Switch Mode

Chapter – 618

အခန်း (၆၁၈) ကျိန်စာထပ်တိုက်ခြင်း
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်၊ တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်ပါတယ် “ကောင်းလိုက်တဲ့ အကွက်… ကောင်းလိုက်တဲ့ ကောင်လေး… တာအိုဘိုးဘေးလို့ မပြောရဘူး”
ဟန်ကျွယ်ဟာ တွက်ချက်ကြည့်ပြီး မုန့်ရှောင်ရဲ့အမှု အခုလိုမျိုး နာမည်ကျော်သွားအောင် ဖန်းလျန်က အဆင်း ဘီးတပ်ပေးလိုက်မှန်း သိသွားပါတယ်။ မုန့်ရှောင်ရဲ့အမှု ပြီးသွားတဲ့အခါမှာ ဖန်းလျန်က ကောင်းကင်တာအိုကို တည်ထောင်လိုက်တဲ့အတွက် သူ့ကံတရား အထောက်အပံ့ကို ထိပ်ဆုံးကို ရောက်သွားပါတယ်။
ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံမှာလည်း ဖန်းလျန်က ထိပ်တန်းတစ်ထောင်ကနေ ထိပ်တန်းဆယ်ယောက် စာရင်းကို ဝင်သွားပါတယ်။
ဖန်းလျန်က ကောင်းကင်တာအိုအောက်မှာ ကောင်းကင်တာအိုကို တည်ထောင်လိုက်တာက ဧရာမတားမြစ်ချက်ကြီးကို ကျူးလွန်လိုက်တာပါ။ ဒါပေမဲ့ ဘာမှမဖြစ်ဘူးဆိုတော့ တာအိုဘိုးဘေး ဝင်ပါထားတယ်ဆိုတာ သေချာသွားပါပြီ။
ကောင်းကင်တာအိုကို တည်ထောင်ပြီး ဖန်းလျန် ဘာဆက်လုပ်မယ်ဆိုတာကို ဟန်ကျွယ် သိချင်သွားပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဆီကို လီရွှမ်အောက် လာလည်ပါတယ်။ ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို အထဲဝင်ခွင့်ပြုလိုက်ပါတယ်။
တာအိုဘုံကျောင်းထဲကို ဝင်လာပြီးနောက် လီရွှမ်အောက်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်… မိုးကောင်းကင်မျိုးနွယ်စုက ပြောင်းလဲသွားပြီ၊ ဂျိရှင်းရှန်နဲ့ ဖန်းလျန်က လုံးဝ လမ်းခွဲသွားပြီ၊ တိတ်ဆိတ်ဂိုဏ်းက ဘယ်သူ့ကို ထောက်ပံ့မှာလဲ”
“ဘယ်သူ့ကို ထောက်ပံ့သင့်တယ်လို့ မင်း ထင်လဲ” ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ်။
“ဖန်းလျန်က ဂိုဏ်းချုပ်ရဲ့ မြေးတပည့်ဆိုတော့ လီတောက်ခုံးက သူ့ကို ထောက်ပံ့လိုက်တယ်၊ ဒီကိစ္စမှာ ဖန်းလျန်က ကျိုးကြောင်းဆီလျော်တော့ ကျွန်တော်တို့တွေ ဖန်းလျန်ဘက်က ရပ်တည်ပေးသင့်တယ်၊ ဒါပေမဲ့… ဖန်းလျန်က တာအိုဘိုးဘေးရဲ့ နာမည်ကို သုံးလိုက်တာဆိုတော့ နည်းနည်း ပုန်ကန်ချင်တဲ့စိတ် ရှိနေတယ်နဲ့တူတယ်၊ သူက တိတ်ဆိတ်ဂိုဏ်းသားလို့ ယူဆလို့ရသေးလား”
ဟန်ကျွယ်ဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “ဒါဆို မင်းက ဂျိရှင်းရှန်ကို ထောက်ပံ့ချင်လို့လား”
“ဂျိရှင်းရှန်က စည်းမရှိဘူး၊ နှလုံးသားမဲ့တယ်၊ တခြား တိတ်ဆိတ်ဂိုဏ်းတပည့် တစ်ယောက်ကို ထောက်ပံ့ပြီး မိုးကောင်းကင်ဘိုးဘေး နေရာအတွက် ယှဉ်ပြိုင်ခိုင်းရင်ရော…” လီရွှမ်အောက်က အလေးအနက် ပြောလိုက်ပါတယ်။
လီရွှမ်အောက်ဟာ သူ စည်းကျော်မှန်း သိပေမဲ့ ဟန်ကျွယ်ရဲ့ ဗျူဟာရှင် ဖြစ်ချင်ရင် သူအတွေးကို ထုတ်ပြောရဲဖို့လိုတယ် မဟုတ်ပါလား။ မဟုတ်ရင် လီရွှမ်အောက်က ဘာလုပ်ရမှာလဲ။ ကိစ္စ အသေးအဖွဲ့တွေ အတွက် ပြေးလွှားနေရမှာလား။ စကားပါးတဲ့ တမန်တော် လုပ်ရမှာလား။
လီရွှမ်အောက်ဟာ ဟန်ကျွယ်ကို အကြံပေးပြီးနောက် တော်တော်လေး ရင်ထိတ်သွားပါတယ်။
“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်၊ ငါတို့တွေ ဘယ်သူ့ကို ထောက်ပံ့တာ ပိုကောင်းမယ်လို့ မင်း ထင်လဲ”
“ဒါက ဂိုဏ်းချုပ် ဆုံးဖြတ်ရမှာလေ”
လီရွှမ်အောက်ရဲ့ အဖြေကြောင့် ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။ လီရွှမ်အောက်က အချိန်ကျပြီလို့ ခံစားရတဲ့အတွက် ချက်ချင်း ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ လီရွှမ်အောက်ရဲ့ ကိုယ်နေရာ ကိုယ်သိတဲ့ အမူအကျင့်ကြောင့် ပြုံးမိလိုက်ပါတယ်။ လီရွှမ်အောက် ပြောတာကလည်း အဓိပ္ပာယ်ရှိပါတယ်။ ဂျိရှင်းရှန်ပဲဖြစ်ဖြစ် ဖန်းလျန်ပဲဖြစ်ဖြစ် ဟန်ကျွယ်ရဲ့ နယ်ရုပ်ဖြစ်ဖို့ မသင့်တော်တော့ပါဘူး။
ဒါပေမဲ့ ဒီကိစ္စကို အလေးသုံးဆယ် ဆုံးဖြတ်စရာ မလိုပါဘူး။ ဟန်ကျွယ်က ဂျိရှင်းရှန်ကို မိုးကောင်းကင်ဘိုးဘေး နေရာကနေ ထွက်လာဖို့ ပြောရင် ဂျိရှင်းရှန်းက ကျိန်းသေပေါက် လက်ခံမှာ မဟုတ်ပါဘူး။
ဂျိရှင်းရှန်နဲ့ ဖန်းလျန်နှစ်ယောက် မိုးကောင်းကင်မျိုးနွယ်စု ပင်ပန်းတဲ့အထိ တိုက်ခိုက်ပြီးတဲ့အချိန်က မိုးကောင်းကင် ဘိုးဘေးနေရာအတွက် လူသစ်ရွေးချယ်ဖို့ အကောင်းဆုံး အချိန်ပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။ လွတ်လပ်မှု အဆင့်ကို ရောက်သွားပြီ ဆိုပေမဲ့ ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိ ဖြစ်အောင် ထပ်ပြီးတော့ ကြိုးကြိုးစားစား ကျင့်ကြံပါတယ်။ အဲဒါပြီးရင်တော့ မဟာတာအိုအဂ္ဂအဆင့်နဲ့ တာအိုဖန်တီးရှင်အဆင့်ပါ။
ဟန်ကျွယ်ဟာ အစွမ်းအထက်ဆုံး အဆင့်ကို တစ်လှမ်းချင်း လျှောက်လှမ်းချင်တာပါ။ ဟန်ကျွယ်ဟာ တာအိုဘိုးဘေးနဲ့ ယှဉ်နိုင်တဲ့လူ ဖြစ်ချင်ပြီး ဖြစ်နိုင်ရင် တာအိုဘိုးဘေးထက် ကျော်လွန်ချင်သူပါ။
စွမ်းအားကြီးတဲ့ တာအိုဘိုးဘေးတောင် အဆုံးသတ် အပျက်အစီး နတ်ဘုံက စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ လျှို့ဝှက်ကြံစည်တာကို ခံရပါသေးတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ တာအိုဘိုးဘေးလို စွမ်းအားကြီးရင်တောင် လုံခြုံတယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။ တာအိုဘိုးဘေးထက် ကျော်လွန်မှပဲ လုံခြုံတယ်လို့ ခံစားရမှာပါ။
အချိန်ဟာ ပုံမှန်ကုန်ဆုံးသွားပါတယ်။
မိုးကောင်းကင်မျိုးနွယ်စုရဲ့ အတွင်းပြိုင်ဆိုင်မှုက အင်မော်တယ်ကမ္ဘာကို လေးပြင်းထန်စေပါတယ်။ ရည်မှန်းချက်ကြီးမားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဒါကို ပြီးပြည့်စုံတဲ့ အခွင့်အရေးလို့ ယူဆကြပါတယ်။ နတ်ဆိုးတွေလည်း အသက်ရှူချောင်သွားပါတယ်။ အရင်တုန်းက မိုးကောင်းကင် မျိုးနွယ်စုနဲ့ ကျယ်ကျောင်းတော်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် နတ်ဆိုးတွေဟာ သေမင်းတံခါးဝမှာ ရုန်းကန်နေခဲ့ရတာပါ။ အခုတော့ ဒီလိုအခြေအနေကနေ လွတ်မြောက်ခွင့်ရပြီး သူတို့အင်အားတွေကို တစ်ဖန် ပြန်တိုးချဲ့ဖို့ အခွင့်အရေး ရသွားပါတယ်။
တာအိုပညာရှိတွေဟာ ဒီအတွင်းစစ်ပွဲကို စိတ်ဝင်စားပုံ မရှိပါဘူး။ ဂိုဏ်းချုပ်တျန်ကျွယ်က တာအိုနားထောင်ဖို့ လောကမှာရှိတဲ့ ကျင့်ကြံသူတွေကို ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်ဆီလာဖို့ အထူးတလည်တောင် ဖိတ်ခေါ်လိုက်ပါသေးတယ်။
ဒီလိုနဲ့ နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။
ဒီနေ့မှာတော့ ကောင်းကင်နက္ခ နတ်ဘီလူးကို အောင်မြင်စွာ ပြိုးထောင်နိုင်ခဲ့ပါတယ်။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကို ရွှေ့ပြောင်းသွားပြီး ကောင်းကင်နက္ခ နတ်ဘီလူးကို လွှတ်ပေးလိုက်ပါတယ်။
ကောင်းကင်နက္ခ နတ်ဘီလူးက ကြံ့ခိုင်းတောင့်တင်းတဲ့ ခန္ဓာကိုယ်ရှိပြီး သူ့ခန္ဓာကိုယ်က ဖြူမည်း ရောစပ်နေပါတယ်။ နဂါးခေါင်းနဲ့ လူသားခန္ဓာကိုယ်ရှိပြီး နောက်ကျောမှာ တောင်ပံနှစ်စုံရှိကာ ရက်စက်တဲ့ မျက်နှာသွင်ပြင် ရှိပါတယ်။ ဒါအပြင် အသက်ရှူထုတ်လိုက်တိုင်းမှာလည်း ပူပြင်းတဲ့ ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။
ဒါက ပဋိပက္ခ နတ်ဘီလူးပါ။ လောကမှာရှိတဲ့ ဘယ်သက်ရှိထက်မဆို ပိုကြောက်ဖို့ ကောင်းပါတယ်။ အခုမှ မွေးဖွားလာတဲ့ ဒီပဋိပက္ခ နတ်ဘီလူးဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ရဲ့ သန်မာမှု ရှိပါတယ်။
ကောင်းကင်နက္ခ နတ်ဘီလူးဟာ ဟန်ကျွယ်ကို မြင်တာနဲ့ ချက်ချင်း ဒူးထောက်ပြီး လက်သီးကို ဆုပ်ကိုင်လိုက်ပါတယ်။
ဒီဦးညွှတ်မှုက နတ်ဘီလူးတွေရဲ့ ဦးညွှတ်မှု မဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်းကင်နက္ခ နတ်ဘီလူးဟာ မွေးဖွားလာကတည်းက လောကကြီးကို သုံးသပ်နားလည်နိုင်တဲ့အတွက် ဟန်ကျွယ် ရင်းနှီးတဲ့ ဦးညွှတ်မှုမျိုးနဲ့ သူ့စိတ်ရင်းကို ပြသလိုက်တာ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “နောက်ကျရင် မင်း ဒီမှာနေပြီး ကျင့်ကြံအားထုတ်ချည်၊ တခြားလူတွေနဲ့ မတိုက်ခိုက်နဲ့၊ မင်းက သူတို့နဲ့ မျိုးဆက်တစ်ဆက်တည်းပဲ၊ ငါပြောတာ နားလည်လား…”
“နားလည်ပါတယ်” ကောင်းကင်နက္ခ နတ်ဘီလူးက အသံဩဩနဲ့ ပြန်ဖြေပါတယ်။
ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကြောင့် ကောင်းကင်နက္ခ နတ်ဘီလူးဟာ ဟန်ကျွယ်စကားကို လုံးဝ နာခံရပါတယ်။ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ကောင်းကင်နက္ခ နတ်ဘီလူးကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။
တာအိုဘုံကျောင်း အပြင်ကို ထွက်လာပြီးနောက် ကောင်းကင်နက္ခတ် နတ်ဘီလူးဟာ တုန်းကျိုးနဲ့ တွေ့ပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် မနှုတ်ဆက်တဲ့အတွက် လေထုက နည်းနည်း ထူးဆန်းသွားပါတယ်။
တာအိုဘုံကျောင်းထဲက ကြည့်နေတဲ့ ဟန်ထော်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဖေဖေ… သူက ဘယ်သူလဲ”
ကောင်းကင်နက္ခ နတ်ဘီလူးက တကယ်ကို ကြောက်ဖို့‌ ကောင်းပါတယ်။ ဟန်ထော်ဟာ ဒီလိုမျိုး ကြောက်မက်ဖွယ် ရောင်ဝါကို တစ်ခါ မတွေ့ဖူးတဲ့အပြင် ဒီကြောက်မက်ဖွယ် ရောင်ဝါက ဟန်‌ထော်ကို သဘာဝရန်သူတော်ကြီးနဲ့ ရင်ဆိုင်ရသလိုမျိုး ဖြစ်စေပါတယ်။
“မမေးနဲ့၊ အားထုတ်စရာရှိတာ အားထုတ်ချည်”
အဲဒီနောက် ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ဒုတိယ တာအိုစက်ကွင်းအတွက် အသွင်တူ လက်ရည်စမ်းပွဲကို ပင်မ တာအိုစက်ကွင်းက ဝင်တိုက်တဲ့သူတွေနဲ့ မတွေ့ရအောင် သီးခြားခွဲထုတ်လို့ရလား”
[ဒုတိယ တာအိုစက်ကွင်းအတွက် အသွင်တူ လက်ရည်စမ်းပွဲအား အသက်သွင်းနေပါသည်။]
[အသက်သွင်းမှု အောင်မြင်ပါသည်။]
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ပဋိပက္ခ နတ်ဘီလူးတွေဟာ မွေးရာပါ တိုက်ခိုက်ရတာ နှစ်သက်သူတွေ ဖြစ်တာကြောင့် ပဋိပက္ခ နတ်ဘီလူးတွေ အရေအတွက် တိုးလာရင် တစ်ချိန်လုံး ဂူအောင်း ကျင့်ကြံနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်က အသွင်တူ လက်ရည်စမ်းပွဲနဲ့ သူတို့ရဲ့ တိုက်ခိုက်လိုတဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးတာပါ။
ဟန်ထော်ဟာ ဟန်ကျွယ်ရဲ့ စကားကို ကြားရတဲ့အခါမှာ နှုတ်ခမ်းမဲ့သွားပါတယ် ‘ဟမ်… ကျွန်တော်လည်း တစ်နေ့ကျရင် ဒီလိုမျိုး ကျွန်တော်ပိုင်တဲ့ စွမ်းအားကြီး အင်အားစုတစ်စုကို ပြုစုပြိုးထောင်မှာပါ’ ဟန်ထော်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
ဟန်‌ထော်ဟာ ဟန်ကျွယ်ကို ဆရာတင်ဖို့ လာမရှာခင်တုန်းကတည်းက တိတ်ဆိတ်ဂိုဏ်းရဲ့ နက်နဲမှုနဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အများကြီးရှိတယ်ဆိုတာကို ကြားထားခဲ့ပါတယ်။ အဲဒီကတည်းက ဟန်ထော်ဟာ ဟန်ကျွယ်လိုမျိုး ဘုန်းတန်ခိုး ကြီးမားပြီး ကိုယ်တိုင် ဘာမှလုပ်စရာမလိုတဲ့ အခြေအနေကို ရောက်ချင်ခဲ့တာပါ။
ဟန်ကျွယ်ဟာ ရန်တုနဲ့ တခြား နတ်ဘီလူးလောင်းလျာတွေကို ကြည့်လိုက်ပါတယ်။ သူတို့အကုန်လုံး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာကြပါတယ်။
ဟန်ကျွယ်ဟာ ရန်တုကိုတော့ ဂရုအစိုက်ဆုံးပါ။ ရန်တုဟာ လွမ်ဟွေသမား နာမည်ကလွဲရင် မြေအင်မော်တယ်ကမ္ဘာမှာလည်း သူ့အဆင့်အတန်းက မသေးပါဘူး။ အတော်လေးကို အဆင့်အတန်း မြင့်မားပါတယ်။ သူ့ဂလက်ဆီထဲမှာတော့ နံပါတ်တစ် စစ်နတ်ဘုရားပါ။
ရန်တုဟာ သူ့ကိုယ်ပိုင် အင်အားစုကို မတည်ထောင်ပါဘူး။ အမြဲတမ်း တစ်ကိုယ်တော်နေပြီး ကျင့်ကြံအားထုတ်နေတာချည်းပါပဲ။
‘ဒီကောင်လေးရဲ့ စရိုက်က မဆိုးဘူးပဲ’
ဟန်ကျွယ် ကျေနပ်အားရစွာ တွေးလိုက်ပါတယ်။ လောလောဆယ်မှာ ရန်တုကို အသုံးချစရာ မရှိသေးတဲ့အတွက် ဟန်ကျွယ်ဟာ ရန်တုကို မဆက်သွယ်ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပါတယ်။
တာအိုဘုံကျောင်းထဲမှာ ဟန်ကျွယ် တစ်ယောက်တည်းပါ။ နတ်ထူးဆန်းက ပြန်ရောက်နေပြီဆိုပေမဲ့ တာအိုစက်ကွင်းထဲမှာ လျှောက်သွားပြီး တာအိုဘုံကျောင်းကို ပြန်လာခဲပါတယ်။ ဒါကြောင့် ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းဟာ အချိန်အများစုမှာ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်မှာ ထိုင်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ဖုံးကို တယုတယ ပွတ်သပ်လိုက်ပါတယ်။
“ငါ မင်းကို မသုံးရတာ နှစ်ဘယ်လောက်တောင် ကြာခဲ့ပြီလဲ”
အခုလက်ရှိ ကြမ္မာဆိုးစာအုပ်က လွတ်လပ်မှု စိတ်ဝိညာဉ်ရတနာ အဆင့် ရောက်နေတဲ့အတွက် အင်မော်တယ်ကမ္ဘာမှာ အစွမ်းအထက်ဆုံး ဓမ္မရတနာတစ်ပါး ဖြစ်ပါတယ်။
ဟန်ကျွယ်ရဲ့ ပထမဆုံး ပစ်မှတ်က ပဋိပက္ခနတ်မင်းပါ။
ဟန်ကျွယ် ပဋိပက္ခနတ်မင်းကို ကျိန်စာစတိုက်ပါတယ်။ ပဋိပက္ခနတ်မင်းက ဟန်ကျွယ်ကို မုန်းတီးတဲ့သူ ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးထဲမှာ ပဋိပက္ခနတ်မင်းရဲ့ ရုပ်ပုံ ရှိနေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်နဲ့ ပဋိပက္ခနတ်မင်းကို အသာလေး ဖမ်းယူပြီး ကျိန်စာတိုက်နိုင်ပါတယ်။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ စက္ကန့်တိုင်းမှာ ဟန်ကျွယ်ဟာ သက်တမ်း သန်း ၁၀၀ ဆုံးရှုံးပါတယ်။
၁၀ ဘီလီယံ။
ဘီလီယံ ၁၀၀။ ၁ ထရီလီယံ။
၁၀ ထရီလီယံ။
၂၀ ထရီလီယံ။
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ လျင်မြန်စွာ ကုန်ဆုံးပါတယ်။ ဟန်ကျွယ်ဟာ သူ့ကိုယ်ရေးအကျဉ်းထဲက ရှည်လျားလှတဲ့ သူ့သက်တမ်း အရေအတွက် ပြောင်းလဲနေတာကို ကြည့်ရင်း နည်းနည်းတော့ လန့်မိပါတယ်။
ဒါပေမဲ့ ဒါကလည်း သာမန်ပါပဲ။ ပဋိပက္ခနတ်မင်းက မဟာတာအို နတ်စိတ်ဝိညာဉ် မဟုတ်ပါလား။ ဟန်ကျွယ်ရဲ့ သက်တမ်း ဆက်ပြီးတော့ လျော့ကျပါတယ်။
၅၀ ထရီလီယံ။
၁၀၀ ထရီလီယံ။
၂၀၀ ထရီလီယံ။
၃၀၀ ထရီလီယံ။
ဟန်ကျွယ်ရဲ့ လက်တွေဟာ စပြီးတော့ တုန်ယင်လာပါတယ် ‘ဒီကောင်က တော်တော်ကြမ်းပါ့လား… ငါ့ သူကို ကျိန်စာတိုက်တာ အောင်မြင်ပါ့မလား…’
ဟန်ကျွယ် အရှုံးပေးလုနီး ဖြစ်သွားပါတယ် ‘ငါ လက်လျှော့လိုက်တော့မှာလား… ဘာလို့ လက်လျှော့ရမှာလဲ၊ အောင်မြင်မှုက ငါနဲ့ လက်တစ်ကမ်းကို ‌ရောက်နေပြီ၊ အရင်ဆုံး တစ်ကွာဒလီယံ သုံးကြည့်မယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset