အခန်း (၆၂၂) မိစ္ဆာ ကောင်းကင်ဧကရာဇ် တာအိုရရှိခြင်း
“အမှောင်သခင်ကြီး… သူနဲ့ အမှောင်တားမြစ်နယ်မြေက ဘယ်လိုပတ်သက်လဲ၊ သူက မကောင်းဆိုးဝါးနတ်လား” ပဋိပက္ခ နတ်မင်းက ပြန်စပ်စုလိုက်ပါတယ်။
ဆွမ်တိက ဖြေလိုက်ပါတယ် “ငါလည်း သေချာမသိဘူး၊ အမှောင်သခင်ကြီးက ကောင်းကင်တာအို ပြန်စမှုနောက်ကွယ်က အဓိကလက်သည်ပဲ၊ သူ့ကြောင့် ကောင်းကင်တာအိုထဲက ငါတို့ရဲ့ စီစဉ်မှုတွေ အကုန်လုံး ပျက်သွားရတယ်၊ အခု သူက အဆုံးသတ် အပျက်အစီး နတ်ဘုံနဲ့ ပဋိပက္ခကို ပစ်မှတ်ထားနေပြီ၊ ဒီသတင်းက ကောင်းတဲ့သတင်း မဟုတ်ဘူး”
“အမှောင်သခင်ကြီးက လောကဦး နတ်ဘီလူး ဖြစ်လိမ့်မယ်လို့ ငါ သံသယဝင်တယ်”
ပဋိပက္ခနတ်မင်းဟာ တိတ်ဆိတ်သွားပြီး အမှောင်သခင်ကြီးကို စတင် တွက်ချက်ကြည့်ပါတယ်။ ဒါပေမဲ့ အမှောင်သခင်ကြီး ဘယ်သူဘယ်ဝါ ဆိုတာကို ပဋိပက္ခနတ်မင်း တွက်ချက်လို့ မရပါဘူး။ အင်မော်တယ်ကမ္ဘာရဲ့ သက်ရှိတွေက သူ့အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ အကြမ်းဖျင်းပဲ ခန့်မှန်းနိုင်ပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ပဋိပက္ခနတ်မင်းက မေးလိုက်ပါတယ် “မင်းအမြင်မှာ လောကဦး နတ်ဘီလူးက ဘယ်နေရာမှာ ပုန်းနေတယ်လို့ ထင်လဲ”
ပဋိပက္ခက ကျယ်ပြန့်လွန်းပါတယ်။ အင်မော်တယ်ကမ္ဘာ၊ ကောင်းကင်ဘုံတွေ၊ အမှောင်တားမြစ်နယ်မြေ၊ အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံ၊ ရှေးပျက်သုဉ်းနယ်မြေ၊ ပဋိပက္ခနက်နဲ့ ကျန်တဲ့နေရာတွေ အများကြီးပါပဲ။ ပဋိပက္ခအဖွဲ့ကို ထိန်းချုပ်တဲ့ ပဋိပက္ခနတ်မင်းတောင် နေရာအားလုံးကို မမြင်နိုင်ပါဘူး။
ဆွမ်တိက ပြောလိုက်ပါတယ် “အင်မော်တယ်ကမ္ဘာ… အင်မော်တယ်ကမ္ဘာပဲ ဖြစ်ရမယ်၊ ပြီးတော့ ဟန်ကျွယ်နဲ့ ပတ်သက်ရမယ်၊ ဟန်ကျွယ်က အမှောင်သခင်ကြီးနဲ့ လောကဦး နတ်ဘီလူး ဖြစ်ရမယ်လို့တောင် ငါ သံသယ ဝင်မိတယ်၊ သူ့ရဲ့ အရည်အချင်းက ယုတ္တိကို မရှိဘူး၊ သူသာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါး ပြန်ဝင်စားတာ မဟုတ်ရင် ကျိန်းသေပေါက် လောကဦး နတ်ဘီလူး ဖြစ်ရလိမ့်မယ်”
“ဟန်ကျွယ်လား…”
ပဋိပက္ခနတ်မင်းဟာ ဟန်ကျွယ်ကို စပြီးတော့ တွက်ချက်ကြည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မှင်သက်အံ့ဩသွားပါတယ် ‘အသက် ၁၃၀,၀၀၀ နဲ့ လွတ်လပ် တာအိုပညာရှိ ဖြစ်နေတာလား… မဖြစ်နိုင်တာ…’
ပဋိပက္ခနတ်မင်းဟာ မွေးဖွားလာကတည်းက ဒီလိုမျိုး အရည်အချင်းရှိတဲ့လူကို တစ်ခါမှ မတွေ့ဖူးပါဘူး။ အတိတ်မှာ နာမည်ကြီးခဲ့တဲ့ ပန်ကုကလည်း နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ပြီးမှ တာအိုကို ရယူနိုင်ခဲ့တာပါ။
[ပဋိပက္ခနတ်မင်းသည် သင့်အား မုန်တီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်ခွဲ။]
ဟန်ကျွယ်ဟာ လန့်သွားပါတယ်။ အခုထက်ထိ ဟန်ကျွယ် ရရှိခဲ့တဲ့ အမြင့်မားဆုံး ခံစားချက်တန်ဖိုးက ကြယ်ခြောက်ပွင့်ပါ။ လောကဦး ကောင်းကင်ထောင် ပေါ်လာမှပဲ အမြင့်ဆုံး မျက်နှာသာပေးမှု ဟန်ကျွယ် ရရှိခဲ့တာပါ။ ဟန်ကျွယ် အမြင်မှာ ကြယ်ခြောက်ပွင့် မုန်းတီးမှုက စကြဝဠာပျက်ရင်တောင် မကျေနိုင်တဲ့ မုန်းတီးမှုပါ။
အခု ကြယ်ခြောက်ပွင့်ခွဲဆိုတော့ မဟာတာအို ပျက်ဆီးရင်တောင် မုန်းတီးမှုက ဆက်ရှိနေဦးမဲ့ သဘောပါပဲ။
ဟန်ကျွယ်ရဲ့ မျက်လုံးထဲကနေ သတ်ဖြတ်ငွေ့တွေ ထိုးထွက်လာပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခနတ်မင်းကို သုတ်သင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခနတ်မင်းကို သတ်ပစ်ဖို့က မလွယ်ပါဘူး။ ဒီလိုပဲ ပဋိပက္ခနတ်မင်းကလည်း ဟန်ကျွယ်ကို သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဟန်ကျွယ် ကောင်းကင်တာအိုကနေ ထွက်မသွားရင်ပေါ့။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကနေ ဘယ်တော့မှ ထွက်မသွားဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့စိတ်အခြေအနေကို ပြုပြင်ပြီး ဆက်လက် ကျင့်ကြံ အားထုတ်ပါတယ်။
နှစ်လေးငါးခုနစ်ရာ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နှစ်တစ်ထောင် ဂူအောင်းကျင့်ကြံမှု ပြီးဆုံးသွားပါတယ်။ အခုဆိုရင် ဟန်ကျွယ်ရဲ့ အသက်က ၁၃၁,၈၀၈ နှစ် ရှိသွားပြီ ဖြစ်တာကြောင့် မွန်းစတားအိုကြီးလို့ ယူဆလို့ရပါတယ်။
ဂူအောင်းကျင့်ကြံမှု ပြီးဆုံးတဲ့အခါ ဟန်ကျွယ်ဟာ စာအိတ်ကိုဖွင့်ပြီး သူ့မိတ်ဆွေတွေရဲ့ အခြေအနေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် အမှောင်ဘုရင် တာအိုပညာရှိ၏ တာအိုအသီးကို ရရှိသွားပြီး ကိုယ့်စွမ်းကိုယ်စဖြင့် တာအိုကို ရယူကာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်သွား၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင် စိတ်ဝိညာဉ်ကို စုပ်ယူပြီး ကျင့်ကြံမှုနှင့် ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မျိုးဆက် ဟန်ယွီသည် လျှို့ဝှက်ဆန်းကြယ် နတ်မင်းအဆင့် ကျင့်ကြံသူတစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့် ဂျိရှင်းရှန်သည် သင့်မိတ်ဆွေ ဧကရာဇ်ရှောင်၏ လမ်းညွှန်မှုဖြင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို တတ်မြောက်သွား၏။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ရှီတုတောက်သည် လောကဦး ခရမ်းရောင်ချီကို ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
မိစ္ဆာ ကောင်းကင်ဧကရာဇ်က ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုကို ရယူသွားတာ သိလိုက်ရတဲ့အခါမှာ ဟန်ကျွယ်ဟာ သက်ပြင်းသာ ချမိပါတော့တယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ် လျှောက်နေတဲ့လမ်းက ပြန်လမ်း မရှိပါဘူး။
အမှောင်ဘုရင် တာအိုပညာရှိက နယ်ရုပ်ပါ။ အခု မိစ္ဆာ ကောင်းကင်ဧကရာဇ်က အမှောင်ဘုရင် တာအိုပညာရှိရဲ့ နယ်ရုပ်နေရာကို ဆက်ခံလိုက်တော့ အနာဂတ်မှာ ဒုက္ခရောက်ဖို့က သေချာသလောက် ရှိနေပါပြီ။
ဒါပေမဲ့ အဲဒီနေ့က တွေ့ဆုံမှုအပြီးမှာ မိစ္ဆာကောင်းကင်ဧကရာဇ်က တစ်ဖက်စွန်းကို ရောက်သွားပြီလို့ ဟန်ကျွယ် သိလိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ကောင်းကင်တာအို ပညာရှိတွေကို မုန်းတီးမှုက အလွန်ပဲ နက်ရှိုင်းလွန်းပါတယ်။ ဒီနက်ရှိုင်းတဲ့ မုန်းတီးမှုကြောင့်ပဲ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်တာအိုကိုတောင် ဖျက်ဆီးပစ်ချင်နေပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က လမ်းမှားကို ရောက်နေပြီဆိုပေမဲ့ ဟန်ကျွယ်ဟာ သူ့ကို မရှင်းပစ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တဲ့ အပြင် အခုလည်း ဘာမုန်းတီးမှုမှ မရှိလို့ပါပဲ။
အဲဒီနောက်ပိုင်း စာစောင်တွေကတော့ အလွန်တရာ စိတ်လှုပ်ရှားကောင်းပြီး သတင်းအချက်အလက်တွေ အများကြီး ပါဝင်နေပါတယ်။
အချိန်အတော်ကြာ ပျောက်ကွယ်နေတဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကို ဖန်းလျန်က ရရှိပြီး စုပ်ယူလိုက်တာက သေချာပေါက် တာအိုဘိုးဘေးရဲ့ အစီအစဉ်ပါ။
ဘိုးဘေးရှီတျန် ကျိန်စာတိုက်ခံရတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တစ်ယောက်ယောက်က အမှောင်သခင်ကြီး နာမည်ကိုသုံးပြီး ပြဿနာရှာနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီလူက အဆုံးသတ် အပျက်အစီး နတ်ဘုံက ဖြစ်နိုင်ပါတယ်။ ကောင်းကင်တာအို ပညာရှိတွေက ဘိုးဘေးရှီတျန် သူတို့ကို ကာကွယ်ဖို့ မျှော်လင့်နေတာကြောင့် ဘိုးဘေးရှီတျန်ကို ကျိန်စာတိုက်မှာတော့ မဟုတ်ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ရဲ့ အာရုံကို ရှီတုတောက်က ဆွဲဆောင်လိုက်ပါတယ်။ ရှီတုတောက်က လောကဦး ခရမ်းရောင်ချီကိုတောင် ရသွားပါပြီ။ ဒီလောကဦး ခရမ်းရောင်ချီက ဖူရှီရဲ့ လောကဦး ခရမ်းရောင်ချီဖြစ်ဖို့ အတော်လေး များပါတယ်။ ကြည့်ရတာ နွီဝါက စပြီးတော့ လှုပ်ရှားလိုက်ပုံပါပဲ။
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ရှီတုတောက်ကို အိပ်မက်ပေးလိုက်ပါတယ်။ အမှောင်ထုရဲ့ အိပ်မက်ဆိုးက ရှီတုတောက်က တုံ့ပြန်ချိန် တစ်စုံတစ်ရာ မပေးဘဲ အိပ်မက်ထဲ အတင်းဆွဲသွင်းလိုက်ပါတယ်။
အိပ်မက်နယ်မြေ။
ရှီတုတောက်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ နတ်အလင်းရောင်တွေ လွှမ်းခြုံထားတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ရှီတုတောက်ဟာ ဟန်ကျွယ်ကို မှတ်မိပါတယ်။ အရင်တစ်ခေါက် ဟန်ကျွယ် သင်ပေးလိုက်တဲ့ မဟာလွတ်လပ်မှု ကောင်းကင်ချုပ်လက်ဝါးက အလွန်ကျယ်ပြန့်ပြီး အလွန်နက်နဲတဲ့အတွက် ရှီတုတောက်ဟာ အဲဒီဆန်းကြယ်စွမ်းအားကို အခုထိ ကျင့်ကြံနေတုန်းပါ။
ဟန်ကျွယ်က တန်းမေးလိုက်ပါတယ် “တာအိုပညာရှိတစ်ပါးပါးက မင်းကို ဆက်သွယ်သေးလား”
ရှီတုတောက်က သူ့အပေါ် မျက်နှာသာပေးမှု ကြယ်ငါးပွင့် ရှိပါတယ်။ ဟန်ကျွယ်ဟာ ကြယ်ငါးပွင့် မျက်နှာသာပေးမှုက သစ္စာရှိမှုကို ကိုယ်စားပြုလားလို့ သိချင်တဲ့အတွက် ဒီမေးခွန်းကို မေးလိုက်တာ ဖြစ်ပါတယ်။
ဟန်ကျွယ် မေးခွန်းကြောင့် ရှီတုတောက်ဟာ တစ်ခဏတာ ချီတုံချတုံ ဖြစ်သွားပေမဲ့ နောက်ဆုံးမှာတော့ အဖြေပြန်ပေးလိုက်ပါတယ် “ဆက်သွယ်တယ်၊ သူတို့က ကျွန်တော့်ကို လောကဦး ခရမ်းရောင်ချီ ပေးတယ်၊ ဘယ်သူလဲ ဆိုတာတော့ ကျွန်တော် မပြောနိုင်ဘူး၊ စီနီယာ ကျွန်တော်ကို ခွင့်လွှတ်ပါ”
“မင်းက ကောင်းကင်တာအိုပညာရှိ ဖြစ်ချင်တာလား”
“ဘယ်သူက တာအိုပညာရှိ မဖြစ်ချင်မှာလဲ” ရှီတုတောက်က ချက်ချင်း ခွန်းတုံ့ပြန်ပါတယ်။ ရှီတုတောက်ဟာ တာအိုပညာရှိအတုမှာ တစ်,နေတာ အတော်ကို ကြာနေပါပြီ။ တာအိုရယူချင်တာက ရှီတုတောက်ရဲ့ အတွင်းနတ်ဆိုး ဖြစ်လုနီးနေပါပြီ။
“မင်း ဘယ်တော့ တာအိုရယူမှာလဲ”
ရှီတုတောက် တာအိုကို ရယူတာက ကိစ္စမရှိပါဘူး။ ဟန်ကျွယ်ဟာ ဒီတာအိုပညာရှိအသစ်က ကောင်းကင်တာအိုကို ဘယ်လို ပြောင်းလဲမှုတွေ ယူဆောင်မလဲဆိုတာ မြင်ချင်ပါသေးတယ်။
“နောက်နှစ်တစ်သောင်းအတွင်း ကျွန်တော် တာအိုကို ရယူမယ်” အဲဒီနောက် ရှီတုတောက်ဟာ တစ်ခဏရပ်ပြီး မေးလိုက်ပါတယ် “စီနီယာ… ကျွန်တော့်ကို ဘယ်လိုထင်လဲ”
“ဘာလို့ အဲဒီလို မေးတာလဲ”
“တာအိုကို ရယူပြီးရင် ကျွန်တော် ဘက်ရွေးရမယ်ဆိုတာ ကျွန်တော် သိတယ်၊ ကျွန်တော်ကို လောကဦး ခရမ်းရောင်ချီ ပေးတဲ့ တာအိုပညာရှိက အဲဒီလောက်ထိ ကရုဏာတရား ကြီးမားမှာ မဟုတ်ဘူး”
“ငါနဲ့ ပူးပေါင်းချည်၊ မင်း လောကကြီးကို ဒုက္ခမပေးဘူး၊ တခြားဂိုဏ်းတွေက လူတွေကို လိုက်မသတ်ဘူးဆိုရင် ငါ့မှာ မင်းအတွက် လိုအပ်ချက်တွေ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေ များများစားစား မရှိဘူး၊ ငါ ရှာဖွေတာက မဟာတာအိုပဲ၊ အာဏာမဟုတ်ဘူး၊ အာဏာက ငါ့ခရီးလမ်းမှာ အဆင်ပြေချောမွေ့ဖို့ အသုံးပြုတာ”
ဟန်ကျွယ်က သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပေမဲ့ ရှီတုတောက်ရဲ့ မျက်လုံးတွေကတော့ ဝင်းလက် တောက်ပသွားပါတယ်။
ရှီတုတောက်ကလည်း အဲဒီလိုမျိုး ပုဂ္ဂိုလ်ပါ။ သန်မာမှုနောက်သာ လိုက်ပြီး အာဏာကို မတပ်မက်ပါဘူး။ ဒါကြောင့်လည်း ရှီတုတောက်က တစ်ကိုယ်တော် နေခဲ့တာပါ။ ဒါပေမဲ့ ကောင်းကင်တာအို ပညာရှိ ဖြစ်သွားရင် ပိုမိုသန်မာလာဖို့ ကံတရား အထောက်အပံ့အတွက် မဖြစ်မနေ တိုက်ခိုက်ရတော့မှာပါ။
“မင်း တာအိုပညာရှိ ဖြစ်သွားပြီး ဘာလုပ်မလဲဆိုတာကို ငါ စောင့်ကြည့်နေမယ်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရှီတုတောက်နဲ့ ဆက်ဆံရေးကောင်းအောင် ထိန်းသိမ်းမှာပါ။ ဒါပေမဲ့ ရှီတုတောက်က နောက်ကျောကို ဓားနဲ့ထိုးဖို့ ကြိုးစားရင်တော့ ဟန်ကျွယ်က ရှီတုတောက်ကို လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်မှာပါ။
ပွင့်ပွင့်လင်းလင်း ပြောရရင် လက်ရှိ ကောင်းကင်တာအိုက ဟန်ကျွယ်ရဲ့ နယ်မြေပါ။ ဟန်ကျွယ်ကို ရန်စရဲတဲ့သူမှန်သမျှ သေရင်သေ မသေရင် ကျေးကျွန် ဖြစ်မှာပါ။
ဟန်ကျွယ်ဟာ အဆုံးသတ် အပျက်အစီး နတ်ဘုံက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ထောင့်တစ်နေရာဆီ တွန်းပို့မိမှာကိုပဲ ကြောက်ပါတယ်။ ဒါကြောင့်လည်း ဟန်ကျွယ်က သိုသိုသိပ်သိပ် နေထိုင်တာပါ။
“ရှီတုတောက်တောင် တာအိုပညာရှိ ဖြစ်တော့မှာဆိုတော့ လီတောက်ခုံးလည်း တာအိုရယူဖို့ အချိန်တန်ပြီ” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။ ဟန်ကျွယ်ဆီမှာလည် လောကဦး ခရမ်းရောင်ချီနဲ့ မဟာတာအို ခရမ်းရောင်ချီတောင် ရှိပါတယ်။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ လီတောက်ခုံးကို တာအိုပညာရှိဖြစ်အောင် လုပ်ဖို့က ဘာမှမခက်ပါဘူး။
လီတောက်ခုံးက ဟန်ကျွယ်အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်သလို ဟန်ကျွယ် တန်ဖိုးအထားဆုံး တိတ်ဆိတ်ဂိုဏ်းသားလည်း ဖြစ်ပါတယ်။
တိတ်ဆိတ်ဂိုဏ်းထဲ မဝင်ခင်ကတည်းက လီတောက်ခုံးဟာ သူ့စွမ်းအားကို သက်သေပြပြီးပါပြီ။ တခြား ပါရမီရှင်တွေက သူတို့အရည်အချင်းကြောင့် နာမည်ကျော်ကြားနေချိန်မှာ လီတောက်ခုံးက တခြားလူတွေ သူ့အရည်အချင်းကို လျစ်လျူရှုစေတဲ့အထိ လုပ်ပြီးပါပြီ။
လီတောက်ခုံးဟာ ပုကျိုးနတ်တောင်ကို ရရှိပြီးကတည်းက သူ့ကျင့်ကြံမှုဟာလည်း ပုံမှန်တိုးတက်လာပါတယ်။ လီတောက်ခုံးက တာအိုပညာရှိအတု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်နဲ့ ခြေတစ်လှမ်းသာ လိုပါတော့တယ်။
ဟန်ကျွယ်ဟာ လီတောက်ခုံးကို အသံလွှင့်ပြီး ပြန်လာဖို့ ပြောလိုက်ပါတယ်။
နောက်နေ့မှာပဲ လီတောက်ခုံးဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးကို တာအိုဘုံကျောင်းထဲ ရွှေ့ပြောင်းလိုက်ပါတယ်။ လီတောက်ခုံးဟာ ဟန်ကျွယ်ကို မြင်တာနဲ့ တလေးတစား ဦးညွှတ်လိုက်ပါတယ်။ ဟန်ကျွယ်က သူ့ကို ဘာအကြောင်းကြောင့် ပြန်လာခိုင်းမှန်း မသိပေမဲ့ အရေးကြီးတဲ့ကိစ္စတစ်ခုဆိုတာတော့ လီတောက်ခုံး သိပါတယ်။
“တာအို ရယူဖို့ အချိန်ကျပြီ”
ဟန်ကျွယ်ရဲ့ စကားကြောင့် လီတောက်ခုံးဟာ ကြက်သေသေသွားပါတယ်။ လီတောက်ခုံးဟာ ဒီကိစ္စကို မျှော်လင့်မထားခဲ့ပါဘူး။ ရုတ်တရက် ဝမ်းသာဖွယ်စကားကို ကြားလိုက်ရတာကြောင့် လီတောက်ခုံးဟာ အသက်ရှူ မြန်သွားပါတယ် “ကျွန်တော်ကို တာအိုကို ရယူလို့ ရပြီလား”
“နည်းနည်းတော့ လိုသေးတယ်၊ ငါ့ဘေးမှာ ကျင့်ကြံအားထုတ်ပြီး တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို အရင်ဆုံး ထိုးဖောက်ချည်၊ ပြီးရင် ငါ မင်းကို တာအိုရယူခိုင်းမယ်”
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေက ဘာမှမဟုတ်သလိုမျိုး ခပ်တည်တည်ပဲ ပြောလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 622
? Views, Released on December 10, 2024