အခန်း (၆၀၉) တာအိုပညာရှိ မဖြစ်ရင် နောက်ဆုံးမှာ ဘာမှဖြစ်လာမှာ မဟုတ်ဘူး
‘အမှောင်ဘုရင် တာအိုပညာရှိကို သတ်ပြီး သူ့နေရာ အစားဝင်မယ်…’ ဟန်ထော်ဟာ ဝတ်ရုံဖြူရဲ့ စကားကို ကြားပြီးနောက် တိတ်ဆိတ်သွားပါတယ် ‘ဒီလူက ငါ့ဆီက တစ်ခုခု တောင်းဆိုစရာရှိတာ ဖြစ်ရမယ်၊ မဟုတ်ရင် ငါ့ကို ပစ်မှတ်ထားမှာ မဟုတ်ဘူး…’
ဒီအချိန်မှာပဲ ဝတ်ရုံဖြူရဲ့အသံ ထပ်ပြီးတော့ ထွက်ပေါ်လာပါတယ် “အမှောင်ဘုရင် တာအိုပညာရှိက မင်းတို့ကို တာအိုဟောကြားတယ်ဆိုတာ မင်းတို့ကို အသုံးချချင်လို့ပဲ၊ ငါက မင်း ဒီကနေ လွတ်မြောက်နိုင်ဖို့ အခွင့်အရေးပဲ”
ဟန်ထော်ဟာ မျက်တောင်ခတ်လိုက်ပြီး စိတ်ထဲမှာ မေးလိုက်ပါတယ် “ခင်ဗျားက ကျွန်တော်ကို ဘာလုပ်စေချင်တာလဲ”
“မင်းရဲ့ ခန္ဓာကိုယ်ကို နေရာယူခွင့်ပေး”
“မဖြစ်နိုင်တာ” ဟန်ထော်ဟာ ချက်ချင်း ငြင်းဆန်လိုက်ပါတယ်။ ဟန်ထော်အနေနဲ့ သူမသိတဲ့ လူတစ်ယောက်ကို ခန္ဓာကိုယ် ပေးပစ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အဲဒီလို ခန္ဓာကိုယ် ပေးလိုက်တာနဲ့ အခုလိုမျိုး အကျဉ်းကျနေတဲ့ဘဝက ဘာမှမခြားနားပါဘူး။
“ငါက မင်းခန္ဓာကိုယ်က ခဏနေရာယူပြီး အမှောင်ဘုရင် တာအိုပညာရှိကို ခုခံဖို့ပါ”
“မဖြစ်နိုင်ဘူး၊ တခြားတစ်ယောက်ကို သွားရှာချည်” ဟန်ထော်ဟာ ထပ်ပြီးတော့ ငြင်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ထော်ဟာ ဝတ်ရုံဖြူကို ဂရုမစိုက်တော့ပါဘူး။ တစ်ဖက်လူက ဘာပြောပြော သူ့ခန္ဓာကိုယ်ကို ပေးရလောက်တဲ့အထိတော့ ဟန်ထော်ဟာ မအသေးပါဘူး။
ယီတျန်ဟာ ဟန်ထော်ရဲ့ မျက်နှာ မကောင်းတာကို သတိထားမိတဲ့အတွက် ဘာဖြစ်တာလဲဆိုတာ မေးမြန်းပါတယ်။ ဟန်ထော်ဟာ အသံလွှင့်ပြီး ဝတ်ရုံဖြူအကြောင်းကို ပြောပြလိုက်တဲ့အခါ ယီတျန်ဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ်။
“သူ့ကို ဂရုမစိုက်နဲ့၊ တကယ်လို့ မင်းခန္ဓာကိုယ်ကို သူ့ဆီ ပေးလိုက်ရင်တောင် တာအိုပညာရှိတွေထက် စွမ်းအားကြီးတဲ့ အမှောင်ဘုရင် တာအိုပညာရှိကို သူက ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ” ယီတျန်က အသံလွှင့်ပြီး ပြန်ပြောပါတယ်။
ဟန်ထော်ဟာ ယီတျန်စကားကို နားထောင်ပြီး ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ဝတ်ရုံဖြူဟာ ဟန်ထော်ကို ထပ်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး။
အမှောင်ထုထဲမှာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လျင်မြန်စွာ ခရီးနှင်နေပါတယ်။ သူဟာ ကျွန်းပျံတစ်ခုပေါ် ဆင်းသက်လိုက်ပါတယ်။ ဒီကျွန်းက အလွန်ကျယ်ဝန်းပြီး အရိုးတောအုပ်တစ်အုပ် ရှိနေပါတယ်။ ဒီကျွန်းက ကြမ်းတမ်းရက်စက်တဲ့ နတ်ဆိုးတွေ သရဲတွေလိုမျိုး အလွန်တရာ ရက်စက်ယုတ်မာပြီး ကြောက်ဖို့ကောင်းလှပါတယ်။ မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ကျောက်ပြားကြီး တစ်ပြားရှေ့မှာ ရပ်လိုက်ပြီး မေးလိုက်ပါတယ် “ဘာကိစ္စလဲ”
ကျောက်ပြားကို အနက်ရောင် ရောင်ဝါက ဝန်းရံထားပြီး အသံတစ်သံ ထွက်ပေါ်လာပါတယ် “ကောင်းကင်တာအို ပညာရှိတွေက ထပ်တိုက်ခိုက်တော့မယ်၊ ဒီတစ်ခါ ငါ သူ့ကို သတ်လိုက်မယ်၊ မင်းလည်း လောကဦး ခရမ်းရောင်ချီတစ်စ ရတာပေါ့”
ကြားလိုက်ရတဲ့ စကားကြောင့် မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ခေါင်းမော့ပြီး တအံတဩ မေးလိုက်ပါတယ် “တကယ်လား”
“ဟုတ်တယ်၊ ငါ တာအိုပညာရှိကို ဘယ်လိုသတ်လဲဆိုတာ စောင့်ကြည့်ပေါ့”
ကျောက်ပြားထဲက အသံက အမှောင်တားမြစ်နယ်မြေရဲ့ ဘုရင် အမှောင်ဘုရင် တာအိုပညာရှိရဲ့ အသံပါ။ မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ အမှောင်ဘုရင် တာအိုပညာရှိရဲ့ စကားကို မေးခွန်း မထုတ်ပါဘူး။
အမှောင်ဘုရင် တာအိုပညာရှိက တကယ်ကို ကြောက်ဖို့ကောင်းတာပါ။ ကောင်းကင်တာအိုရဲ့ အစွမ်းအထက်ဆုံး တာအိုပညာရှိ လီမုယဲ့တောင် အမှောင်ဘုရင် တာအိုပညာရှိရဲ့ ပြိုင်ဘက် မဟုတ်ဘူး မဟုတ်ပါလား။
ဒါပေမဲ့ မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ထူးဆန်းနေတယ်လို့ ခံစားမိပါတယ် ‘ဒီတာအိုပညာရှိတွေက ကောင်းကင်တာအိုထဲမှာပဲ နေရဲတာပါ၊ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး အမှောင်ဘုရင် တာအိုပညာရှိကို လာတိုက်ရဲတာလဲ… ဒီတာအိုပညာတွေက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ’
ကောင်းကင်တာအို ပညာရှိတွေဟာ ကောင်းကင်တာအိုထဲက ထွက်ခွာလိုက်ရင် သူတို့ရဲ့ စွမ်းအားတွေကလည်း လျော့ကျသွားပါတယ်။
“အဲဒီမတိုင်ခင် ငါ မင်းကို တာအိုဟောကြားပေးမယ်၊ မင်းနားထောင်ဖို့ ဆန္ဒရှိလား” အမှောင်ဘုရင် တာအိုပညာရှိရဲ့အသံ ထပ်မံ ထွက်ပေါ်လာပါတယ်။
မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ မှင်သက်သွားပြီး ရင်ထဲမှာ တင်းကြပ်သွားပါတယ် ‘ဒီလိုဆိုတော့ ထောင်ချောက်က ငါ့ကို စောင့်ဆိုင်းနေတာပဲ’
အမှောင်ဘုရင် တာအိုပညာရှိဟာ တစ်ခါထပ် ပိုမပြောပါဘူး။ သူတို့နှစ်ယောက်ဟာ ဆရာတပည့်တွေ မဟုတ်ပါဘူး။ ဒါကို အမှောင်ဘုရင် တာအိုပညာရှိက တာအိုဟောကြားပေးတယ်ဆိုတာ ထူးဆန်းပါတယ်။ ဒါကြောင့်လည်း မိစ္ဆာကောင်းကင်ဧကရာဇ်ကို တာအိုဟောကြားတာကို ထောင်ချောက်လို့ မှတ်ယူပြီး အလိုလို ခုခံတာပါ။
ဒီတစ်ခါမှာ အမှောင်ဘုရင် တာအိုပညာရှိက မိစ္ဆာကောင်းကင်ဧကရာဇ်ကို လောကဦး ခရမ်းရောင်ချီနဲ့ မျှားထုတ်လိုက်တာပါ။ တကယ်လို့ မိစ္ဆာကောင်းကင်ဧကရာဇ်သာ တာအိုဟောကြားတာကို နားမထောင်ဘူးဆိုရင် လောကဦး ခရမ်းရောင်ချီကိုလည်း ရမှာ မဟုတ်ပါဘူး။
‘ငါ တာအိုပညာရှိ ဖြစ်မလာရင် နောက်ဆုံးကျ ဘာမှဖြစ်လာမှာ မဟုတ်ဘူး…’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မော့ကြည့်ပြီး ပြောလိုက်ပါတယ် “ကျွန်… ကျွန်တော် နားထောင်လိုပါတယ်…”
ဟန်ကျွယ် အင်မော်တယ်ကမ္ဘာကနေ ထွက်လာတာ ခြောက်နှစ်ကြာသွားပါပြီ။ ဒါပေမဲ့လည်း ဟန်ကျွယ်နဲ့ တာအိုပညာရှိတွေဟာ အမှောင်တားမြစ်နယ်မြေမှာ ခရီးနှင်နေတုန်းပါ။
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါတို့တွေ သူ့ကို ဘာလို့ အခုထိ ရှာမတွေ့သေးတာလဲ”
တခြားတာအိုပညာရှိတွေကလည်း မျက်မှောင်ကြုတ်သွားပြီး တစ်ခုခု ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ်။ သူတို့တွေဟာ ကောင်းကင်အရှင်ရွှမ်တုဆီက ဖြေရှင်းချက်ရဖို့ မျှော်လင့်လိုက်ကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ငါလည်း သေချာမသိဘူး၊ သူ့ရောင်ဝါက ရွှေ့လျားနေတယ်၊ ငါ အတိအကျ မဖမ်းဆုပ်နိုင်ဘူး၊ ကြည့်ရတာ အမှောင်ဘုရင် တာအိုပညာရှိက ခံစားချက် မကောင်းဘူးနဲ့ တူတယ်၊ အဆုံးသတ် အပျက်အစီး နတ်ဘုံကလည်း တစ်ခါတည်း လှုပ်ရှားတာကိုး…”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ရန်သူကို မတွေ့ဘဲ ဘယ်လို တိုက်ခိုက်ရမှာလဲ’
ဒီခြောက်နှစ်ဟာ ဟန်ကျွယ်အတွက် တော်တော်လေး ဒုက္ခရောက်ပါတယ်။ ဟန်ကျွယ်ဟာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါးက အမှောင်ထုထဲက ခုန်ထွက်ပြီး သူ့ကို အချိန်မရွေး လာသတ်နိုင်တယ်လို့ ခံစားနေရပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ရုတ်တရက်ရပ်ပြီး မျက်စိမှိတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျယ်ပြောတဲ့ရောင်ဝါတစ်ခု ဆင်းသက်လာတာကို ခံစားမိတာကြောင့် နိုးနိုးကြားကြား ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောင်ဝါက မဟာတာအို နတ်စိတ်ဝိညာဉ် မဟုတ်ရင် တာအိုဖြတ်ကျော် ဆရာကြီးရဲ့ ရောင်ဝါဆိုတာ ကျိန်းသေနေလို့ပါပဲ။
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်နဲ့ အသွင်တူလက်ရည်စမ်းပွဲထဲမှာ မကြာခဏ တိုက်ခိုက်တဲ့အတွက် ဒီလိုမျိုးရောင်ဝါကို အနည်းအကျဉ်း နားလည်ပါတယ်။
တာအိုပညာရှိတွေလည်း ရပ်တန့်သွားကြပါတယ်။ ဟန်ကျွယ်တင်မဟုတ်ဘဲ တခြား တာအိုပညာရှိဟာလည်း ရင်တထိတ်ထိတ် ဖြစ်သွားကြပါတယ်။ တာအိုပညာရှိတွေ ရင်ထိတ်တာက အမှောင်ဘုရင် တာအိုပညာရှိကို ကြောက်လို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တိုက်ပွဲက တာအိုပညာရှိတွေက အခုထိ စိတ်ဒဏ်ရာပေးနေတုန်းပါ။
အတန်ကြာတဲ့အခါမှာတော့ ကောင်းကင်အရှင်ရွှမ်တုဟာ မျက်လုံးပွင့်လာပြီး ပြောလိုက်ပါတယ် “ရှာတွေ့ပြီ”
ပြောပြောဆိုဆို ကောင်းကင်အရှင်ရွှမ်တုဟာ ရှေ့ကို တဟုန်ထိုး ပျံသန်းသွားပါတယ်။ တခြား တာအိုပညာရှိတွေကလည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါတယ်။ တာအိုပညာရှိတွေဟာ အာကာသကို ထိုးဖောက်ဆုတ်ဖြတ်ပြီး ရှေ့ကို ဆက်တိုက် ခရီးနှင်ပါတယ်။
အမှောင်တားမြစ်နယ်မြေက အမှောင်ထု သက်သက်ချည်း မဟုတ်ပါဘူး။ အာကာသထဲမှာ တခြားဒိုင်မေးရှင်းတွေလည်း ရှိနေပါသေးတယ်။ ဒိုင်မေးရှင်း တော်တော်များများက အမှောင်ထုထဲမှာ ပုန်းအောင်းနေပြီး လွတ်လွတ်လပ်ရောရော ထပ်ပြီးတော့ရော ရှုပ်ထွေးပွေလီစွာ တည်ရှိနေပါတယ်။
လေးငါးဆယ်နာရီ အကြာမှာတော့…
တာအိုပညာရှိတွေဟာ ရပ်တန့်လိုက်ကြပါတယ်။ ဒီနေရာက အလွန်တရာ မှောင်မိုက်ပြီး ရှေ့မှာ ကြီးမားတဲ့ ကျွန်းပျံကြီးတစ်ကျွန်း ရှိနေပါတယ်။ ကျွန်းပေါ်က ကျောက်ပြားကြီးတစ်ပြားကတော့ ခရမ်းရောင်ကို ထုတ်လွှတ်နေပြီး မှိတ်ချည်လင်းချည် ဖြစ်နေပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိအာရုံနဲ့ လှမ်းကြည့်လိုက်တဲ့အခါ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်းပေါ်မှာ ရောင်ဝါနှစ်ခု ရှိနေပြီး တစ်ခုက လွတ်လပ် တာအိုပညာရှိရဲ့ အင်အားကြီး ရောင်ဝါဖြစ်ကာ တခြားတစ်ခုက တာအိုပညာရှိအတုရဲ့ ရောင်ဝါ ဖြစ်နေလို့ပါပဲ။
တာအိုပညာရှိအတု ရောင်ဝါကတော့ ဟန်ကျွယ်သိတဲ့ ကောင်းကင်ဧကရာဇ်ပဲ ဖြစ်ပါတယ်။ အခုတော့ ကောင်းကင်ဧကရာဇ်က မိစ္ဆာ ကောင်းကင်ဧကရာဇ် ဖြစ်နေပါပြီ။
“ရှေ့က အမှောင်ဘုရင် တာအိုပညာရှိပဲ၊ တိုက်ပွဲအတွက် ပြင်ဆင်ကြတော့…” ကောင်းကင်အရှင်ရွှမ်တုက အသံနှိမ့်ပြီး ပြောလိုက်ပါတယ်။
တာအိုပညာရှိတွေဟာ ချက်ချင်း လူစုခွဲပြီး အမှောင်ဘုရင် တာအိုပညာရှိ ထွက်မပြေးနိုင်အောင် ကျွန်းပျံကြီးကို ဝန်းရံလိုက်ကြပါတယ်။ ဟန်ကျွယ်ဟာ တိတ်တဆိတ် ရွှေ့လျားရင်း မိစ္ဆာကောင်းကင်ဧကရာဇ်ကို ကြည့်လိုက်ပါတယ်။ နေလင်ယင်ယန် အကာအကွယ်ရဲ့ တောက်ပတဲ့အလင်းရောင် ရစ်ပတ်ထားမှုကြောင့် မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို မမှတ်မိနိုင်ပါဘူး။
ကျောက်ပြားရှေ့က မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ မျက်လုံးဖွင့်ပြီး လှမ်းကြည့်လိုက်တဲ့အခါ တာအိုပညာရှိတွေကို တွေ့သွားတဲ့အတွက် မျက်လုံးထဲမှာ မုန်းတီးမှုရန်ငြိုးတွေ ပြည့်နှက်သွားပါတယ်။ တာအိုပညာရှိတွေရဲ့ ထောင်ချောက်ဆင်မှုကြောင့်သာ မဟုတ်ရင် သူအခုလိုမျိုး အလွန်တရာ ဆိုးရွားတဲ့ အခြေအနေကို မရောက်နိုင်ဘူး မဟုတ်ပါလား။
“ကောင်းကင်တာအို ပြောင်းလဲပြီးနောက်ပိုင်း ဒီလောက် တာအိုပညာရှိအသစ်တွေ ပေါ်လာလိမ့်မယ်လို့ ငါ ထင်မထားဘူး” မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ လှောင်ပြုံး ပြုံးလိုက်ပါတယ်။ မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ သူ့အသံက သိပ်မကျယ်ပေမဲ့ တာအိုပညာရှိတွေ သူ့အသံကို ကြားလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မိစ္ဆာကောင်းကင်ဧကရာဇ်ကို တွေ့လိုက်ရတဲ့အတွက် ဒေါသကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင် စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ ကြောက်မက်ဖွယ် ရောင်ဝါတစ်ခု ပေါက်ကွဲထွက်လာပါတယ်။
“ကျွတ်..ကျွတ်… မင်းတို့ကောင်တွေက သေရမှာကို တကယ် မကြောက်တာပဲ” နှာမှုတ်သံ ထွက်ပေါ်လာပြီးနောက် ကျောက်ပြားပေါ်က ရောင်ဝါနက်ဟာ ရုပ်သွင်တစ်ခုအဖြစ် ခဲသွားပါတယ်။ ဒီရုပ်သွင်ကတော့ အမှောင်ဘုရင် တာအိုပညာရှိ ဖြစ်ပါတယ်။
အနက်ရောင်ချီဟာ အမှောင်ဘုရင် တာအိုပညာရှိကို ဝန်းရံထားတဲ့အတွက် အမှောင်ဘုရင် တာအိုပညာရှိဟာ အမှောင်ထုထဲမှာ ပုန်းအောင်းနေတဲ့ မကောင်းဆိုးဝါး ဘုရင်လိုပါပဲ။ အမှောင်ဘုရင် တာအိုပညာရှိရဲ့ မျက်လုံးတွေက အေးစက်လှပြီး တာအိုပညာရှိတွေကိုတောင် ကျောချမ်းသွားစေပါတယ်။
ဟန်ကျွယ်ဟာ စနစ်ရဲ့ ဖုံးကွယ်တဲ့ လုပ်ဆောင်ချက်ကို အသုံးပြုပြီး သူ့ကျင့်ကြံမှုကို ကောင်းကင်တာအို ပညာရှိအဆင့်အထိ ဖိနှိပ်လိုက်ပါတယ်။ ဒါကြောင့် အမှောင်ဘုရင် တာအိုပညာရှိဟာ ဟန်ကျွယ်ဆီကနေ ဘာခြိမ်းခြောက်မှု အငွေ့အသက်မှ မရတော့ဘဲ တာအိုပညာရှိတွေက လာအသေခံတာလို့ ထင်သွားပါတယ်။
“အမှောင်ဘုရင် တာအိုပညာရှိ… ကောင်းကင်တာအို သက်ရှိတွေကို အခုချက်ချင်း လွှတ်ပေးစမ်း” ဖူရှီက အလေးအနက် ပြောလိုက်ပါတယ်။
အမှောင်ဘုရင် တာအိုပညာရှိက ရယ်မောလိုက်ပါတယ် “မင်းတို့တွေ ဘယ်ကနေများ ယုံကြည်မှုတွေ ရလာတာလဲ၊ ဒီလိုဆိုမှတော့ ကောင်းကင်တာအို သက်ရှိတွေကို မင်းတို့တွေ ဘယ်လိုသေမလဲဆိုတာ ပြပေးမယ်”
အဝေးတစ်နေရာက အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်ထဲမှာရှိနေကြတဲ့ ဟန်ထော်၊ ယီတျန်နဲ့ လောကဦးပဋိပက္ခဗုဒ္ဓတို့ဟာ အမှောင်ဘုရင် တာအိုပညာရှိရဲ့ စကားကို ကြားပြီး မျက်လုံးဖွင့်လိုက်ကြပါတယ်။ အကျဉ်းထောင်ထဲက လေပေါ်မှာ မြင်ကွင်းတစ်ခု ပေါ်လာပြီး တာအိုပညာရှိတွေနဲ့ အမှောင်ဘုရင် တာအိုပညာရှိတို့ရဲ့ အခြေနေကို ပြသပါတော့တယ်။
ယီတျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “သူတို့က တကယ် တာအိုပညာရှိတွေ”
တချို့တာအိုပညာရှိတွေဟာ တာအိုစက်ကွင်း ဖွင့်လှစ်ပြီး တာအိုရှာဖွေသူတွေကို တာအိုဟောကြားလေ့ ရှိတဲ့အတွက် ဟန်ထော်နဲ့ ယီတျန်ဟာ တာအိုပညာရှိတွေထဲက တာအိုပညာရှိနှစ်ပါးကို မှတ်မိနေပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ အင်္ကျီလက်အိုးထဲက ဓားတစ်ချောင်ကို ဆွဲထုတ်လိုက်ပါတယ်။ အဆုံးမဲ့ အလင်းရောင်တွေ ထုတ်လွှတ်နေတဲ့ ထိုက်ချီပုံရိပ်ဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ နောက်ကျောမှာ ပေါ်လာပြီး မှောင်မိုက်တဲ့ အာကာသကို လင်းထိန်သွားစေပါတယ်။
“အမှောင်ဘုရင် တာအိုပညာရှိ… မင်းက ဒီလောက် ခေါင်းမာမှတော့ ငါတို့က ယဉ်ကျေးမနေတော့ဘူး”
“သတ်” ကောင်းကင်အရှင်ရွှမ်တုက အော်ပြောလိုက်ပါတယ်။
တခြားတာအိုပညာရှိတွေလည်း သူတို့ရဲ့ ဓမ္မရတနာတွေကို ထုတ်ယူပြီး ဆန်းကြယ်စွမ်းအားတွေ အသုံးပြုကာ တိုက်ခိုက်ပါတော့တယ်။ ဟန်ကျွယ်လည်း ဟွမ်သွမ့်ဓားကို ထုတ်ယူဟန် ပြုလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ တကယ်ရည်မှန်းချက်က တိုက်ပွဲကြားထဲမှာ အမှောင်ဘုရင် တာအိုပညာရှိကို အငိုက်ဖမ်းပြီး တစ်ချက်တည်း သတ်ပစ်ဖို့ပါ။
ဟန်ကျွယ်ဟာ ဒီနေရာမှာ အချိန်မဖြုန်းနိုင်ပါဘူး။ မြန်မြန်ကိစ္စဖြတ်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ချင်နေပါပြီ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 609
? Views, Released on December 10, 2024