အခန်း (၆၁၉) အမှောင်သခင်ကြီး ဖန်တီးလိုက်သော မုန်တိုင်း
ပဋိပက္ခနက်ရဲ့ တစ်နေရာမှာ အလွန်ကြီးမားတဲ့ ဥက္ကာခဲတစ်ခုဟာ အမှောင်ထုကို ခွင်းပြီး ပျံသန်းနေပါတယ်။ ဥက္ကာခဲ အပေါ်မှာတော့ တန်ခိုးကြီးမားတဲ့ အရိပ်နက်တစ်ခု တရားထိုင်နေပါတယ်။
ဒီအရိပ်နက် ပဋိပက္ခနတ်မင်းပါ။
ပဋိပက္ခနတ်မင်းကို ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ရောင်ဝါနက်တွေ ဝန်းရံထားတဲ့အတွက် ပဋိပက္ခနတ်မင်းရဲ့ ခန္ဓာစစ်ကို မြင်တွေ့နိုင်ဖို့ ခက်ခဲပါတယ်။
ပဋိပက္ခ နတ်မင်းဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ အနက်ရောင်ချီမှာ အေးစက်တဲ့ မျက်လုံးအစုံက အချိန်နဲ့ ကံကြမ္မာကို ထိုးဖောက်မြင်နိုင်သလိုမျိုး ထွက်ပေါ်လာပါတယ်။
“ဘယ်သူက ငါ့ကို ကျိန်စာတိုက်နေတာလဲ၊ ငါ တွက်ချက်လို့ မရပါ့လား” ပဋိပက္ခနတ်မင်းဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါ စာအုပ်ကိုပဲ တွက်ချက်မိပြီး အသုံးပြုတဲ့လူကို မတွက်ချက်မိပါဘူး။
‘ဒီကျိန်စာက ပြင်းလှချည်လား..’
ပဋိပက္ခနတ်မင်း ပထမဆုံး တွေးလိုက်တာက ကျိန်စာနတ်ဘီလူးပါ။ ဒါပေမဲ့ ကျိန်စာနတ်ဘီလူးက ကောင်းကင်ကို ခွဲထုတ်လိုက်တဲ့ ပန်ကူး သေဆုံးပြီးကတည်းက ပေါ်မလာတာပါ။
‘ငါ့ကို ဘယ်သူ ကျိန်စာတိုက်နေတာလဲ’
ပဋိပက္ခနတ်မင်းဟာ သူ့ကို ကျိန်စာတိုက်နိုင်တဲ့ လူအများကြီးကို တွေးမိပေမဲ့ သေချာတော့ မသိပါဘူး။ ကျိန်စာက ပိုအားကောင်းလာတဲ့အတွက် ပဋိပက္ခ နတ်မင်းဟာ ရွေးချယ်စရာ မရှိဘဲ ဓမ္မစွမ်းအားနဲ့ ကျိန်စာကို ခုခံလိုက်ရပါတယ်။
ဒီအချိန်မှာပဲ ကျိန်စာစွမ်းအားက ရုတ်တရက် ထိုးတက်သွားပါတယ်။ စောစောက ကျိန်စာစွမ်းအားက လေပြေဆိုရင် အခုကျိန်စာစွမ်းအားက လေဆင်နှာမောင်းပါ။ တားဆီးမရနိုင်တဲ့ အရှိန်အဟုန်နဲ့ပါ။
“ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ” ထိတ်လန့်သွားတဲ့ ပဋိပက္ခနတ်မင်းဟာ ကျိန်စာစွမ်းအားကို အားကုန်ထုတ်ပြီး ခုခံပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ သူ့ကိုယ်ရေးအကျဉ်းကို စိုက်ကြည့်ရင် မျက်လုံးတွေက သွေးလိုနီရဲနေပါပြီ။
၇၀၀ ထရီလီယံ။
၈၀၀ ထရီလီယံ။
၉၀၀ ထရီလီယံ။
‘သေစမ်း… တစ်ကွာဒလီယံ ပြည့်လို့မှ ဘာမှမဖြစ်ရင် ငါ လက်လျှော့လိုက်တော့မယ်’
ဟန်ကျွယ် မြင်ကွင်းထဲမှာ ကိုယ်ရေးအကျဉ်းကလွဲရင် စာအိတ်လည်း ရှိနေပါတယ်။ ဒါပေမဲ့ ပဋိပက္ခနတ်မင်းနဲ့ ပတ်သက်တဲ့ စာစောင်က အခုထိကို ရောက်မလာသေးပါဘူး။
ဟန်ကျွယ်ရဲ့ သက်တမ်း ၉၈၀ ထရီလီယံကျော် ကုန်ဆုံးသွားတဲ့ အခါမှာတော့ ဟန်ကျွယ် မျှော်လင့်စောင့်စားနေတဲ့ စာတစ်စောင် ရောက်လာပါတယ်။ ဒီစာကို မြင်တာနဲ့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ချက်ချင်း ရပ်လိုက်ပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ပဋိပက္ခနတ်မင်းသည် တာအိုနှလုံးသား ဖရိုဖရဲဖြစ်ပြီး အာဏာစက် လျော့ကျသွား၏။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘မဟာတာအို နတ်စိတ်ဝိညာဉ်လို့ မပြောရဘူး၊ ဒီလောက် အရူးအမူး ကျိန်စာတိုက်တာတောင် တာအိုနှလုံးသားက ဖရိုဖရဲပဲ ဖြစ်တယ်၊ အတွင်းနတ်ဆိုးတောင် ပေါ်မလာဘူး..’
ဟန်ကျွယ်ဟာ အနားယူလိုက်ပါတယ်။ လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ အကောင်းပကတိ ပြန်ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထပ်ထုတ်လိုက်ပြီး ဆွမ်တိကို ကျိန်စာစတိုက်ပါတယ်။ ဟန်ကျွယ်ဟာ အဆုံးသတ် အပျက်အစီး နတ်ဘုံက သူ့ကို မုန်းတီးတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် မှန်သမျှကို အလွတ်ပေးမှာ မဟုတ်ပါဘူး။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းနဲ့ စာအိတ်ကို ဖွင့်ပြီး မျက်တောင်မခတ် စိုက်ကြည့်ရင်း ကျိန်စာ ဆက်တိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဆွမ်တိက ပဋိပက္ခနတ်မင်းထက် စွမ်းအားကြီးလိမ့်မယ်လို့ မယုံပါဘူး။ ပဋိပက္ခနတ်မင်းက ပဋိပက္ခအဖွဲ့ကို ထိန်းချုပ်ထားတဲ့အတွက် ဆွမ်တိထက် စွမ်းအားပိုကြီး လောက်ပါတယ်။
အဆုံးသတ် အပျက်အစီး နတ်ဘုံမှာ တိမ်မည်းတွေ ထိုးထွက်လာပါတယ်။ အဆုံးမဲ့ ဖုန်ဆိုးမြေမှာ မတ်စောက်တဲ့ တောင်တစ်လုံး တည်ရှိနေပါတယ်။ တောင်ထိပ်မှာတော့ ရွှေရောင်အလင်းတွေ ဖြာထွက်နေပြီး တလက်လက် တောက်ပနေတဲ့ ဘုံကျောင်းတစ်ကျောင်း ရှိနေပါတယ်။
စိတ်ဝိညာဉ်တောင်၊ မိုးကြိုးပစ်ကျောင်း။
မိုးကြိုးပစ်ကျောင်းရဲ့ ထိပ်မှာ ဝတ်ရုံဖြူ တာအိုကျင့်ကြံသူ နှစ်ယောက်ဟာ ကြာပလ္လင်တစ်ခုအပေါ် မျက်နှာချင်းဆိုင် တရားထိုင်နေကြပါတယ်။ ဂုဏ်ကျက်သရေရှိတဲ့ တာအိုကျင့်ကြံသူတစ်ဦးက မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “ထူးဆန်းတယ်၊ ငါ ကျိန်စာတိုက်ခံရတယ်”
ဒီတာအိုကျင့်ကြံသူက ဆွမ်တိပါ။
တခြား တာအိုကျင့်ကြံသူကတော့ ကျဲ့ယင်ပါ။
ဆွမ်တိနဲ့ ကျဲ့ယင်ဟာ လောကကြီး ဖန်တီးမှုအပြီးမှာ ဖြစ်ပေါ်လာခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ ညီအစ်ကိုတွေလို ရင်းနှီးကြပြီး နောက်ပိုင်းမှာ ဗုဒ္ဓဂိုဏ်းရဲ့ ရှေးဦးဖြစ်တဲ့ အနောက်ဂိုဏ်းကို အတူတကွ တည်ထောင်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ တာအိုနောက်ကိုတောင် အတူလိုက်ခဲ့ကြပါတယ်။
ကျဲ့ယင်က မေးလိုက်ပါတယ် “မင်း တွက်ချက်ကြည့်ပြီးပြီလား”
ဆွမ်တိက ခေါင်းခါလိုက်ပါတယ် “ငါ တွက်ချက်လို့မရဘူး၊ စာအုပ်တစ်အုပ်ကိုပဲ တွက်ချက်မိတယ်”
‘စာအုပ်တစ်အုပ်…’ ကျဲ့ယင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
သူတို့နှစ်ယောက်လုံးဟာ မဟာတာအိုပညာရှိတွေ ဖြစ်ပါတယ်။ ကျိန်စာတိုက်ခံရတာတောင် တစ်ဖက်လူရဲ့ တည်ရှိမှုကို တွက်ချက်လို့မရတဲ့အတွက် သူတို့နှစ်ယောက်ဟာ တစ်ဖက်လူက သူတို့ထက် စွမ်းအားပိုကြီးတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချလိုက်ကြပါတယ်။
“နေအုန်း… စာအုပ်တစ်အုပ်ဆိုတော့ အင်မော်တယ်ကမ္ဘာက အမှောင်သခင်ကြီးများလား” ဆွမ်တိဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဆွမ်တိဟာ ချုံရှီလိုင်ဆီကနေ အမှောင်သခင်ကြီးအကြောင်း ကြားဖူးပါတယ်။
ကျဲ့ယင်က မေးလိုက်ပါတယ် “အမှောင်သခင်ကြီးက လီမုယဲ့မဟုတ်ရင် တိတ်ဆိတ်ဂိုဏ်းချုပ်မလား၊ အခု လီမုယဲ့က သေသွားပြီဆိုတော့ တိတ်ဆိတ်ဂိုဏ်းချုပ်ပဲ ကျန်တော့တာမလား”
“သူက အဲဒီလောက် စွမ်းအားကြီးလို့လား၊ သူက တာအိုဘိုးဘေး ပြောတဲ့ မသိကိန်းဆိုပေမဲ့ ငါတို့ထက်တော့ စွမ်းအားပိုမကြီးဘူးမလား”
“ဒါလည်း ဟုတ်တာပဲ၊ သူက အမှောင်သခင်ကြီးလို့ တစ်ခါမှ ဝန်မခံဖူးဘူး၊ သူလည်း ကျိန်စာတိုက်ခံရတယ်လို့ ပြောဖူးတယ်၊ ဒီလိုဆိုရင် အမှောင်သခင်ကြီးက အဆုံးသတ် အပျက်အစီး နတ်ဘုံကပဲ ဖြစ်လိမ့်မယ်၊ နောက်ပြီး ပြီးခဲ့တဲ့ကပ်ဘေးမှာ သူ့လှုပ်ရှားမှုတွေ အကုန်လုံးက ကောင်းကင်တာအိုကို ဖျက်ဆီးဖို့ပဲ”
“အို… မင်းဆိုလိုချင်တာက အမှောင်သခင်ကြီးက အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ တခြား မဟာတာအိုပညာရှိတစ်ပါးလို့ ပြောချင်တာလား”
“ဟုတ်တယ်၊ ပြီးခဲ့တဲ့ ကောင်းကင်တာအို ကပ်ဘေးမှာ အမှောင်သခင်ကြီး ဘာဖြစ်လို့ ဝင်ပါတာလဲဆိုတာတော့ ငါလည်း စဉ်းစားလို့မရဘူး”
ဆွမ်တိဟာ အတွေးနက်သွားပြီး ကျဲ့ယင်စကားတွေက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။
ကျဲ့ယင်က စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “အမှောင်သခင်ကြီး ကောင်းကင်တာအိုကို ဖျက်ဆီးချင်တာ၊ တိတ်ဆိတ်ဂိုဏ်းချုပ်က ကောင်းကင်တာအိုကို ကာကွယ်ချင်တာ…”
ဆွမ်တိဟာ ဘာမှ ပြန်မပြောတော့ဘဲ ဟန်ကျွယ်ကို သံသယ ကင်းသွားပါတယ်။
ငါးရက်ကြာတဲ့အခါမှာတော့ ဆွမ်တိဟာ မျက်နှာပျက်သွားပါတယ် “အို… မကောင်းတော့ဘူး၊ ကျိန်စာက ပိုအားကောင်းလာပြီ၊ ဒီကျိန်စာက ဘာဖြစ်လို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ”
ဆွမ်တိဟာ သူ့စွမ်းအားကို လှည့်ပတ်ပြီး ကျိန်စာကို ခုခံပါတယ်။
ကျဲ့ယင်ကတော့ မျက်မှောင်ကြုတ်သွားပါတယ် ‘ကျိန်စာတစ်ခုတည်းနဲ့ ဆွမ်တိကို ဒဏ်ရာရစေတယ်ဆိုတော့ ဒီအမှောင်သခင်ကြီးက ဘယ်လောက်တောင် သန်မာတာလဲ’
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ သူ သံသယ အဝင်ခံရမှန်း မသိဘဲ အစွမ်းကုန် ကျိန်စာတိုက်ပါတယ်။
၁၀၀ ထရီလီယံ။
၂၀၀ ထရီလီယံ။
၃၀၀ ထရီလီယံ။
၅၀၀ ထရီလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ဆွမ်တိ၏ တာအိုနှလုံးသားသည် ထိခိုက်သွား၏။]
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ချက်ချင်း ရပ်လိုက်ပါတယ် ‘ဒီလောက်ပဲလား… ဒီကောင်က ပဋိပက္ခနတ်မင်းကို တော်တော် မမီတာပဲ’
ဟန်ကျွယ်ဟာ ထပ်ပြီးတော့ အနားယူပါတယ်။ ဟန်ကျွယ်ဟာ အဆုံးသတ် အပျက်အစီး နတ်ဘုံက စွမ်းအားကြီးပုဂ္ဂိုလ်တွေ မျက်စိလည်အောင် အင်မော်တယ်ကမ္ဘာကိုလည်း ပစ်မှတ်ထားဖို့ စီစဉ်ထားပါတယ်။
နောက်နေ့မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုပညာရှိတွေကို တစ်ယောက် တစ်ရက်စီ ကျိန်စာတိုက်ပါတယ်။
ကောင်းကင်တာအိုပညာရှိတွေက ဒီလောက်ပဲ ခံနိုင်ပါတယ်။ ငါးရက်သာ ကျိန်စာတိုက်ရင် ကောင်းကင်တာအိုပညာရှိတွေ အကုန်လုံး ပြိုလဲဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကို ခုန်တက်ပြီး စကြဝဠာခန်းမဆီ ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ တခြား တာအိုပညာရှိအားလုံးကို အသံလွှင့်စကား ပေးပို့လိုက်ပါတယ်။
စကြဝဠာခန်းမတံခါးဟာ ပွင့်သွားပါတယ်။ ဟန်ကျွယ်ဟာ ခန်းမထဲကို လမ်းလျှောက်ဝင်သွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက တအံတဩနဲ့ မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်… ဘာကိစ္စရှိလို့လဲ”
ဟန်ကျွယ်ဟာ ဘာမှမပြောပါဘူး။ နတ်အလင်းရောင်က ဖုံးကာထားတဲ့အတွက် ဟန်ကျွယ်ရဲ့ မျက်နှာအမူအရာကို ကောင်းကင်အရှင်ရွှမ်တု မမြင်နိုင်ပါဘူး။
မကြာခင်မှာပဲ တခြားတာအိုပညာရှိတွေ ရောက်လာပါတယ်။ သူတို့တွေဟာ စိတ်လေးနေကြပါတယ်။ ဒါက ဟန်ကျွယ် ပထမဆုံး သူတို့ကို ဆင့်ခေါ်တာ မဟုတ်ပါလား။
‘တစ်ခုခု ထပ်ဖြစ်ပျက်ပြီလား…’
“ဘယ်သူ ငါ့ကို ကျိန်စာတိုက်တာလဲ” ဟန်ကျွယ်က ခပ်မာမာ မေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ စကားသံအဆုံးမှာ ပြင်းထန်တဲ့ ဖိအားတစ်ခု ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို လွှမ်းမိုးသွားတဲ့အတွက် တာအိုပညာရှိအကုန်လုံးကို ထိတ်လန့်သွားစေပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်က ချက်ချင်းပဲ ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်လည်း ကျိန်စာတိုက်ခံရတာပဲလား၊ ကျုပ်လည်း ကျိန်စာတိုက်ခံခဲ့ရတယ်”
တခြားတာအိုပညာရှိတွေကလည်း သူတို့ ကျိန်စာတိုက်ခံရကြောင်း ထုတ်ပြောကြပါတယ်။
“ငါလည်း တစ်ရက်ကြာအောင် ကျိန်စာတိုက်ခံရတယ်”
“ငါတို့ အကုန်လုံး ကျိန်စာတိုက်ခံရတာလား”
“တစ်ယောက်ယောက် လုပ်တာ ဖြစ်ရမယ်”
“အမှောင်ဘုရင် တာအိုပညာရှိကြောင့်များလား”
“ဖြစ်နိုင်တယ်၊ တာအိုရောင်းရင်း ဖူရှီလည်း သေသွားပြီ၊ ကောင်းကင်တာအို ပညာရှိတစ်ပါး လျော့နေတာဆိုတော့ ငါတို့တွေ အလန့်တကြားဖြစ်လို့ မရဘူး”
တာအိုပညာရှိတွေဟာ ဒေါသထွက်သွားကြပါတယ်။ သူတို့အကုန်လုံး ကျိန်စာတိုက်ခံရတဲ့အတွက် တော်တော်လေးကို မပျော်တော့တာပါ။
ဟန်ကျွယ်ဟာ ဧကရာဇ်ရှောင်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ အရင်တုန်းက ဧကရာဇ်ရှောင်ဟာ အမှောင်သခင်ကြီးယောင် ဆောင်ခဲ့ဖူးပါတယ်။
ဧကရာဇ်ရှောင်ကလည်း တော်တော်ကို ဒေါသထွက်နေပါတယ်။ သူက တကယ်ကို သရုပ်ဆောင် ကောင်းပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်… ငါတို့အားလုံး ကျိန်စာတိုက်ခံရတာဆိုတော့ ဒီလိုအချိန်မျိုးမှာ ငါတို့တွေ အလန့်တကြားဖြစ်လို့ မရဘူး၊ ဒီကိစ္စက တိုက်ဆိုင်တယ်လို့ မထင်ဘူးလား၊ ငါတို့တွေ အမှောင်ဘုရင် တာအိုပညာရှိကို သတ်ပြီးတဲ့အချိန်မှ ကျိန်စာတိုက်ခံရတယ်လို့”
ဟန်ကျွယ်ဟာ သူ့ရောင်ဝါကို ပြန်သိမ်းပြီး ပြောလိုက်ပါတယ် “မင်းတို့တွေ မဟုတ်ဖို့ ငါ မျှော်လင့်ပါတယ်၊ ကောင်းကင်တာအိုက ပြဿနာတက်နေတာ၊ မင်းတို့အကူအညီတောင်းလို့ ငါက ကူညီခဲ့တာ၊ ငါက မင်းတို့နဲ့ ကောင်းကင်တာအိုအပေါ်မှာ သဘောထားရှင်းတယ်၊ ငါက အေးအေးဆေးဆေး ကျင့်ကြံချင်ရုံပဲ၊ မင်းတို့တွေ ငါ့ကို ရန်လာစရင် ငါကလည်း သဘောကောင်းပြနေမှာ မဟုတ်ဘူး”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ပျောက်ကွယ်သွားပါတယ်။
တာအိုပညာရှိတွေဟာ မျက်နှာပျက်ပျက်နဲ့ ကျန်နေခဲ့ကြပါတယ်။ ဟန်ကျွယ်က သူတို့ကို မျက်နှာသာ မပေးပေမဲ့ ခံလည်း မပြောရဲကြပါဘူး။
ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေကို အကဲခတ်ပြီး ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန် မှားဖို့ ငါ မျှော်လင့်တယ်၊ အခုလက်ရှိ ကောင်းကင်တာအိုက ငါတို့ရဲ့ အကူအညီကို လိုအပ်နေတယ်၊ မင်းတို့ရဲ့ အကြံအစည်အတွက် အရာအားလုံးကို မဖျက်ဆီးမိစေနဲ့”
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ တာအိုပညာရှိတွေဟာ သူတို့ကို နောက်ကွယ်ကနေ ဘယ်သူက ကျိန်စာတိုကလဲဆိုတာကို ခန့်မှန်းကြပါတယ်။
‘ဒီကောင်စုတ်က ဟန်ကျွယ်ကိုတောင် ကျိန်စာတိုက်ရဲတယ်၊ ငါတို့သာ ဟန်ကျွယ်နဲ့ ရန်သူကို အတူတူ မတိုက်ခိုက်ခဲ့ရင် ဟန်ကျွယ်ရဲ့ စရိုက်နဲ့ ငါတို့အကုန်လုံးကို သတ်ပစ်ကောင်း သတ်ပစ်နိုင်တယ်’ တာအိုပညာရှိတွေဟာ ကြက်သီးမွေးညင်း ထသွားကြပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 619
? Views, Released on December 10, 2024