Switch Mode

Chapter – 96

ကတိ

Chapter – 96
“ကတိ”

ရဲရှောင်၏ စိတ်ထဲတွင် –
(ဘုရားမလို့သာပေါ့၊ ငါကလည်း သရုပ်ဆောင် ကောင်းနေလို့ . . . ခရမ်းရောင် ကြာပန်းသခင် အသက်ရှင်နေတုန်းပဲ ဆိုရင်တောင်မှ ငါလုပ်တဲ့ ကြာပန်းထက် ပိုကောင်းအောင် မလုပ်နိုင်လောက်ဘူး၊ ဒီလိုမှ မဟုတ်ရင် ငါလည်း သေချာပေါက် ဒုက္ခရောက်တော့မှာ . . .)
ရဲရှောင်သည် ယခုဖြစ်ပျက်သွားသမျှသည် ကြိုတင် ကြံစည်ထားခြင်း မဟုတ်ဘဲ သူ့အတွေ့အကြုံ အလျောက် လက်တန်း လုပ်လိုက်ချိန်းသာ ဖြစ်ပေသည်။
ချူးအာမှာမူ ပို၍ သတိထားသွားဟန် ဖြစ်သွားပြီး လေသံတီးတိုးဖြင့် –
“ရှင်ဘယ်သူလဲ ဆိုတာကိုတော့ ထားလိုက်တော့၊ ဒါပေမဲ့ ရှင်က ချင်းယန်နယ်ပယ်မှာ အတုမရှိ ရှောင်ဧကရာဇ် လိုက်သတ်တာကို ခံခဲ့ရတာမလား၊ အဲဒီကတည်းက ရှင့်အကြောင်း ဘာမှ မကြားရတော့ တာပဲ၊ ရှင်ကတော့ ကိစ္စပြတ်လောက်ပြီလို့ ကျွန်မတို့ ထင်ခဲ့တာလေ . . .”
ရဲရှောင်သည် နာနာကျင်ကျင်ဟန်ဖြင့် ခေါင်းခါယမ်းရင်း မုန်းတီးနေသည့် လေသံမျိုးဖြင့် –
“ရှောင်ဧကရာဇ်က ချင်းယန်နယ်ပယ်မှာ တကယ်ကို ကြောက်စရာ အကောင်းဆုံး လူတစ်ယောက်ပါ၊ ငါသူ့ကို မနိုင်လောက်ဘူး ဆိုတာကိုလည်း သိပါတယ်။ တကယ်တော့ သူအဲဒီလို လိုက်သတ်လို့သာ ငါလည်း ထွက်ပြေးရင်း ဒီကို ရောက်လာရတာပေါ့ . . .”
(ဒီကောင်မလေး ငါက ခရမ်းရောင် ကြာပန်းသခင်ကို လိုက်သတ်တဲ့ ကိစ္စ သတိနေပါလား၊ တော်တော် ထူးဆန်းတာပဲ၊
ချူးအာ ဆိုတာ ဘယ်လို မိန်းကလေးမျိုးလဲ၊ သူ့ဆရာကရော ဘယ်လိုပါလိမ့်၊ သူတို့က ဘယ်ကများ လာကြတာလဲ မသိဘူး . . .
ငါဘာလို့ သူတို့အကြောင်း တစ်ခါမှ မကြားဖူးခဲ့ရတာလဲ . . .
ဒီအဖြစ်အပျက်တွေကို သိတဲ့လူက သိပ်အများကြီး မရှိပါဘူး၊ သိတဲ့လူတွေ ဆိုတာကလည်း ကမ္ဘာ့ထိပ်သီးတွေ လောက်ပဲ သိကြတာ။ ငါ့မှတ်ဉာဏ်ထဲမှာလည်း မုန်တိုင်းအိမ်တော်က သခင်ကြီးဘိုင် နဲ့ ပတ်သက်တာ တစ်ခုမှ မရှိပါဘူး . . . ဘယ်လို ဖြစ်တာပါလိမ့် . . .
