Switch Mode

Chapter – 604

အခန်း (၆၀၄) လွတ်လပ် တာအိုပညာရှိအဆင့်သို့ ထိုးဖောက်ခြင်း၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး
နှစ်သုံးထောင်ကျော် ကုန်ဆုံးသွားပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုနဲ့ လုံးဝပေါင်းစပ်သွားပြီး ရုပ်နာမ်နှစ်ပါးစလုံး အသွင်ပြောင်းလဲသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာလည်း အကန့်အသတ်ကို ရောက်ရှိသွားပြီး လွတ်လပ် တာအိုပညာရှိအဆင့်ရဲ့ အရံအတားကို အာရုံခံမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီအရံအတားကို ထိုးဖောက်လိုက်ပြီဆိုတာနဲ့ လွတ်လပ် တာအိုပညာရှိ ဖြစ်သွားတော့မှာပါ။ ဟန်ကျွယ်ဟာ ရပ်တန့်စရာ အကြောင်းမရှိတာကြောင့် တစ်ခါတည်း အဆင့်ထိုးဖောက်လိုက်ပါတယ်။
ပဋိပက္ခနက်ရဲ့ အမှောင်ထုထဲမှာ အလင်းရောင် တောက်ပနေတဲ့ အန္တိမမူလ မဟာတာအိုဟာ ရုတ်တရက် ကျုံ့ဝင်သွားပါတယ်။ အမှောင်ထုဟာ အလင်းရောင်ကို ဝါးမြိုပြီး အရာအားလုံး အကြွင်းမဲ့ မှောင်မိုက်သွားပါတယ်။ အန္တိမမူလ မဟာတာအို တစ်ခုလုံး ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားပါပြီ။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး အရင်ဆုံး ဒီနေရာနဲ့ ဝေးရာကို ပြေးပါတယ်။ ဟန်ကျွယ်ဟာ ခရီးနှင် နတ်ဘီလူးရဲ့ စွမ်းအားကို အသုံးပြုပြီး ပဋိပက္ခနက်ထဲကနေ လျင်မြန်စွာ ထွက်ပြေးပါတယ်။
ပြီးတော့မှ ဟန်ကျွယ်ဟာ အဆင့်စထိုးဖောက်ပါတယ်။
အန္တိမမူလ မဟာတာအို ပျောက်ကွယ်ပြီး အသက်ရှူကြိမ် နှစ်ဆယ် မပြည့်ခင်မှာပဲ အန္တိမမူလ မဟာတာအို ပျောက်ကွယ်သွားတဲ့နေရာမှာ ရုပ်သွင်တွေ တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။
“ဘာဖြစ်သွားတာလဲ၊ ဘာဖြစ်လို့ ဒီမဟာတာအိုက ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ”
“ငါလည်း မသိဘူး၊ တွက်ချက်တာ အရာမရောက်ဘူး”
“ဒါ ဘယ်သူ့လက်ချက်လဲ”
“ဒီမဟာတာအိုလိုမျိုး အရင်က မရှိခဲ့ဘူး၊ ငါတို့တွေ အရင်က ယူဖို့ ကြိုးစားခဲ့ပေမဲ့ အချည်းနှီးပဲ၊ စွမ်းအားပိုကြီးတဲ့ တည်ရှိမှုများ ပေါ်လာတာလား..”
“တာအိုဘိုးဘေးရဲ့ ဓမ္မရုပ်တုက အင်မော်တယ်ကမ္ဘာမှာ ပေါ်လာတယ်လို့ ကြားတယ်၊ တာအိုဘိုးဘေးများလား..”
“ဒီအတိုင်းဆို တော်‌တော် ပြဿနာတက်လိမ့်မယ်”
လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ လေးနက်တဲ့မျက်နှာနဲ့ အချင်းချင်း ဆွေးနွေးကြပါတယ်။
ဟန်ကျွယ်ဟာ စနစ်ရဲ့ တာအိုစက်ကွင်းထဲမှာမို့ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ တွက်ချက်မှုကို မကြောက်ပါဘူး။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေက တာအိုဖန်တီးရှင်အဆင့်ကို မကျော်တက်ဘူးဆိုရင်ပေါ့။
နှစ် ၇၀၀ ကြာပြီးနောက်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုနဲ့ ပေါင်းစပ်ပြီး လွတ်လပ် တာအိုပညာရှိ အဆင့်ကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ရဲ့ တည်ရှိမှုတစ်ခုလုံး ခဲသွားပြီး ဓမ္မစွမ်းအားနဲ့ ဝိညာဉ်နဲ့ အသွင်ပြောင်းလဲသွားပါတယ်။
မသိမသာနဲ့ ဟန်ကျွယ်ဟာ ရောင်ခြည် ၇ ပါးကနေ ဖြစ်ပေါ်လာတဲ့ တံတားရှည်ကြီးတစ်စင်းကို မြင်တွေ့လိုက်ရပါတယ်။ ဒီတံတားရဲ့ အစွန်းနှစ်ဖက်က အလွန်တရာ ဝေးကွာလှပြီး အဆုံးမဲ့အောင် ရှည်လျားလှပါတယ်။
ဒီခုနစ်ရောင်ခြည် တံတားပေါ်မှာတော့ ရုပ်သွင်တွေ မတ်တတ်ရပ်နေကြပါတယ်။ ဒီရုပ်သွင်တွေ အကုန်လုံးက အန္တိမမူလ မဟာတာအိုကို ကျင့်ကြံထားတဲ့သူတွေပါ။ သူတို့အကုန်လုံးဟာ ဓားတာအိုမြစ်ထဲက ကျင့်ကြံသူတွေလိုမျိုး အရပ်မျက်နှာ တစ်ဖက်တည်းကိုပဲ မျက်နှာမူထားကြပါတယ်။
ဒါတင်မကသေးဘဲ ဟန်ကျွယ်ဟာ ပဋိပက္ခတစ်ခုလုံး၊ သူ့ရဲ့ ဘဝဟောင်းနဲ့ လက်ရှိဘဝကိုပါ မြင်တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ရဲ့ အမြင်ဟာ စကားလုံးနဲ့ ဖော်ပြလို့ မရတဲ့အထိ အလွန်တရာမှ ကြီးမားကျယ်ပြန့်ပြီး သိမ်မွေ့နူးညံသွားပါတယ်။
အချိန်အတော်ကြီး ကြာသွားမှ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်တဲ့ အခြေအနေကနေ နိုးထလာပါတယ်။ ဟန်ကျွယ် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး သူ့ရှေ့က စာကြောင်းသုံးကြောင်းကို ကြည့်လိုက်ပါတယ်။
[သင် လွတ်လပ် တာအိုပညာရှိ အဆင့်သို့ ရောက်ရှိသွားကြောင်း စစ်ဆေးမိသဖြင့် အောက်ပါ ရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ပဋိပက္ခတွင် တာအိုဟောကြား၍ အန္တိမမူလ မဟာတာအိုအာား ဖြန့်ကျက်ကာ မဟာတာအိုသုံးထောင်၏ ဦးဆောင်တာအို ဖြစ်စေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ကောင်းကင် တာအိုပညာရှိအဆင့် တာအိုအစောင့်တစ်ပါးအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ သင်၏ မူလ ရည်ရွယ်ချက်ကို ဆက်ထိန်းသိမ်းပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးက ဘာလဲဟ..’
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် နံပါတ်နှစ်ကိုပဲ ရွေးချယ်လိုက်ပါတယ်။ ပဋိပက္ခနက်ထဲမှာ ခဏနေပြီးနောက် ဟန်ကျွယ်ဟာ လွတ်လပ် တာအိုပညာရှိက စွမ်းအားမကြီးဘူးလို့ ခံစားလိုက်ရပါတယ်။ ဒီထက် စွမ်းအားပိုကြီးတဲ့ တည်ရှိမှုတွေက ပဋိပက္ခနက်ထဲမှာ ပုန်းအောင်းနေတာ မဟုတ်ပါလား။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ တာအိုပညာရှိ အစောင့်တစ်ပါးနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိပါသည်။]
[ကောင်းကင် တာအိုပညာရှိအဆင့် – တာအိုအစောင့်: အသွင်တူ လက်ရည်စမ်းပွဲထဲရှိ ကောင်းကင် တာအိုပညာရှိအဆင့် ရှိသည့် ပစ်မှတ်ကို ပုံတူကူးပြီး အစောင့်ထားနိုင်သည်။ တာအိုအစောင့်သည် တာအိုစက်ကွင်းထဲမှ တစ်နာရီကျော် ဝေးကွာ၍ မရပါ။ ဝေးကွာခဲ့ပါက တစ်ခါတည်း အရည်ပျော်ကျသွားလိမ့်မည်။]
[ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး: မည်သည့်အရာကိုမဆို အချိန်တစ်ခုအတွင်း သက်ရှိအဖြစ် အသွင် ပြောင်းလဲနိုင်သည်။ ဤကျောက်တုံးဖြင့် ဖန်တီးထားသော သက်ရှိသည် သင့်စကားကို နားထောင်လိမ့်မည်။ သင်သည် ထိုသက်ရှိ၏ သေခြင်းရှင်ခြင်းကို ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးမှ တစ်ဆင့် ထိန်းချုပ်နိုင်သည်။]
ဟန်ကျွယ်ဟာ ရှင်းပြချက်ကို ဖတ်ပြီး ချက်ချင်း နတ်ဘီလူးချီကို တွေးမိသွားပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူး မမွေးလာနိုင်မှာကို စိုးရိမ်နေတာပါ။ တိုက်ဆိုင်စွာပဲ စနစ်က ဟန်ကျွယ်ကို ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး ပေးလာပါတယ်။
ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်ရင် စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်လို့သာ အလုပ်ဖြစ်မယ်ဆိုရင် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးက အနာဂတ်မှာ ဟန်ကျွအတွက် အကြီးမားဆုံး ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာမှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၁၂၆,၄၅၅/၁,၀၀၂,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: လွတ်လပ်မှု လောကဦးပဋိပက္ခ ကနဦးအဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ အဆတစ်ရာနီးပါး တိုးသွားပါတယ်။ တကယ်ကို အားရ ကျေနပ်စရာ ကောင်းပါတယ်။ သက်တမ်း အများကြီး တိုးတက်သွားမှုကြောင့် ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပါတယ်။
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို အိပ်မက်ပေးပြီး ဆင့်ခေါ်ပညာရပ် သုံးခိုင်းလိုက်ပါတယ်။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ အကြောင်းရင်းကို နားမလည်ပေမဲ့ ဟန်ကျွယ်ခိုင်းတဲ့အတိုင်း လုပ်ပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းထဲကနေ ခုန်ထွက်ပြီး တိတ်ဆိတ်ကျွန်းကို အင်္ကျီလက်စထဲ ထည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သူ့နောက်မှာ ပေါ်လာတဲ့ ဝဲကတော့နက်ထဲ ဝင်လိုက်ပါတယ်။
ဆင့်ခေါ်ပညာရပ်ရဲ့ အာကာသဆုံမှတ်က အသုံးပြုသူ မဖျက်မချင်း ဟန်ကျွယ်နောက်ကို လိုက်ပါတယ်။
ဝဲကတော့နက်ကို ဖြတ်ပြီး ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ ခန်းမဆီကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ ဝဲကတော့နက် ရှိနေသေးတာကို တွေ့လိုက်ရတဲ့အတွက် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို ပြန်လှည့်ကြည့်ပြီး ပြောလိုက်ပါတယ် “ဆင့်ခေါ်ပညာရပ်ကို ဖျက်လိုက်တော့…”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဟန်ကျွယ် ခိုင်းတဲ့အတိုင်း ချက်ချင်း လုပ်ပါတယ်။
ဝဲကတော့နက်ဟာ ကျုံ့ဝင်သွားပါတယ်။ ဝဲကတော့နက် ပျောက်ကွယ်ခါနီးမှာ အလွန်တရာမှ ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါတစ်ခု ပေါ်လာပါတယ်။
ဟန်ကျွယ် မျက်နှာပျက်သွားပါတယ် ‘ဒီရောင်ဝါက… ပဋိပက္ခနတ်မင်း၊ မဟာတာအို နတ်စိတ်ဝိညာဉ်ရဲ့ ရောင်ဝါပဲ..’
ကံကောင်းထောက်မစွာပဲ ဝဲကတော့နက်က အချိန်မီ ပိတ်သွားတဲ့အတွက် ကြောက်မက်ဖွယ် ရောင်ဝါဟာ ပျောက်ကွယ်သွားပါတယ်။ ထိတ်လန့် တုန်လှုပ်သွားတဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ကြောက်လန့်တကြား မေးလိုက်ပါတယ် “ခုနက ရောင်ဝါက…”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဒီလိုမျိုး ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါကို ဘယ်တုန်းကမှ မခံစားဖူးပါဘူး။ တာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်းဆီသွားပြီး တာအိုနားထောင်ရင် ကြုံတွေ့ရတဲ့ ကျယ်ပြောလှတဲ့ ရောင်ဝါတောင် ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါရဲ့ ခြေဖျားကို မမီပါဘူး အဲဒီအချိန်မှာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ သေသွားပြီလို့တောင် ခံစားလိုက်ရတာပါ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဘာမှမဟုတ်ဘူး၊ လျှောက်မတွေးနဲ့၊ မဟုတ်ရင် တစ်ဖက်လူက မင်းကို မှတ်မိသွားလိမ့်မယ်”
မဟာတာအို နတ်စိတ်ဝိညာဉ်ရဲ့ အာရုံခံနိုင်စွမ်းက တကယ်ကို ကြောက်ဖို့ကောင်းတာပါ။ တစ်ယောက်ယောက်က သူ့ကို တွေးနေရင်တောင် အာရုံခံနိုင်ကောင်း အာရုံခံနိုင်လောက်ပါတယ်။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မြေအင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်တာအိုငယ်လေးက သူ့ကို ငြင်းဆန်နေတာကို ခံစားမိလိုက်ပါတယ်။ ဒါပေမဲ့ ဒီငြင်းကန်အားက သိပ်တော့ မပြင်းပါဘူး။
ဟန်ကျွယ်သာ မြေအင်မော်တယ်ကမ္ဘာမှာ ခပ်ကြာကြာနေမယ်ဆိုရင် မြေအင်မော်တယ်ကမ္ဘာက ကွဲကြေထွက်သွားနိုင်ပါတယ်။
“ဘာမှမဖြစ်ဘူး၊ အားလုံး အဆင်ပြေတယ်၊ ဆက်ကျင့်ကြံချည်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ နေဆီ တစ်ချက်တည်း ခုန်သွားပြီး တိတ်ဆိတ်ကျွန်းကို နေထဲမှာ ဖွက်လိုက်ပါတယ်။ အဲဒီနောက် တိတ်ဆိတ်ကျွန်းထဲကို ပြန်ခုန်ဝင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုအစောင့် အသစ်ကို ဒုတိယ တာအိုစက်ကွင်းမှာထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လီမုယဲ့ကို စပြီးတော့ ပုံတူကူးပါတယ်။
ကောင်းကင်အရှင်ဝူဖာက ကျွန်ပြုခံရပြီးနောက် လွတ်လပ်မှု လောကဦးပဋိပက္ခအဆင့်ကို ပြန်ရောက်သွားတဲ့အတွက် ကောင်းကင်တာအို ပညာရှိ အဆင့်မှာ မဟုတ်ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရွှေ့ပြောင်း သွားလာလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်မှာထိုင်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။
‘နောက်ဆုံးတော့ ပြီးသွားပြီ… ဒီတစ်ခေါက် ခရီးက တကယ်ကို အန္တရာယ်များတယ်’ ဟန်ကျွယ်ဟာ ဒီလိုမျိုး ခရီးကို နောက်တစ်ခေါက် ထပ်မသွားချင်တော့ပါဘူး။
[ပဋိပက္ခနတ်မင်းသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]
ဟန်ကျွယ်ဟာ အသိပေးချက်ကို မြင်တဲ့အခါမှာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ခွေးမသား… သတ္တိရဲရင် ငါ့ကို လာသတ်လေ..’
‘မင်းက ငါ့ကို အကြောင်းအရင်း မရှိဘဲ မုန်းတီးရဲတယ်ပေါ့၊ ရတယ်လေ… ငါ့ရဲ့ ကြမ္မာဆိုးစာအုပ်ကလည်း မသုံးတာကြာလို့ ဖုန်တက်နေတာ… ထပ်ပြီးတော့ သုံးပေးရတာပေါ့..’
ဟန်ကျွယ်ဟာ စိတ်အခြေအနေကို တည်ငြိမ်အောင်လုပ်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်ဖို့ပဲ အာရုံစိုက်ခဲ့တာမို့ စာစောင်တွေ မဖတ်ဖြစ်တာတောင် အတော်ကြာသွားပါပြီ။
သူ့ရှေ့မှာ တစ်စောင်ပြီးတစ်စောင် ပေါ်လာတဲ့ စာစောင်တွေကို ဖတ်ရင်း ဟန်ကျွယ်ဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပါတယ်။
[သင့်သားဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်သားဟန်ထော်သည် အမှောင်ထုစွမ်းအား၏ ကျူးကျော်မှုကြောင့် ဝိညာဉ် ထိခိုက်သွား၏။]
[သင့်သားဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တာအိုဟောကြားမှုကြောင့် တာအိုနှလုံးသား ထိခိုက်သွား၏။]
ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ ဟန်ထော်က အင်မော်တယ်ကမ္ဘာမှာ ရှိမနေတာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ ဟန်ကျွယ်လည်း လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ မျက်နှာ နည်းနည်း ပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ထော် ဘယ်မှာရှိလဲဆိုတာကို တွက်ချက်လို့ မရလို့ပါ။
“ဟန်ထော် ဘယ်မှာရှိနေလဲဆိုတာ ငါ သိချင်တယ်” ဟန်ကျွယ်ဟာ ချက်ချင်း ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ကောက်သုံးလိုက်ပါတယ်။
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ သူ့သားကို ဘယ်သူဖမ်းသွားလဲဆိုတာ မြင်တွေ့ချင်နေပါတယ်။
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ အလွန်ကြီးမားတဲ့ ဧရာမလှောင်ချိုင့်တစ်ခုဆီ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဒီလှောင်ချိုင့်ထဲမှာ သက်ရှိဒါဇင်ကျော်ကို ဖမ်းချုပ်ထားပါတယ်။ ထောင့်တစ်နေရာမှာတော့ စိတ်ဓာတ်ကျနေတဲ့ ဟန်ထော်နဲ့ ယီတျန်ကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset