အခန်း (၆၀၂) ပဋိပက္ခအဖွဲ့၊ နှစ်တစ်သောင်း
နက်ရှိုင်းတဲ့ ပဋိပက္ခမှာ အချိန်ဆိုတာက ဘာအဓိပ္ပာယ်မှ မရှိတဲ့ အရာတစ်ခု ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ နိုးထလာတဲ့အချိန်မှာ နှစ်တစ်ထောင် ကုန်ဆုံးသွားပြီဆိုပေမဲ့ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကနေ မခွာနိုင်အောင် ဖြစ်နေပါတယ်။
ဟန်ကျွယ်က အန္တိမမူလ မဟာတာအိုကို ဖန်တီးခဲ့ပြီး ဆက်တိုက်ဆိုသလို သုံးသပ်နားလည်နေခဲ့ပေမဲ့ အမှန်တကယ် ပေါင်းစပ်လိုက်မှပဲ အန္တိမမူလ မဟာတာအိုရဲ့ စွမ်းအား အစစ်အမှန်ကို အာရုံခံမိလိုက်ပါတယ်။
ဒီစွမ်းအားက ကောင်းကင်တာအိုပညာရှိ အဆင့်ထက် အများကြီး ပိုသာပါတယ်။ ဘယ်နိယာမရဲ့ ကန့်သတ်ခြင်းကိုမှ မခံရပါဘူး။ ကောင်းကင်တာအိုနဲ့ မဟာတာအိုတောင် ဒီစွမ်းအားကို မထိန်းချုပ်နိုင်ပါဘူး။ ဒါကမှ လွတ်လပ် တာအိုပညာရှိအဆင့်ပါ။
ဟန်ကျွယ်ဟာ အခြေခံကို နားလည်ထားပြီးသားမို့ အန္တိမမူလ မဟာတာအိုနဲ့ ပေါင်းစပ်တဲ့ ဖြစ်စဉ်ကို လွယ်လွယ်ကူကူပဲ ဝင်ရောက်သွားပါတယ်။ ဒါပေမဲ့ လွတ်လပ် တာအိုပညာရှိအဆင့်ကို ရောက်ဖို့က ဘယ်လောက် ကြာမလဲဆိုတာ ဟန်ကျွယ်ကိုယ်တိုင်လည်း မခန့်မှန်းတက်ပါဘူး။
ဒီဖြစ်စဉ်က အချိန်အများကြီး ယူရမှာပါ။ သာမန်အဆင့်လေး တစ်ခုမဟုတ်ပဲ အဆင့်ကြီးတစ်ခုကို ထိုးဖောက်တာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကနေ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပြီးတော့ ရွှေ့ပြောင်းသွားလာ လိုက်ပါတယ်။ အဲဒီနောက် ဖူစန်းသစ်ပင်ဆီ လျှောက်သွားပြီး သူ့တပည့်တွေကို အကဲခတ်လိုက်ပါတယ်။
နေ့ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကို ပြန်ပြီး တာအိုပေါင်းစပ်တာကို ပြန်စပါတယ်။
ဟန်ကျွယ် ဒီလိုလုပ်တာက သူ့တပည့်တွေ သူမရှိတော့ဘူးထင်ပြီး တခြားတာအိုပညာရှိတွေရဲ့ မီးလောင်ရာ လေပင့်စကားတွေကို နားယောင်မှာစိုးလို့ ဖြစ်ပါတယ်။ တာအိုစက်ကွင်းက တာအိုပညာရှိတွေကို ဟန့်တားနိုင်ပေမဲ့ အိပ်မက်ပေးတာကိုတော့ ဟန့်တားနိုင်စွမ်း မရှိပါဘူး။
ဟန်ကျွယ်ဟာ တာအိုပေါင်းစပ်တာကိုပဲ စိတ်နှစ်မြှုပ်လိုက်တဲ့အတွက် အရာအားလုံးကို မေ့လျော့သွားပါတယ်။
အမှောင်ထုထဲမှာ မရေမတွက်နိုင်တဲ့ ဥက္ကာခဲတွေဟာ အချင်းချင်း ဝန်းရံနေကြပြီး ဗဟိုမှာတော့ ကျောက်တုံးကျွန်းတစ်ကျွန်း တည်ရှိနေပါတယ်။ ဒီကျွန်းပေါ်က အမြင့်မသိနိုင်တဲ့ အနက်ရောင် အလင်းတိုင် တစ်တိုင်ဟာ ဒီကျွန်းနဲ့ အမှောင်ထုကို ဆက်သွယ်ပေးထားပါတယ်။ ဒီအနက်ရောင် အလင်းတိုင်ရဲ့ရှေ့မှာ လီဇိဇိုင်ဟာ မြေပြင်ပေါ် ဒူးထောက်နေပါတယ်။
သေချာဂရုတစိုက် ကြည့်မယ်ဆိုရင် ကြံ့ခိုင်တောင့်တင်းတဲ့ ရုပ်သွင်တစ်ခုက ဒီအနက်ရောင် အလင်းတိုင်ထဲက ကျောက်တုံးကုလားထိုင်ပေါ်မှာ ကျကျနန ထိုင်နေတာကို တွေ့မြင်နိုင်ပါတယ်။ ဒီရုပ်သွင်ကနေ ထုတ်လွှတ်နေတဲ့ ဖိအားက အလွန်တရာမှ ကြီးမားပြီး အလွန်တရာမှ ကြောက်ဖို့ ကောင်းလှပါတယ်။ ဒီရုပ်သွင်ရှေ့မှာ ဒူးထောက်နေတဲ့ လီဇိဇိုင်ဟာ မော့တောင် မကြည့်ရဲပါဘူး။
“ဒီမဟာတာအိုက လျှို့ဝှက်ဆန်းကြယ်လွန်းတယ်၊ ဆက်ပြီးတော့ စောင့်မကြည့်တော့နဲ့၊ ပဋိပက္ခနက်ထဲက အဘိုးကြီး တော်တော်များများလည်း ဒီဟာကို စိုက်ကြည့်နေကြတာ၊ မင်းမှာ အခွင့်အရေးတစ်စက်တောင် ရှိမှာ မဟုတ်ဘူး” အသံဩဩကြီးတစ်သံ ထွက်ပေါ်လာပါတယ်။
လီဇိဇိုင်ဟာ မျက်မှောင်ကြုတ်သွားပေမဲ့ ခပ်တိုးတိုး ပြန်ဖြေလိုက်ပါတယ် “ကျွန်တော် နားလည်ပါပြီ”
အသံဩဩကြီးက ဆက်ပြောပါတယ် “အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာ ဝရုန်းသုန်းကား ဖြစ်နေတယ်၊ တာအိုမိစ္ဆာတွေက နေရာတကာ လျှောက်သောင်းကျန်းနေတယ်၊ မင်း သွားပြီး စုံစမ်းချည်၊ ဒီနောက်ကွယ်မှာ အကြံအစည်တစ်ခုခု ရှိနေလိမ့်မယ်လို့ ငါ သံသယဝင်မိတယ်”
“ပန်ကူး လောကကြီးကို ဖန်တီးပြီးကတည်းက ခေတ်တွေ အများကြီး ကုန်ဆုံးခဲ့ပြီ၊ ကောင်းကင်တာအိုပဲ ဖြစ်ဖြစ် မဟာတာအိုပဲဖြစ်ဖြစ် သူတို့တွေ ပဋိပက္ခကို ၁၀၀ ရာခိုင်နှုန်း နေရာမယူနိုင်ကြဘူး၊ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး”
လီဇိဇိုင်က မော့ကြည့်လိုက်ပါတယ် “အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကို အရှင် ဘယ်လိုထင်ပါသလဲ”
“အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံကို အဖျက်ဆီးခံလို့ မဖြစ်ဘူး”
“ကောင်းကင်တာအိုက နေရာကျုံ့နေတာ ကြာပြီ၊ အဆုံးအသတ်အပျက်အစီးရဲ့ နတ်ဘုံသာ ပျက်ဆီးသွားတာနဲ့ ကောင်းကင်တာအိုလည်း သိပ်မကြာခင်မှာ ပဋိပက္ခအဖွဲ့ရဲ့ ဝါးမြိုတာကို ခံရလိမ့်မယ်၊ ပန်ကူး လုပ်ခဲ့သမျှလည်း သဲထဲရေသွန် ဖြစ်လိမ့်မယ်၊ ပဋိပက္ခအမှောင်ထု ပြန်ပေါ်လာပြီး အရာအားလုံးလည်း ပျက်စီးလိမ့်မယ်”
“ပဋိပက္ခအဖွဲ့ထဲမှာ ဘယ်သူတွေ ရှိနေလို့လဲ၊ ကျွန်တော်တော့ ပဋိပက္ခနတ်မင်းပဲ သိတယ်”
“မင်း ပုံရိပ်ယောင်ကို ထိုးဖောက်မြင်တဲ့ အချိန်ကျရင် နားလည်လာလိမ့်မယ်”
အနက်ရောင် အလင်းတိုင်ထဲက ကြံ့ခိုင်းတောင့်တင်းတဲ့ ရုပ်သွင်ဟာ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပါတယ်။
လီဇိဇိုင်ဟာ မော့ကြည့်လိုက်ပါတယ်။
သရဲမြူခိုးတွေကြားက ကြံ့ခိုင်တောင့်တင်းတဲ့ ရုပ်သွင်ဟာ အသံဩဩကြီးနဲ့ ထပ်ပြောပြန်ပါတယ် “လောကဦး နတ်ဘီလူးကိုရှာ၊ ပဋိပက္ခအင်အားစုတွေကလည်း သူ့ကို ရှာနေကြတယ်၊ ငါတို့တွေ သူ့ကို အရင်ဆုံး ရှာတွေ့မှ ဖြစ်မယ်”
အဲဒီနောက် အနက်ရောင် အလင်းတိုင်ဟာ ကျုံ့ဝင်ပြီး ပျောက်ကွယ်သွားပါတယ်။
လီဇိဇိုင်လည်း နေရာကနေ ထပြီး ထွက်ခွာသွားပါတယ်။
အချိန်ဟာ ပုံမှန်ကုန်ဆုံးပြီး တစ်နှစ်ပြီး တစ်နှစ် လွန်မြောက်သွားလိုက်တာ မျက်တောင် တစ်ခတ်အတွင်း နှစ်တစ်သောင်း ကြာသွားပါတယ်။
ဟန်ကျွယ်ဟာ အသက် ၁၁၀,၀၀၀ ပြည့်သွားပေမဲ့ စနစ်ရဲ့ ရွေးချယ်မှု ပေးတာကို မရပါဘူး။ ကြည့်ရတာ စနစ်ပေးတဲ့ ရွေးချယ်မှုက နှစ် ၁၀၀,၀၀၀ ပြည့်မှပဲ ပေါ်လာတော့မယ်နဲ့ တူပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ နတ်အလင်းရောင်တွေ ပြည့်နှက်နေပါတယ်။ ဒီအလင်းရောင်တွေက နေလ ယင်ယန် အကာအကွယ်ရဲ့ တောက်ပတဲ့ အလင်းရောင်တွေ မဟုတ်ပါဘူး။ မဟာတာအိုရဲ့ အလင်းရောင်တွေပါ။
အန္တိမမူလ မဟာတာအိုနဲ့ ပေါင်းစပ်တဲ့ ဖြစ်စဉ်က တစ်ဝက်ကျော် ပြီးစီးသွားပါပြီ။ အန္တိမမူလ မဟာတာအိုရဲ့ မျက်နှာပြင်မှာ ဘာမှထူးခြားတာ မရှိပေမဲ့ အတွင်းပိုင်းမှာတော့ ဟန်ကျွယ် ဖြစ်လုနီး ဖြစ်နေပါပြီ။
နောက်ထပ် အများဆုံး နှစ်တစ်သောင်းအတွင်း ဟန်ကျွယ်ဟာ လွတ်လပ် တာအိုပညာရှိ ဖြစ်လာပြီး ကောင်းကင်တာအိုကို ကျော်လွန်နိုင်တော့မှာပါ။
ဟန်ကျွယ်ဟာ အချိန်ယူပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကောင်းကင်တာအို၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ရန်တုသည် လျှို့ဝှက်ဆန်းကြယ် မျိုးနွယ်စုတစ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၇၆၂၉၂၀၁
[သင့်သား ဟန်ထော်သည် ဗုဒ္ဓဂိုဏ်းမှ နတ်မင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်တာအိုမူလ စွမ်းအားနှင့် ပေါင်းစပ်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး တာအိုနှလုံးသား ထိခိုက်သွား၏။]
[သင့်မိတ်ဆွေ ဧကရာဇ်ရှောင်သည်…]
‘လီတောက်ခုံးက ဘာဖြစ်လို့ ကောင်းကင်တာအို တိုက်ခိုက်တာကို ခံရတာလဲ… ကောင်းကင်တာအို စိတ်ဝိညာဉ်က အင်မော်တယ်ကမ္ဘာမှာရှိတဲ့ သက်ရှိတွေကို ခန္ဓာသိမ်းနိုင်သွားလို့လား…’
ရန်တု အတိုက်ခိုက်ခံရတဲ့ အရေအတွက်က များတာထက်ကို ပိုပါတယ်။ အရင်တစ်ခေါက် အိပ်မက်ပေးပြီးကတည်းက ရန်တုဟာ ဟန်ကျွယ်အပေါ် အကောင်းမြင်စိတ် ရှိလာခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရန်တုရဲ့ မျက်နှာသာပေးမှုက တိုးလာတဲ့အတွက် အခုဆိုရင် ကြယ်ငါးပွင့်ခွဲကိုတောင် ရောက်နေပါပြီ။ ကြည့်ရတာ ရန်တုရဲ့ အတွေ့အကြုံတွေနဲ့ ဆက်စပ်နေပုံပါပဲ။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက တိုက်ခိုက်တာကို သတိထားမိလိုက်ပါတယ်။ တိုက်ခိုက်ခံရတာ တာအိုပညာရှိ တစ်ပါးတည်း မဟုတ်ပါဘူး။ တာအိုပညာရှိအကုန်လုံး လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရကုန်တာပါ။ ကြည့်ရတာ ဒီလျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်က အမှောင်ဘုရင် တာအိုပညာရှိ ဖြစ်နိုင်ပါတယ်။
တာအိုပညာရှိတွေကို ဒဏ်ရာရအောင် လုပ်မဲ့လူက အမှောင်ဘုရင် တာအိုပညာရှိကလွဲရင် ကျန်တဲ့လူကို ဟန်ကျွယ် စဉ်းစားမရပါဘူး။
အကျဉ်းချုပ်ရရင် ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေ အကုန်လုံး အဆင်ပြေနေကြပါတယ်။ တစ်ယောက်မှ မသေသေးပါဘူး။
ကပ်ဘေးပြီးဆုံးပြီးနောက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ တပည့်တစ်သန်းကျော်ကလွဲရင် အနန္တကမ္ဘာမှာရှိတဲ့ သက်ရှိတွေဟာ ဟန်ကျွယ်ကို တစ်ခါမှ မမြင်ဖူးကြပါဘူး။ ဒါကြောင့် ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေကလည်း စွမ်းအားကြီးတဲ့လူတွေချည်းပါပဲ။ ဒေသတစ်ခုကို အုပ်စိုးရင်အုပ်စိုး မအုပ်စိုးရင်လည်း သေဖို့ခက်တဲ့ အသက်ပြင်းတဲ့သူတွေချည်းပါပဲ။
ဟန်ကျွယ်ဟာ တစ်ခဏ စဉ်းစားပြီးနောက် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်ထဲမှာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အတော် စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ဒူးထောက်ကာ ဦးညွှတ်လိုက်ပါတယ် “သခင်… နောက်ဆုံးတော့ ကျွန်တော်ကို လာရှာပြီပဲ”
“ဒီကြားထဲ ပြဿနာတွေ့သေးလား”
“အနန္တအာသာ အင်အားစုရဲ့ ပစ်မှတ်ထားတာကို ခံရတယ်၊ ဒီအနန္တအင်အားစုကလည်း တာအိုပညာရှိ နောက်ခံရှိတယ်၊ ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိက ကျွန်တော်တို့ကို သူ့တို့နဲ့ မတိုက်ခိုက်ဘဲ ရှောင်ဖို့ ပြောထားတယ်၊ ဒါပေမဲ့ ဒီအနန္တအာကာ အင်အားစုက ကျွန်တော်တို့ကို အမြဲတမ်း ပစ်မှတ်ထားနေတယ်”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပေမဲ့ အနန္တအာကာသဆိုတဲ့ နာမည်ကို ကြားလိုက်ရတဲ့အတွက် သိပ်ပြီးတော့ မအံဩပါဘူး။ လွမ်ဟွေအာကာသကလည်း အဆုံးသတ်အပျက်အစီး နတ်ဘုံက စွမ်းအားကြီးပုဂ္ဂိုလ် တချို့ကို လိုက်တုထားတာ မဟုတ်ပါလား။
ဒါပေမဲ့ အနန္တအာကာသက သူ့လမ်းကို လာပိတ်နေတဲ့အတွက် ဟန်ကျွယ်ဟာ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှာရပါမယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “အနန္တအာကာသ နောက်မှာရှိတဲ့ တာအိုပညာရှိက ဘယ်သူလဲ”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က မတက်နိုင်တဲ့ လေသံနဲ့ ပြန်ဖြေပါတယ် “ကျွန်တော်လည်း မသိဘူး”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ လွမ်ဟွေအာကာသထဲမှာ ဘုန်းတန်ခိုးကြီးမားပြီး အရာအားလုံးကို အထင်သေးစွာ ငုံံ့ကြည့်နိုင်တဲ့ တည်ရှိမှုဆိုပေမဲ့ တာအိုပညာရှိရှေ့မှာတော့ နယ်ရုပ်တစ်ရုပ်သာသာပါ။ နယ်ရုပ်က ဘယ်လိုလုပ်ပြီး ကစားပွဲအပြင်ဘက်က အခြေအနေကို မြင်နိုင်မှာလဲ။
“လွမ်ဟွေ အာကာသ အတွင်းထဲမှာရော… တိုးတက်မှု ဘယ်လိုရှိလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“လွမ်ဟွေသမား တစ်သန်းကျော်က အင်မော်တယ်အဆင့်ကို ရောက်သွားကြပြီ၊ သိပ်တော့ မဆိုးဘူး၊ ကမ္ဘာမြေက မြေအင်မော်တယ်ကမ္ဘာရဲ့ အမွေခံလို့ပြောဖို့ ထိုက်တန်တယ်၊ ကျွန်တော်တို့တွေ အချိန်မြစ်ကနေ ထူးချွန်ထက်မြက်တဲ့ လွမ်ဟွေသမား တော်တော်များများကို ရွေးချယ်နိုင်ခဲ့တယ်၊ တချို့ လွမ်ဟွေသမားတွေက လူသားဧကရာဇ် ကံတရား အထောက်အပံ့နဲ့ မွေးဖွားလာကြတာဆိုတော့ ကျင့်ကြံမှုလမ်းစဉ်ပေါ် ရောက်ပြီးမှာ တားမရ ဆီးမရပဲ၊ ဥပမာပေးရရင် သိရှင်း၊ ယင်ကျန့်၊ ဟန်ဝူတိ၊ လီရှီမင်၊ ကျောက်ခွမ်းနဲ့….”
လွမ်ဟွေ အင်မော်တယ် ဧကရာဇ်ဟာ လွမ်ဟွေအာကာသရဲ့ တိုးတက်မှုတွေကို စပြောပါတယ်။
ဟန်ကျွယ်ဟာ ဟန်ဧကရာဇ်နဲ့ တခြားဧကရာဇ်တွေမှာ လူသားဧကရာဇ် ကံတရား အထောက်အပံ့ရှိလို့ အံအားသင့်ခြင်း မရှိပါဘူး။ လူသားဧကရာဇ် ကံတရား အထောက်အပံ့က သိပ်တန်တာ မဟုတ်ပါဘူး။ ရှင်းဟုန်ရွှမ်ဆီမှတောင် ရှိတယ် မဟုတ်ပါလား။
ဒါက မျိုးနွယ်စုတစ်စုရဲ့ ကံတရား အထောက်အပံ့ သက်သက်ပါ။ နောက်ပြီး လူသားတွေက ကောင်းကင်တာအို မျိုးနွယ်စု မဟုတ်တော့ပါဘူး။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဆီကနေ ရန်တုက လွမ်ဟွေအာကာသရဲ့ ထိပ်တန်းတည်ရှိမှု ဖြစ်လာတာကို ဟန်ကျွယ် သိလိုက်ရပါတယ်။ ရန်တုဟာ အထက်နတ်ဘုရား ၁၂ ပါးပြီးရင် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ မျက်နှာသာ အပေးခံရဆုံး လူတစ်ယောက် ဖြစ်နေပါပြီ။
ရန်တု ပထမနေရာကို မရတဲ့ အကြောင်းကတော့ ရွမ်လိန့်ကျောင်းတော်ကလည်း စွမ်းအားကြီး လွမ်ဟွေသမားတစ်ယောက်ကို ပြုစုပြိုးထောင်ခဲ့လို့ပါပဲ။ သူတို့တွေဟာ အကြိမ်များစွာ တိုက်ခိုက်ခဲ့ပေမဲ့ နှစ်ဖက်စလုံး အနိုင်ရတဲ့အခါလည်း ရှိသလို ရှုံးတဲ့အခါလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် လက်ရည်ညီမျှတယ်လို့ ပြောလို့ရပါတယ်။
ဟန်ကျွယ်က ရုတ်တရက် မေးလိုက်ပါတယ် “လွမ်ဟွေအာကာသ မြေအင်မော်တယ်လောကကို ဘယ်အချိန်မှာ ထိန်းချုပ်နိုင်မှာလဲ”
“မြေအင်မော်တယ်လောကမှာ ကျွန်တော်တို့ကို ခြိမ်းခြောက်နိုင်တဲ့ မျိုးနွယ်စုတွေ မရှိတော့ဘူး၊ ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိက ကျွန်တော်တိုကို့ နှေးခိုင်းထားတယ်၊ သူက သိပ္ပံပညာနောက်က ပဋိပက္ခနတ်ဘီလူးကို လှန့်လိုက်မိမှာ စိုးရိမ်နေတယ်၊ နောက်ပြီး မြေအင်မော်တယ်ကမ္ဘာရဲ့ ဘိုးဘေး ကျန့်ယွမ်ဇီ သတိထားမိသွားမှာကိုလည်း ပိုပြီးတော့ ကြောက်နေတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 602
? Views, Released on December 10, 2024