်းကင်တာအိုကနေ နှင်ထုတ်ခံလိုက်ရပြီဆိုတော့ တစ်ခုခုဖြစ်တော့မှာ သေချာနေပါပြီ။
ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကို လှမ်းကြည့်လိုက်တဲ့အခါ နောက်ထပ် တာအိုပညာရှိတစ်ပါးကို ရှာတွေ့သွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တု၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်၊ ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်၊ ရှီတုတောက်၊ လီတောက်ခုံးနဲ့ ဖန်းလျန်။ ဒီကောင်းကင်တာအိုပညာရှိ ကိုးပါးအပြင် နောက်ထပ် တာအိုပညာရှိတစ်ပါး ထပ်ရှိနေတာပါ။
ဆိုလိုချင်တာက ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ ကောင်းကင်တာအိုပညာရှိ ဆယ်ပါး ရှိနေတာပါ။ ဟန်ကျွယ်ကိုပါ ထပ်ပေါင်းလိုက်ရင်တော့ ကောင်းကင်တာအိုထဲမှာ တာအိုပညာရှိ ၁၁ ပါး ရှိနေပါတယ်။
ဟန်ကျွယ် ကောင်းကင်တာအိုထဲကနေ နှင်ထုတ်မခံရတာက ကောင်းကင်တာအိုထဲမှာ မွေးဖွားခဲ့ပြီး အလွန်များပြားတဲ့ ကောင်းကင်တာအို ကုသိုလ်ကံကို ရရှိခဲ့လို့ ဖြစ်ပါတယ်။ ကောင်းကင်တာအို အပြင်ဘက်က တာအိုပညာရှိတွေဟာ ကောင်းကင်တာအိုကို တိုက်ရိုက် ဆင်းသက်လို့ မရပါဘူး။ သူတို့ရဲ့ ကျင့်ကြံမှုကို ဖိနှိပ်ပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့နဲ့ လဲလှယ်ပြီးမှ ကောင်းကင်တာအိုပညာရှိပဲ ဖြစ်နိုင်တာပါ။
‘ဒီလူက ဘယ်သူလဲ’ ဟန်ကျွယ်ဟာ ပဟေဠိ ဖြစ်သွားပါတယ်။ အခုကြည့်ရသလောက် ကောင်းကင်တာအိုရဲ့ အကန့်အသတ်က တာအိုပညာရှိ ကိုးပါး မကဘူးနဲ့ တူပါတယ်။
‘မဟုတ်သေးဘူး… ကောင်းကင်တာအို ကံတရား အထောက်အပံ့က ဘာဖြစ်လို့ ဒီလောက်တောင် သန်မာသွားရတာလဲ’
ဟန်ကျွယ်ဟာ ရုတ်တရက် နှလုံးလှုပ်သွားပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်နဲ့ နှိုင်းယှဉ်ရင် ကောင်းကင်တာအို ကံတရား အထောက်အပံ့က စမ်းချောင်းကနေ မြစ်ဖြစ်သွားသလိုပါပဲ။ ကပ်ဘေးမတိုင်ခင်က ကောင်းကင်တာအိုထက်တောင် မနိမ့်ကျတော့ပါဘူး။
ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါ ဒီကိစ္စက ဖန်းလျန်နဲ့ ဆက်စပ်နေမှန်း သိလိုက်ရပါတယ်။ ဖန်းလျန်ရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့က တခြား ကောင်းကင်တာအို ပညာရှိတွေ အားလုံးပေါင်းထက် ပိုအားကောင်းနေပါတယ်။
‘ဒီကောင်လေးက ခိုးဆော့နေတာလား…’
အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုဘိုးဘေးကို တွေးမိသွားပြီး ဒီကိစ္စက ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားလိုက်ရပါတယ်။ လက်ရှိဖန်းလျန်က လုံးဝကို တာအိုဘိုးဘေးရဲ့ ဘက်တော်သား ဖြစ်နေပါပြီ။ ဒါကြောင့် တာအိုဘိုးဘေး သူ့ကို ထောက်ပံ့ပေးတာ သိပ်တော့ မဆန်းပါဘူး။
နှစ်တစ်ရာ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကို သွားပြီး တာအိုပညာရှိအသစ်ရဲ့ တာအိုစက်ကွင်းဆီသွားကာ အသွင်တူလက်ရည်စမ်းပွဲနဲ့ အချက်အလက်တွေကို စစ်ဆေးလိုက်ပါတယ်။
[အရှေ့ဧကရာဇ် တာအိုပညာရှိ: ကောင်းကင်တာအို လွတ်လပ်ပညာရှိ ထိပ်ဆုံးအဆင့်၊ အနန္တဧကရာဇ်၊ ရွှေကျီးကန်း ဘိုးဘေး၊ လောကဦး ကောင်းကင်ဧကရာဇ်။]
‘ကောင်းကင်တာအို လွတ်လပ်ပညာရှိလား…’ ဟန်ကျွယ်ဟာ လန့်သွားပြီး နေရာကနေ ချက်ချင်း ထွက်ခွာသွားပါတယ်။ အဲဒီနောက် စကြဝဠာခန်းမဆီသွားပြီး ကောင်းကင်အရှင်ရွှမ်တုဆီ သွားလည်ပါတယ်။
ခန်းမထဲကို ဝင်ပြီးနောက် ဟန်ကျွယ်နဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ မျက်နှာချင်းဆိုင် ထိုင်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ သက်ပြင်းချလိုက်ပါတယ်။ သူ့အသံက ကူကယ်ရာမဲ့တဲ့ ခံစားချက်တွေ ပြည့်နေပါတယ်။ ဟန်ကျွယ်က သက်ပြင်းချရတဲ့ အကြောင်းရင်းကို မေးမြန်းလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေပါတယ် “အသစ်ရောက်လာတဲ့ တာအိုပညာရှိကို မင်း ရှာတွေ့ပြီးပြီမလား၊ ပထမတော့ ဒီတာအိုပညာရှိနေရာကို တစုန်ကောင်းကင်ဆီ ပေးမလို့ပဲ၊ ဒါပေမဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံက တခြားလူတစ်ယောက်ကို ပေးလိုက်ပါတယ်၊ အဲဒီလူက အရှေ့ဧကရာဇ် တာအိုပညာရှိပဲ၊ ဒီလူက ကောင်းကင်ဖွင့်လှစ်မှုအပြီး ကပ်ဘေးမှာ တန်ခိုးကြီးလာခဲ့တဲ့ ဒုတိယလူပဲ၊ ငါတောင် သူ့ကို စီနီယာလို့ ခေါ်ရတယ်၊ သူ့အစ်ကိုက မဟာတာအိုနဲ့ ရင်ပေါင်တန်းနိုင်တဲ့ တည်ရှိမှု၊ ငါတို့ တာအိုပညာရှိတွေမှာ သူ့ကို မျက်နှာသာ ပေးရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူး”
ဟန်ကျွယ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဘယ်သူ့ လောကဦး ခရမ်းရောင်ချီကို ပေးလိုက်တာလဲ”
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေ လက်ထဲမှာ ကျန်နေသေးတဲ့ လောကဦး ခရမ်းရောင်ချီက ဘယ်သူ့ဟာလဲဆိုတာကို အမြဲတမ်း သိချင်နေခဲ့တာပါ။ တာအိုပညာရှိမင်ကျွယ်နဲ့ တာအိုပညာရှိ ကျင်အန်းရဲ့ လောကဦး ခရမ်းရောင်ချီတွေက ကောင်းကင်အရှင်ဝူဖာနဲ့ ကောင်းကင်အရှင်ရွှမ်တုဆီ ရောက်သွားပါတယ်။ လီမုယဲ့ ပိုင်ဆိုင်ခဲ့တဲ့ လောကဦး ခရမ်းရောင်ချီကတော့ လီတောက်ခုံးဆီ ရောက်သွားပါတယ်။ ဧကရီနွီဝါနဲ့ ဖူရှီ နှစ်ယောက်ထဲက တစ်ယောက်ရဲ့ လောကဦး ခရမ်းရောင်ချီကတော့ ရှီတုတောက်ဆီ ရောက်သွားပါတယ်။ ကျန်တစ်ခုကတော့ ဘယ်နေရာမှာမှ မတွေ့ရပါဘူး။
“တာအိုဘိုးဘေးရဲ့ လောကဦး ခရမ်းရောင်ချီ” ကောင်းကင်အရှင်ရွှမ်တုက မတတ်နိုင်တဲ့လေသံနဲ့ ဖြေလိုက်ပါတယ်။
‘တာအိုဘိုးဘေးရဲ့ လောကဦး ခရမ်းရောင်ချီလား… အံ့ဩစရာ မရှိတော့ပါဘူး၊ ဒါကြောင့် အရှေ့ဧကရာဇ်က လွတ်လပ် တာအိုပညာရှိ ထိပ်ဆုံးအဆင့်ကို ရောက်နိုင်တာကိုး… ဒါကြောင့်လည်း ငါ သူရောက်လာတာကို ငါ အာရုံမခံမိတာပဲ…’ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ကောင်းကင်အရှင် ရွှမ်တုက ဆက်ပြောပါတယ် “တာအိုဘိုးဘေးက သူ့လောကဦး ခရမ်းရောင်ချီကို ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ထားခဲ့တယ်၊ ဒါကြောင့် အရှေ့ဧကရာဇ်က လွတ်လပ် တာအိုပညာရှိ ကျင့်ကြံမှုကို ထိန်းသိမ်းထားနိုင်တာပဲ၊ ဒါပေမဲ့ ငါတို့လိုပဲ သူလည်း ကောင်းကင်တာအို နှောင်ဖွဲ့တာကို ခံထားရတယ်၊ ကောင်းကင်တာအိုကနေ ထွက်သွားရင် သူ့ကျင့်ကြံမှုကို သက်ရောက်မှာပဲ၊ လွတ်လပ်တယ်ဆိုပေမဲ့ အမှန်တကယ် လွတ်လပ်တာ မဟုတ်ဘူး၊ လွတ်လပ် တာအိုပညာ ကျင့်ကြံမှုကို ထိန်းသိမ်းထားနိုင်ရုံပဲ”
“ဒီလောက် စွမ်းအားကြီးတဲ့ လောကဦး ခရမ်းရောင်ချီကို ဘာဖြစ်လို့ ကိုယ့်အတွက် ကိုယ်မထားတာလဲ” ဟန်ကျွယ်က တအံ့တဩ မေးလိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုကလည်း လွတ်လပ် တာအိုပညာရှိပါ။ ဒါပေမဲ့ သာမန် လောကဦး ခရမ်းရောင်ချီကို အသုံးပြုခဲ့တဲ့အတွက် ကျင့်ကြံမှု ထိခိုက်ခဲ့ရပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ခေါင်းခါလိုက်ပါတယ် “ဒီလောကဦး ခရမ်းရောင်ချီက ဘိုးဘေးရှီတျန် လက်ထဲမှာ ထိန်းသိမ်းထားတာ၊ အရှေ့ဧကရာဇ် မလာခင် ဘိုးဘေးရှီတျန် ထွက်သွားတယ်၊ ပြောကြတာတော့ ဘိုးဘေးရှီတျန်နဲ့ အရှေ့ဧကရာဇ်ရဲ့ အစ်ကိုက မိတ်ဆွေတွေတဲ့၊ ငါ့မှာ အဲဒီလိုမျိုး အဆက်အသွယ်ကောင်း မရှိဘူး”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘိုးဘေးရှီတျန်က ကောင်းကင်တာအိုထဲကနေ ထွက်သွားတာ မဟုတ်ဘဲ နှင်ထုတ်ခံရမှန်း သိနေလို့ပါပဲ။
‘သိကျွင်းက သူ့ကို တိုက်ခိုက်လို့များလား… ဒါပေမဲ့ သိကျွင်းက ဘိုးဘေးရှီတျန်ထက် စွမ်းအားကြီးလို့လား…’
ကောင်းကင်အရှင်ရွှမ်တုက စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ဖန်းလျန်က ဒီကြားထဲ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်နဲ့ ချုံရှီလိုင်တို့ကို စည်းရုံးဖို့ ကြိုးစားနေတယ်၊ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က အခြေအနေတွေ ပြောင်းလဲတော့မယ်”
ဟန်ကျွယ်ဟာ မျက်စိကျဉ်းပြီး မတ်တတ် ကောက်ရပ်လိုက်ပါတယ် “ငါ သူ့ကို သွားတွေ့လိုက်မယ်”
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းညိတ်လိုက်ပြီး ဟန်ကျွယ်ကို မတားပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်တာအို နန်းတော်ကို သွားပါတယ်။ နန်းတော်တံခါး ပွင့်သွားတဲ့အခါ ဟန်ကျွယ်ဟာ သတိကြီးစွာနဲ့ သူ့ရဲ့ အကောင်းစား ရတနာတွေ အကုန်လုံးကို အသက်သွင်းလိုက်ပါတယ်။
နန်းတော်ထဲကို ရောက်တဲ့အခါမှာ ဝတ်ရုံဖြူ ဝတ်ဆင်ထားပြီး ဆံပင်တွေ ဖြူဖွေးနေတဲ့ ဖန်းလျန်ကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။ ဖန်းလျန်ရဲ့ ခန္ဓာကိုယ်က တောက်ပနေပေမဲ့ သူ့ရဲ့ မူလပုံစံကို လုံးဝကြီး ဖုံးကွယ်မထားပါဘူး။ သူ့မျက်နှာက တည်တံ့နေပြီး ကိုယ်ဟန်ကလည်း လုံးဝကို သာမန်မဟုတ်တဲ့အတွက် ဘယ်သူမှ မလေးစားဘဲ မနေရဲလောက်အောင် ရှိနေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 626
? Views, Released on December 10, 2024