အခန်း (၆၁၅) ပုကျိုးနတ်တောင်ထိပ်
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်မှာ ထိုင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုနဲ့ နှစ်နာရီကြာ ဆွေးနွေးပြီးတဲ့နောက်မှာတော့ လွမ်ဟွေ အာကသကို အချိန်အတိုင်းအတာ တစ်ခုအထိ အင်အားတိုးချဲ့ပြီး ပဋိပက္ခနတ်ဘီလူးကို ရှေ့ထွက်လာအောင် တွန်းအားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူး ဘယ်မှာရှိနေလဲဆိုတာကို မတွက်ချက်ပါဘူး။
ကောင်းကင်အရှင်ရွှမ်တုနဲ့ မတူတာက ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်ဝင်စားရုံသာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စရဲ့ အကျိုးရလဒ်က ဟန်ကျွယ်ကို ဘာမှမသက်ရောက်စေလို့ပါပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုလောက် အလောသုံးဆယ် မဖြစ်ပါဘူး။ အမှောင်ဘုရင် တာအိုပညာရှိကို သတ်လိုက်တဲ့အတွက် စွမ်းအားကြီးပုဂ္ဂိုလ် ၂၆ ပါး မုန်းတီးတာကို ခံထားရတာကြောင့် ဟန်ကျွယ်ဟာ အချိန်အတိုင်းအတာ တစ်ခုအထိ သိုသိုဝှက်ဝှက်နေဖို့ ဆုံးဖြတ်ထားပါတယ်။
ဟန်ကျွယ်ဟာ နှစ်ထောင်ချီ သိုသိုသိပ်သိပ် နေပြီးမှ အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေကို ကျိန်စာတိုက်ပစ်မှာပါ။ ဟန်ကျွယ်ဟာ စာစောင်တွေကို ဖွင့်လိုက်ပြီး သူ့မိတ်ဆွေတွေ ဒီကြားထဲ ဘာတွေ ပြောင်းလဲသွားလဲဆိုတာကို ကြည့်ပါတယ်။
[သင့်မိတ်ဆွေ မိစ္ဆာကောင်းကင်ဧကရာဇ်သည် သင့်ရန်သူ အမှောင်ဘုရင် တာအိုပညာရှိ၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ ရန်တုသည် လျှို့ဝှက်ဆန်းကြယ် မျိုးနွယ်စုတစ်စု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၉၂၀၉၂
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ဖူရှီသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်။]
[သင့်မိတ်ဆွေ ဖူရှီကို သင့်ရန်သူ နွီဝါက အသက်ပြန်သွင်းလိုက်သည်။ ထို့နောက် ဖူရှီသည် လွတ်လပ် တာအိုပညာရှိ ဖြစ်လာ၏။]
[သင့်တပည့် ရန်ထျန်တုန်းသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် သင့်မိတ်ဆွေ တာအိုဘိုးဘေးကြောင့် ထိုးထွင်း သိမြင်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
မိစ္ဆာကောင်းကင်ဧကရာဇ်ရဲ့ အခြေအနေကို တွေ့လိုက်ရတဲ့ ဟန်ကျွယ်ဟာ တိတ်တဆိတ် သက်ပြင်းချလိုက်ပါတယ်။ မိစ္ဆာကောင်းကင်ဧကရာဇ်က သူ့လမ်းကို ရွေးချယ်လိုက်ပါပြီ။ ဒါပေမဲ့ မိစ္ဆာကောင်းကင်ဧကရာဇ် မသိတာက အမှောင်ဘုရင် တာအိုပညာရှိရဲ့ နောက်ခံဟာ ကောင်းကင်တာအို ပညာရှိတွေရဲ့ နောက်ခံ ဖြစ်နေတယ်ဆိုတာကိုပါပဲ။
ဒီလောက် အလှည့်အပြောင်းတွေ ပြီးဆုံးသွားတာတောင် မိစ္ဆာကောင်းကင်ဧကရာဇ်က နယ်ရုပ်ဘဝကနေ မလွတ်မြောက်နိုင်သေးပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ ဖူရှီက သေပြီး ပြန်ရှင်လာတာကို ကြည့်ပြီး မကောင်းတဲ့ ခံစားချက် ရလိုက်ပါတယ်။
ဖူရှီ မရှိတော့တဲ့အတွက် ဒီထက်ပိုကြမ်းမဲ့ တာအိုပညာရှိတစ်ပါး ကောင်းကင်တာအိုကို ဆင်းသက်လာတော့မျာပါ။ အရင် ကောင်းကင်အရှင်ဝူဖာလိုမျိုး တာအိုပညာရှိတွေကြားထဲမှာ အချင်းချင်း တိုက်ခိုက်တာတွေ ပြန်ရှိလာနိုင်ပါတယ်။ နောက်ကောင်းကင်တာအို ကပ်ဘေးရောက်လာလို့ တာအိုပညာရှိတွေ အချင်းချင်း တိုက်ခိုက်နေကြရင် ဘေးအန္တရာယ်ကို အတူပူးပေါင်းပြီး ခုခံဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ဟန်ကျွယ်ဟာ အဆုံးသတ် အပျက်အစီး နတ်ဘုံက စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အစီအစဉ်ကို တွက်ချက်ပြီးသားဆိုပေမဲ့ ထုတ်မပြောနိုင်ပါဘူး။ ဟန်ကျွယ်ရဲ့ တစ်ခုတည်းသော အားသာချက်က သူ အမှန်တရားကို မသိသေးဘူးလို့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ထင်နေတာပါ။
ဟန်ကျွယ်ဟာ ဒီအားသာချက်ကို အသုံးပြုပြီး စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အကြံအစည်ကို ဖျက်ဆီးဖို့ စီစဉ်ထားပါတယ်။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေ အချင်းချင်း လုံးဝ စည်းလုံးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
စာစောင်တွေကို ဖတ်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ဖို့ အခွင့်ကောင်းကို စောင့်ပါတယ်။
ဟန်ကျွယ် ကျိန်စာမတိုက်တာက အတော်ကို ကြာခဲ့ပါပြီ။ ကြာလွန်းလို့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ပြန်တိုက်ဖို့ လက်တွေတောင် ယားနေပါတယ်။ ဒီအချိန်က အမှောင်သခင်ကြီး ပြန်ပေါ်လာရမဲ့ အချိန်ပါ။
ငရဲပြည်၊ နွေဦးဝါ။
ရန်ထျန်တုန်း တရားထိုင်နေစဉ်မှာ ဧကရီဟုတ်ထိုက နွေဦးဝါရဲ့အထက်မှာ ပေါ်လာပါတယ်။ ဧကရီဟုတ်ထိုရဲ့ ရောင်ဝါကို အာရုံခံမိတာကြောင့် ရန်ထျန်တုန်းဟာ ချက်ချင်း မျက်လုံးဖွင့်ပြီး ဦးညွှတ်လိုက်ပါတယ်။
ဧကရီဟုတ်ထိုက မေးလိုက်ပါတယ် “ငါ စုံစမ်းပြီးပြီ၊ ဒါပေမဲ့ မင်းကို ဘယ်သူ တိုက်ခိုက်တယ်ဆိုတာ ငါ မသိသေးဘူး၊ ဒီအတောအတွင်း ငရဲပြည်ရဲ့ ခံစစ်ကို သေချာပြင်ဆင်ထားချည်၊ တာအိုပညာရှိတွေ အမှောင်ဘုရင် တာအိုပညာရှိကို ရင်ဆိုင်ဖို့ အင်မော်တယ်ကမ္ဘာကနေ ထွက်သွားတုန်းက တာအိုပညာရှိဖူရှီ စတေးခံလိုက်ရတယ်၊ ကောင်းကင်တာအို ကပ်ဘေးက အခုမှစတာ ဖြစ်နိုင်တယ်၊ ငရဲပြည်က ကောင်းကင်တာအိုရဲ့ အောက်ဆုံးအဆင့်ဆိုတော့ အမှောင်ထဲက ရန်သူရဲ့ ထိုးဖောက်စရာ အမှတ်တစ်ခု ဖြစ်လာနိုင်တယ်”
ရန်ထျန်တုန်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဧကရီ… ကျွန်တော်ရဲ့ ကျင့်ကြံမှုက အားနည်းလွန်းတယ်၊ ငရဲပြည်ကို ကာကွယ်ဖို့က ခက်လိမ့်မယ်”
“မစိုးရိမ်ပါနဲ့၊ ငါ ငရဲမင်း ၁၈ ပါးကို ပြန်လာခိုင်းထားတယ်၊ သူတို့အကုန်လုံးက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ချည်းပဲ၊ ဒါက ငရဲပြည် စုဆောင်းထားတဲ့ အကြီးမားဆုံး အင်အားပဲ”
‘ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ၁၈ ပါး…’ ရန်ထျန်တုန်းဟာ မျက်ခုံးလှုပ်သွားပါတယ် ‘အင်အားကြီးလှချည်လား…’ ရန်ထျန်တုန်းဟာ ရင်ထဲက အလုံးကြီး ကျသွားပေမဲ့ အနည်းငယ် စိုးရိမ်နေတုန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ငရဲမင်း ၁၈ ပါး ပြန်လာတာက သူ့အဆင့်အတန်းကို သက်ရောက်နိုင်လို့ပါ။ အခန့်မသင့်ရင် သူ့အသက်တောင် ဆုံးရှုံးနိုင်ပါတယ်။
ဧကရီဟုတ်ထိုက ဆက်ပြောပါတယ် “ငါ အင်မော်တယ်ကမ္ဘာကနေ အချိန်အတိုင်းအတာ တစ်ခုအထိ ထွက်သွားဖို့ စီစဉ်ထားတယ်၊ ကိစ္စအားလုံးကို မဟာငရဲမင်းနဲ့ ဆွေးနွေး ဆောင်ရွက်ချည်၊ သူက အဆက်အသွယ်များတော့ အခြေအနေအားလုံးကို ဖြေရှင်းနိုင်လိမ့်မယ်”
“ကျွန်တော် နားလည်ပါပြီ”
ဧကရီဟုတ်ထိုဟာ ပျောက်ကွယ်သွားပါတယ်။ ရန်ထျန်တုန်းလည်း မတ်တတ်ရပ်ပြီး ထွက်သွားဖို့ ပြင်လိုက်ပါတယ်။
အပြန်လမ်းမှာ ရန်ထျန်တုန်းဟာ စိုးရိမ်စိတ် မပျောက်ပါဘူး။ ကိစ္စကြီး တစ်ခုခု ဖြစ်ပျက်တော့မယ်လို့ ရန်ထျန်တုန်း ခံစားနေရပါတယ်။
တခြားတစ်ဖက်မှာတော့ အင်မော်တယ်ကမ္ဘာဟာ သူ့ဘာသာ ရုန်းကန်လှုပ်ရှားနေပါတယ်။ တာအိုပညာရှိတွေရဲ့ တိုက်ပွဲက ကောင်းကင်တာအိုထဲမှာ မပျံ့နှံပါဘူး။ အကြောင်းကတော့ ကယ်တင်ထားတဲ့ ကောင်းကင်တာအို သက်ရှိတွေကို တာအိုပညာရှိတွေက သူတို့ရဲ့ တာအိုစက်ကွင်းတွေထဲမှာ ချုပ်နှောင်ထားလို့ပါပဲ။ ဒီလို ချုပ်နှောင်ထားရတာကလည်း ဒီသက်ရှိတွေဟာ အမှောင်ထု စွမ်းအား ရှိနေလို့ပါ။ တာအိုပညာရှိတွေဟာ ဒီအမှောင်ထု စွမ်းအားကို အကြွင်းမဲ့ မဖြေရှင်းနိုင်သမျှ ကာလပတ်လုံး စိတ်ချလက်ချ နေနိုင်မှာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ နှစ်တစ်သောင်းမှာ အင်မော်တယ်ကမ္ဘာရဲ့ နာမည်အကျော်ကြားဆုံး စွမ်းအားကြီးပုဂ္ဂိုလ်ကတော့ တစုန်ကောင်းကင် ဖြစ်ပါတယ်။ တစုန်ကောင်းကင်ဟာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံမှာ ထိပ်ဆုံးစာရင်ဝင်ပြီး ပထမ သေမျိုးကမ္ဘာကို ထိန်းချုပ်ပါတယ်။ သူ တည်ထောင်ထားတဲ့ တစုန်ကောင်းကင်ဂိုဏ်းဟာလည်း အင်မော်တယ်ကမ္ဘာအနှံ့ ပြန့်ကျက် တည်ရှိပြီး တစ်နေ့တစ်ခြား အင်အားတိုးပွားလျက် ရှိပါတယ်။
ပုကျိုးနတ်တောင် အန္တရာယ်နယ်မြေ ဖြစ်သွားကတည်းက လီတောက်ခုံးရဲ့ ဂုဏ်သတင်းဟာ ထိုးကျသွားပါတယ်။ တစ်ချိန်က လီတောက်ခုံး ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံး တပည့်ဖြစ်ခဲ့တဲ့ သတင်းလည်း အင်မော်တယ်ကမ္ဘာမှာ ပျံ့နှံ့သွားပါတယ်။ ဒီသတင်းက ဘယ်သူက လိုက်ဖြန့်လဲတော့ ဘယ်သူမှ မသိကြပါဘူး။ ဒါပေမဲ့ သွေးဆာပြီး သစ္စာဖောက် လောက်ကောင်ဆိုတဲ့ နာမည်ဆိုးတွေက လီတောက်ခုံးအပေါ် ကျရောက်သွားပါတယ်။ လီတောက်ခုံးဟာ ဒီကိစ္စတွေကို ဖြေရှင်းခြင်းမရှိဘဲ ကိုယ်နေသာသလို နေပါတယ်။
လီတောက်ခုံးရဲ့ တိုးတက်မှုက သိပ်မကောင်းပါဘူး။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်း ထောက်ပံ့ထားတဲ့ မယ်တော်ဂိုဏ်းကတော့ အလွန်ချောမွေ့စွာပဲ အင်အားကြီးမားလာခဲ့ပါတယ်။ မယ်တော်ဂိုဏ်းဟာ မရေမတွက်နိုင်တဲ့ အမျိုးသမီးတပည့်တွေကို လက်ခံခဲ့ပါတယ်။ ဒါ့အပြင် ဟွမ်ဇွမ်တျန်ကလည်း မကြာခဏဆိုသလို ဂရုစိုက်ပါတယ်။ ကျောင်းတော်နှစ်ကျောင်းရဲ့ မဟာမိတ်က တစ်ယောက်ကို တစ်ယောက် အတော်လေး အထောက်အကူ ဖြစ်စေပါတယ်။
မိုးကောင်းကင်မျိုးနွယ်စုကလည်း မယ်တော်ဂိုဏ်းကို မကြာမကြာ အင်မော်တယ်တွေ စေလွှတ်လေ့ ရှိပါတယ်။ ဒီလိုနဲ့ မယ်တော်ဂိုဏ်းဟာ အဓိကအင်အားစုကြီးတစ်စု ဖြစ်လာခဲ့ပါတော့တယ်။
နှစ်သောင်းချီ ကြာပြီးတဲ့နောက်မှာတော့ လောကကြီးက သက်ရှိတွေဟာ တိတ်ဆိတ်ဂိုဏ်းကို မေ့လျော့သွားကြပါပြီ။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ အပေါ်ယံ အင်အားနဲ့တင် တိတ်ဆိတ်ဂိုဏ်းက အတော်ကြောက်ဖို့ ကောင်းနေပါပြီ။
ဒီနေ့မှာတော့ ပုကျိုးနတ်တောင်ကို လူသား ကျင့်ကြံသူတစ်ဦး ရောက်လာပါတယ်။ ဒီလူသား ကျင့်ကြံသူဟာ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခမ်းနားထည်ဝါလှပါတယ်။ ဒါပေမဲ့ သူ့မျက်နှာကတော့ သိပ်မချောပါဘူး။ သူ့ရဲ့ ကျင့်ကြံမှုကလည်း မဟာညီညွတ်မှု မြေအင်မော်တယ် အဆင့်သာ ရှိတဲ့အတွက် စွမ်းအားကြီးတဲ့အထဲ မပါပါဘူး။
ပုကျိုးနတ်တောင်ကို ရောက်တာနဲ့ ဒီလူသား ကျင့်ကြံသူဟာ တောင်ထိပ်ကို တက်ပါတယ်။
တောင်တစ်ဝက် အရောက်မှာပဲ လျှပ်စီးတစ်ကြောင်း ရုတ်ရက် ထိုးဆင်းလာပြီး ဒီလူသား ကျင့်ကြံသူကို သတ်ပစ်လုနီး ဖြစ်သွားပါတယ်။
“ပြန်သွားချည်”
လီတောက်ခုံးရဲ့ ခံစားချက် ကင်းမဲ့တဲ့အသံ ထွက်ပေါ်လာပါတယ်။
အစိမ်းရောင်ဝတ်ရုံနဲ့လူက အံကြိတ်ပြီး ပြန်ပြောပါတယ် “ကျွန်တော်က လူသား ကျင့်ကြံသူ မုန့်ရှောင်ပါ၊ စီနီယာကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး၊ ကျွန်တော် ပုကျိုးနတ်တောင်ရဲ့ တောင်ထိပ်ကို တက်ချင်တာက အင်မော်တယ်ကမ္ဘာရဲ့ အမြင့်မားဆုံး တောင်ထိပ်ပေါ်တက်ပြီး အင်မော်တယ် နတ်ဘုရားတွေရဲ့ တရားမမျှတမှုကို တိုင်တန်းချင်လို့ပါ”
မုန့်ရှောင်ရဲ့ မျက်လုံးတွေဟာ ကြောက်ရွံ့မှု တစိုးတစိမျှ မရှိဘဲ လုံးဝဆုံးဖြတ်ပြီးသား ဖြစ်နေပါတယ်။
“အဲဒါဆို ကောင်းကင်ဘုံ ၁၃ ဘုံကို သွားလေ၊ ပုကျိုးနတ်တောင်ရဲ့ အေးချမ်းမှုကို မနှောင့်ယှက်နဲ့” လီတောက်ခုံးရဲ့ အသံဟာ သိပ်ပြီးတော့ စိတ်မရှည်တော့ပါဘူး။
မုန့်ရှောင်ဟာ ဒူးထောက်ပြီး လက်သီးဆုပ်လိုက်ပါတယ် “လူသားတွေက ကောင်းကင်ဘုံ ၁၃ ဘုံကို သွားခွင့်မရှိလို့ ကျွန်တော်မှာ မိုးကောင်းကင်ဘိုးဘေးကို တွေ့ဆုံခွင့် မရှိပါဘူး၊ ဒါကြောင့် ကျွန်တော် ပုကျိုးနတ်တောင်ကို လာရတာပါ၊ ဒဏ္ဍာရီအရ ပုကျိုးနတ်တောင်ထိပ်မှာ မတ်တတ်ရပ်ပြီး အော်ဟစ်ရင် ကောင်းကင်ဘုံ ၃၃ ဘုံလုံး ကြားရတယ်လို့ ဆိုထားပါတယ်”
“စီနီယာ ခွင့်ပြုပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်၊ မဟုတ်ရင် ကျွန်တော် စီနီယာလက်ထဲမှာ အသေခံပါ့မယ်၊ ဒီဘဝ ကျွန်တော့်မှာ စိုးရိမ်စရာ ဘာတစ်ခုမှ မရှိတော့ဘူး”
“ဝုန်း…”
လျှပ်စီးတစ်ကြောင်း ထိုးကျလာပြီး မုန့်ရှောင်ကို မီးသွေးခဲ ဖြစ်သွားစေကာ တောင်ကုန်းအောက်ကို လှိမ့်ကျသွားစေပါတယ်။ ဒါပေမဲ့ မုန့်ရှောင်ဟာ သူ့ခန္ဓာကိုယ်ကို ခပ်မြန်မြန် ပြန်ထိန်းပြီး ကတုန်ကယင်နဲ့ မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် တောင်ထိပ်ကို ဆက်တိုက်ပါတယ်။
မုန့်ရှောင်ရဲ့ ခန္ဓာကိုယ်ကနေ သွေးတွေ စထွက်လာပါတယ်။ ဒါပေမဲ့ မုန့်ရှောင်ရဲ့ မျက်လုံးတွေက ကြည်လင် တောက်ပပြီး ဆုံးဖြတ်ချက် ပြတ်သားနေတုန်းပါ။
“စီနီယာ… ကျေးဇူးပြုပြီး… ခွင့်ပြုပါ”
မုန့်ရှောင်ဟာ တောင်ပေါ် ဆက်တက်ရင်း တုန်တုန်ယင်ယင် ပြောလိုက်ပါတယ်။ သူ့အသံက လေတိုက်သံလောက်တောင် မကျယ်တော့ပါဘူး။
ပုကျိုးနတ်တောင်ဟာ တစ်ဖန်ပြန်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။
ဒီတစ်ခါမှာတော့ လီတောက်ခုံးဟာ မုန့်ရှောင်ကို မတားတော့ပါဘူး။
လေးငါးဆယ်လအကြာမှာတော့ ပြင်းထန်စွာ ဒဏ်ရာရထားတဲ့ မုန့်ရှောင်ဟာ နောက်ဆုံးတော့ ပုကျိုးနတ်တောင်ထိပ်ပေါ်ကို ခက်ခက်ခဲခဲ ပင်ပန်းကြီးစွာ ရောက်ရှိသွားပါတယ်။
ပုကျိုးနတ်တောင်ထိပ်က တိမ်ပင်လယ်ကို ထိုးဖောက်ထွက်နေပါတယ်။ မုန့်ရှောင်ဟာ ပုကျိုးနတ်တောင်ထိပ်မှာ ဒူးထောက်ပြီး အသက်ဝအောင် ရှူလိုက်ပါတယ်။ နေလင်းရောင်ရဲ့ ဖြာကျမှုအောက်မှာ မုန့်ရှောင်ရဲ့ ဒဏ်ရာတွေဟာ ပြန်ကောင်းစ ပြုလာပါတယ်။
မုန့်ရှောင်ဟာ မန္တန်တစ်ခုကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို သန့်စင်ကာ သန့်ရှင်းတဲ့ ဝတ်ရုံတစ်ခုကို ထုတ်ဝတ်လိုက်ပါတယ်။ ဒါပေမဲ့ ဆိုးရွားလှတဲ့ သူ့အခြေအနေကို မဖုံးကွယ်နိုင်ပါဘူး။ မုန့်ရှောင်ရဲ့ မျက်နှာဟာ သွေးဆုတ်နေပြီး ခန္ဓာကိုယ်ကလည်း ကတုန်ကယင် ဖြစ်နေပါတယ်။ မုန့်ရှောင်ဟာ အပေါ်ကို မော့ကြည့်ပြီး ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပါတယ်။
မုန့်ရှောင်ဟာ ကောင်းကင်ဘုံနဲ့ ဒီလောက်ထိ နီးကပ်တယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။
အဲဒီနောက် မုန့်ရှောင်ဟာ အံကြိတ် ခေါင်းကိုမော့ပြီး အော်ပြောလိုက်ပါတယ် “ငါ လူသားမျိုးနွယ်စုရဲ့ မုန့်ရှောင်က မိုးကောင်းကင်မျိုးနွယ်စုရဲ့ ကောင်းကင်နတ်ဘုရား စစ်သူကြီးကို တိုင်တန်းပါတယ်၊ ကောင်းကင်နတ်ဘုရား စစ်သူကြီးက ငါတို့မျိုးနွယ်စုရဲ့ ယောက်ျားတွေကို သတ်ဖြတ်ပြီး မိန်းမတွေကို အဓမ္မကျင့်ခဲ့တယ်၊ အင်မော်တယ် နတ်ဘုရားတွေက မမျှတဘူး၊ မိုးကောင်းကင်ဘိုးဘေး… ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် တရားမျှတအောင် ဆောင်ရွက်ပေးပါ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 615
? Views, Released on December 10, 2024