Switch Mode

Chapter – 616

အခန်း (၆၁၆) မိုးကောင်းကင်မျိုးနွယ်စု ဖရိုဖရဲဖြစ်ခြင်း
“ငါ လူသားမျိုးနွယ်စုရဲ့ မုန့်ရှောင်က မိုးကောင်းကင်မျိုးနွယ်စုရဲ့ ကောင်းကင်နတ်ဘုရား စစ်သူကြီးကို တိုင်တန်းပါတယ်၊ ကောင်းကင်နတ်ဘုရား စစ်သူကြီးက ငါတို့မျိုးနွယ်စုရဲ့ ယောက်ျားတွေကို သတ်ဖြတ်ပြီး မိန်းမတွေကို အဓမ္မကျင့်ခဲ့တယ်၊ အင်မော်တယ် နတ်ဘုရားတွေက မမျှတဘူး၊ မိုးကောင်းကင်ဘိုးဘေး… ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် တရားမျှတအောင် ဆောင်ရွက်ပေးပါ”
“ငါ လူသားမျိုးနွယ်စုရဲ့ မုန့်ရှောင်က မိုးကောင်းကင်မျိုးနွယ်စုရဲ့ ကောင်းကင်နတ်ဘုရား စစ်သူကြီးကို တိုင်တန်းပါတယ်၊ ကောင်းကင်နတ်ဘုရား စစ်သူကြီးက ငါတို့မျိုးနွယ်စုရဲ့ ယောက်ျားတွေကို သတ်ဖြတ်ပြီး မိန်းမတွေကို အဓမ္မကျင့်ခဲ့တယ်၊ အင်မော်တယ် နတ်ဘုရားတွေက မမျှတဘူး၊ မိုးကောင်းကင်ဘိုးဘေး… ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် တရားမျှတအောင် ဆောင်ရွက်ပေးပါ”
မုန့်ရှောင်က ထပ်ခါထပ်ခါ အော်ဟစ်လိုက်ပါတယ်။ တစ်ခါပြီးတစ်ခါ မုန့်ရှောင်ရဲ့အသံဟာ ပိုပိုကျယ်လောင်လာပြီး ကောင်းကင်ဘုံ ၃၃ ဘုံကို ပဲ့တင်ထပ်သွားပါတယ်။
ကောင်းကင်ဘုံ ၁၃ ဘုံမြောက်။
မိုးကောင်းကင်မျိုးနွယ်စု ညီလာခံခန်းမမှာ အင်မော်တယ် နတ်ဘုရားတွေ စုဝေးနေကြပါတယ်။
ဂျိရှင်းရှန်ဟာ ဒီအတောအတွင်း မိုးကောင်းကင်မျိုးနွယ်စုရဲ့ မြေအပြင်အခြေအနေကို အင်မော်တယ် နတ်ဘုရားတွေ လျှောက်တင်တာကနေ နားထောင်နေပါတယ်။ နာမည်ရှိမျိုးနွယ်စုနဲ့ နတ်ဆိုးမျိုးနွယ်စုက အတူပူးပေါင်းလိုက်တဲ့အတွက် မိုးကောင်းကင်မျိုးနွယ်စုရဲ့ တိုက်ခိုက်မှုတွေက အရင်လို မလွယ်ကူတော့ပါဘူး။
ဒီအချိန်မှာပဲ ဂျိရှင်းရှန်ဟာ မုန့်ရှောင်ရဲ့ အသံကို ရုတ်တရက် ကြားလိုက်ရတဲ့အတွက် မျက်မှောင်ကြုတ်သွားပါတယ်။ ဂျိရှင်းရှန် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြား အင်မော်တယ် နတ်ဘုရားတွေလည်း မုန့်ရှောင်ရဲ့အသံကို ကြားကြပါတယ်။
ပုကျိုးနတ်တောင်က ပန်ကူးရဲ့ ကျောရိုးဖြစ်တဲ့အတွက် မိုးကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ထားပါတယ်။ ဒါကြောင့် မုန့်ရှောင်ရဲ့ အသံက ကောင်းကင်ဘုံ ၃၃ ဘုံလုံးကို လွှမ်းမိုးသွားပါတယ်။
သတင်းပို့နေတဲ့ ကောင်းကင်စစ်သားဟာ တဖြည်းဖြည်း အသံတိမ်ဝင်သွားပါတယ်။ သူလည်းပဲ မုန့်ရှောင်ရဲ့ အသံကို ကြားပြီး ညီလာခံခန်းမရဲ့ ထူးဆန်းတဲ့လေထုကို ခံစားမိပါတယ်။ ကောင်းကင်စစ်သားဟာ ဂျိရှင်းရှန်ကို မော့ကြည့်လိုက်ပါတယ်။ ဂျိရှင်းရှန်က လက်အသာ ဝှေ့ယမ်းပြတဲ့အတွက် ကောင်းကင်စစ်သားဟာ ချက်ချင်း ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။
“ကောင်းကင်နတ်ဘုရား စစ်သူကြီးကို ဆင့်ခေါ်ချည်” ဂျိရှင်းရှန်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ်။ အခုလက်ရှိမှာ ဂျိရှင်းရှန်က မိုးကောင်းကင်ဘိုးဘေး ဖြစ်ပြီး သူ့ကျင့်ကြံမှုကလည်း တာအိုပညာရှိအတု အဆင့်ရှိတဲ့အတွက် တန်ခိုးရှိန်ဇော် ကြီးမားပါတယ်။
အင်မော်တယ် နတ်ဘုရားတစ်ပါးဟာ ကောင်းကင်နတ်ဘုရား စစ်သူကြီးကို ချက်ချင်း သွားရှာပါတယ်။ မကြာခင်မှာပဲ ကောင်းကင်နတ်ဘုရား စစ်သူကြီး ရောက်လာပါတယ်။ ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ ညီလာခံခန်းမထဲမှာ ဒူးထောက်ပြီး ဂျိရှင်းရှန်ကို ဦးညွှတ်လိုက်ပါတယ်။
ဖန်းလျန်နဲ့ ရှန်စစ်သူကြီးတို့လည်း ရောက်လာကြပါတယ်။
အတိတ်မှာတုန်းက ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ ကောင်းကင်ရုံးတော်ရဲ့ မဟာစစ်သူကြီး သုံးပါးထဲက တစ်ပါးအပါအဝင် ဖြစ်ခဲ့ပါတယ်။ ဖန်းလျန်ကလည်း ကောင်းကင်ဧကရာဇ် ဖြစ်တဲ့အတွက် အခုလို ရောက်လာတာပါ။
ကောင်းကင်နတ်ဘုရား စစ်သူကြီးက လက်သီးဆုပ်ပြီး လျှောက်တင်ပါတယ် “မိုးကောင်းကင်ဘိုးဘေး… ဒီလူက ကျွန်တော်ကို စွပ်စွဲနေတာပဲ၊ ကျွန်တော် လူသားမျိုးနွယ်စုကို တစ်ခါမှ မရောက်ဖူးပါဘူး”
ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ တော်‌တော် ဒေါသထွက်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မုန့်ရှောင်ရဲ့ စွပ်စွဲမှုက သူ့ဂုဏ်သတင်းကို ဟိုးအောက်ဆုံးအထိ ဆွဲချလိုက်လို့ပါ။
“အို… ဒါဆို တစ်ယောက်ယောက်က မင်း အယောင်ဆောင်တယ်လို့ ပြောချင်တာလား” ဂျိရှင်းရှန်က မေးလိုက်ပါတယ်။
မုန့်ရှောင်ရဲ့မိသားစု အသတ်ခံရတာက အမှန်တကယ်ဆိုတာကို အင်မော်တယ် နတ်ဘုရားတွေဟာ တွက်ချက်ကြည့်ရုံနဲ့ သိပါတယ်။ ဒါပေမဲ့ ဘယ်သူလုပ်တာလဲဆိုတာကိုတော့ မတွက်ချက်နိုင်ကြပါဘူး။ တစ်ဖက်လူက ထူးခြား ဓမ္မရတနာကိုသုံးပြီး တွက်ချက်မှုကို ဟန့်တားထားတာ ဖြစ်နိုင်ပါတယ်။
ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ကျွန်တော်လည်း သေချာမသိဘူး၊ ကျေးဇူးပြုပြီး သေချာ စုံစမ်းစစ်ဆေးပေးပါ”
ကောင်းကင်တာအို ပြန်စပြီးနောက် အင်မော်တယ်ကမ္ဘာဟာ ဥပဒေကင်းမဲ့နေပါတယ်။ မိုးကောင်းကင် မျိုးနွယ်စုက ကောင်းကင်တာအို မျိုးနွယ်စု ဖြစ်တဲ့အတွက် ဘုန်းတန်ခိုး ကြီးမားပြီး ခမ်းနားထည်ဝါပါတယ်။ အင်မော်တယ် နတ်ဘုရား တော်တော်များများက စိတ်လိုက်မာန်ပါ ပြုမူကြပါတယ်။ ဂျိရှင်းရှန်ဟာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြဿနာများတဲ့အတွက် အင်မော်တယ် နတ်ဘုရားတွေကို ဘာမှမပြောဘဲ ဒီအထိုင်း ထိုင်ကြည့်နေတာပါ။
ဒါပေမဲ့ အခုအခြေအနေက အရင်နဲ့ မတူပါဘူး။ မုန့်ရှောင်က ပုကျိုးနတ်တောင်ထိပ်ကနေ အော်ဟစ်လိုက်တာ ဖြစ်တဲ့အတွက် တခြားကောင်းကင်ဘုံက စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း ဒီအကြောင်းကို ကြားသွားကြပါပြီ။ တာအိုပညာရှိတွေတောင် ကြားကောင်း ကြားသွားနိုင်ပါတယ်။
ဒီကိစ္စကိုသာ ကျကျနန မဖြေရှင်းရင် မိုးကောင်းကင်မျိုးနွယ်စုကို ထိခိုက်ဖို့က ၁၀၀ ရာခိုင်နှုန်း သေချာနေပါပြီ။
အင်မော်တယ်အို တစ်ပါးက မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “မိုးကောင်းကင်ဘိုးဘေး… ကျွန်တော် သိသလောက် ကောင်းကင်နတ်ဘုရား စစ်သူကြီး လက်အောက်က ကောင်းကင်စစ်သူကြီးတစ်ပါး လွန်ခဲ့တဲ့ နှစ်တစ်ထောင်က သေမျိုးကမ္ဘာကို ဆင်းသက်ပြီး လူသားမျိုးနွယ်စုဆီ သွားခဲ့ဖူးပါတယ်”
“ဘယ်သူလဲ” ဂျိရှင်းရှန်က မေးလိုက်ပါတယ်။
ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ တစ်စုံတစ်ရာကို တွေးမိသွားပြီး မျက်နှာအကြီးအကျယ် ပျက်သွားပါတယ်။ ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ ခေါင်းမော့ပြီး အင်မော်တယ်အိုကို မျက်ရိပ်မျက်ကဲ ပြလိုက်ပါတယ်။
ဒါပေမဲ့ အင်မော်တယ်အိုဟာ ဂရုမစိုက်ဘဲ ဆက်ပြောလိုက်ပါတယ် “ရှင်းလျန့် ကောင်းကင်စစ်သူကြီးပါ”
ရှင်းလျန့် ကောင်းကင်စစ်သူကြီး။
အင်မော်တယ် နတ်ဘုရားတွေကြားထဲမှာ ပွတ်လောရိုက်သွားပြီး ဂျိရှင်းရှန်လည်း မျက်မှောင်ကြုတ်သွားပါတယ်။
ကောင်းကင်နတ်ဘုရား စစ်သူကြီးက ဒေါသတကြီး ပြောလိုက်ပါတယ် “ရှင်းလျန့် ကောင်းကင်စစ်သူကြီး လူသားမျိုးနွယ်စုဆီကို သွားတာက ကျုပ်စီစဉ်တာ၊ လူသားမျိုးနွယ်စုကို နဂါးမျိုးနွယ်စုက ဒုက္ခပေးနေလို့ ရှင်းလျန့် ကောင်းကင်စစ်သူကြီးက လူသားမျိုးနွယ်စုကို ကာကွယ်ဖို့သွားတာ”
အင်မော်တယ်အိုဟာ တစ်ချက်ရယ်မောလိုက်ပြီး တဖြည်းဖြည်းချင်း နောက်ဆုတ်ကာ ပညာရှင်အင်မော်တယ် အုပ်စုထဲ ပြန်ဝင်သွားပါတယ်။
ရှန်စစ်သူကြီးဟာ မျက်မှောင်ကြုတ်သွားပြီး ကောင်းကင်နတ်ဘုရား စစ်သူကြီးကို စိုက်ကြည့်လိုက်ပါတယ် “အမှန်ပြောတာလား”
“တကယ် အမှန်ပါ”
ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ အံကြိတ်လိုက်ပြီး တစ်ခဏရပ်ကာ ပြောလိုက်ပါတယ် “မိုးကောင်းကင်ဘိုးဘေး ကျွန်တော်ကို အပြစ်တင်ချင်တယ်ဆိုရင် ကျွန်တော်ရဲ့ ပေါ့ဆမှုအတွက် အပြစ်ပေးပါ၊ ကျွန်တော်ရဲ့ ပေါ့ဆမှုကြောင့် လူဆိုးကို အခွင့်အရေး ပေးမိတာပါ၊ ကျွန်တော် ဒီကိစ္စအတွက် တာဝန်ခံပါ့မယ်”
ဖန်းလျန်က လှောင်သံနဲ့ ဝင်ပြောပါတယ် “ရှင်းလျန့် စစ်သူကြီး အဖေက ကျယ်ကျောင်းတော်ရဲ့ အကြီးအကဲတစ်ဦးပဲ၊ သူက တာအိုပညာရှိ တာအိုဟောကြားတာကို နားထောင်ဖူးတယ်ဆိုတော့ တာအိုပညာရှိရဲ့ တပည့်လို့ ယူဆလို့ရတယ်၊ ကောင်းကင်နတ်ဘုရား စစ်သူကြီးက သူတို့ကို အပြစ်ပြုမိမှာ ကြောက်နေတာလား”
ကျယ်ကျောင်းတော် အကြီးအကဲ။
တာအိုပညာရှိတပည့်။
ဒီနာမည်နှစ်ခုက ညီလာခံခန်းမကို ပိုပြီးတော့ နေထိုင်ရခက်သွားစေပါတယ်။ အင်မော်တယ်‌ နတ်ဘုရားတွေဟာ ပါးစပ်မဟရဲတော့ပါဘူး။
ဂျိရှင်းရှန်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားကို မှီခိုပြီး မိုးကောင်းကင်မျိုးနွယ်စုကို ပြန်ဖွဲ့စည်းခဲ့တဲ့အတွက် မိုးကောင်းကင်မျိုးနွယ်စုက ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားဂိုဏ်းတွေရဲ့ အင်အားက မိုးကောင်းကင်မျိုးနွယ်စုထဲမှာ လုံးဝကြီး ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ ဂျိရှင်းရှန် ကိုယ်တိုင်လည်း အဆက်အသွယ် လုပ်အပ်တဲ့အတွက် ဒီအင်အားစုတွေကို အမြစ်ပြတ်အောင် မသုတ်သင်ပါဘူး။
ရှင်းလျန့် ကောင်းကင်စစ်သူကြီး လုပ်ခဲ့တာက မိုးကောင်းကင်မျိုးနွယ်စုရဲ့ အမှောင်ခြမ်းကို ဆွဲဖြဲလိုက်တယ်လို့ ပြောလို့ရပါတယ်။ ရှင်းလျန့် ကောင်းကင်စစ်သူကြီး မိုးကောင်းကင် မျိုးနွယ်စုထဲမှာ မကောင်းတာလုပ်တဲ့ တစ်ယောက်တည်းသောလူ မဟုတ်သလို အကြီးမားဆုံး အပြစ်ကို ကျူးလွန်ထားသူလည်း မဟုတ်ပါဘူး။
ဂျိရှင်းရှန်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှာ နောင်တရသွားပါတယ်။ ဒီနှစ်တွေမှာ ဂျိရှင်းရှန်ဟာ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ပြီး အင်မော်တယ်ကမ္ဘာရဲ့ မျိုးနွယ်စုတွေကို စည်းရုံးသိမ်းသွင်းနေခဲ့တဲ့အတွက် စည်းမျဉ်းစည်းကမ်းတွေကို အာရုံမစိုက်အားခဲ့ပါဘူး။
တကယ်တော့ မိုးကောင်းကင် မျိုးနွယ်စု စတင် တည်ထောင်ကတည်းက မိုးကောင်းကင်မျိုးနွယ်စုရဲ့ အတွင်းအင်အားစုတွေဟာ ရှုပ်ထွေးပွေလီနေခဲ့တာပါ။ အဲဒါကြောင့် ဂျိရှင်းရှန်ဟာ ဒီကိစ္စကို ဂရုမစိုက်ခဲ့ပါဘူး။ မိုးကောင်းကင်မျိုးနွယ်စုကို ပြန်ထိန်းချုပ်နိုင်တော့လည်း ဂျိရှင်းရှန်ဟာ ဒီကိစ္စကို ဂရုမစိုက်နိုင်ပြန်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူ့အပေါ် သစ္စာရှိတဲ့ အင်မော်တယ် နတ်ဘုရားတွေမှာလည်း အပြစ်ကိုယ်စီ ရှိကြပါတယ်။ ဒါကြောင့် သူတို့အကုန်လုံးကို အပြစ်ပေးဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် နောက်ဆုံးမှာ ဂျိရှင်းရှန်ဟာ ဥပဒေကို လျစ်လျူရှုခဲ့တာပါ။
ဂျိရှင်းရှန်ဟာ ငယ်ရွယ်စဉ်းကတည်းက မြင့်မြတ်နယ်မြေရဲ့ ပါရမီရှင် ဖြစ်ခဲ့တာကြောင့် သေမျိုးကမ္ဘာရဲ့ ဘေးဒုက္ခတွေကို တစ်ခါမှ မမြင်ဖူးပါဘူး။ နောက်ကျတော့ ဟန်ကျွယ်ရဲ့ အဆက်အသွယ်နဲ့ ကောင်းကင်ရုံးတော်ထဲ ဝင်ခဲ့ရတဲ့အတွက် သေမျိုးဘုံနဲ့ ပိုလို့တောင် အဆက်အသွယ် ပြတ်သွားရပါသေးတယ်။
သူလျှောက်လှမ်းခဲ့တဲ့ လမ်းတစ်လျှောက် ဂျိရှင်းရှန်သိတဲ့ တစ်ခုတည်းသော အရာက စွမ်းအားက ဘာမဆိုဖွင့်လို့ရတဲ့ သော့တစ်ချောင်းဆိုတာပါပဲ။
“ဒီကိစ္စအတွက် ကျွန်တော် တစ်ယောက်တည်း တာဝန်ယူပါ့မယ်” ကောင်းကင်နတ်ဘုရား စစ်သူကြီးက ပြောလိုက်ပါတယ်။ ဂျိရှင်းရှန်လိုမျိုး တိတ်ဆိတ်ဂိုဏ်းရဲ့ ထောက်ပံ့မှု မရှိတဲ့အတွက် ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ ရှင်းလျန့် ကောင်းကင်စစ်သူကြီးကို အပြစ်မပြုရဲပါဘူး။ နောက်ပြီး ရှင်းလျန့် ကောင်းကင်စစ်သူကြီးက သူ့အတွက် အကျိုးအမြတ် အများကြီး တိုက်ခိုက်ပေးခဲ့ပါသေးတယ်။
ဂျိရှင်းရှန်ဟာ မျက်နှာတစ်ခုလုံး မှောင်မည်းသွားပြီး အတွေးနက်သွားပါတယ်။
ဒီအချိန်မှာ ဖန်းလျန်က ပြောလိုက်ပါတယ် “အခု အင်မော်တယ်ကမ္ဘာက သာယာဝပြောပြီး ကျောင်းတော်ရာချီက တာအိုဟောကြားနေတယ်၊ တာအိုပညာရှိတွေတောင် စည်းမျဉ်း စည်းကမ်းတွေကို ပြောလာကြပြီ၊ ငါတို့ မိုးကောင်းကင်မျိုးနွယ်စုက အနန္တမျိုးနွယ်စုရဲ့ ခေါင်းဆောင်ပဲ၊ ဘယ်လိုလုပ်ပြီး ကောင်းကင်စည်းမျဉ်းကို မသတ်မှတ် ရမှာလဲ၊ ဒီကိစ္စက ကောင်းကင်ဥပဒေ သတ်မှတ်ဖို့အတွက် အခွင့်ကောင်းတစ်ခုပဲ၊ မိုးကောင်းကင်ဘိုးဘေး… တခြားလူတွေကို သတိပေးတဲ့အနေနဲ့ ရှင်းလျန့် ကောင်းကင်စစ်သူကြီးကို ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူရပါမယ်”
အင်မော်တယ် နတ်ဘုရား တော်တော်များများဟာ ဖန်းလျန်ရဲ့ အဆိုပြုချက်ကို ချက်ချင်း ထောက်ခံကြပါတယ်။
ဂျိရှင်းရှန်ဟာ ဖန်းလျန်ကို တအံတဩ ကြည့်လိုက်တဲ့အခါ ဖန်းလျန်ရဲ့ မျက်နှာက အလွန်တည်ကြည် လေးနက်နေတာကို တွေ့လိုက်ရပါတယ်။
ကောင်းကင်နတ်ဘုရား စစ်သူကြီးက အသံနှိမ့်ပြီး ပြောလိုက်ပါတယ် “ဒုဦးစီး… ဒီကိစ္စကို လုပ်တာက ကျွန်တော် တစ်ယောက်တည်းပါ၊ ကံကောင်းမလားလို့ ကျွန်တော် ဝန်မခံတာပါ”
ရှန်စစ်သူကြီးဟာ စိတ်ပျက်သွားပါတယ် “ကောင်းကင်နတ်ဘုရား စစ်သူကြီး… ခင်ဗျားက ကျွန်တော့်ကို တကယ် စိတ်ပျက်စေတာပဲ၊ ဒီကိစ္စသာ အမှန်ဆိုရင် ခင်‌ဗျားက အခုအချိန်ကစပြီး ကျုပ်ရဲ့ ရန်သူပဲ၊ ကျုပ်ကလည်း လူသားမျိုးနွယ်စုကဆိုတာ ခင်ဗျား မမေ့နဲ့”
“လူသားမျိုးနွယ်စု… ဟုတ်လား… ဟားဟား… မင်းက အခု မိုးကောင်းကင် မျိုးနွယ်စုထဲမှာဆိုတာ မမေ့နဲ့” ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ ရှန်စစ်သူကြီးကို အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်ပါတယ်။
ညီလာခံခန်းမထဲက အင်မော်တယ် တော်တော်များများကလည်း ရှန်စစ်သူကြီးကို မကြည်ကြတော့ပါဘူး။
မိုးကောင်းကင်မျိုးနွယ်စုရဲ့ အင်မော်တယ် အများစုဟာ ကပ်ဘေးမတိုင်ခင်က လူသားတွေပါ။ ဒါပေမဲ့ အခုအချိန်မှာ သူတို့က မိုးကောင်းကင်မျိုးနွယ်စုဝင်တွေ ဖြစ်နေပါပြီ။ ရှန်စစ်သူကြီးရဲ့ စကားက လက်ရှိမင်းဆက်ရဲ့ အမှုထမ်း အရင်မင်းဆက်အတွက် ပြောပေးနေသလိုမျိုး ဖြစ်နေပါတယ်။ ဒါက အရာထမ်းလောကမှာ ဧရာမတားမြစ်ချက်ကြီးတစ်ခုပါ။
အချိန်တစ်ခုအတွင်း ညီလာခံခန်းမဟာ အုပ်စုနှစ်စု ကွဲသွားပြီး အချင်းချင်း ငြင်းခုံကြပါတော့တယ်။
“မိုးကောင်းကင်မျိုးနွယ်စုမှာ ဖုံးကွယ်ထားတဲ့ အပြစ်တွေ အများကြီးပဲ၊ အခုအချိန်က အဲဒီအပြစ်တွေကို သန့်စင်ရမဲ့အချိန်ပဲ”
“ဟီးဟီး… ဘယ်လို သန့်စင်မှာလဲ၊ အရင်တုန်းက မင်း နတ်ဆိုးတွေနဲ့ တိုက်ခိုက်တုန်းက တိုက်ပွဲပြီးတော့ လူထောင်သောင်းချီကို သတ်ပစ်ခဲ့တယ်၊ အဲဒါက အပြစ်လို့ မယူဆဘူးလား”
“ဟုတ်တယ်၊ ကောင်းကင်ဥပဒေက သတ်မှတ်တာက ကိစ္စမရှိဘူး၊ ဒါပေမဲ့ အတိတ်က ကိစ္စတွေကို ပြန်ပြီးတော့ မတူးဆွသင့်ဘူး၊ မဟုတ်ရင် မိုးကောင်းကင်မျိုးနွယ်စု တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်”
“ဒါက နေရာကိစ္စပဲ၊ မိုးကောင်းကင်မျိုးနွယ်စုက အင်မော်တယ်ကမ္ဘာကို တကယ် အုပ်ချုပ်နိုင်တာ မဟုတ်သေးဘူး၊ ဒီလိုအချိန်မှာ ကောင်းကင်ဥပဒေကို သတ်မှတ်တာက ယုတ္တိမရှိဘူး၊ နာမည်ရှိ မျိုးနွယ်စုက ကောင်းကင်ဥပဒေကို လိုက်နာမယ်လို့ထင်လား၊ နတ်ဆိုးတွေကရော လိုက်နာမယ်လို့ ထင်လား၊ တာအိုပညာဂိုဏ်းတွေကရော လိုက်နာမယ်လို့ထင်လား…”
“ဒီအချိန်က အချိန်ကောင်း မဟုတ်သေးဘူး၊ နည်းနည်း ထပ်ပြီးတော့ စောင့်ကြရအောင်၊ ရှင်းလျန့် ကောင်းကင်စစ်သူကြီးရဲ့ နောက်မှာက ကျယ်ကျောင်းတော်ပဲ”
ဂျိရှင်းရှန်ဟာ စိတ်ပျက်လက်ပျက်နဲ့ မျက်မှောင်ကြုတ်သွားပြီး သူ ထိန်းချုပ်ထားတယ်လို့ ထင်ရတဲ့ မိုးကောင်းကင်မျိုးနွယ်စုက တကယ် မစည်းလုံးတာကို ရုတ်တရက် နားလည် သဘောပေါက်သွားပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ အင်မော်တယ်ဧကရာဇ်တွေကတော့ ပါးစပ်ပိတ်နေပြီး ဘယ်ဘက်မှ ဝင်မပါပါဘူး။ သူတို့တွေဟာ ဖန်းလျန်က ဟန်ကျွယ်ရဲ့ မြေးတပည့်မှန်း သိကြပေမဲ့ ဂျိရှင်းရှန်နဲ့ ဟန်ကျွယ်ရဲ့ ဆက်ဆံရေးကိုတော့ မသိကြပါဘူး။ ဒီလိုအခြေအနေမျိုးမှာ သူတို့တွေဟာ ဖန်းလျန်ကို ပိုပြီးတော့ ထောက်ပံ့လိုကြပါတယ်။
ဂျိရှင်းရှန်က ပြောလိုက်ပါတယ် “ငါတို့တွေ အရင်ဆုံး မုန့်ရှောင်ကိုခေါ်ပြီး သူဘာပြောမလဲဆိုတာ နားထောင်ကြည့်ရအောင်၊ ပြီးတော့မှ ဆုံးဖြတ်ကြတာပေါ့”
ဂျိရှင်းရှန်ဟာ သူ့လူတွေကို တစ်ချက်ဝှေ့ကြည့်ပြီး ပြောလိုက်ပါတယ် “နဂါးစစ်သူကြီး… မုန့်ရှောင်ကို သွားဆင့်ခေါ်ချည်”
“နေအုန်း… ရှန်စစ်သူကြီးကိုလည်း အတူလိုက်ခိုင်းလိုက်ပါ” ဖန်းလျန်က ရုတ်တရက် ဝင်ပြောလိုက်ပါတယ်။ ဖန်းလျန်က ရှန်စစ်သူကြီးကို တစ်ချက်ကြည့်လိုက်တယ်ဆိုရင်ပဲ ရှန်စစ်သူကြီးဟာ ချက်ချင်း လှုပ်ရှားလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset