Switch Mode

Chapter – 98

ဘယ်လိုဖြစ်နိုင်မှာလဲ

Chapter – 98
“ဘယ်လိုဖြစ်နိုင်မှာလဲ”

နင်ဘီလျူသည် သူ့နောက် လိုက်နေကြသည့် လူသုံးယောက်မှာ သိပ်ပြီး အဆင့်မြင့်လှသည့် ပညာရှင်များ မဟုတ်ဘူး ဆိုတာကို သိနေခဲ့သည်။ ကောင်းကင်အဆင့်၏ အဆင့် ၁ မျှသာ ရှိဦးမည် ဖြစ်ပြီး သို့သော်လည်း ထိုအချိန်တုန်းက နင်ဘီလျူသည် အားအင် ချိနဲ့နေခဲ့လေ၏။ အဘယ်ကြောင့် ဆိုသော် သူ၏ လျို့ဝှက်ကျင့်စဉ်များ ထုတ်သုံးခဲ့သဖြင့် စွမ်းအင်ကုန်ဆုံးခဲ့ရခြင်းကြောင့် ဖြစ်ပေသည်။ နောက်မှ လိုက်သူများသာ သူ့ကိုရှိန်မနေဘဲ အတင်းဝင်ရောက် တိုက်ခိုက်ခဲ့မည် ဆိုပါက အစောကြီး ကတည်းကကို သေဆုံးခဲ့ပြီး ဖြစ်နိုင်ပါသည်။
သူ၏ ရန်သူများသည် အစွမ်းကုန် တိုက်ခိုက်ခြင်း မပြုကြသော်လည်း သူကတော့ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ဖြစ်၏။ သူလွတ်မြောက်လာသည့် အချိန်မှာပင် ရဲရှောင်နှင့် ဆုံတွေ့ခဲ့ရပြီး ထိုအချိန် သူသည် ရဲရှောင်အား မထင်မှတ်ဘဲ ကယ်တင်မိခဲ့သလို ဖြစ်ခဲ့၏။ ထိုနေ့က ထိုလူ၏ မျက်နှာကို သူအမြဲတမ်း အမှတ်ရနေခဲ့ပေသည်။
ဒါ့အပြင် ကြောက်စရာ ကောင်းလှသည့် ရေခဲချီဓာတ်၏ အစွမ်းကိုလည်း ဘယ်တော့မျှ မေ့မည် မဟုတ်ချေ။
သို့သော် ယခုအကြိမ်တွင်မူ ရဲရှောင်သည် အသွင်တစ်မျိုးဖြင့် ဖြစ်နေပြန်၏။ ထို့ကြောင့်ပင် နင်ဘီလျူ မမှတ်မိခဲ့ခြင်း ဖြစ်သည်။
ရဲရှောင်မှ သူ့ကို ကယ်တင်ရသည်မှာ ၂ ကြိမ်ရှိပြီ ဟု ပြောသည့် အခါမှပင် ယခင် သူတွေ့ခဲ့သည့် လူသည်လည်း ရဲရှောင်ပင် ဖြစ်သည် ဆိုတာကို သေချာ သိရှိ သွားပါတော့သည်။
နင်ဘီလျူ ပို၍ စဉ်းစားမိလေလေ ခေါင်းထဲ တရိပ်ရိပ် ပေါ်လာလေလေပင် ဖြစ်၏။
ထိုအချိန် သံသယ ဖြစ်စရာ များစွာကိုလည်း သူစဉ်းစားမိခဲ့သည်။ ယခင် ရဲရှောင်နှင့် တွေ့ခဲ့စဉ် တုန်းက ပြေးရင်းလွှားရင်းဖြင့် ရဲရှောင်အား အန္တရာယ်မှ ကာကွယ်ပေးမိလိုက်ခဲ့စဉ် ရဲရှောင်အား အနည်းငယ်မျှ တွန်းလိုက်ရုံဖြင့် လွင့်ထွက် သွားခဲ့ရခြင်းကို အမှတ်ရလိုက်မိ၏။
အကယ်၍ ရဲရှောင်သာ ထိပ်တန်းအဆင့် ပညာရှင်ကြီး တစ်ဦး ဖြစ်ပါက ထိုကဲ့သို့ အလွယ်တကူ လွင့်ထွက်အောင် တွန်းထုတ်နိုင်လောက်မည် မဟုတ်ပေ။ ထိုအချိန်တုန်းက သူသည် အားနည်း နေခဲ့သည်တိုင် ရဲရှောင်၏ အဆင့်မှာ နိမ့်နေသည် ဆိုခြင်းအား အမှတ်ရမိနေပေ၏။
သို့သော် ရဲရှောင် အားနည်းသည်ဖြစ်စေ၊ အစွမ်းထက်သည် ဖြစ်စေ၊ သူ့ကိုယ် ဘယ်လိုပဲ ကယ်တင်ခဲ့ ကယ်တင်ခဲ့ နင်ဘီလျူအတွက် အရေးမကြီးချေ။ အမှန်တရား တစ်ခုကမူ ရဲရှောင်မှ နင်ဘီလျူအား ကယ်တင်ပေးခဲ့သည် ဆိုသည့် အဖြစ်ပင် ဖြစ်၏။
ရဲရှောင်သည် အားနည်းသူ တစ်ယောက် ဖြစ်သည့်တိုင် နင်ဘီလျူအား ၂ ကြိမ်တိုင်တိုင် ကယ်တင် ပေးခဲ့ဖူးသည့် အချက်နဲ့တင် ကျေးဇူးတင်စရာ ကောင်းလွန်းနေပြီ ဖြစ်ပါသည်။
သို့သော် နင်ဘီလျူ ယခုအကြိမ် တွေ့လိုက်ရသည့် ခရမ်းရောင် ကြာပန်းသခင်မှာမူ ယခင်တွေ့ခဲ့ သည့် ပုံစံနှင့် များစွာ ကွဲပြားခြားနေလေ၏။ မတူညီသော အသွင်အပြင်၊ မတူညီသော အမူအကျင့်၊ မတူညီသော ဟန်ပန်အနေအထားတို့ ရှိနေသည့်အတွက် မတူညီသည့် လူ ၂ ယောက်ကဲ့သို့ပင် ဖြစ်နေသည်။
ထိုစဉ်တုန်းက ရဲရှောင်၏ အသွင်အပြင်သည် ဖန်ဇီလင်၏ အသွင်အပြင်နှင့်သာ ရှိနေခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ချူးအာနှင့် ရင်ဆိုင်စဉ် ဖန်ဇီလင်၏ ပုံစံကို သူမ သိရှိထားပြီး ဖြစ်နေသဖြင့် နောက်တစ်ယောက် အယောင်ဆောင် လိုက်ရခြင်း ဖြစ်ပေ၏။
ထို့ကြောင့် ရဲရှောင်သည် သူ့ကိုယ်သူ ခရမ်းရောင် ကြာပန်းသခင် အယောင်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ထို့ကြောင့်ပင် နင်ဘီလျူ ကြောင်နေခြင်း ဖြစ်လေ၏။
နင်ဘီလျူမှ စဉ်းစားလေလေ သံသယ ဖြစ်စရာများ ပို၍ တွေ့လာလေလေ ဖြစ်သဖြင့် စိတ်ရှုပ် ထွေး လာမိသည်။
ထိုအချိန် ရဲရှောင် မြင်ကွင်းမှ ပျောက်ကွယ် သွားပြန်သဖြင့် နင်ဘီလျူလည်း ခပ်သုတ်သုတ်ပင် ဆက်လိုက်သွားခဲ့သည်။ အမှန်တရား တစ်ခုကို ရှာဖွေမည်ဟု စိတ်ထဲတွင် တေးမှတ်၍ ထားနေ ပါတော့သည်။
နံရံပေါ်သို့ ပုံမှန် လမ်းလျှောက်သကဲ့သို့ ခုန်တက်သွားခဲ့ပြီး ရဲရှောင်တုန်းကမူ နင်ဘီလျူလောက် သက်တောင့်သက်သာ တက်နိုင်ခဲ့ခြင်း မရှိချေ။
ကောင်းကင်အဆင့်၏ ဆရာသခင်အဆင့် ရောက်ရှိနေသူတစ်ဦး၏ အားအင်ကို လျော့တွက်၍ မရနိုင်ပေ။
မိုးသည်းထန်စွာ ရွာသွန်း နေသော်လည်း ရဲရှောင်သွားနေသည့် လမ်းကြောင်းကို သိရှိနေသဖြင့် နောက်မှ တိတ်တဆိတ်ပင် လိုက်ပါ လာခဲ့လေ၏။
ထိုအချိန် ရဲရှောင်မှာမူ သူ့နောက်သို့ နောက်ယောင်ခံ လိုက်နေခြင်းအား မသိရှိချေ။
နင်ဘီလျူမှာ သူထွက်သွားပြီးသည်နှင့် တခြားနေရာသို့ ထွက်ခွာ သွားလိမ့်မည်ဟုပင် စိတ်ထဲ တွေးထင်နေတာ ဖြစ်လေ၏။
ယခုအချိန် မြို့ထဲသို့ ၀င်ရောက်ခြင်းမှာ နင်ဘီလျူအတွက် ဒုက္ခများစွာ တွေ့နိုင်ပြီး ချူးအာရန်မှ လွတ်မြောက်လာသည့်တိုင် တခြားသော အန္တရာယ်များ ကျရောက်နိုင်သေးသည်မှာ အသေအချာပါပင်။
ထို့ကြောင့် မည်သို့ပင် ဖြစ်စေ နင်ဘီလျူ သူ့နောက်သို့ လုံးဝ လိုက်မလာနိုင်လောက် ဟုသာ စိတ်ထဲ ယုံကြည် နေမိခြင်း ဖြစ်လေ၏။
(ခင်ဗျားက ဘယ်သူ့အတွက်မှ အမှုမထမ်းချင်ဘူး ဆိုမှတော့လည်း ကျုပ်တွန်းအား မပေးတော့ ပါဘူး။ ကျုပ်ခင်ဗျားကို ၂ ခါတောင် ကယ်ခဲ့ပေမဲ့ ခင်ဗျားဆီက တောင်းဆိုစရာ ဘာမှ မရှိဘူး၊ ပြောရမယ်ဆို ခင်ဗျားဘက်ကတော့ ကျုပ်အပေါ် ကျေးဇူးကြွေး အများကြီး တင်နေသလို ဖြစ်နေပေမဲ့ ကျုပ်ဘက်ကတော့ ဘာအကြွေးမှ ရစရာ မလိုသေးပါဘူး . . . အဲဒီတော့ သူလည်း ဘာကိစ္စမှ မရှိတဲ့ အတူတူ လိုက်လာမှာ မဟုတ်လောက်ဘူး . . .)
ရဲရှောင်သည် ထိုကဲ့သို့ တွေးမိနေခြင်း ဖြစ်သည်။ သို့သော် လက်ရှိ အချိန်တွင် သူ၏ ယူဆချက် သည် လွဲမှားခဲ့လေ၏။ တိကျမှန်ကန်သည့် ဆုံးဖြတ်ချက်ပေါင်း ၁၀၀၀ လောက် ချနိုင်သည့် ဉာဏ်အမြော်အမြင် ကြီးမားသော လူတစ်ယောက်ပင် တစ်ကြိမ်တစ်ခါတော့ မှားယွင်နိုင်သည် မဟုတ်ပါ လား။ သူ့ယူဆချက်အရ နင်ဘီလျူသည် သူနှင့် ဘာမှ မသက်ဆိုင်တော့သည့်အတွက် လိုက်လာမည် မဟုတ်ဟု ယူဆထားခြင်း ဖြစ်သော်လည်း နင်ဘီလျူဘက်က ကြည့်လျှင်မူ သူ့ကို လူတစ်ယောက်တည်းမှ ၂ ကြိမ် ၂ ခါတိုင်တိုင် ကယ်တင်ခဲ့သော်လည်း ဘာမှ ပြန်လုပ်ပေးနိုင်ခြင်း မရှိသည့်အတွက် စိတ်မချမ်းမသာ ဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ရဲရှောင်နောက်သို့ လိုက်သွားရန် ဆုံးဖြတ်မိခြင်း ဖြစ်ပါသည်။
ရဲရှောင်သည် သူ့နောက်သို့ လိုက်လာနေသည်ကို မသိရှိသော်လည်း ပုံမှန်အတိုင်းပင် သတိမပြတ် သွားလာနေခြင်း ဖြစ်၏။ လမ်းလွဲစေရန်အတွက် အမျိုးမျိုးအဖုံဖုံ လှည့်ပတ်၍ သွားနေခြင်း ဖြစ်ပြီး သူ့နောက်သို့ မည်သူမျှ လိုက်မလာတာ သေချာပြီ ဆိုမှသာ သူ့အိမ်ရှိရာသို့ တိတ်တဆိတ် ပြန်လာခဲ့ခြင်း ဖြစ်လေသည်။
သူလုပ်ခဲ့သည့် လမ်းလွှဲမှုကို ကမ္ဘာပေါ်ရှိ လူအများစု မျက်စိလည်၍ လိုက်နိုင်မည် မဟုတ်တာ သေချာပါသည်။
ချူးအာကဲ့သို့ ပညာရှင်မျိုးပင် သူ့နောက်သို့ လိုက်လာနိုင်မည် မဟုတ်ပေ။
သို့သော် နင်ဘီလျူကိုမူ ထိုကဲ့သို့ ယူဆ၍ မရနိုင်ချေ။
သူသည် ကမ္ဘာ့နံပါတ် ၁ လုပ်ကြံရေး ပညာရှင်ဖြစ်ပြီး မော်တယ်ကမ္ဘာ၏ ထိပ်သီးတစ်ဦးဆိုလည်း မမှားချေ။
ခြေရာခံခြင်း၊ နောက်ယောင်ခံလိုက်ခြင်း စသည့် အလုပ်များသည် လုပ်ကြံသတ်ဖြတ်သူ တစ်ဦး၏ အကျွမ်းကျင်ဆုံး လုပ်ရပ်များပင် ဖြစ်လေ၏။
သူ့ထက် အဆပေါင်းများစွာ သာလွန်သည့် လူကိုပင် မရရသည့် သဲလွန်စဖြင့် နောက်ကြောင်း လိုက်နိုင်သူ တစ်ဦးလည်း ဖြစ်၏။
ထို့ကြောင့် ခြေရာခံရန် မလွယ်ကူသော လူများအား နောက်ယောင်ခံလိုက်ရန်မှာ သူ့အတွက် ခက်ခဲသည့် အလုပ်တစ်ခုတော့ မဟုတ်ချေ။
အကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူ တစ်ဦး ဖြစ်သကဲ့သို့ အကောင်းဆုံး ခြေရာခံနိုင်သည့် လူတစ်ဦးလည်း ဖြစ်ပေသည်။
ထို့ကြောင့်ပင် ရဲရှောင်အား မျက်ခြေမပြတ် လိုက်နိုင်နေခြင်း ဖြစ်လေ၏။
သို့သော် သူသည် အံ့အားသင့်လျက် ရှိနေသည်။
ခြေရာခံလိုက်လာသည့် လမ်းတလျှောက်လုံး တစ်စုံတစ်ခုကို သူသေချာ သိခဲ့သည်။ သူ၏ ကယ်တင်ရှင်မှာ သူထင်မှတ်ထားသလို ထိပ်တန်းအဆင့် ပညာရှင်တစ်ဦး မဟုတ်ဘူး ဆိုတာကိုပင် ဖြစ်၏။ အဆင့်နိမ့် ပညာရှင်တစ်ဦးပင် ဖြစ်နေပေသေးသည်။
ရဲရှောင်၏ ကျင့်ကြံမှု အဆင့်သည် သူ့ထက် အဆများစွာ နိမ့်ကျသလို ကောင်းကင်အဆင့်ပင် မရောက်ရှိသေးဘူး ဆိုတာကို သိရှိလိုက်လေ၏။
ထို့ကြောင့်ပင် ယခုကြုံတွေ့ခဲ့ရသည့် ခရမ်းရောင် ကြာပန်းသခင် ဆိုသည်မှာ လမ်းပေါ်တွင် တွေ့ခဲ့သည့် လူပင် ဖြစ်သည် ဆိုတာကို သေချာသွားပါတော့သည်။ ယေဘူယျအားဖြင့် ကျင့်ကြံမှု အဆင့် အနေအထားတော့ တူနေသည် မဟုတ်ပါလား။
သို့သော် ထိုလူသည် သူ့ထက် အဆပေါင်းများစွာ အဆင့်မြင့်သည့် ကောင်းကင်အဆင့် ထိပ်သီးများ၏ လက်မှ ၂ ကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့လေသည်။
ထိုအချက်သည်ပင်လျှင် ပထမအချက် ထူးဆန်းမှုတစ်ခု ဖြစ်၏။
ဒုတိယ ထူးဆန်းသည့် အချက်တစ်ချက်မှာမူ ရဲရှောင်သည် သူ့ကိုယ်သူ သတိကြီးစွာ ထား၍ သွားလာနေသည်ကို တွေ့ရှိလိုက်ရလို့ပင် ဖြစ်၏။ မိုးသည်းထန်နေသည့် ယခုလို အခြေအနေတွင် ရဲရှောင်သည် သူ့နောက်သို့ မည်သူမျှ လိုက်မလာဟု တထစ်ချ ယုံကြည်နေသည့်တိုင် ဦးတည်ချက် အမျိုးမျိုးပြောင်း၍ လမ်းလွှဲကာ အကြိမ်ကြိမ် မျက်ခြေပြတ်အောင် လုပ်နေခြင်း ဖြစ်သည်။ နင်ဘီလျူလို ခြေရာခံသည့် နေရာတွင် အလွန်ထူးချွန်သူပင် တစ်ခါတရံ မျက်ခြေပြတ်မလို ဖြစ်ဖြစ်သွားရလေ၏။
တကယ်တမ်းတွင် အမှန်တကယ်ကို မျက်ခြေပြတ်သွားခဲ့ခြင်း ဖြစ်ပြီး သူ၏ အာရုံခံနိုင်မှု ကောင်းလွန်းသော ကြောင့်သာ ရဲရှောင်၏ နောက်သို့ ခြေရာခံနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒါ့အပြင် သူ၏ စွမ်းအင်များ လျင်မြန်စွာ ပြည့်ဝလာပြီ ဖြစ်သဖြင့် ပို၍ လိုက်နိုင်လာခြင်း ဖြစ်၏။
ထိုကဲ့သုိ့သာ မဟုတ်ပါက ရဲရှောင်ကို မည်သို့မျှ ခြေရာခံနိုင်တော့မည် မဟုတ်ချေ။
ထို့ကြောင့် တစ်စုံတစ်ခုကိုလည်း အခိုင်အမာ ကောက်ချက်ချမိနေသည်။
(ဒီကမ္ဘာကြီးမှာ ငါကလွဲပြီး သူ့နောက်ကို ဘယ်သူမှ လိုက်နိုင်မှာ မဟုတ်လောက်ဘူး။ ကျိန်းသေကို မျက်ခြေပြတ်ကုန်လိမ့်မယ်။ ဒါအမှန်ပဲ . . .)
“ဒါပေမဲ့ ငါ့လို နောက်တစ်ယောက်တော့ ရှိနိုင်ဦးမယ်ထင်တယ်၊ ကောင်းကင်သွေး ဆိုတဲ့လူလည်း ဒီလို လုပ်နိုင်ကောင်း လုပ်နိုင်လောက်ရဲ့၊ ဒါပေမဲ့ သေချာတော့ မပြောနိုင်လောက်ဘူး . . .”
နင်ဘီလျူ ရေရွတ်နေမိသည်။
သူ့လောက် မည်သူမျှ ခြေရာခံသည့် အလုပ်တွင် မကျွမ်းကျင်ဟု ခံယူထားခြင်းဖြစ်ပြီး ရဲရှောင် ဆိုသည်မှာလည်း ငါးရှဉ့်ထက်ပင် ဖမ်းရခက်သည့် လူတစ်ဦး ဆိုတာကို ကောင်းစွာ ရိပ်စားမိသွား၏။
နောက်ဆုံးတွင်တော့ နင်ဘီလျူသည် ရဲရှောင် စစ်သူကြီးရဲ၏ အိမ်တော် အတွင်းသို့ ၀င်ရောက် သွားသည်ကို တွေ့လိုက်ရပါတော့သည်။ အလွန် အတွေ့အကြုံ ကြွယ်ဝသည့် လူတစ်ဦး ဖြစ်သည့်တိုင် ယခုအဖြစ်အပျက်ကို မည်သို့မျှ ဆက်စပ်တွေးခေါ်နိုင်စွမ်း မရှိ ဖြစ်နေလေ၏။
(ဒီလူ . . . သူက စစ်သူကြီးရဲရဲ့ အိမ်တော်ကလား . . .)
ထို့နောက် ချက်ချင်းဆိုသလို တွေ့ဝေနေခြင်း မရှိဘဲ အိမ်တော်အတွင်းသို့ ပျံသန်းလာခဲ့သည်။
မှောင်မည်းနေသည့် ညအချိန်တွင် သူ့ကို မည်သူမျှ သတိထားနိုင်မည် မဟုတ်ပေ။
ရဲရှောင်၏ အခန်း ခေါင်မိုးထက်သို့ ရောက်ရှိလာခဲ့ပြီးနောက် အတွင်းသို့ ကုန်း၍ ချောင်းကြည့် လိုက်သည်။
ရဲရှောင်သည် သူ့အခန်းအတွင်းသို့ ပြန်ရောက်သည့် အခါမှသာ စိတ်သက်သာရာ ရဟန်ဖြင့် အသက်ကို ၀၀ရှူလိုက်လေ၏။ အရာအားလုံး အဆင်ပြေသွားပြီဟုလည်း တွေးနေမိသည်။
သူ၏ နဂိုမူလ ပုံစံသို့ ပြန်ပြောင်းရန် ပြင်နေချိန်တွင် အဘယ်ကြောင့်ရယ်မသိ သူ့စိတ်ထဲ ထူးဆန်းသလို ခံစားမှုမျိုး ဖြစ်နေမိလေ၏။
တစ်ယောက်ယောက်မှ သူ့အား စောင့်ကြည့်နေသလို ခံစားလိုက်ရပြီး စိတ်ထဲ ကျဉ်းကြပ်သလို ဖြစ်နေခြင်း ဖြစ်သည်။
“ဘယ်လိုဖြစ်တာပါလိမ့်၊ ငါ့နောက်ကို တစ်ယောက်ယောက် လိုက်လာတာလား . . .”
ရဲရှောင် စိတ်ထဲ ရေရွတ်လိုက်မိသည်။
ထို့နောက် မိုးသည်းထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ ထွက်လိုက်ပြီး အမိုးပေါ်သို့ ခုန်တက်လိုက်၏။
လှည့်ပတ် စစ်ဆေးနေချိန်မှာပင် သူ့အရှေ့တွင် ကုန်းကုန်းကွကွဖြင့် ရှိနေသော နင်ဘီလျူအား တွေ့ရှိလိုက်ရသည်။
ထိုအချိန် ရဲရှောင်သည် အလွန် ထိတ်လန့် တုန်လှုပ် သွားလေ၏။
ရဲရှောင်အား မြင်တွေ့လိုက်ရသည့် နင်ဘီလျူသည်လည်း အလွန်အမင်းကို တုန်လှုပ်သွားသည်။
(အိမ်ထဲ ပြန်ရောက် နေတာတောင်မှ အခုလို ထွက်ပြီး ကြည့်နေသေးတယ် . . . သတိထားလွန်း ရာ ဖြစ်မနေဘူးလား . . .)
နင်ဘီလျူလို ထိပ်သီးအဆင့် ခြေရာခံသူပင် ရဲရှောင် ယခုကဲ့သို့ ပြန်ထွက်လာသည့် အတွက် အံ့သြသွားခဲ့ရသည်။ ရဲရှောင် သူ့ဘေးနား ရောက်နေချိန်တွင် သူကတော့ ကုန်းကုန်းကွကွဖြင့် အရူးတစ်ယောက်လို ချောင်းနေခဲ့ခြင်း ဖြစ်၏။
“အာ . . . မင်းပဲကိုး . . .”
ရဲရှောင် နင်ဘီလျူအား ခေါင်မိုးပေါ်တွင် အရူးတစ်ယောက်လို ရှိနေသည်ကို မြင်တွေ့လိုက်ရ သောအခါ ခေါင်းကိုက်သလိုပင် ဖြစ်သွားခဲ့ရသည်။
(ဘယ်လိုတောင်လား . . . ငါအပြန်လမ်း တလျှောက်လုံး ဒီလောက်ထိ သတိထားနေတာတောင် ဒီလူကို သတိမပြုမိခဲ့ဘူး . . . ငါ့အိမ်အထိ ရောက်တာတောင် တကယ် သတိမပြုမိခဲ့တာပဲ . . .)
ထိုအချိန် ရဲရှောင်၏ ခေါင်းထဲ ရှုပ်ထွေး နောက်ကျိ နေလေ၏။
တချိန်တည်းမှာပင် သူ့ကိုယ်သူ အများကြီး တိုးတက်ရန် လိုသေးကြောင်း ခံစားလိုက်ရသည်။
(ငါ့အရင်ဘ၀တုန်းကလိုသာ အစွမ်းမျိုးနဲ့ဆို ငါ့နောက်ကို အခုလို လိုက်နိုင်မယ် ထင်နေလား၊ အရင်တုန်းကတော့ အသက်ရှူချိန် တစ်ချက်တောင် မကြာပဲ လူတွေ အများကြီး သတ်နိုင်ခဲ့တယ်။ အခုတော့ တော်တော် အားနည်း နေသေးတာပဲ . . .)
ထို့နောက်တွင် ၂ ဦးလုံး အခန်းထဲသို့ စကားတစ်ခွန်းမျှ မဟကြဘဲ ၀င်လာခဲ့ကြ ပါတော့သည်။
အပြင်ဘက်တွင် မိုးကတော့ သည်းထန်စွာ ရွာနေတုန်းပင် ဖြစ်၏။ ထို့ကြောင့် ရဲရှောင်သည် နင်ဘီလျူအား တွေ့ရှိပြီးနောက် အထဲလိုက်ခဲ့ရန် ပြောပြီး ခေါ်ခဲ့ခြင်း ဖြစ်ပေသည်။
နင်ဘီလျူမှာလည်း ကြောင်ငေးရင်း ရဲရှောင် အနောက်သို့ လိုက်ပါလာခဲ့သည်။ ယခု ဖြစ်ပျက်နေသည့် အခြေအနေ တစ်ခုလုံးအား နားမလည်နိုင်အောင်ပင် ဖြစ်နေမိလေ၏။
“ဒါ . . . ဒါနဲ့ ဒီအခန်းက ခင်ဗျား အခန်းလား . . .”
နင်ဘီလျူသည် သားနားလှသော ခုံကြီးတွင် ထိုင်ရင်း အံ့သြနေမိသည်။
“ဒါပေါ့ . . .”
ရဲရှောင် သူ့ခန္ဓာကိုယ်မှ ရေများကို သုတ်နေရင်း ဖြေလိုက်၏။
နင်ဘီလျူကမူ ထိုကဲ့သို့ လုပ်နေစရာ မလိုအပ်ချေ။ သူ၏ ကိုယ်တွင်းရှိ ချီဓာတ်များအား လည်ပတ် စေလိုက်ရုံဖြင့် အခိုးအငွေ့များ ထွက်ပေါ်လာခဲ့ပြီး အ၀တ်အစားများ အားလုံးသည် စက္ကန့်ပိုင်းအတွင်း ခြောက်သွားလေတော့သည်။
“ဒါ . . . ဒါဆို ဒါက ခင်ဗျားအိမ်ပေါ့ . . . ဘယ်လို ဖြစ်နိုင်မှာလဲ . . .”
နင်ဘီလျူ တုန်ရီစွာဖြင့် မေးလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset