အခန်း (၆၀၆) ပဋိပက္ခ နတ်ဘီလူးအား ဖန်တီးခြင်း
ရိုးရိုးသားသား ပြောရရင် ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားက အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ ဟန်ကျွယ်က အမှောင်ဘုရင် တာအိုပညာရှိထက် ပိုပြီးတော့ စွမ်းအားကြီးနေပါပြီ။ ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ အမှောင်ဘုရင် တာအိုပညာရှိနောက်မှာရှိတဲ့ တည်ရှိမှုရဲ့ မျက်လုံးထဲမှာ ဆူးတစ်ချောင်း မဖြစ်ချင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်က တခြားလူတွေကို ဒီတိုက်ပွဲထဲ ဆွဲသွင်းချင်တာပါ။
“မင်း သေချာ ဆုံးဖြတ်ပြီးရင် ငါ့ကို အချိန်မရွေး သတင်းပေးလို့ရတယ်၊ အမှောင်ဘုရင် တာအိုပညာရှိက လုံးဝကို ရှင်းပစ်မှဖြစ်မှာ၊ အဲဒီအချိန်ကျရင် ငါတို့ တာအိုပညာရှိတွေ အမှောင်တားမြစ်နယ်မြေကို အတူ သွားကြတာပေါ့” ကောင်းကင်အရှင်ရွှမ်တုက ခပ်တိုးတိုး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး စနစ်ကို မေးလိုက်ပါတယ် “ကောင်းကင်အရှင်ရွှမ်တုရဲ့ ခုနက စကားတွေထဲမှာ အလိမ်အညာပါလား”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မလိမ်ပါ။]
ဟန်ကျွယ်ရဲ့ မျက်နှာဟာ ပျော့ပျောင်းသွားပါတယ်။
ဟန်ကျွယ်က ချုံရှီလိုင်နဲ့ ကောင်းကင်အရှင်ဝူဖာကို လောကဦးထောင်နဲ့ ကျွန်ပြုပြီးပြီမို့ တကယ်လို တာအိုပညာရှိတွေဆီမှာ အကြံအစည်ရှိခဲ့ရင်လည်း ဟန်ကျွယ်က အေးဆေး သိမှာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့စိုးရိမ်စိတ်ကို မဖျောက်နိုင်သေးပါဘူး။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ခေါင်းထဲကို အကြံကြီးတစ်ခု ဝင်လာပါတယ် ‘ငါ ကောင်းကင်အရှင် ရွှမ်တုက လွဲရင် ကျန်တဲ့ တာအိုပညာရှိတွေ အကုန်လုံးကို ကျွန်ပြုသင့်လား..’
‘မဖြစ်ဘူး… ဒီကိစ္စက အရမ်း အန္တရာယ်များတယ်… ငါ ချုံရှီလိုင်ကို ကျွန်ပြုတာတောင် အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ ဆွမ်တိကို ရန်စမိပြီးပြီ၊ အဆုံးသတ်အပျက်အစီးက ဆရာကြီးတွေကို ငါ ထပ်ပြီးတော့ ရန်ပြုလို့ မဖြစ်ဘူး’
ဟန်ကျွယ်ဟာ သူ့စိတ်အခြေအနေကို ထိန်းသိမ်းပြီးနောက် မဟာညီညွတ်မှု ရုပ်သွင်ကို ကျင့်ကြံပါတယ်။
နှစ်တစ်ရာ ကုန်ဆုံးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုနဲ့ စွမ်းအားက အကန့်အသတ်နားကို ရောက်သွားပေမဲ့ ဟန်ကျွယ်ဟာ နောက်ထပ် ဓမ္မရုပ်တု ၂၅ ပါးကိုပဲ တတ်မြောက်ပါသေးတယ်။ အရင်တုန်းက အဆင့်ထိုးဖောက်မှုတွေနဲ့ယှဉ်ရင် ဒီတစ်ခါ အဆင့်ထိုးဖောက်တာက တော်တော်လေးကို အခြေအနေဆိုးတယ်လို့ ပြောလို့ရပါတယ်။
ဟန်ကျွယ်ဟာ မမြင်နိုင်တဲ့အားတစ်ခုက မဟာညီညွတ်မှု ရုပ်သွင် ကျင့်ကြံတာကို ဖိနှိပ်နေတယ်လို့ ခံစားရပါတယ်။
ဟန်ကျွယ် အသစ်ကျင့်ကြံလိုက်တဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေကတော့ အန္တရာယ် နတ်ဘီလူး၊ အမှောင်ပဋိပက္ခ နတ်ဘီလူး၊ အမိန့်အာဏာ နတ်ဘီလူး၊ ထိုးထွင်းသိမြင် နတ်ဘီလူး၊ ခြေဗလာ နတ်ဘီလူး၊ အရူးအမူးစီးဆင်း နတ်ဘီလူး၊ တရားဝင် နတ်ဘီလူး၊ အိပ်မက်ဖြည့် နတ်ဘီလူး၊ မဟာကရုဏာ နတ်ဘီလူး၊ သန့်ရှင်းဟင်းလင်းပြင် နတ်ဘီလူး၊ မိစ္ဆာသန့်စင် နတ်ဘီလူး၊ တရားစောင့် နတ်ဘီလူး၊ စိတ်ဝိညာဉ်ဖြတ် နတ်ဘီလူး၊ တာအိုကုသိုလ်ကံ နတ်ဘီလူး၊ ခန္ဓာသုံးပါး နတ်ဘီလူး၊ ကောင်းကင်နင်းခြေ နတ်ဘီလူး၊ ပြိုင်ဘက်ကင်း နတ်ဘီလူး၊ အားနည်းချက် နတ်ဘီလူး၊ ပမာမခန့် နတ်ဘီလူး၊ မဟာည နတ်ဘီလူး၊ တွင်းနက် နတ်ဘီလူး၊ ပျက်သုဉ်းခြင်း နတ်ဘီလူး၊ နားခြောက်ဖက် နတ်ဘီလူး၊ မဟာဆန်းကြယ်စွမ်းအား နတ်ဘီလူးနဲ့ ခုနစ်ရောင်ခြယ် နတ်ဘီလူးတို့ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို စတင်ပြီး ပထမဆုံး လီဇိဇိုင်နဲ့ တိုက်ခိုက်ပါတယ်။ နတ်ဘီလူးဓမ္မရုပ်တု ၂၄၉ ပါးဟာ တစ်ပြိုင်နက်တည်း ပေါ်လာပြီး တိုက်ခိုက်တဲ့အတွက် လီဇိဇိုင်ဟာ အသက်ရှူကြိမ် သုံးကြိမ်အတွင်း ကိစ္စတုံးသွားပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ဟာ အကြိမ်ရာချီ တိုက်ခိုက်ပေမဲ့လည်း လီဇိဇိုင်ကို တစ်ချက်တည်း မသတ်နိုင်ပါဘူး။ လွတ်လပ်မှု စွမ်းအားက တော်တော်လေး အစွမ်းထက်ပြီး ဝိညာဉ်ကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။
လီဇိဇိုင်ရဲ့ မဟာတာအိုက ပုံရိပ်မဲ့ပေမဲ့ အတော်စွမ်းအားကြီးပါတယ်။ ဒါပေမဲ့ နတ်ဘီလူး ဓမ္မရုပ်တုတွေကိုတော့ မယှဉ်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ မဟာညီညွတ်မှု ရုပ်သွင်ကို မသုံးဘဲ စပြီးတော့ တိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဓမ္မရတနာတွေသုံးပြီး တိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ညာလက်မှာကိုင်ပြီး သတ်ဖြတ်ခြင်းတာအို တိုကင်ကို ဘယ်လက်မှာ ကိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ သူ့ရဲ့ အကောင်းစား ရတနာ အကောင်းလုံးကို အသုံးပြုပြီး ဆန်းကြယ်စွမ်းအားတွေကို အကုန်ထုတ်သုံးပါတယ်။
ဒီလို တိုက်ခိုက်တဲ့အခါမှာတော့ လီဇိဇိုင်က တစ်နာရီခံပါတယ်။
ဟန်ကျွယ်ဟာ မကျေနပ်နိုင်သေးပဲ ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။
လေးငါးဆယ်နှစ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ တိုက်ရည်ခိုက်ရည်ဟာ အရင်ကထက် အများကြီး တိုးတက်သွားပါတယ်။ အခုဆိုရင် ဟန်ကျွယ်ဟာ မဟာညီညွတ်မှုရုပ်သွင်ကို မသုံးဘဲ လီဇိဇိုင်ကို အသက်ရှူကြိမ် အကြိမ်သုံးဆယ်အတွင်း သတ်နိုင်သွားပါပြီ။
ဒီအဖြစ်ကနေ ဖောက်ထွက်အားတွေထဲမှာ မဟာညီညွတ်မှု ရုပ်သွင်က အကြမ်းတမ်းဆုံးဆိုတာ ယုံမှားဖွယ် မရှိပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးထံမှ သင်ကြားမှု ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ ရန်တုသည် လျှို့ဝှက်ဆန်းကြယ် မျိုးနွယ်စုတစ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၀၉၃၂၈
[သင့်သား ဟန်ထော်သည် အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်မှ ထွက်ပြေးသွားခဲ့သည်။]
[သင့်မိတ်ဆွေ လျူပေ့သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ရှီတုတောက်သည် သင့်မိတ်ဆွေ လီတောက်ခုံး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် သင့်မိတ်ဆွေ လောကဦး ယွမ်ဖီးနစ်ကို လွှတ်ပေးလိုက်သည်။]
[သင့်သား ဟန်ထော်သည် အဆုံးသတ်အပျက်အစီး နတ်ဘုံသို့ ဝင်ရောက်သွားသည်။]
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ဟန်ထော်က ဘယ်လိုလုပ်ပြီး လွတ်မြောက်သွားတာလဲ’ ဟန်ကျွယ်ဟာ ဟန်ထော်ကို ကယ်တင်ဖို့ စွန့်စားဖို့တောင် ဆုံးဖြတ်ထားတာပါ။
ဟန်ကျွယ်ဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်ပါတယ်။ အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်ထဲမှာ မရှိတော့တဲ့အတွက် ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ ကံနဲ့ အခြေအနေကို ဖမ်းဆုပ်မိပါတယ်။ ဒါပေမဲ့ အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင် ပါဝင်ပတ်သက်နေတဲ့အတွက် ဘာဖြစ်ခဲ့တယ်ဆိုတာကို အတိအကျ မတွက်ချက်နိုင်ပါဘူး။
“ဟန်ထော်က အမှောင်ဘုရင် တာအိုပညာရှိကို စောင့်ကြည့်နေတာလား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်အတွက် သက်တမ်း ၁၀ ဘီလီယံက ဘာမှမဟုတ်ပါဘူး။
[လောလောဆယ် မစောင့်ကြည့်ပါ။]
ဟန်ကျွယ်ဟာ ဒီအဖြေကို တွေ့ရတဲ့အခါမှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ သေချာ ပြန်စဉ်းစားကြည့်ရင် ဒါကလည်း သာမန်ပါပဲ။ အမှောင်ဘုရင် တာအိုပညာရှိက ဟန်ကျွယ်ကို သိစရာအကြောင်း မရှိပါဘူး။ ဒါကြောင့် ဟန်ကျွယ်ရဲ့သားကိုလည်း ဂရုစိုက်နေမှာ မဟုတ်ပါဘူး။
ဟန်ထော်ကို ဖမ်းတာကလည်း တိုက်ဆိုင်တာ ဖြစ်နိုင်ပါတယ်။ ဟန်ထော် လွတ်သွားပြီဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ စွန့်စားစရာ မလိုတော့ပါဘူး။ အမှောင်ဘုရင် တာအိုပညာရှိနဲ့ တိုက်ခိုက်ဖို့ကလည်း အချိန်ရွှေ့ထားလို့ ရသွားပါပြီ။
အရင်တုန်းက ဟန်ကျွယ်ဟာ အမှောင်ဘုရင် တာအိုပညာရှိက ကောင်းကင်တာအိုထဲ ဝင်ဖို့ နှစ်ပေါင်း တစ်ဘီလီယံ အချိန်ယူရမယ်လို့ တွက်ချက်ထားခဲ့ပါတယ်။ ဒါကြောင့် အခုအချိန်မှာ အမှောင်ဘုရင် တာအိုပညာရှိနဲ့ တိုက်ခိုက်ဖို့က အချိန်စောလွန်းနေပါသေးတယ်။
နှစ်တစ်ဘီလီယံကြာရင် ဟန်ကျွယ်ဟာ မဟာတာအိုကိုတောင် ဖိနှိပ်ဖို့ ယုံကြည်ချက် ရှိပါတယ်။ အမှောင်ဘုရင် တာအိုပညာရှိသာ ဘိုးဘေးရှီတျန်ထက် စွမ်းအားပိုကြီးတယ်ဆိုရင် ကောင်းကင်တာအို တည်ရှိနေတော့မှာတောင် မဟုတ်ပါဘူး။
နောက်ဆုံးပိတ် ပြောရရင် အမှောင်ဘုရင် တာအိုပညာရှိက စွမ်းအားကြီးပေမဲ့ တာအိုဖြတ်ကျော် ဆရာကြီးနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်ကိုတော့ မမီသေးပါဘူး။ နယ်ရုပ်အဆင့်မှာပဲ ရှိနေပါသေးတယ်။
ဟန်ကျွယ်ဟာ ရင်ထဲက အလုံးကြီး ကျသွားပြီမို့ တခြားအရာတွေကို အာရုံစိုက်ပါတယ်။
နှစ်ပေါင်း နှစ်သောင်း ကြာပြီးတဲ့နောက်မှာတော့ မုရုံချီဟာ အသွင်ပြောင်းလဲပြီးပါပြီ။ ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကို ရွှေ့ပြောင်းသွားလာပြီး မုရုံချီကို ထုတ်လိုက်ပါတယ်။
မုရုံချီဟာ မျက်လုံးဖွင့်လိုက်တယ်ဆိုရင်ပဲ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ရှိမနေတာကို တွေ့လိုက်ရတဲ့အတွက် အံအားမသင့်ဘဲ မနေနိုင်ပါဘူး။ အဲဒီနောက် မုရုံချီဟာ စိတ်လှုပ်ရှားသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရုပ်အင်အားက အရင်ကထက် အများကြီး ပိုသာလွန်နေလို့ပါပဲ။
ဒီလို သိသာလွန်းတဲ့ ခံစားချက်က အတော်လေး အားရကျေနပ်စရာ ကောင်းပါတယ်။ နောက်ဆုံးတော့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက အငယ်တွေရဲ့ အရည်အချင်းက ဘာဖြစ်လို့ တန်ဖိုးအထားဆုံးလဲဆိုတော့ မုရုံချီ နားလည်သွားပါပြီ။
အရည်အချင်းက ကျင့်ကြံမှုခရီးလမ်းမှာ အလွန်တရာမှာ အရေးပါ အရာရောက်နေတယ် မဟုတ်ပါလား။
မုရုံချီဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး သုံးကြိမ်သုံးခါ ရှိခိုးလိုက်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒီနေ့ကစပြီး မင်း ဒီမှာပဲ နေရမယ်၊ မင်းပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်က ဘာခန္ဓာကိုယ်လဲ သိလား”
မုရုံချီက မော့ကြည့်ပြီး မေးလိုက်ပါတယ် “ဘာခန္ဓာကိုယ်လဲ”
“ပဋိပက္ခ နတ်ဘီလူး”
မုရုံချီဟာ မျက်လုံးပြူးသွားပါတယ်။ မုရုံချီဟာ ပဋိပက္ခ နတ်ဘီလူးတွေနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို ကြားဖူးပါတယ် ‘ငါ့ ခန္ဓာကိုယ်ထဲမှာ ထိုးထွက်နေတဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားက ဒဏ္ဍာရီလာ မဟာတာအို စွမ်းအားလား…’
ဟန်ကျွယ်က ဆက်ပြောပါတယ် “အနာဂတ်မှာ ငါ ပဋိပက္ခ နတ်ဘီလူးတွေကို ထပ်ပြီး ဖန်တီးအုန်းမှာ၊ မင်းတို့အကုန်လုံး ဒီမှာနေပြီး ကျင့်ကြံအားထုတ်ရမယ်၊ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်မှ ထွက်ခွာရမယ်၊ ငါ မင်းကို ပဋိပက္ခ နတ်ဘီလူးတွေ ဦးဆောင်စေချင်တယ်၊ မင်း ဆန္ဒရှိရဲ့လား”
‘ဒီထက် ဖန်တီးအုန်းမှာ..’ မုရုံချီဟာ အံဩတကြီး ဖြစ်သွားပြီး အသက်ရှူ မြန်သွားပါတယ်။
“ကျွန်တော် ဆရာသခင်ကို စိတ်မပျက်စေရပါဘူး”
“ကောင်းပြီ၊ ငါ မင်းကို အနန္တကမ္ဘာမြင်ကွင်းကနေ သီခြားခွဲထုတ်လိုက်ပြီ၊ အခုအချိန်ကစပြီး မင်း ဒီမှာ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ပေတော့..”
“ဟုတ်ကဲ့ပါ”
မုရုံချီဟာ တုံးအတဲ့လူ မဟုတ်တဲ့အတွက် သူ့ဆရာသခင်က တိတ်ဆိတ်ဂိုဏ်းတောင် မသိတဲ့ အင်အားစုတစ်စုကို ပြုစုပြိုးထောင်ချင်နေမှန်း သဘောပေါက်လိုက်ပါတယ်။
မုရုံချီရဲ့ ရင်ထဲမှာ ကြည်ညိုလေးစားမှုတွေ ပြည့်နှက်သွားပါတယ် ‘ဆရာဘိုးဘိုးက ဆက်တိုက်ကို ဝှက်ဖဲတွေ ဖန်တီးနေတာပဲ’
တိတ်ဆိတ်ဂိုဏ်း အင်အားကြီးမားလာတာနဲ့အမျှ မတည်ငြိမ်တဲ့ အကြောင်းအရာတွေ ရှိလာမှာက မြေကြီးလက်ခတ်မလွှဲပါပဲ။ အရင်တုန်းက တာအိုဂိုဏ်း လောကကြီးကို အုပ်ချုပ်ခဲ့တာတောင် နောက်ဆုံး တာအိုဘိုးဘေးရဲ့ မျက်လုံးအောက်မှာပဲ ဂိုဏ်းကွဲသွားခဲ့ရပါတယ်။
ဒါ့အပြင် ပဋိပက္ခနတ်ဘီလူးတွေက ပဋိပက္ခရုပ်ခန္ဓာထက် အများကြီး ပိုစွမ်းပါတယ်။ ပဋိပက္ခနယ်မြေ ဆိုတာကလည်း ကောင်းကင်တာအိုက ဖန်တီးထားတာပါ။ ပဋိပက္ခရုပ်ခန္ဓာက ပဋိပက္ခ နတ်ဘီလူးတွေဆီမှာရှိတဲ့ အရည်အချင်းကို ဘယ်လိုမှ မမီပါဘူး။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး တာအိုဘုံကျောင်းတစ်ကျောင်း ဖန်တီးကာ လမ်းလျှောက် ဝင်လိုက်ပါတယ်။
မုရုံချီဟာ ဟန်ကျွယ်ကို မနှောင့်ယှက်ဘဲ ဒုတိယ တာအိုစက်ကွင်းကို လျှောက်ကြည့်ပါတယ်။ မုရုံချီဟာ တိတ်ဆိတ်ကျွန်းနဲ့ ခွဲခွာခဲ့ရတာ နှစ် ၁၀၀,၀၀၀ ကျော်ခဲ့ပါပြီ။ အခု ပြန်လည်မွေးဖွားပြီး တိတ်ဆိတ်ကျွန်းကို ပြန်ရောက်တာက မွေးရပ်မြေကို ပြန်ရောက်လာသလိုပါပဲ။ ခံစားချက်က စကားလုံးနဲ့ ဖော်ပြလို့ မရပါဘူး။ ကြုံဖူးတဲ့သူတွေပဲ သိနိုင်ပါလိမ့်မယ်။
ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်ပါတယ်။ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးက လူခေါင်းလောက်ကြီးပြီး ခုနစ်ရောင်ခြည် ဖြာထွက်ကာ အလွန်တရာ တောက်ပနေပါတယ်။
ဟန်ကျွယ်ဟာ ဘယ်ပဋိပက္ခ နတ်ဘီလူးကို ဖန်တီးရင် ကောင်းမလဲဆိုတာ စပြီးတော့ စဉ်းစားပါတယ်။ ဟန်ကျွယ်ရဲ့ ပထမရွေးချယ်မှုက ခွန်အား နတ်ဘီလူးပါ။ ဒါပေမဲ့ ဒဏ္ဍာရီလာ ခွန်အားနတ်ဘီလူးက ပန်ကူးပါ။ ပန်ကူးပုံရိပ်က ပြဿနာတွေ ဆောင်ယူလာမှာကိုလည်း ဟန်ကျွယ် ကြောက်နေပါတယ်။
ဟန်ကျွယ်ဟာ တခြား လူမသိသူမသိ နတ်ဘီလူးကို အရင်ဆုံး ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးက အနာဂတ်မှာ ပိုရလာမှာပဲ မဟုတ်ပါလား။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 606
? Views, Released on December 10, 2024