Switch Mode

Chapter – 97

ခြေရာခံလိုက်ခြင်း

Chapter – 97
“ခြေရာခံလိုက်ခြင်း”

နင်ဘီလျူ မတ်တတ်ထရပ်လိုက်ကြပြီး သို့သော်လည်း သူ၏ ခြေထောက်များမှာ တုန်ရီလျက် ရှိနေပါသည်။
လက်ရှိအချိန်တွင် မတ်တတ်ရပ်နိုင်ရန်အတွက် အားကုန်သုံးနေရခြင်း ဖြစ်ပြီး ခြေတစ်လှမ်း လှမ်းလိုက်လျှင်ပင် ပစ်လဲကျမလို ဖြစ်နေပါသည်။
နင်ဘီလျူသည် တကယ်ကို ခေါင်းမာသော လူတစ်ယောက် ဖြစ်ပေ၏။
ရဲရှောင် ရှေ့သို့ တိုးလိုက်ပြီးနောက် လက်ကို တွဲ၍ ထူပေးထားလိုက်သည်။
ခေါင်းမာလှသည့် နင်ဘီလျူတစ်ယောက် ပစ်လဲကျသွားပြီး ရှက်အမ်းအမ်း ဖြစ်မည်ကို ရဲရှောင် မလိုလားချေ။
ထို့နောက် –
“မင်းကိုမင်း သိပ်ပြီး တွန်းအား မပေးပါနဲ့၊ အခုနေ မင်းလဲကျပြီး သေသွားလို့ကတော့ လူရယ်စရာ ဖြစ်သွားလိမ့်မယ်။ ဒီအကြိမ်နဲ့ဆို မင်းကို ငါကယ်တင်ခဲ့တာ ၂ ကြိမ်ရှိပြီ။ ငါကယ်ပြီးသား လူတစ်ယောက်ကို မသေစေချင်သေးဘူး . . .”
နင်ဘီလျူသည် ရဲရှောင်အား ဆတ်ခနဲ လှည့်ကြည့်လိုက်ပြီးနောက် စူးရှသော မျက်ဝန်း အစုံဖြင့် –
“ခင် . . . ခင်ဗျားပဲလား . . .”
“အာ . . . ဒီလောက်ထိ အကျယ်ကြီး ပြောနေတာ မင်း မပင်ပန်းဘူးလား၊ မင်းကိုယ်မင်း အခုနေ သိပ်ပြီး အစွမ်းတေ ပြည့်ဝနေတယ်လို့ ထင်နေတာလား၊ မင်းကို လူတွေ တွေ့သွားမှာ မစိုးရိမ်ဘူးလား”
ရဲရှောင် လက်ညှိုးအား ပါးစပ်တွင် ပိတ်ပြရင်း ပြောလိုက်သည်။
နင်ဘီလျူလည်း စကားဆက်မပြောတော့ဘဲ စိတ်လှုပ်ရှားနေသည့် ပုံပါပင်။
(ငါ့ရဲ့ ကယ်တင်ရှင်ပါလား . . .)
ထိုအချိန်တုန်းက သူသည် လိုက်လံဖမ်းဆီးခြင်းကို ခံနေရပြီး သေတော့မလိုပင် ဖြစ်ခဲ့ရသည်။ ရဲရှောင်၏ ကယ်တင်မှုကြောင့်သာ အသက်ဘေးမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်၏။ ထိုကိစ္စကို မည်သူမျှ မသိကြချေ။ ထို့ကြောင့် ရဲရှောင် ယခုကဲ့သို့ ထုတ်ဖော် ပြောဆိုကတည်းက သူ၏ ကယ်တင်ရှင် ဖြစ်သော ကြောင့်သာ သိရှိခြင်း ဖြစ်မည်ဟု တထစ်ချ ယူဆလိုက်မိပါတော့သည်။
ရဲရှောင် ဖေးယွမ်ဆေးလုံး တစ်လုံးအား ထုတ်ယူလိုက်ပြီး နင်ဘီလျူ၏ ပါးစပ်ထဲသို့ ထည့်ပေး လိုက်သည်။
နင်ဘီလျူသည် သူ့ကို တစ်ခုခု မကောင်းသည့်အရာ တိုက်သည်အမှတ်ဖြင့် အနည်းငယ် လန့်သွား မိသော်လည်း သူ့ကို ၂ ကြိမ်တိုင်တိုင် ကယ်တင်ခဲ့သည့် ကယ်တင်ရှင် ဖြစ်သည့် အားလျော်စွာ ခုခံမှုတော့ မပြုလုပ်ခဲ့ချေ။ ဆေးလုံး ပါးစပ်ထဲသို့ ရောက်ရှိသည့်အခါ ပူပြင်းလှသည့် ချီဓာတ်များအား ခံစားမိလိုက်ပြီး လည်ချောင်းထဲမှတဆင့် ၀မ်းဗိုက်ထဲသို့ ၀င်ရောက်သွားတယ်။ ထို့နောက် သူ၏ သွေးကြောများ၊ ကိုယ်လက် အင်္ဂါများ အားလုံးသို့ စီးဆင်းသွားကာ ရုတ်တရက် အားအင်ချိနဲ့နေသည့် ခန္ဓာကိုယ်သည် ဖော်မပြနိုင်အောင် သက်တောင့်သက်သာ ဖြစ်သွားသလို ခံစား လိုက်ရသည်။
သူ၏ စွမ်းအင်သိုလှောင်ရာမှာ မူလက ပြောင်သလင်းခါနေခြင်း ဖြစ်သော်လည်း ယခုအခါ အပူချီဓာတ်များ တဟုန်ထိုး စီးဆင်းလာပြီး စွမ်းအင်များ ပြည့်ဝ လာရပါတော့သည်။ ထို့နောက် သူ၏ စွမ်းအင်သိုလှောင်ရာအတွင်း ဝိညာဉ်တော် ချီဓာတ်များ စုစည်းမိလာပြီး တစ်ကိုယ်လုံးတွင် စွမ်းအင်များ စက္ကန့်နှင့်အမျှ စီးဆင်းလာသလို ခံစားလိုက်မိသည်။
နင်ဘီလျူ စိတ်လှုပ်ရှားဟန်ဖြင့် –
“ဒါဘာလဲ၊ ထူးဆန်းလှချည်လား . . .”
ရဲရှောင်မှ မထူးခြားသလို ဟန်ပန်ဖြင့် –
“ဘာမှ မဟုတ်ပါဘူး၊ ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးလေး တစ်လုံးပါ . . .”
နင်ဘီလျူ ထပ်မံ၍ အံ့သြသွားပြန်သည်။ စကားပင် ဆက်၍ မပြောတော့ချေ။
(သူက ငါ့ကို ၂ ကြိမ် ၂ ခါတောင် ကယ်တင်ခဲ့ရုံတင် မကဘူး အခု အရမ်းတန်ဖိုးကြီးတဲ့ ဖေးယွမ် ဆေးလုံးကိုပါ ကျွေးနေပါလား . . . ငါကတော သူ့အပေါ် အကြွေးတွေ တင်ပြီးရင်း တင်နေပြီ။ ကျေးဇူးကြွေး ပြန်ဆပ်ဖို့ရလည်း . . .)
နင်ဘီလျူ အတွေးနယ်ချဲ့နေမိသည်။
(သူ့ရဲ့ ကျင့်ကြံမှု အဆင့်က တကယ်ကို အံ့မခမ်း အနေအထား ရောက်နေလောက်ပြီ။ အနည်းဆုံး တော့ ချူးအာထက် အများကြီး အစွမ်းထက်မှာ . . . သူ့နာမည်ကို ပြောလိုက်တာနဲ့ ဟိုကောင်မလေးက ငါ့ကို လွှတ်ပေးလိုက်တယ်။ ဒီကမ္ဘာကြီးမှာ ရှိသင့်တဲ့ အဆင့်ထက် ပိုမြင့်နေလောက်မယ် ထင်တယ်။ ငါ့အနေနဲ့ အဲဒီလို လူတစ်ယောက်ကို ဘာများ ပေးနိုင်ဦးမှာလဲ၊ ငါတကယ်လို့ ထုတ်ပေးလိုက်ရင်တောင် သူ့အတွက် ရယ်စရာပဲ ဖြစ်နေမယ် ထင်တယ် . . .)
ရဲရှောင် နင်ဘီလျူအား တွဲထူရင်း မြို့ဆီသို့ ဦးတည် လာခဲ့ကြသည်။ လျှောက်လာရင်းဖြင့် ဖေးယွမ်ဆေးလုံး၏ အစွမ်းမှာ နင်ဘီလျူ၏ ခန္ဓာကိုယ်အတွင်း ပြန့်နှံ့လာခဲ့ပြီး သူ၏ စွမ်းအင် တ၀က်လောက် နီးပါးကို ရရှိလာပြီ ဖြစ်ပါသည်။ တိုက်ခိုက်ဖို့အတွက် အဆင့်သင့် မဖြစ်သေးသော်လည်း လှုပ်ရှားဖို့လောက်တော့ အေးအေးဆေးဆေး ဖြစ်နေပါပြီ။
ရဲရှောင်မှာလည်း တွဲပေးထားခြင်းမှ ရပ်လိုက်လေ၏။
ယခုလို မိုးသည်းသည်းထန်ထန် ရွာသွန်းသည့် အဖြစ်ဟာ မရှိသလောက် ရှားလှပြီး နေရာအနှံ့ကို ရွာချနေခြင်း ဖြစ်လေ၏။
ထို့ကြောင့် လမ်းပေါ်တွင် လူတစ်ဦးတစ်ယောက်မျှ ရှိမနေသည့်အတွက် သူတို့သည် ပေါ်ပေါ်ထင်ထင်ပဲ လျှောက်လှမ်း လာကြသည်။
နင်ဘီလျူမှာ အားအင်များ လျင်မြန်စွာ ပြည့်ဖြိုးလာသဖြင့် ရဲရှောင်ပင် အံ့သြမိသွားလေ၏။
“ကျေးဇူးတင်ပါတယ် . . .”
နင်ဘီလျူ တခဏမျှ နားလိုက်ရင်း ဖြေလိုက်သည်။
သူ့အနေဖြင့် ထိုင်ချင်ပုံတော့ မရှိဘဲ ရဲရှောင်အား ကြည့်လျက် –
“ကျုပ်က စကားချိုချိုလေးတွေ ပြောတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားအတွက် ကျုပ်က ဘာမှ လုပ်မပေးနိုင်လောက်ဘူး ဆိုပေမဲ့ ခင်ဗျား ဘာပဲလိုလို ကျုပ်သာ လုပ်နိုင်တဲ့ ကိစ္စဆို အချိန်မရွေးပါ . . .”
ရဲရှောင် ပြုံးလျက်ပင် နင်ဘီလျူအား စကားတစ်ခွန်းမျှ မပြောဘဲ ကြည့်နေလေ၏။
နင်ဘီလျူမှ မကျေမနပ် ဖြစ်သွားဟန်ဖြင့် –
“ခင်ဗျားက ကျုပ်ကို အထင်သေးတာလား၊ ကျုပ်လို လူတစ်ယောက်က ခင်ဗျားအတွက် ဘာမှ မကူညီနိုင်ဘူးလို့ ထင်နေတယ်ပေါ့ . . .”
ရဲရှောင် ပြုံးလိုက်ရင်း –
“မဟုတ်ပါဘူး . . . ကျုပ်က ခင်ဗျား မောပန်း ပင်ပန်းနေတာတောင်မှ ဘာလို့ ထိုင်ပြီး မနားလဲ ဆိုတာကို စဉ်းစား နေတာပါ . . .”
နင်ဘီလျူမှ တခဏမျှ တိတ်ဆိတ်သွားပြီး –
“ကျုပ်မနားချင်ဘူးလို့များ ခင်ဗျား ထင်နေတာလား၊ ကျုပ်က လုပ်ကြံ သတ်ဖြတ်သူ တစ်ယောက် လေ၊ ဒီလိုလူတစ်ယောက်ရဲ့ ဘ၀ဟာ သက်တောင့်သက်သာ မရှိလှဘူးဗျ၊ ကျုပ်မတ်တတ်ရပ်နေသ၍ အသင့်အနေအထားနဲ့ ရှိနေနိုင်တယ်။ အဲဒီလို မဟုတ်ဘဲ ထိုင်လိုက်ပြီ ဆိုတာနဲ့ အကျင့်ပါသွားပြီး နောက်အခါတွေလည်း မောပန်းတာနဲ့ ထိုင်ချင်နေလိမ့်မယ်။ အဲဒါဆိုရင် ထိုင်နေတဲ့အတွက် အသင့် အနေအထား ဘယ်လိုမှ ရှိမလာနိုင်ဘူးလေ . . .”
ရဲရှောင် ခေါင်းညိတ်လိုက်ပြီး –
“မှန်ပါတယ်၊ တကယ်ကို ကျိုးကြောင်း ဆီလျော်မှု ရှိတာပဲ။ ခင်ဗျားက တကယ်ပဲ မော်တယ်ကမ္ဘာ ရဲ့ နံပါတ် ၁ လုပ်ကြံ သတ်ဖြတ်သူ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပြည့်စုံ ပါပေတယ် . . .”
ထို့နောက် ဆက်လက်၍လည်း –
“ဒါပေမဲ့ ကျုပ်ခင်ဗျားရဲ့ အကူအညီ ဘာမှ မလိုဘူးဗျ။ အဲဒါ အရိုးသားဆုံး ပြောတာပဲ . . .”
“အခု ခင်ဗျားလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိပြီလို့ ထင်တယ်။ အဲဒါကြောင့် ကျုပ်သွား တော့မယ် . . .”
နင်ဘီလျူမှာ ယခုလို မိုးသည်းထန်သည့် ညမျိုးတွင် သူ့အား တစ်စုံတစ်ယောက်မှ တကယ်ပင် လာကယ်လိမ့်မည်ဟု မထင်ထားခဲ့မိချေ။ ဒါ့အပြင် ဘာမှလည်း ပြန်၍ တောင်းဆိုခြင်း မရှိခဲ့ပေ။ အံ့သြသွားဟန်ဖြင့် –
“ခင် . . . ခင်ဗျားက ကျုပ်ကို ကယ်တာ ဘာအတွက်ရယ်ကြောင့်မှ မဟုတ်ဘူးပေါ့ . . .”
ရဲရှောင် တခဏမျှ တိတ်သွားပြီးနောက် –
“အစတုန်းကတော့ တစ်ခု တောင်းဆိုဦးမလို့ပါ။ ဒါပေမဲ့ ခင်ဗျားပဲ ပြောခဲ့တယ်လေ၊ ခင်ဗျားက ဘယ်သူ့အတွက်မှ အမှုမထမ်းနိုင်ဘူးဆို၊ အဲဒါကြောင့် ခင်ဗျားကို ဖိအား မပေးချင်တော့လို့ပါ။ မော်တယ်ကမ္ဘာမှာ မိတ်ဆွေတစ်ယောက် ရှိနေတာ ကျုပ်အတွက် အမြတ်ပါပဲ။ ဘာမှ စိတ်ထဲ မထားနဲ့”
ထိုကဲ့သို့ ပြောပြီးပြီးခြင်းမှာပင် မိုးသည်းထဲမှ ပျောက်ကွယ် သွားခဲ့၏။
နင်ဘီလျူအား စိတ်ထဲ အတွေးစများ ချန်ရစ်ထားပေးခဲ့ခြင်း ဖြစ်၏။
နင်ဘီလျူသည် မည်သူ့အတွက်မှ အလုပ်မလုပ်ပေး ဟူ၍ ပြောခဲ့သည့် စကားကို ရဲရှောင် ကြားခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့်ပင် ဖိအားတစ်စုံတစ်ခု မပေးခဲ့ခြင်း ဖြစ်လေသည်။
ရဲရှောင်အနေဖြင့်လည်း ယခုအချိန်တွင် သူသည် အားအလွန်နည်းနေသေးသည့် လူတစ်ဦး ဖြစ်သည့်အတွက် နင်ဘီလျူမှ သူ၏ သွင်ပြင် အစစ်အမှန်ကို ရိပ်မိသွားကိုလည်း စိုးရိမ်နေမိခြင်း ဖြစ်၏။ အကယ်၍ နင်ဘီလျူသာ အမှန်တိုင်း သိမြင်သွားမည် ဆိုပါက သူ့အတွက် ရှက်ဖွယ်လိလိပင် ဖြစ်ပေလိမ့် မည်။ လက်ရှိ အနေအထားအရ ရဲအိမ်တော် တစ်ခုလုံးပင်လျှင် နင်ဘီလျူ၏ ပြိုင်ဘက် မဖြစ်နိုင်ပါချေ။
ရဲရှောင်သည် နင်ဘီလျူမှာ ကျေးဇူးကန်းတတ်သော လူတစ်ယောက် မဖြစ်နိုင်ဟု ယုံကြည် ထားမိ လေ၏။ ထို့ကြောင့် နောက်ပိုင်း အခွင့်ကြုံလာနိုင်မည်ဟု မျှော်လင့်မိပြီး အကယ်၍သာ ယခုနေ အဖြစ်မှန်ကို သိသွားမည် ဆိုပါက တကယ်ပင် အခက်ကြုံသွားနိုင်ပါသည်။
ရဲရှောင်သည် လွတ်လွတ်လပ်လပ် နေတတ်သူ တစ်ဦး ဖြစ်သဖြင့် နင်ဘီလျူအား သူ့ဆီ အတင်းအကြပ် မသိမ်းသွင်း ချင်သေးပေ။
ထို့ကြောင့် နင်ဘီလျူအား ထားရစ်ခဲ့ပြီး သူ့ကို အမှတ်ရနေစေရန်အတွက်သာ စကားစ ချန်ထားခဲ့ခြင်း ဖြစ်ပေသည်။
နင်ဘီလျူမှာ ရဲရှောင် ထွက်ခွာသွားသည်ကို ကြည့်ရင်း ပါးစပ် အဟောင်းသားဖြင့် ကျန်ခဲ့လေ၏။ ငေးကြောင်၍သာ ကြည်နေမိခြင်း ဖြစ်ပါသည်။
“အစတုန်းကတော့ တစ်ခု တောင်းဆိုဦးမလို့ပါ။ ဒါပေမဲ့ ခင်ဗျားပဲ ပြောခဲ့တယ်လေ၊ ခင်ဗျားက ဘယ်သူ့အတွက်မှ အမှုမထမ်းနိုင်ဘူးဆို၊ အဲဒါကြောင့် ခင်ဗျားကို ဖိအား မပေးချင်တော့လို့ပါ . . .”
ရဲရှောင် ပြောခဲ့သည့် စကားကို နင်ဘီလျူ ပြန်ကြားယောင်လာသည်။
“သူတောင်းဆိုချင်တဲ့ အရာက ငါ့ကို သူ့ဘက်ပါအောင် သိမ်းသွင်း မလို့များလား . . .”
“ဒါပေမဲ့ ငါနဲ့ ချူးအာ ပြောတာကို ကြားပြီး ဘာမှ မတောင်းဆိုတော့ဘဲ ထွက်သွားတာ ဖြစ်မယ်။ ဘာလိုချင်သလဲ ဆိုတာကိုတောင် မပြောသွားဘူး၊ ပြောရရင် သူကလည်း တော်တော် မာနကြီးတဲ့ လူတစ်ယောက်ပဲ . . .”
“ငါ့ကို ကျဉ်းထဲကြပ်ထဲ အခြေအနေကိုလည်း မရောက်စေချင်ဘူး၊ ရှက်လည်း မရှက်သွား အောင်လို့နဲ့ တူတယ်။ အဲဒါကြောင့် ဒီလောက်ပဲ ပြောပြီး ထွက်သွားတာပဲ . . .”
နင်ဘီလျူ စဉ်းစားနေမိသည်။
“ဒါပေမဲ့ ငါကလည်း ကျေးဇူးကန်းတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး . . .”
“ဒါပေမဲ့ ငါကရော သူ့ရဲ့ နောက်လိုက် ဖြစ်ချင်နေတာလား၊ ဒါဆိုရင် ငါ့ခံယူချက်ကို ဖျက်ဆီး မိသလို ဖြစ်သွားမှာပေ့ါ . . .”
နင်ဘီလျူသည် သူ့ကိုယ်သူ စဉ်းစားရင်း အဖြေမရ ဖြစ်နေမိသည်။ ခေါင်းကို ခါယမ်းလိုက်ရင်း –
(ငါ့ခံယူချက်ကိုတော့ အပျက်အဆီး ခံလိ်ု့ မဖြစ်ဘူး။ မင်းရဲ့ ခိုင်းရာကမဲ့ ရုပ်သေးရုပ် အဖြစ်မခံချင်ဘူး၊ ဒါပေမဲ့ သူအကူအညီ လိုတဲ့ အချိန်တိုင်း ငါက အသင့်ဖြစ်ပေးမိမှာပါ . . .)
ထို့နောက် မိုးသည်းထဲတွင် မြားတစ်စင်းကဲ့သို့ တဟုန်ထိုး ပြေးထွက် သွားလေ၏။
သူထွက်သွားသည့် အရပ်မှာလည်း ရဲရှောင် ထွက်သွားသည့်ဘက်ကိုပင် ဖြစ်၏။
သူသည် ကောင်းကင်အဆင့်၏ ဆရာသခင် အဆင့် ဖြစ်သဖြင့် မော်တယ်ကမ္ဘာ၏ အစွမ်းထက်ဆုံး လူများထဲမှ လူတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။ လက်ရှိအချိန်တွင် သူ၏ အစွမ်းတ၀က်လောက်သာ ပြန်လည် ရရှိသေးသည် ဖြစ်သော်လည်း ရဲရှောင်ထက် သာလွန်နေပါသေးသည်။
ရဲရှောင်သည် အလျင်မလိုသည့်အပြင် အားအင်အနည်းငယ်လည်း ဆုံးရှုံးထားပြီး ဖြစ်သဖြင့် မြို့တော်သို့ ပြန်သည့်အခါ မိုးကုတ်စက်ဝိုင်းမှ ရယ်မောသံနှင့် အရိပ်မဲ့ ပျံသန်းခြင်း ၂ ခုလုံးကို အသုံးမပြု ခဲ့ချေ။ ထို့ကြောင့် သိပ်ပြီး မြန်မြန် မပြေးနိုင်ပါပေ။
ထို့ကြောင့် နင်ဘီလျူသည် ရဲရှောင် မြို့တော်သို့ ပြန်၍ မရောက်မီမှာပင် ခြေရာခံမိခဲ့၏။
နင်ဘီလျူ အနည်းငယ် အံ့သြမိနေသည်။ တကယ်တော့ တုန်လှုပ်သွားခြင်း ဖြစ်လေ၏။ ပထမ ထင်ထားမိသည်မှာ ရဲရှောင်မှ သူလိုက်လာမည်မှန်း သိသဖြင့် တမင် ခြေရာလက်ရာ ချန်ထားခဲ့ခြင်း ဖြစ်မည်ဟု တွေးလိုက်မိ၏။
နင်ဘီလျူသည် ရဲရှောင်အား အလွန် အစွမ်းထက်သည့် လူတစ်ယောက်ဟု ထင်မြင်နေမိပြီး သူ၏ အကောင်းဆုံး အခြေအနေသို့ ရောက်သည့်တိုင် ရဲရှောင်ကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ဟု တွေးနေပြီး ဒါ့အပြင် ယခုအချိန်တွင် သူသည် ဒဏ်ရာ ရရှိထားသည် မဟုတ်ပါလား။
သို့သော် ရဲရှောင်သည် နောက်သို့ပင် လှည့်၍ မကြည့်ပေ။
ခဏအကြာတွင် နင်ဘီလျူသည် ပို၍ အံ့သြလာခဲ့မိလာ၏။ ရဲရှောင်မှ မြို့ရိုးနားသို့ ရောက်သည့်အခါ အသက်တစ်ချက်ကို ရှူသွင်းလိုက်ရင်း မြို့ရိုးထက်သို့ ကျော်တက်သွားခြင်းအား တွေ့လိုက်မိလို့ပင် ဖြစ်သည်။
မိုးစက်မိုးပေါက်များသည် နင်ဘီလျူ၏ မျက်နှာအား ရိုက်ခတ်နေလျက် ရှိပြီး အလွန်အမင်း အံ့သြ နေမိလေ၏။
တကယ်ကိုပင် နားမလည်နိုင်သလို ဖြစ်နေမိပြီး ရဲရှောင်၏ အပြုအမူကြောင် အလွန် စိတ်ရှုပ်ထွေး သွားမိ၏။
(သူက နံရံကို ကျော်တတ်ဖို့ အတွက် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်တာလား၊ ဒါက နံရံလေး တစ်ချပ်ပဲဟာကို အသက်ရှူပြီး အရှိန်ယူလိုက်စရာ လိုလို့လား . . . ဒါကတော့ ငါ့ထက်တောင် ဆိုးသွားပြီ၊ မဟုတ်ဘူး၊ ငါ့ထက် အများကြီးကို ဆိုးတာ။ ဘယ်လို ဖြစ်တာပါလိမ့် . . . သူ့ရဲ့ အစွမ်းကို လျို့ဝှက် ထားတာများလား၊ ဒါပေမဲ့ ဘယ်သူမြင်မှာ စိုးလို့ လျို့ဝှက် ရတာလဲ . . .)
(တကယ်လို့ သူ့အားအစစ်အမှန်က ဒါပဲဆိုရင် ငါ့ကို ချူးအာလက်က ကယ်တင်ဖို့ ဘယ်လို သတ္တိမျိုးတောင် သူ့မှာ ရှိနေရတာလဲ . . .)
နင်ဘီလျူ အလွန် ပဟေဠိ ဖြစ်နေလေ၏။ ထို့နောက် သူနှင့် ရဲရှောင် ပထမဆုံး တွေ့ခဲ့သည့် အချိန်ကို ပြန်လည် စဉ်းစားကြည့်လိုက်သည်။
ထိုနေ့က သူ့နောက်သို့ လူ ၃ ယောက် လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်ပြီး သူသည် ဒဏ်ရာ ရရှိထားသည့် အတွက် သူ့ကိုယ်သူ ပြန်လည် ကုစားနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ရန်သူမသိအောင် တိတ်တဆိတ် ထွက်ပြေးခဲ့ခြင်း ဖြစ်ပြီး သို့သော်လည်း ရန်သူများက သူ့ကို မြင်တွေ့သွားခဲ့သဖြင့် လိုက်လံ ဖမ်းဆီးကြခြင်း ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset