အခန်း (၆၀၇) ဝတ်ရုံဖြူပုဂ္ဂိုလ်၊ လောကဦးပဋိပက္ခဗုဒ္ဓ
လောကကြီး ဖိနှိပ်ခံရသလိုမျိုး တိမ်မည်းတွေ အုံ့ဆိုင်းနေပါတယ်။ ဖုန်ဆိုးမြေတွေကလည်း ဘယ်နေရာကိုကြည့်ကြည့် လက်ညိုးထိုးမလွဲတဲ့အပြင် အဆုံးကိုမြင်နိုင်ဖို့ ခဲယဉ်းပါတယ်။
ဟန်ထော်နဲ့ ယီတျန်ဟာ အမှိုက်တွေကြားထဲ ရောက်နေပါတယ်။ သူတို့နှစ်ယောက်ဟာ တော်တော်လေး စိတ်ဓာတ်ကျပြီး တရားထိုင်ကာ သူတို့ကိုယ်ပေါ်က ဒဏ်ရာတွေကို ကုသနေပါတယ်။
ယီတျန်ဟာ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “ငါတို့တွေ ဘယ်ရောက်နေတယ်လို့ ထင်လဲ၊ ဒီနေရာမှာ ရှန်တျန်ချီက ထိုးထွက်နေတယ်၊ နောက်ပြီးတော့ သက်ရှိတွေကလည်း တွေ့ခဲတယ်၊ လောကငယ်လေး မဟုတ်လောက်ဘူး”
ဟန်ထော်ဟာ မျက်လုံးဖွင့်ပြီး ဖြေလိုက်ပါတယ် “ငါလည်း သေချာ မသိဘူး၊ ငါက ဘယ်လို လွတ်လာလဲဆိုတာ ပြန်စဉ်းစားနေတာ၊ ငါတို့တွေ လွတ်လာတာ လွယ်လွန်းနေတယ်လို့ မထင်မိဘူးလား၊ တစ်ယောက်ယောက်က ငါတို့ကို ဒီနေရာ ခေါ်လာသလိုပဲ”
ယီတျန်လည်း မျက်မှောင်ကြုတ်သွားပြီး တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရပါတယ်။
“သတိမပြတ်စေနဲ့၊ ငါတို့ နောက်လေးနာရီကြာရင် နေရာရွှေ့ကြမယ်၊ တစ်ခုခုက ငါတို့ကို စောင့်ကြည့်နေတယ်လို့ ခံစားရတယ်” ဟန်ထော်က ခပ်တိုးတိုးပြောပြီး သူ့ဘေးနားက အလံလေးကို တစ်ချက် ကြည့်လိုက်ပါတယ်။ ဒီအလံလေးက ဟန်ထော်ရဲ့ ဓမ္မရတနာဖြစ်ပြီး အနားကပ်လာတဲ့ မကောင်းဆိုးဝါး စိတ်ဝိညာဉ်တွေကို ကြိုတင်အာရုံခံနိုင်စွမ်း ရှိပါတယ်။
ယီတျန်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ထော်ရှိနေတာကြောင့် အလန့်တကြား မဖြစ်ပါဘူး။ သူတို့နှစ်ယောက်ဟာ သေခြင်းရှင်ခြင်း အခြေအနေတွေကို အတူတကွ ကျော်ဖြတ်ခဲ့တာ မနည်းတော့ပါဘူး။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ယုံကြည် စိတ်ချကြပါတယ်။
လေးနာရီကြာတဲ့အခါမှာတော့ ဟန်ထော်နဲ့ ယီတျန်ဟာ နေရာရွှေ့လိုက်ကြပါတယ်။
ဒီအချိန်မှာပဲ ဟန်ထော်ဟာ ရုတ်တရက် ရပ်လိုက်ပြီး လက်မြှောက်ကာ ယီတျန်ကို တားလိုက်ပါတယ်။
ယီတျန်လည်း ရှေ့ကို စိုက်ကြည့်လိုက်တဲ့အခါ လေးငါးဆယ်ကီလိုမီတာ အကွာမှာ ဝတ်ရုံဖြူ လူတစ်ယောက်က လေပေါ်ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ ဒီဝတ်ရုံဖြူက ကျောက်မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး သူ့ရဲ့ ဖြူဖွေးတဲ့ ဆံပင်တွေဟာ လေထဲမှာ လူးလွန့်နေပါတယ်။ ဝတ်ရုံဖြူရဲ့ ရောင်ဝါက မရှိဘူးထင်ရအောင် အလွန်တရာ သိမ်မွေ့နူးညံလွန်းတဲ့အတွက် ဟန်ထော်တို့နှစ်ယောက်ဟာ ဝတ်ရုံဖြူရဲ့ ရောင်ဝါကို အာရုံမခံမိကြပါဘူး။ ဒါပမဲ့ မျက်စိနဲ့တော့ မြင်နိုင်ကြပါတယ်။
ဟန်ထော်နဲ့ ယီတျန်ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး တစ်ဖက်လှည့်ကာ ထွက်သွားဖို့ ပြင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ထော်နဲ့ ယီတျန်ဟာ အရှိန်အပြည့်နဲ့ ဆက်တိုက်ရွှေ့လျားက ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ထော်နဲ့ ယီတျန်ဟာ ပြေးနေတာ ရပ်လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ အခုထက်ထိ ဖုန်ဆိုးမြေထဲကနေ မထွက်သေးပါဘူး။ သူတို့နဲ့ မလှမ်းမကမ်းမှာတော့ တောင်တန်းလို ကြီးမားတဲ့ အရိုးစုတစ်စု ရှိနေတာကို မြင်တွေ့နိုင်ပါတယ်။ ဒီအရိုးစုက ဧရာမကြီးမို့ အလွန်တရာမှ ကြောက်ဖို့ ကောင်းလှပါတယ်။
“သေစမ်း… ငါတို့တွေ အစီအမံတစ်ခုထဲမှာ ပိတ်မိနေတာလား၊ ဘာဖြစ်လို့ ငါတို့တွေ ဘယ်သွားသွား အတူတူပဲလို့ ခံစားနေရတာလဲ” ယီတျန်ဟာ လုံးဝသည်းမခံနိုင်တော့တဲ့အတွက် ကျိန်ဆဲလိုက်ပါတယ်။
ဟန်ထော်နဲ့ ယီတျန်ဟာ နတ်မင်းအဆင့် ကျင့်ကြံသူတွေ ဖြစ်တဲ့အတွက် ဒီလောက်အကြာကြီး ပျံသန်းတာက အင်မော်တယ်ကမ္ဘာကို လျှောက်လည်ပတ်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ ထွက်သွားဖို့ ဦးတည်ရာကိုတော့ ရှာမတွေ့နိုင်သေးပါဘူး။
ဟန်ထော်နဲ့ ယီတျန်ဟာ အမြင့်ကို ပျံသန်းဖို့ ကြိုးစားပေမဲ့ ကောင်းကင်မှာက တိမ်မည်းတွေ အုပ်စိုးပြီး သတ်ဖြတ်ငွေ့တွေနဲ့ ပြည့်နှက်ကာ သူတို့ရဲ့ ဓမ္မစွမ်းအားကို ဟန့်တားထားတာကြောင့် ထိုးမထွက်နိုင်ပါဘူး။
ဟန်ထော်ဟာ တော်တော်လေး စိုးရိမ်တကြီး ဖြစ်နေပြီး ထွက်သွားဖို့ အလောသုံးဆယ် ဖြစ်နေပေမဲ့ အထိတ်တလန့်တော့ မဖြစ်ပါဘူး “မဟုတ်လောက်ဘူး၊ အဲဒီအရိုးစုက သက်သေပဲ၊ ဒီနေရာက အရမ်းကျယ်လွန်းတာ ဖြစ်ရမယ်၊ အင်မော်တယ်ကမ္ဘာထက် ကျယ်တဲ့နေရာက ဘယ်နေရာလဲ”
ယီတျန်ဟာ နှလုံးလှုပ်သွားပြီး ရေရွတ်လိုက်ပါတယ် “ဒဏ္ဍာရီထဲက အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံလား…”
“အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံ… အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံက ပဋိပက္ခအာကာသထဲမှာ မဟုတ်ဘူးလား”
“ဘယ်သူသိမှာလဲ”
ဟန်ထော်နဲ့ ယီတျန်ဟာ ခပ်တိုးတိုး စကားပြောကြပါတယ်။ ဒီအချိန်မှာပဲ ယီတျန်ဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် အပေါ် မော့ကြည့်လိုက်တဲ့အခါ မျက်ဆံတွေ ကျယ်သွားပြီး အလိုလို ဓမ္မရတနာကို ထုတ်ယူကာ တိုက်ပွဲအတွက် အသင့်အနေအထား ဖြစ်သွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့နှစ်ယောက် တွေ့ကြုံခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် ဝတ်ရုံဖြူဟာ ဒီနေရာမှာ ထပ်ပေါ်လာလို့ပါပဲ။
ဟန်ထော်လည်း လန့်သွားပါတယ်။ ဒီတစ်ခါမှာတော့ သူတို့နှစ်ယောက်ဟာ ထပ်ပြီးတော့ ထွက်မပြေးတော့ပါဘူး။ ဒီဝတ်ရုံဖြူက နောက်ကနေ သူတို့နှစ်ယောက်ကို အမီလိုက်နိုင်မှတော့ ထွက်ပြေးလည်း အပိုပါပဲ။
ဟန်ထော်က မေးလိုက်ပါတယ် “ခင်ဗျား ဘာလိုချင်တာလဲ”
ဝတ်ရုံဖြူဟာ ဟန်ထော်ရဲ့ မေးခွန်းကြောင့် မှင်သက်သွားပါတယ် “မင်းက ငါ့ကို မြင်နိုင်တာလား”
“မြင်နိုင်တာပေါ့” ယီတျန်ဟာ မပျော်ရွှင်တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ်။ တစ်ဖက်လူရဲ့ စွမ်းအားကို အာရုံမခံနိုင်တာကြောင့်သာ မဟုတ်ရင် ယီတျန်က ဒီဝတ်ရုံဖြူကို တိုက်ခိုက်ပြီးပါပြီ။
ဝတ်ရုံဖြူဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ထော်နဲ့ ယီတျန်လည်း တော်တော်လေး ရင်ထိတ်သွားပါတယ်။ သူတို့နှစ်ယောက် ဆက်ပြီးတော့ သည်းမခံနိုင်တော့မဲ့ အချိန်မှာ ဝတ်ရုံဖြူက ပြောလိုက်ပါတယ် “မင်းတို့နှစ်ယောက်ဆီမှာ အမှောင်ထုရောင်ဝါ ရှိနေတယ်၊ မင်းတို့တွေ အဆုံးသတ် အပျက်အစီးမှာ ဆက်နေလည်း နှင်ထုတ်ခံရမှာပဲ၊ မြန်မြန် ထွက်သွားကြတော့”
ပြောပြောဆိုဆို ဝတ်ရုံဖြူဟာ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပါတယ်။ ဟန်ထော်နဲ့ ယီတျန်ဟာ ကောင်းကင်ကြီး ချာချာလည်သွားပြီး ခေါင်းမူးနောက်သွားပါတယ်။ သူတို့နှစ်ယောက် မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ မှောင်မိုက်တဲ့နေရာတစ်ခုကို ရောက်သွားပါတယ်။
ယီတျန်ဟာ ခေါင်းကိုပွတ်ပြီး အံကြိတ်လိုက်ပါတယ် “ငါတို့တွေ လွတ်သွားပြီလား…”
ဟန်ထော်က ယီတျန်ရဲ့အမေးကို ပြန်မဖြေဘဲ မျက်မှောင်ကြုတ်လိုက်ပါတယ် ‘ဒီဝတ်ရုံဖြူက ဘယ်သူများပါလိမ့်…’
ဒီအချိန်မှာပဲ သူတို့နှစ်ယောက်ရှေ့မှာ ကြီးမားတဲ့စုပ်အားတစ်ခု ရုတ်တရက် ပေါ်လာပြီး ဟန်ထော်နဲ့ ယီတျန်ကို ဆွဲစုပ်ယူသွားပါတယ်။ ဟန်ထော်နဲ့ ယီတျန်ဟာ နတ်မင်းအဆင့် ရောက်နေတာတောင် ဒီစုပ်အားကို ခုခံနိုင်စွမ်း မရှိပါဘူး။
မကြာခင်မှာပဲ သူတိုမြင်ကွင်းတစ်ခုလုံးကို အမှောင်ထု စိုးမိုးသွားပြီး မြေကြီးပေါ် ရောက်သွားပါတယ်။ ဟန်ထော်နဲ့ ယီတျန်ဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီးနောက် ကြက်သေသေသွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်ဟာ သက်ရှိတွေချုပ်နှောင်ထားတဲ့ လှောင့်ချိုင်ကြီးထဲကို ပြန်ရောက်သွားလို့ပါပဲ။
အသက်ကြီးကြီး ကျင့်ကြံသူတစ်ဦးက ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “မင်းတို့လည်း ပြန်ရောက်လာပြီပဲ၊ အားကုန်ခံပြီး ကြိုးစားမနေကြနဲ့၊ မင်းတို့တွေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်က အဆုံးသတ်အပျက်အစီး နတ်ဘုံနားမှာ၊ ဒါပေမဲ့ မင်းတို့တွေ အမှောင်ထုစွမ်းအား စွန်းထင်းသွားလို့ အဆုံးသတ်အပျက်အစီး နတ်ဘုံကို ထွက်ပြေးရင်တောင် နှင်ထုတ်ခံရပြီး ဒီကို ပြန်ကျမှာပဲ”
ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒါဆို သူက ဘာဖြစ်လို့ ကျွန်တော်တို့ကို သွားခွင့်ပေးတာလဲ”
အသက်ကြီးကြီး ကျင့်ကြံသူဟာ ဘာမှထပ်မပြောတော့ပါဘူး။
ယီတျန်က မေးလိုက်ပါတယ် “အဘိုးဘိုး… ခင်ဗျားကြည့်ရတာ တော်တော်များများ သိပုံပဲ၊ ကျုပ်တို့က ဘယ်သူဖမ်းထားလဲဆိုတာ သိလား”
ဟန်ထော်နဲ့ ယီတျန်ဟာ တခြားသက်ရှိတွေနဲ့ စကားပြောကြည့်ခဲ့ပေမဲ့ တခြားသက်ရှိတွေကလည်း သူတို့နှစ်ယောက်လိုပဲ အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်ကို နားမလည်ကြပါဘူး။ ကပ်ဘေးရန်ငြိုးရဲ့ မှတ်ဉာဏ်တွေက အင်မော်တယ်ကမ္ဘာရဲ့ အနန္တကပ်ဘေးကနေ လာတာဖြစ်တဲ့အတွက် အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင် အကြောင်းကို လုံးလုံးလျားလျား မသိပါဘူး။
“အမှောင်ဘုရင် တာအိုပညာရှိ၊ ကောင်းကင်တာအို အပြင်ဘက်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပဲ၊ သူက အမှောင်တားမြစ်နယ်မြေကို ထိန်းချုပ်တာ” အသက်ကြီးကြီး ကျင့်ကြံသူက တစ်လုံးချင်း ပြောလိုက်ပါတယ်။
“တာအိုပညာရှိတွေနဲ့ ယှဉ်ရင်ရော…”
“မကြာသေးခင်က ကောင်းကင်တာအို ပညာရှိတွေ အတူပူပေါင်းပြီး တိုက်ခိုက်သေးတယ်၊ ဒါပေမဲ့ သူတို့တွေ ရှုံးနိမ့်ပြီး ပြန်သွားရတာ၊ ကံကောင်းလို့ မသေတာ”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ဟန်ထော်နဲ့ ယီတျန်ဟာ တုန်လှုပ်သွားကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ စိတ်ထဲမှာ တာအိုပညာရှိတွေက ထိပ်ဆုံး တည်ရှိမှုတွေပါ။
အသက်ကြီးကြီး ကျင့်ကြံသူက ခပ်ယဲ့ယဲ့ ထပ်ပြောပါတယ် “အဲဒါကြောင့် လက်လျှော့လိုက်တော့၊ ငါတို့တွေ ထွက်ပြေးလို့ မလွတ်မြောက်နိုင်မှတော့ ဘာဖြစ်လို့ အမှောင်ဘုရင် တာအိုပညာရှိကို အညံခံပြီး အခြေအနေကို စောင့်မကြည့်တာလဲ”
ဟန်ထော်နဲ့ ယီတျန်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။
“ဒါဆို ခင်ဗျားက ဘယ်သူလဲ” ယီတျန်က မနေနိုင်ဘဲ မေးလိုက်ပါတယ်။
အသက်ကြီးကြီး ကျင့်ကြံသူက ပြန်ဖြေပါတယ် “လောကဦးပဋိပက္ခဗုဒ္ဓပဲ၊ မင်းတို့တွေ ငါ့ကို ကြားဖူးကြလား…”
ဟန်ထော်နဲ့ ယီတျန်ဟာ မျက်လုံးပြူးသွားပါတယ်။ သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး လောကဦးပဋိပက္ခဗုဒ္ဓကို မကြားဖူးပဲ နေမှာလဲ။ ဒါပေမဲ့ လောကဦးပဋိပက္ခက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာလဲ ဆိုတာတော့ ဟန်ထော်နဲ့ ယီတျန်လည်း နားမလည်နိုင်ပါဘူး။
လောကဦးပဋိပက္ခက ဘာကိုမှဂရုမစိုက်တဲ့ မျက်နှာရှိပေမဲ့ စိတ်ထဲမှာတော့ ကြောင်တစ်ကောင်လိုမျိုး စပ်စုချင်နေပါတယ် ‘ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ငါသခင့်နဲ့ ဒီလောက်တောင် တူရတာလဲ၊ သခင်ရဲ့ သားများလား…’
လောကဦးပဋိပက္ခဗုဒ္ဓဟာ တာအိုပညာရှိအတုဆိုပေမဲ့ တာအိုပညာရှိရဲ့ ကံကို တွက်ချက်နိုင်စွမ်း မရှိပါဘူး။
ဟန်ထော်က ဟန်ကျွယ်နဲ့ တူလွန်းလို့သာ လောကဦးပဋိပက္ခဗုဒ္ဓက အရင်ဆုံး စကားစပြောလိုက်တာပါ။
ယီတျန်နဲ့ ဟန်ထော်ဟာ လောကဦးပဋိပက္ခဗုဒ္ဓကို ပိုပြီးတော့ စိတ်ဝင်စားသွားကြပြီး သုံးဦးသား စကားစပြောကြပါတော့တယ်။
ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို အသုံးပြုပြီး နှစ်လေးရာဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ် ဖန်တီးဖို့ ရွေးချယ်ခဲ့တဲ့ နတ်ဘီလူးက ကောင်းကင်နက္ခ နတ်ဘီလူးပါ။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး ကျင့်ကြံခဲ့တဲ့ ဓမ္မရုပ်တု ဖြစ်တာကြောင့်ပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီနတ်ဘီလူး ဓမ္မရုပ်တုအပေါ်မှာ ခံစားချက် နည်းနည်းများများ ရှိနေပါတယ်။
ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ပေါင်းစပ်ပြီးနောက် ကောင်းကင်နက္ခတ် နတ်ဘီလူးရဲ့ နတ်ဘီလူးချီဟာ ရုပ်ခန္ဓာ စခဲခဲ့ပါတယ်။ ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ အသိဉာဏ်ကလည်း မွေးဖွားလာခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ဒီဟာကို ရှင်းရှင်းလင်းလင်းကြီး အာရုံခံမိပါတယ်။ အများဆုံး နှစ်တစ်ထောင်အတွင်း ကောင်းကင်နက္ခ နတ်ဘီလူးဟာ အမှန်စစ်စစ် မွေးဖွားလာတော့မှာပါ။
[ကောင်းကင်အရှင် ရွှမ်တုသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ဒီအသိပေးချက် နှောင့်ယှက်တာကို ခံလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် အိပ်မက်ပေးတာကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အိပ်မက်ထဲမှာ ကောင်းကင်အရှင်ရွှမ်တုက ပထမဆုံး စမေးပါတယ် “တာအိုရောင်းရင်းဟန်…. စဉ်းစားပြီးပြီလား၊ ငါ့ကို အဖြေပေးတော့”
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “ခင်ဗျား အလျင်လိုနေတာလား…”
“ဟုတ်တယ်၊ ငါတို့တွေ ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေကို ဖိနှိပ်ဖို့ လွှတ်လိုက်တဲ့ တာအိုပညာရှိအတုကို အမှောင်ဘုရင် တာအိုပညာရှိက ဖမ်းသွားတယ်၊ အခု ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေက ထိန်းမရတော့ဘူး၊ ကောင်းကင်တာအို သက်ရှိတွေ အနားကပ်တာနဲ့ အမှောင်ဘုရင် တာအိုပညာရှိ ဖမ်းဆီးတာကို ခံရတော့တာပဲ၊ အမှောင်ဘုရင် တာအိုပညာရှိက ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေနားမှာရှိတဲ့ သက်ရှိတွေကိုလည်း အနားလာဖို့ ဖြားယောင်းသွားဆောင်နေတယ်”
“ခင်ဗျားတို့ တာအိုပညာရှိတွေက ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေကို မချိပ်ပိတ်နိုင်ဘူးလား..”
“မရဘူး၊ ငါတို့ရဲ့ စွမ်းအားတွေကို ကောင်းကင်တာအိုက တစ်ခါတည်း ဟန့်တားထားတယ်၊ ငါတို့အထင် အချိန်အကြာကြီး ပျောက်ကွယ်နေတဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်က အမှောင်ဘုရင် တာအိုပညာရှိနဲ့ သွားပူးပေါင်းတယ် ထင်တယ်၊ ငါတို့တွေ အမှောင်ဘုရင် တာအိုပညာရှိကို အမြန်ဆုံး ရှင်းပစ်မှ ဖြစ်မယ်၊ မဟုတ်ရင် အကျိုးဆက်က မတွေးရဲစရာပဲ”
ပထမဆုံးအနေနဲ့ ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာဟာ စိုးရိမ်ကြောင့်ကြမှုတွေ ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စက တော်တော်လေး အရေးကြီးလာတာကို သဘောပေါက်သွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ပျက်ဆီးသွးတာကို မလိုချင်ပါဘူး။ ကောင်းကင်တာအို ပျက်စီးသွားရင် ဟန်ကျွယ် ဘုံပျောက်သွားမှာပါ။
“ခင်ဗျားတို့တွေ အဆုံးသတ် အပျက်အစီး နတ်ဘုံနဲ့ ဆက်သွယ်ပြီးပြီလား”
“ဆက်သွယ်ပြီးပြီ၊ ငါတို့တွေ မင်းဆီက အဖြေကို ရတာနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်ကြမှာ”
“အဲဒါဆို တိုက်ခိုက်ကြတာပေါ့”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 607
? Views, Released on December 10, 2024