မယုံကြည်နိုင်စရာပဲ . . .
နောက်ပြီး သူငါ့ကို ပြောနေဆိုနေပုံက ကြောက်ရွံ့မှု၊ လေးစားမှုတွေ မရှိသလို ဖြစ်နေတယ်။ သူက တကယ်ပဲ ခရမ်းရောင် ကြာပန်းသခင်ကို မကြောက်ဘူးလား . . .
ဘယ်လို ဖြစ်နိုင်မှာလဲ . . . ကောင်းကင်နယ်ပယ်မှာတောင်မှ ကြာပန်းသခင်ကို အခုလို ပြောဝံ့တာ လူ ၂၀၀ မပြည့်လောက်ဘူး။ နောက်ပြီး အဲဒီ လူ ၂၀၀ လောက်ထဲမှာလည်း သခင်ကြီးဘိုင် ဆိုတဲ့ နာမည်ကို တစ်ခါမှ မကြားဖူးခဲ့ပါဘူး၊ နောက်ပြီး သူက အခိုင်းအစေ တစ်ယောက်၊ အဲဒါတောင်မှ ခရမ်းရောင် ကြာပန်းသခင်ကို လုံးဝ မကြောက်ပါလား . . .)
ရဲရှောင် တုန်လှုပ်လျက် ရှိနေလေသည်။
ချူးအာမှာ ယခု သူမ မြင်တွေ့နေရသူသည် ခရမ်းရောင် ကြာပန်းသခင်ပင် ဖြစ်လိမ့်မည်ဟု သေချာ သိသွား ပါတော့သည်။
သူမလည်း ရဲရှောင်ကဲ့သို့ပင် စိတ်ထဲ တွေးနေမိသည်မှာ –
(မော်တယ်ကမ္ဘာကြီးမှာ ငါရယ်၊ ၀မ်အာရယ်၊ ဆရာရယ်ပဲ ခရမ်းရောင် ကြာပန်းသခင်ကို သိကြတာ၊ တခြားလူတွေအနေနဲ့ သိနိုင်စရာ အကြောင်း မရှိဘူး၊
နောက်ပြီး ခရမ်းရောင် ကြာပန်းသခင် ပြောလေ့ရှိတဲ့ စကားစုကို သိနေတဲ့လူဆိုတာ ပိုလို့တောင် မရှိနိုင်သေးတယ်။ အဲဒါကြောင့် ဒီလူဟာ ကြာပန်းသခင်ပဲ ဖြစ်ရမယ် . . .)
ထို့နောက် ချူးအာ ပြုံးလိုက်ပြီး –
“ရှင်နဲ့ အခုလို လူချင်းတွေ့ရတာ ၀မ်းသာမိပါတယ်၊ ကျွန်မမှာ ရှင့်အတွက် သတင်းကောင်း တစ်ခု ရှိတယ်။ ရှင့်ရန်သူ ရှောင်ဧကရာဇ်ကို အင်အားစုကြီး ၃ စုကနေ လိုက်သတ်တာ လွန်ခဲ့တဲ့ သုံးလလောက် ကပဲ သေသွားခဲ့ပြီ . . .”
“ဘာ . . .”
ရဲရှောင်၏ နှုတ်မှ အံ့သြလွန်း၍ အသံပင်ထွက်၍ မေးလိုက်မိသည်။
ယခုအကြိမ်တွင်မူ သူသည် ဟန်ဆောင်နေခြင်း မဟုတ်ချေ။ တကယ်ကို အံ့အားသင့်သွားခြင်း ဖြစ်လေ၏။
(ဒီကောင်မလေး ဘယ်လိုဖြစ်ပြီး အကုန်လုံး သိနေရတာလဲ . . . ငါအသတ်ခံရတာကိုတောင် သိနေတာပါလား . . . တော်တော် အံ့သြစရာ ကောင်းတာပဲ . . . မော်တယ်ကမ္ဘာနဲ့ ကောင်းကင်နယ်ပယ် ကြားခံ ဆက်သွယ်ပေးနေတဲ့ တစ်ယောက်ယောက်များ ရှိနေတာလား၊ တော်တော် မယုံနိုင်စရာပဲ . . .)
“အဲဒါ အမှန်ပါပဲ . . .”
ချူးအာကိုယ်တိုင်ပင် ထိုသတင်းကို ကြားခဲ့တုန်းက အလွန်အမင်း အံ့သြသွားခဲ့ရသည်။
ထို့ကြောင့် ယခု ခရမ်းရောင် ကြာပန်းသခင်မှ အံ့သြတကြီး ဖြစ်သွားသည့်အပေါ် ယုံမှား သံသယ ဖြစ်မိခြင်း မရှိချေ။ ရှောင်ဧကရာဇ်သည် ဉာဏ်နီဉာဏ်နက် များလှပြီး အတုမရှိ ပြိုင်ဘက်ကင်း ပညာရှင် တစ်ဦး ဖြစ်လေ၏။ ထိုကဲ့သို့ ပညာရှင်ကြီးတစ်ဦး အသတ်ခံရသည့် ကိစ္စမှာမူ တကယ်ပင် အံ့သြစရာ ကောင်းလွန်းသည် မဟုတ်ပါလား။
ထိုသတင်းကို သုံးကြိမ်သုံးခါလောက် သေချာ စုံစမ်း သိရှိပြီးမှသာ သူမကိုယ်တိုင်လည်း ယုံကြည့်မိ ခဲ့ခြင်း ဖြစ်လေသည်။
“ရှောင်ဧကရာဇ် . . . သူ . . . သူသေပြီလား . . .”
ရဲရှောင် ထူးဆန်းသည့် အမူအယာဖြင့် မေးလိုက်သည်။ သူ၏ အသွင်အပြင်မှာ နောင်တရခြင်း၊ မုန်းတီးခြင်း စသည့် ဖော်ပြရခက်သည့် ဟန်ပန်မျိုး ဖြစ်နေခြင်း ဖြစ်၏။
ချူးအာမှာမူ ယခုအခါ သူမ၏ အရှေ့၌ ရပ်နေသူသည် ခရမ်းရောင် ကြာပန်းသခင် အမှန်ပင် ဖြစ်သည်ဟု တထစ်ချ ယုံကြည် သွားပါတော့သည်။
“သူတကယ်သေသွားပြီပေါ့ . . . ဟက်ဟက် . . . ဘာလို့ ဒီလောက်ထိ မြန်မြန်ဆန်ဆန် သေသွား ရတာလဲကွာ . . .”
ရဲရှောင် မထေမဲ့မြင့် ရယ်မောလျက် ၀မ်းနည်းသလို ဟန်ပန်ဖြင့် ပြောလိုက်လေ၏။
ချူးအာ၏ စိတ်ထဲတွင်မူ ရဲရှောင်မှာ သူတောင် ကလဲ့စား မချေလိုက်ရဘဲ သေသွားသည့်အတွက် ၀မ်းနည်းနေခြင်း ဖြစ်ကြောင်း ပြောဆိုလိုက်သည်ဟု တွေးထင်လိုက်မိသည်။
(ရှင်က အရှုံးသမားတစ်ယောက်၊ ရှောင်ဧကရာဇ် လိုက်သတ်လို့ ဒီလို အဆင့်နိမ့်တဲ့ မော်တယ်ကမ္ဘာကိုတောင် ထွက်ပြေးလာရပြီးတော့များ ကလဲ့စားချေဖို့ စဉ်းစားနေသေးတယ်။ တော်တော် ရူးမိုက်တဲ့ အိပ်မက် မက်နေတာပဲ။ ရှင်သာ တကယ်ကလဲ့စား ချေချင်ရင် ဘာလို့ ပုန်းရှောင်နေခဲ့သေးလဲ။
ကောင်းကင်နယ်ပယ်ကိုတောင် ပြန်သွားဖို့ သတ္တိမရှိဘဲနဲ့ ရှင့်ကိုယ်ရှင် ဘာများ ထင်နေလဲ မသိဘူး)
စိတ်ထဲ၌ တွေးလိုက်မိခြင်းသာ ဖြစ်ပြီး နှုတ်ကတော့မူ ထုတ်ဖော် မပြောဝံ့ချေ။
ခရမ်းရောင် ကြာပန်းသခင်သည် ရှောင်ဧကရာဇ်အတွက် အမှိုက်တစ်စလို ဖြစ်သော်လည်း သူမအဆင့်နှင့် သွား၍ မနှောင့်ယှက်နိုင်သော လူတစ်ဦး ဖြစ်သည်ဆိုတာကို သူမသိနေပါသည်။
ထို့နောက် ချူးအာမှ လေသံ တီးတိုးဖြင့် –
“ရှင် ဒဏ်ရာရထားတာလား . . .”
ရဲရှောင်လည်း ချက်ချင်းပင် သတိပြန်ကပ်လိုက်ရင်း မထူးခြားသလို ဟန်ပန်ဖြင့် –
“အင်း . . . ဒဏ်ရာမရဘဲနဲ့ ဒီလိုနေရာကို လာစရာလား၊ ငါ့ရဲ့ ၀မ်းနည်းစရာ နေ့ရက်တွေကို ကျော်လွန်တော့မှာပါ၊ ငါပြန်တော့မှာ . . .”
သူဆိုလိုချင်သည်မှာ ဒဏ်ရာရခဲ့သည့်တိုင် ယခုအခါ လုံးဝ ပျောက်ကင်းလုနီးပါး ဖြစ်ပြီဟု တစ်ဖက်လှည့်ဖြင့် ပြောလိုက်ခြင်းပင် ဖြစ်၏။
ချူးအာမှ ရဲရှောင်အား စိုက်ကြည့်လိုက်ရင်း –
“ကောင်းပြီ . . . အခု ရှင်က ဒီလူကို ဘာကြောင့် ကယ်တင်ချင်ရတာလဲ . . .”
ရဲရှောင်မှ လေးနက် တည်ကြည်ဟန်ဖြင့် –
“ငါသူ့ကို ကယ်တင်ဖို့ လိုအပ်နေလို့ပဲ။ မင်းကို ပြောပြဖို့ အတွက်တော့ ငါ့မှာ ကသိကအောက် ဖြစ်နေရတယ်။ အဲဒါကြောင့် ငါ့ကို နည်းနည်းလောက် မျက်နှာသာပေးလို့ ရမလား . . .”
ချူးအာမှ ပြုံးလိုက်ရင်းဖြင့် –
“ခရမ်းရောင် ကြာပန်းသခင်က ဒီလိုပြောမှတော့ ကျွန်မကလည်း နောက်ဆုတ်ပေးရမှာပေါ့၊ ဒီနင်ဘီလျူ ဆိုတဲ့ လူကလည်း ကျွန်မတို့နဲ့ မပူးပေါင်းချင်တော့ ရှင်နဲ့ ပူးပေါင်းနိုင်မလား စောင့်ကြည့်ရမယ်။ ဒါပေမဲ့ အခု ရှင်က မော်တယ်ကမ္ဘာမှာ ဖြစ်နေသေးတယ်၊ မကြာခင် ကောင်းကင်နယ်ပယ်ကို တက်တော့မှာ ဆိုတော့ ရှင်ရော ကျွန်မကို တစ်ခုလောက် မျက်နှာသာ ပေးနိုင်မလား သိချင်မိရဲ့ . . .”
ရဲရှောင် မျက်မှောင် ကြုတ်လိုက်ရင်း –
“တစ်ခုလောက် အကူအညီ ပေးရမယ် ဟုတ်လား . . . အပြန်အလှန် သဘောမျိုး အနေနဲ့လား၊ ငါကလည်း လူတွေကို အကြွေးမထားချင်ပါဘူး၊ ပြောသာပြောပါ . . .”
“ရှင် ကျွန်မပေါ် အကြွေးတင် နေတယ်လို့လည်း ကျွန်မ မပြောဝံ့ပါဘူး။ တစ်ခုလောက် ကူညီ နိုင်မလားလို့ပါ။ အခုချိန် ကျွန်မ ဘယ်လို ပြောရမလဲ မသိဘူး ဖြစ်နေတာ၊ ဒါပေမဲ့ ကျွန်မ စဉ်းစား ဆုံးဖြတ်ပြီးတဲ့ အခါကျရင် ရှင့်ဆီ လာခဲ့ပါ့မယ် . . .”
ချူးအာမှ ပြောလိုက်သည်။
“ရှင်ကတိပေးတာနဲ့ ကျွန်မ သွားတော့မယ် . . .”
ရဲရှောင်စိတ်ထဲတွင်မူ သခင်ကြီးဘိုင်နှင့် ချူးအာတို့မှာ သာမန်လူများ မဟုတ်လောက်ဟု တွေးနေမိလေ၏။
ရက်စက်တတ်ပြီး ကောင်းကင်နယ်ပယ်၏ ထိပ်သီး တစ်ဦးရှေ့မှာပင် ယခုကဲ့သို့ တောင်းဆိုမှု လုပ်ဝံ့နေသည် မဟုတ်ပါလား။
သူမပင် ယခုကဲ့သို့ ကတ်သီးကတ်သတ်နိုင်သူ တစ်ဦး ဖြစ်သည်ဆိုလျှင် သူမ၏ ဆရာဆိုပါက ဆိုဖွယ်ရာပင် ရှိမည် မဟုတ်တော့ချေ။
“မင်းပြောချင်တာက အခုနေ ငါ့အကူအညီ မယူသေးဘူး အဲဒီလိုလား၊ ငါအဲဒီလို ကတိတော့ မပေးနိုင်ဘူး”
ရဲရှောင် ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
“ကိုယ်မသိရတဲ့ ကိစ္စတစ်ခုအတွက် ကတိပေးလို့ရမလား၊ ငါဘယ်တော့မှ မလုပ်တဲ့ ကိစ္စဖြစ်ဖြစ်၊ ဒါမှမဟုတ် ငါ့ကို ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းတဲ့ ကိစ္စမျိုးဆို မင်းရဲ့ ဆန္ဒအတွက် ငါဘယ်ကတိပေးနိုင်မလဲ၊ အပေးအယူဆိုတာ တစ်ဖက်နဲ့တစ်ဖက် မျှတရတယ်လေ။ မင်းဖြစ်ချင်တာ အကုန်လုံးကို ငါက လုပ်ပေးမယ်လို့များ တွေးနေတာလား . . .”
ချူးအာ၏ မျက်လုံးများ အရောင်တဖျတ်ဖျတ် ဖြစ်သွားသည်။
(ဒီခရမ်းရောင် ကြာပန်းသခင်က ငါ့ကို အဆင့်နိမ့် ပညာရှင်ဆိုပြီး အထင်သေးနေတာပဲ။ အနှေးနဲ့ အမြန်ဆိုသလို သူနားလည်အောင်တော့ လုပ်ပေးရမှာပေါ့ . . .)
သူမစိတ်ထဲ ဒေါသထွက်နေမိသော်လည်း တည်ငြိမ်စွာပင် ပြုံးပြလိုက်ပြီး –
“ရှင်က ကျွန်မကို နားလည်မှု လွဲနေတာပဲ။ ကျွန်မရဲ့ တောင်းဆိုမှုက ရှင့်အတွက် ဘာမှ ဖြစ်စရာ အကြောင်းမရှိပါဘူး။ အလွန်ဆုံးမှ တစ်ယောက်ယောက်ကို သတ်ပေးဖို့ တောင်းဆိုရုံလေးပါ . . .”
“ကောင်းပြီ . . . လူတစ်ယောက်ကို သတ်ပေးရတာ ဘာမှ မခက်ပါဘူး၊ ဒီကမ္ဘာကြီးမှာ ဘုရင်တစ်ပါးကို သတ်မယ်ဆိုရင်တောင် အရမ်းလွယ်တဲ့ အလုပ်ဖြစ်နေဦးမှာပဲ . . . ဒီလိုဆိုရင်တော့ မင်းရဲ့ တောင်းဆိုမှုကို အေးဆေးပါလို့ပဲ ပြောရမှာပေါ့ . . .”
ရဲရှောင် ခက်ထန်ကြမ်းတမ်းဟန်ဖြင့် ပြောလိုက်သည်။
(ဒီနေ့ကို မြန်မြန် ကုန်ဆုံးစေချင်နေပြီ၊ မင်းကတော့ မင်းဆန္ဒပြည့်ဖို့အတွက် ခရမ်းရောင် ကြာပန်းသခင်ကို သွားရှာပေါ့၊ မင်းသူ့ကို ရှာတွေ့ချင်လည်း တွေ့နိုင်မှာပါ ဟားဟား . . .)
“ရှင့်က ပွင့်ပွင့်လင်းလင်းသမားပဲ၊ ဒါဆိုလည်း နင်ဘီလျူကို ရှင့်ဆီ ထားခဲ့ပြီ . . .”
ချူးအာ၏ အဖြူရောင် ၀တ်ရုံသည် လွင့်မျောသွားပြီးနောက် ချက်ချင်း ဆိုသလို သူမ၏ ဓားသည် ပျောက်ကွယ်သွားလေ၏။ သူမကတော့ မူလ နေရာမှာပင် ရပ်နေဆဲဖြစ်ကာ ဓားမှာမူ ဘယ်နေရာသို့ ရောက်သွားလဲ ဆိုတာကို မြင်ပင် မမြင်လိုက်ရချေ။
“ရှင်အချိန်အားတဲ့ အခါကျရင် မုန်တိုင်းအိမ်တော်က ဆရာ့ဆီ လာလည်ပါဦး၊ သူကလည်း ရှင့်ကို တွေ့ချင်နေမှာပါ . . .”
ချူးအာ ပြုံးလျက် ပြောလိုက်သည်။ သူမ၏ နှုတ်မှ “ဆရာ” ဟု ပြောလိုက်သည့် အချိန်တွင် သူမ၏ မျက်နှာတွင် ပို၍ ဂုဏ်ယူဝင့်ကြွားသွားဟန်ပါပင်။
ရဲရှောင်စိတ်ထဲ ထင်သွားမိသည်မှာ သူမ၏ ဆရာဖြစ်သူသည် ကြာပန်းသခင်ထက် ပို၍ အဆင့်မြင့်နိုင်သည် ဆိုသည့် အချက်ကိုပင် ဖြစ်၏။
ရဲရှောင်လည်း ပြုံးလိုက်ပြီးနောက် –
“ငါအပြည့်အ၀ နေကောင်းလာတဲ့အခါ သခင်ကြီးဘိုင်နဲ့ မိန်းကလေး ချူးအာဆီ လာလည်ပါ့မယ်”
“အမြဲတမ်း ကြိုဆိုပါတယ်၊ မော်တယ်ကမ္ဘာကြီးမှာ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်ဆုံနိုင်ဖို့ ဆိုတာက လွယ်တဲ့ ကိစ္စ မဟုတ်ဘူးလေ . . .”
ထို့နောက် တစ်ချက် ပြုံးလိုက်ပြန်ရင်း –
“မကြာခင် တွေ့ကြမယ် . . .”
ထိုသို့ ပြောပြီးသည်နှင့် အ၀တ်အစားများ လွင့်မျောလျက် နတ်သမီးတစ်ပါးကဲ့သို့ ပျံသန်း ပျောက်ကွယ် သွားပါတော့သည်။
မိုးသည်းထန်စွာ ရွာသွန်းနေသည့် အချိန်တွင် အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ရွေ့လျား သွားပုံမှာ နတ်ပြည်မှ တံတားတစ်စင်းကို လှမ်းမြင်လိုက်ရသလိုပင် ဖြစ်နေ၏။ အဆိုပါ အလင်းတန်းသည် ကမ္ဘာဆုံးသည့်တိုင် ရောက်ရှိသွားမည်ဟုပင် ထင်ချင်စရာပါပင်။
ချူးအာသည် ကျောခိုင်းသွားကတည်းက နင်ဘီလျူကိုလည်း လှည့်၍ပင် မကြည့်တော့ချေ။ သူမ၏ ၀တ်ရုံဖြူတွင်လည်း အညစ်အကြေးများ၊ မိုးစက်မိုးပေါက်များ တစ်ခုမှ စွန်းထင်း စွတ်စိုခြင်း မရှိခဲ့ပေ။
ရဲရှောင်လည်း မြေပြင်တွင် ထိုင်နေသည့် နင်ဘီလျူနားသို့ ကပ်သွားလေ၏။ နင်ဘီလျူသည် သူ့အား ကြောက်ရွံ့တုန်လှုပ်သည့် ဟန်ပန်မျိုးဖြင့် –
“ခင်ဗျား ဘယ်သူလဲ . . . ခရမ်းရောင် ကြာပန်းသခင် ဆိုတာ ဘာလဲ၊ ဘာလို့ ကျုပ်ကို ကယ်တင် ခဲ့ရတာလဲ၊ ခင်ဗျား ဘာလိုချင်လို့လဲ . . .”
နင်ဘီလျူသည် မော်တယ်ကမ္ဘာ၏ နံပါတ် ၁ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တစ်ဦး ဖြစ်ပြီး ထိုဘွဲ့ထူးမှာလည်း မော်တယ်ကမ္ဘာအတွက်သာ အသုံးဝင်ခြင်း ဖြစ်ပါသည်။
ချင်းယန်နယ်ပယ်ခေါ် ကောင်းကင်နယ်ပယ် အကြောင်းကိုမူ ဘာဆိုဘာမျှ မသိထားချေ။
“မင်းက ငါ့ကို မေးခွန်း ၄ ခုတောင် တပြိုင်နက်တည်း မေးလိုက်တယ်။ အသက်ရှူချိန် တစ်ချက်လေးမှာ စကားတွေ အများကြီး ပြောနိုင်တာပဲ၊ ကောင်းပြီ . . . မင်းအနေနဲ့ ငါ့ကို ဘယ်သူလဲ ဘယ်ကလာသလဲ ဆိုတာတွေကို သိစရာ မလိုဘူး၊ မင်းကို တစ်ခုပဲ ပြောလိုက်မယ်။ မင်းကို ကယ်တင် တယ်ဆိုတာက ငါကယ်တင်နိုင်တဲ့ အခြေအနေမို့ ကယ်တင်တာ ဒါပဲ . . .”
ရဲရှောင် ပြောလိုက်သည်။ သူ့ထက် အသက်ကြီးသော်လည်း မင်းနဲ့ငါဟု သုံးနှုန်းလိုက်ခြင်းမှာ လက်ရှိအချိန်တွင် ယုတ္တိရှိစေရန် ဖြစ်ပါသည်။ ဆက်လက်၍ –
“မင်းလှုပ်ရှားနိုင်လား . . .”
နင်ဘီလျူသည် အံကို တင်းတင်းကြိတ်၍ လက်များဖြင့် မြေကြီးအား ထောက်ရင်း မတ်တတ်ရပ် ရန် ကြိုးစားကြည့်သည်။
“ရတာပေါ့၊ ကျုပ်လက်တွေ ခြေတွေ အကောင်းကြီး ရှိသေးတယ်၊ ဘာလို့ မရရမှာလဲ . . .”
နင်ဘီလျူ မခံချင်ဟန်ဖြင့် ပြောလိုက်ပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset