Switch Mode

Chapter – 625

အခန်း (၆၂၅) 49 ခု
“လီတောက်ခုံးရဲ့ ခရမ်းရောင်ချီက ဟန်ကျွယ်ဆီက လာတာ၊ လီမုယဲ့က ဟန်ကျွယ် လက်ထဲမှာ သေသွားတယ်၊ ရွမ်လိန့်ကျောင်းတော်ရဲ့ ပြီးခဲ့တဲ့ တာအိုပညာရှိကလည်း သေသွားတယ်၊ အဲဒီတာအိုပညာရှိရဲ့ လောကဦး ခရမ်းရောင်ချီက လီမုယဲ့လက်ထဲမှာ အမြဲတမ်း ရှိနေခဲ့တာ၊ အခု ငါတို့တွေ ရှာလို့မတွေ့တော့ဘူးဆိုတော့ အဲဒီလောကဦး ခရမ်းရောင်ချီက ဟန်ကျွယ် လက်ထဲမှာပဲ ဖြစ်ရမယ်”
“ရှီတုတောက်ရဲ့ လောကဦး ခရမ်းရောင်ချီက ဘယ်သူ့ဆီက လာတာလဲ၊ ဧကရီနွီဝါနဲ့ ဖူရှီဆီကပဲ ဖြစ်ရမယ်၊ ဧကရီနွီဝါရဲ့ လောကဦး ခရမ်းရောင်ချီက ပျောက်နေတာ ကြာပြီ၊ ဖူရှီက အမှောင်တားမြစ်နယ်မြေမှာ သေသွားတော့ သူ့ရဲ့ လောကဦး ခရမ်းရောင်ချီကို ရှာလို့ မတွေ့ဘူး”
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ပြောဆိုရင်းနဲ့ တခြားတာအိုပညာရှိတွေကို အကဲခတ်ပြီးမှ ဆက်ပြောပါတယ် “ဒီလိုဆိုရင် ရှီတုတောက်ရဲ့ လောကဦး ခရမ်းရောင်ချီက ဧကရီနွီဝါဆီကနေ လာတာ ဖြစ်နိုင်တယ်၊ ငါတို့ထဲက တစ်ယောက်ယောက်က ရှီတုတောက်ကို လျှို့ဝှက်ပြီး ပံ့ပိုးနေတယ်”
ဂိုဏ်းချူပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်၊ ချုံရှီလိုင်၊ ကောင်းကင်အရှင်ဝူဖာနဲ့ ကောင်းကင်အရှင် ရွှမ်တုတို့ဟာ တိတ်ဆိတ်နေပါတယ်။ ဒီလိုတိတ်ဆိတ်နေတာကြောင့် လေထုက လေးလံလာပါတယ်။
ခဏကြာမှ ဧကရာဇ်ရှောင်က ပြောလိုက်ပါတယ် “တစ်ယောက်ယောက်က လျှို့ဝှက်ကြံစည်နေတာဆိုရင် သူက ရိုးသားမှာ မဟုတ်ဘူး၊ ငါတို့ အခုရှာသင့်တာက ဖန်းလျန် ဘာဖြစ်လို့ တာအိုကို ရယူနိုင်လဲ ဆိုတာပဲ”
“ဖန်းလျန်ရဲ့ လောကဦး ခရမ်းရောင်ချီက ဟန်ကျွယ်ဆီကတော့ မဖြစ်နိုင်လောက်ဘူး၊ ဖန်းလျန် ကောင်းကင်တာအိုဂိုဏ်းကို တည်ထောင်ပြီးကတည်းက သူ့ကံတရား အထောက်အပံ့က တိတ်ဆိတ်ဂိုဏ်းနဲ့ ပိုပိုဝေးကွာသွားတယ်၊ ဒါက သစ္စာဖောက်တာနဲ့ အတူတူပဲ၊ သူ့လောကဦး ခရမ်းရောင်ချီက ဟန်ကျွယ်ဆီက မဖြစ်နိုင်ဘူး၊ ဟန်ကျွယ်ဆီက ဆိုရင်တောင် ဟန်ကျွယ်က ဒီလောက်များတဲ့ လောကဦး ခရမ်းရောင်ချီတွေကို ဘယ်နေရာကနေ ရနိုင်မှာလဲ”
တာအိုပညာရှိတွေဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ရုတ်တရက်ဆိုသလို တာအိုပညာရှိတွေဟာ ကောင်းကင်တာအိုရဲ့ အခြေအနေကို မမြင်နိုင်ကြတော့ပါဘူး။
အမှောင်ဘုရင် တာအိုပညာရှိ ပေါ်လာကတည်းက တာအိုပညာရှိတွေဟာ အမြဲတမ်း ခံနေရပြီး အရင် ကောင်းကင်တာအို ပညာရှိဟောင်းတွေလိုမျိုး ကောင်းကင်တာအိုကို အကြွင်းမဲ့ မထိန်းချုပ်နိုင်ကြတော့ပါဘူး။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “လောကဦး ခရမ်းရောင်ချီက ကိုးခုပဲ ရှိတယ်၊ ပြောကြတာတော့ ဒီလောကဦး ခရမ်းရောင်ချီတွေက တာအိုဘိုးဘေးဆီကနေ လာတာ၊ လောကဦး ခရမ်းရောင်ချီကိုးခုက ကောင်းကင်တာအိုပညာရှိ ကိုးနေရာနဲ့ ကွက်တိပဲ၊ ဒါပေမဲ့ ကောင်းကင်တာအို မမွေးဖွားခင်တုန်းက လောကဦး ခရမ်းရောင်ချီ ရှိနေလားဆိုတာကို မင်းတို့တွေ တွေးမိကြလား”
ကောင်းကင်အရှင်ဝူဖာက မေးလိုက်ပါတယ် “မင်းဆိုလိုချင်တာက လောကဦး ခရမ်းရောင်ချီက ကိုးခုမက ရှိနေတယ်လို့ ဆိုလိုတာလား”
“ဟုတ်တယ်၊ အဲဒီအချက်ပဲ ဖြစ်နိုင်တယ်” ကောင်းကင်အရှင်ရွှမ်တုဟာ သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့တယ်လို့ စပြီးတော့ ခံစားလာရပါတယ်။
ကောင်းကင်တာအိုကို ရောက်လာပြီးနောက် ကောင်းကင်အရှင် ရွှမ်တုဟာ အစွမ်းပြပြီး ကောင်းကင်တာအိုကို အင်အားကြီးလာအောင် ဦးဆောင်ချင်ခဲဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာ တာအိုပညာရှိနေရာတောင် လျှို့ဝှက်ဆန်းကြယ်လာပြီး ထွက်ပြေးလို့ မလွတ်တဲ့ ဂိမ်းထဲကို ရောက်နေတယ်လို့ ကောင်းကင်အရှင်ရွှမ်တု ခံစားလာရပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ဆက်ပြောပါတယ် “အဆုံးသတ် အပျက်အစီး နတ်ဘုံက တစ်ခုခုမှားနေတာကို မင်းတို့တွေ ခံစားမိလား၊ ငါတို့တွေ အမှောင်ဘုရင် တာအိုပညာရှိကို သတ်လိုက်တာကို အဆုံးသတ် အပျက်အစီး နတ်ဘုံက သိပ်ကြိုက်ပုံ မပေါ်ဘူး၊ ငါတို့ကို အေးအေးစက်စက် ဆက်ဆံလာတယ်”
တာအိုပညာရှိတွေဟာ နှလုံးလှုပ်သွားကြပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မျက်လုံးပြူးသွားပါတယ် “မင်းလည်း အဲဒီလို ဆက်ဆံခံရတာလား”
ဧကရာဇ်ရှောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ တခြား တာအိုပညာရှိတွေဟာလည်း မျက်နှာ ပျက်ကုန်ကြပါတယ်။ သူတို့တွေဟာ လျှို့ဝှက်ကြံစည်တဲ့နေရာမှာ တော်တဲ့သူတွေ ဖြစ်တာကြောင့် အရိပ်ပြတာနဲ့ အကောင်မြင်ပါတယ်။
သေချာပြန်စဉ်းစားကြည့်ရင် အဓိပ္ပာယ်ရှိပါတယ်။ အမှောင်ဘုရင် တာအိုပညာရှိက ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ အဆုံးသတ် အပျက်အစီးနတ်ဘုံက စွမ်းအားကြီးပုဂ္ဂိုလ်တွေထက်တောင် စွမ်းအားမကြီးနိုင်ပါဘူး။
အဲဒီ စွမ်းအားကြီးပုဂ္ဂိုလ်တွေသာ ဆန္ဒရှိရင် အမှောင်ဘုရင် တာအိုပညာရှိကို အသာလေး တိုက်ခိုက်နိုင်ပါတယ်။
ဒီအချိန်မှာပဲ တစုန်ကောင်းကင်ရဲ့အသံဟာ ခန်းမအပြင်ကနေ ထွက်ပေါ်လာပါတယ် “တာအိုပညာရှိတို့… တစုန်ကောင်းကင်က တွေ့ခွင့်တောင်းပါတယ်” တစုန်ကောင်းကင်ရဲ့ အသံက တော်‌တော်လေး ယဉ်ကျေးပေမဲ့ ဒေါသကို မြိုသိပ်ထားရတာ သိသာလှပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်က ပြောလိုက်ပါတယ် “ငါတို့တွေ သူ့ကို အဖြေ ဘယ်လို ပေးမလဲ၊ အခု ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံက ဟာသတစ်ခု ဖြစ်သွားပြီ၊ ငါတို့မျက်နှာတွေကို ဖြတ်ရိုက်လိုက်သလိုပဲ”
“ဝင်ခိုင်းလိုက်ပါ” ကောင်းကင်အရှင်ရွှမ်တုက တည်ငြိမ်စွာ ဝင်ပြောလိုက်ပါတယ်။
…..
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်၊ တာအိုဘုံကျောင်းအတွင်း။
ဟန်ကျွယ်ဟာ ထူးဆန်းသွားပါတယ်။ ဟန်ကျွယ်ကိုယ်တိုင်လည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ‘ဖန်းလျန်က ဘယ်လိုလုပ်ပြီး အောင်မြင်သွားတာလဲ’
လီတောက်ခုံးကို ပေးလိုက်တဲ့ လောကဦး ခရမ်းရောင်ချီက ဟန်ကျွယ် လီမုယဲ့ရဲ့ တွက်ချက်မှုဆီကနေ ရထားတာပါ။ ဟန်ကျွယ်ဟာ စနစ်က ရထားတဲ့ မဟာတာအို ခရမ်းရောင်ချီကို အခုထိ အသုံးမပြုရသေးပါဘူး။
‘လောကဦး ခရမ်းရောင်ချီက အများကြီး ရှိနေတာလား’
အရင်တုန်းက တာအိုဘိုးဘေး ရှိနေတုန်းက ကောင်းကင်တာအိုမှာ ကောင်းကင်တာအိုပညာရှိ ကိုးပါး ရှိခဲ့ပါတယ်။ တာအိုဘိုးဘေးကလည်း တာအိုပညာရှိဆိုတော့ ကျိန်းသေပေါက် သူ့ဆီမှာလည်း လောကဦး ခရမ်းရောင်ချီ တစ်ခု ရှိခဲ့မှာပါ။
“လောကဦး ခရမ်းရောင်ချီက ဘယ်နှခုရှိတာလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[၄၉ခု]
‘များလှချည်လား…’ ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပြီး ဆက်မေးပါတယ် “ငါ သိတဲ့ လောကဦး ခရမ်းရောင်ချီတွေကလွဲရင် ကျန်တဲ့ လောကဦး ခရမ်းရောင်ချီတွေက ဘယ်နေရာမှာလဲ”
[စနစ်၏ အကန့်အသက်ထက် ကျော်လွန်သော တည်ရှိမှု ပါဝင်နေ၍ တွက်ချက်မရပါ။]
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ် ‘တာအိုဘိုးဘေးကလည်း ငါ့လိုပဲ သာလွန်အင်အားတစ်ခုရဲ့ တိတ်တဆိတ် ပြုစုပြိုးထောင်ခြင်းကို ခံခဲ့ရတာလား…’
အတိတ်မှာ တာအိုဂိုဏ်း ပြိုကွဲတုန်းက တာအိုဘိုးဘေးမှာ တားဆီးနိုင်စွမ်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ မတားခဲ့ပါဘူး။ အဲဒီတုန်းက တာအိုဘိုးဘေးရဲ့ စိတ်နေသဘောထားကလည်း ဟန်ကျွယ်လိုမျိုး ဖြစ်လောက်ပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်း ရှိနေတာ‌တောင် နတ်ဘီလူး အင်အားစုကို တိတ်တဆိတ် ပြိုးထောင်နေပါတယ်။ ဂျိရှင်းရှန်နဲ့ ဖန်းလျန်ကလည်း မိုးကောင်းကင်မျိုးနွယ်စုထဲမှာ ကွဲသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်ထဲမထည့်ပါဘူး။ အဆင့်ချင်း မတူတဲ့အတွက် ပန်းတိုင်ချင်းကလည်း မတူပါဘူး။
တာအိုဘိုးဘေးက တစ်ခုခုကို လျှို့ဝှက်ကြံစည်နေတယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။
တာအိုဘိုးဘေး ဘာလို့ ပျောက်သွားတယ်ဆိုတာကို ဘယ်သူမှ မသိပါဘူး။ တာအိုဘိုးဘေးက အသက်ရှင်နေသေးပေမဲ့ လူမြင်ကွင်းရှေ့မှာ တစ်ခါမှ ပေါ်မလာပါဘူး။ အဆုံးသတ် အပျက်အစီး နတ်ဘုံက စွမ်းအားကြီးပုဂ္ဂိုလ်တွေကိုလည်း ကောင်းကင်တာအိုကို လျှို့ဝှက်ကြံစည်ခွင့် ပေးထားပါသေးတယ်။
‘တာအိုဘိုးဘေးက ဘာကို ကြံစည်နေတာလဲ’
ဟန်ကျွယ်ဟာ စိတ်ဖိအား များသွားပါတယ်။ တာအိုဘိုးဘေးသာ သူ့ကို သတ်ချင်ရင် တာအိုစက်ကွင်းက တားနိုင်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး သူ့စိတ်အခြေအနေကို ပြုပြင်လိုက်ပါတယ်။
လောလောဆယ်မှာ တာအိုဘိုးဘေးက သူ့ကို သတ်စရာအကြောင်း လုံးဝ မရှိသေးပါဘူး။ ဟန်ကျွယ်ဟာ သူ့ရဲ့ မသိကိန်းတည်ရှိမှုဆိုတာက တခြားတာအိုပညာရှိတွေကို ကန့်သတ်ဖို့ တာအိုဘိုးဘေး တမင်စီစဉ်ထားခဲ့တယ်လို့တောင် သံသယ ဝင်သွားပါတယ်။
ဟန်ကျွယ်က မသိကိန်းဖြစ်တဲ့အတွက် တာအိုပညာရှိတွေဟာ ပထမဆုံး စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားကြပြီး နောက်မှသာ ပစ်မှတ်ထား တိုက်ခိုက်ကြပါတယ်။
‘ထားလိုက်ပါတော့… ဘာပဲဖြစ်ဖြစ် စွမ်းအားကြီးလာအောင် ကျင့်ကြံအားထုတ်ရမှာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ တာအိုဘိုးဘေး ပေါ်မလာတာက တခြားမသိနိုင်တဲ့ တည်ရှိမှုတစ်ခုခုရဲ့ ကန့်သတ်မှုကို ခံရပြီး ခက်ခဲတဲ့ အခြေအနေကို ရောက်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဒီလိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။
ဖန်းလျန် တာအိုပညာရှိ ဖြစ်လာပြီးနောက် ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံဟာ ပြက်လုံးတစ်ခု ဖြစ်သွားပါတယ်။ သက်ရှိအားလုံးဟာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံကို အယုံအကြည် ကင်းမဲ့သွားပါတယ်။ ထိပ်တန်းစာရင်းဝင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်တာကို လက်လျှော့လိုက်ကြပါတယ်။
နံပါတ်တစ် တစုန်ကောင်းကင်က တာအိုရယူဖို့ လက်မတင်လေးမှာပဲ အစော်ခံလိုက်ရပါတယ်။ တကယ့်ကို ရယ်စရာပါ။
ဖန်းလျန်ရဲ့ ကောင်းကင်တာအိုဂိုဏ်းဟာ လျင်မြန်စွာ ကျယ်ပြန့်သွားပါတယ်။ သူ့ရဲ့ ဂိုဏ်းတပည့်တွေက ဆယ်သန်းတောင် ကျော်သွားပါတယ်။ ဒီတပည့်ဆယ်သန်းမှာ သက်ရှိမျိုးစုံ ကျင့်ကြံမှုအလွှာမျိုးစုံက ပါဝင်ပြီး အင်မော်တယ်ကမ္ဘာမှာ ကြီးမားတဲ့ အင်အားစုတစ်စု ဖြစ်လာပါတယ်။
ကောင်းကင်တာအိုဂိုဏ်းနဲ့ ယှဉ်ရင် မိုးကောင်းကင်မျိုးနွယ်စုက တိတ်ဆိတ်နေပါတယ်။ အင်မော်တယ် နတ်ဘုရားတွေဟာ ဖန်းလျန်ကို အပြစ်ပြုမိမှာ ကြောက်တာကြောင့် ဂျိရှင်းရှန်ကို မပံ့ပိုးပေးရဲပါဘူး။
ဂျိရှင်းရှန်က ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ တာအိုပညာရှိ ‌ထောက်ပံ့ထားတဲ့ နယ်ရုပ်တစ်ရုပ်ပါ။ ဒါပေမဲ့ ဖန်းလျန်ကတော့ တာအိုပညာရှိပါ။ ဘယ်သူ့ကို မျက်နှာသာပေးရမယ်ဆိုတာ အင်မော်တယ် နတ်ဘုရားတွေ မပြောနဲ့ ကလေးတောင် သိပါတယ်။
အချိန်တွေ ကုန်ဆုံးသွားပါတယ်။
မိုးကောင်းကင်မျိုးနွယ်စုက တိတ်ဆိတ်နေတဲ့အတွက် မိုးကောင်းကင်မျိုးနွယ်စု ဖိနှိပ်ထားတဲ့ အင်အားစုတွေဟာ တစ်ဖန်ပြန်ထကြွလာပါတယ်။ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေလည်း ပြောင်းလဲစပြုလာပါတယ်။
တစ်ချိန်တည်းမှာပဲ အဝေးတစ်နေရာက အမှောင်တားမြစ်နယ်မြေထဲမှာ ဟန်ထော်နဲ့ ယီတျန်ဟာ သေခြင်းရှင်ခြင်း အတွေ့အကြုံကို ရင်ဆိုင်ခံစားနေရပါတယ်။ သူတို့နှစ်ယောက်ဟာ လျင်မြန်စွာ ရွှေ့လျားနေကြပါတယ်။
မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ ဧရာမဥက္ကာခဲအောက်မှာ ရပ်လိုက်ပါတယ်။ ယီတျန်ဟာ အင်းစမ နှစ်ရွက်ကို ထုတ်ယူပြီး ဟန်ထော်နဲ့ သူ့ခန္ဓာကိုယ်မှာ ကောက်ကပ်လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ အသက်အောင့်ပြီး ဥက္ကာခဲနဲ့ နီးနီးကပ်ကပ် နေကြပါတယ်။
ကြောက်မက်ဖွယ် ရုပ်သွင်တစ်ခုဟာ အမှောင်ထုထဲကနေ ပျံထွက်လာပါတယ်။ ဒီရုပ်သွင်ရဲ့ ခန္ဓာကိုယ်က ပုပ်နေတဲ့ ငါးတစ်ကောင်လိုပါပဲ။ သွေးရဲတဲ့ပါးစပ်နဲ့ သွားတိုင်းက တောင်လောက် ရှိပါတယ်။ ကျောမှာလည်း တဖျတ်ဖျတ်ခတ်နေတဲ့ အရိုးတောင်ပံ ‌လေးစုံ ရှိနေပါသေးတယ်။ ဟန်ထော်နဲ့ ယီတျန်ကို မတွေ့တာကြောင့် ဒီကြောက်မက်ဖွယ်ရုပ်သွင်ဟာ ဒီနေရာကနေ ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။
ဒီတော့မှ ဟန်ထော်ဟာ ရင်ထဲက အလုံးကြီး ကျသွားပြီး ယီတျန်ကို လှည့်ကြည့်ကာ အသံလွှင့် မေးလိုက်ပါတယ် “မင်း ဘယ်လိုလုပ်ပြီး သူ့ကို ရန်စမိတာလဲ”
ဟန်ထော်သာ အချိန်မီ ရောက်မလာခဲ့ရင် ယီတျန်ဟာ အမှောင်သားရဲရဲ့ အစာဖြစ်နေလောက်ပါပြီ။ ယီတျန်ကို ရှာဖို့အတွက် ဟန်ထော်ဟာ အချိန်အများကြီး ကုန်ခဲ့ပြီး လမ်းတစ်လျှောက် အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း နည်းနည်း မကျေမနပ် ဖြစ်နေတာပါ။
ယီတျန်ဟာ အပြစ်မရှိတဲ့ မျက်နှာနဲ့ အသံလွှင့်ပြီး ပြန်ပြောပါတယ် “အဲဒီကောင်ဆီက ငါ့ရတနာ ခိုးမလို့”
“ဘာရတနာလဲ”
“ခရမ်းရောင်ချီ… ငါ အဲဒီ ခရမ်းရောင်ချီကို စုပ်ယူလိုက်ရင် ပြန်မွေးဖွားမယ်လို့ ငါ ခံစားနေရတယ်”
“ဘယ်ခရမ်းရောင်ချီလဲ၊ ဒဏ္ဍာရီထဲက တာအိုရယူဖို့သုံးတဲ့ လောကဦး ခရမ်းရောင်ချီလား”
ဟန်ထော်ရဲ့အသံဟာ သရော်သံနဲ့ ပြည့်နေပါတယ်။ ဟန်ထော်ဟာ ယီတျန်အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ ခုနက ယီတျန်ဟာ အမှောင်သားရဲနဲ့ တကယ် တိုက်ခိုက်နေတာပါ။ မနိုင်မှန်း သိတာတောင် ဆက်ပြီးတော့ တိုက်ခိုက်နေတာက တုံးအတာ မဟုတ်ရင် ရူးသွပ်တာပဲ ဖြစ်ပါလိမ့်မယ်။
ယီတျန်က စိတ်လှုပ်ရှားသွားပါတယ် “တကယ်လို့ ဟုတ်ခဲ့တယ်ဆိုရင်ရော…”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset