အခန်း (၆၀၁) မဟာတာအို ဖုံးကွယ် နတ်ဘီလူး
ဟန်ကျွယ်ဟာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ပါတယ် ‘လွတ်လပ် တာအိုပညာရှိတောင် ကြောက်လန့်သွားတယ်ဆိုတော့ ဒီလူက ဘယ်လောက်တောင် စွမ်းအားကြီးနေတာလဲ… အနည်းဆုံး မဟာတာအို တည်ရှိမှု ဖြစ်ရမယ်’
အမှောင်ထုထဲမှာ အလွန်တရာ ကြီးမားတဲ့ အရာဝတ္ထုတစ်ခုဟာ အရာအားလုံးကို ဝါးမြိုနိုင်တဲ့ဟန် ရှိနေပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကိုသုံးပြီး ထပ်စစ်ဆေးလိုက်ပါတယ်။
[ပဋိပက္ခနတ်မင်း: မဟာတာအို နတ်စိတ်ဝိညာဉ်၊ ပဋိပက္ခအဖွဲ့၏ အစောင့်အရှောက် ဖြစ်သည်။]
‘တကယ်ကို မဟာတာအို နတ်စိတ်ဝိညာဉ်ပါလား…’
ဒီအချိန်မှာပဲ လီဇိဇိုင်ရဲ့ ရုတ်တရက် ထွက်ပြေးပြီး ပျောက်ကွယ်သွားပါတယ်။ အလွန်တရာ အန္တရာယ်ရှိတဲ့ ရောင်ဝါကလည်း ပျောက်ကွယ်သွားပါတယ်။ ကြည့်ရတာ လီဇိဇိုင်နောက်ကို လိုက်ပုံပါပဲ။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ အန္တိမမူလ မဟာတာအိုကို ထပ်ပြီးတော့ ရောက်သွားပါတယ်။ ဟန်ကျွယ် ရောက်ကတည်းက အန္တိမမူလ မဟာတာအိုရဲ့ အလင်းအမှောင်ဟာ ပြောင်းလဲသွားပါတယ်။ ဟန်ကျွယ်ကို တုံ့ပြန်နေသလိုမျိုးပါပဲ။
‘ငါ ပြေးဝင်လိုက်သင့်လား…’
ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုက သူ့ကို မငြင်းဆန်တာကို ခံစားမိပါတယ်။ အခု ဘေးနားဝန်းကျင်မှာ ဘယ်သူမှ မရှိတဲ့အတွက် ဟန်ကျွယ်အတွက် အခွင့်ကောင်းပါ။ ဒါတောင် အလုပ်မဖြစ်ဘူးဆိုရင် ဟန်ကျွယ်မှာ ထွက်သွားဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။
ဒီအတွေးနဲ့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး အန္တိမမူလ မဟာတာအိုဆီ ပြေးဝင်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ အန္တိမမူလ မဟာတာအိုဟာ ကျုံ့ဝင်သွားပြီး အာကာတစ်ခုလုံး မှောင်မိုက်သွားပါတယ်။
အန္တိမမူလ မဟာတာအိုထဲမှာတော့ တိတ်ဆိတ်ကျွန်းဟာ တောက်ပတဲ့ အလင်းရောင်ကြားထဲ ရောက်သွားပါတယ်။
[အန္တိမမူလ မဟာတာအိုအား စစ်ဆေးတွေ့ရှိထားသည်။]
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ အန္တိမမူလ မဟာတာအိုကို စုပ်ယူဖို့ ကြိုးစားလိုက်ပါတယ်။ အန္တိမမူလ မဟာတာအိုက ကြီးမားလွန်းတဲ့အတွက် ဟန်ကျွယ်ဟာ တစ်ခါတည်း မစုပ်ယူနိုင်ပါဘူး။ ကြည့်ရတာ ဒီနေရာမှာ တစ်ခါတည်း ပေါင်းစပ်ရမဲ့ပုံပါပဲ။
ဟန်ကျွယ်ဟာ ရင်တထိတ်ထိတ်နဲ့ပဲ အန္တိမမူလ မဟာတာအိုကို စတင်ပေါင်းစပ်လိုက်ပါတယ်။ တစ်ခဏ အကြာမှာတော့ အန္တိမမူလ မဟာတာအိုဟာ အရင်လိုပဲ အလင်းရောင် ပြန်တောက်ပလာပြီး မှောင်မိုက်တဲ့ အာကာသကို အလင်းပေးလိုက်ပါတဘ်။
အဲဒီနောက်ပိုင်း လီဇိဇိုင်ရော ပဋိပက္ခနတ်မင်းရော ပြန်မလာပါဘူး။
ဒီငြိမ်းချမ်းမှုက နှစ် ၈၆၀ ကြာသွားပါတယ်။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်တဲ့အတွက် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ အန္တိမမူလ မဟာတာအို အပြင်ဘက်မှာ ရုပ်သွင်တစ်ခု ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီပုဂ္ဂိုလ်က ရောင်ဝါနက်ရှိပြီး လုံးဝဖြူဖွေးတဲ့ အဖြူရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားပါတယ်။ မျက်နှာဖုံးမှာ ဒေါင်လိုက် မျက်လုံးတစ်လုံးတည်းရှိပြီး မျက်ဆံက လည်နေပါတယ်။
ဒီပုဂ္ဂိုလ်ကို တွေ့လိုက်ရတဲ့အခါမှာ ဟန်ကျွယ် နှလုံးဟာ လည်ချောင်းဝ တစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ အသွင်တူ လက်ရည်စမ်းပွဲကို အသုံးပြုပြီး တစ်ဖက်လူကို စစ်ဆေးလိုက်ပါတယ်။
[မဟာတာအို ဖုံးကွယ် နတ်ဘီလူး: တာအိုဖြတ်ကျော် ဆရာကြီး၊ ပဋိပက္ခ နတ်ဘီလူး]
‘မဟာတာအို ဖုံးကွယ် နတ်ဘီလူး…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် တတ်မြောက်ထားတဲ့ နတ်ဘီလူး ဓမ္မရုပ်တုတွေထဲမှာလည်း မဟာတာအို ဖုံးကွယ် နတ်ဘီလူး ရှိနေလို့ပါ။
‘ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်ရတာလဲ… နတ်ဘီလူး သုံးထောင်လုံးက တကယ် တည်ရှိနေတာလား…’ ဟန်ကျွယ်ဟာ ခြေဖျားလက်ဖျားတွေ အေးစက်သွားပါတယ် ‘ဒီမဟာညီညွတ်မှု ရုပ်သွင်ကို ဘယ်သူက ဖန်တီးခဲ့တာလဲ… စနစ်က ဖန်တီးတာဆိုရင် ဒီစနစ်ကိုရော ဘယ်သူက ဖန်တီးခဲ့တာလဲ’
မဟာတာအို ဖုံးကွယ် နတ်ဘီလူးက ဟန်ကျွယ်ကို မြင်ပုံ မပေါ်ပါဘူး။ အန္တိမမူလ မဟာတာအိုကို ခဏ အကဲခတ်ပြီးတာနဲ့ ထွက်ခွာသွားပါတယ်။
ဒီတော့မှာ ဟန်ကျွယ်ဟာ ရင်ထဲက အလုံးကြီးကျသွားပြီး အန္တိမမူလ မဟာတာအိုနဲ့ ဆက်ပေါင်းစပ်ပါတယ်။
“အန္တိမမူလ မဟာတာအိုက အပြင်ဘက်က ချောင်းကြည့်တာကို ဟန့်တားနိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဟန့်တားနိုင်ပါသည်။]
‘ဒီလိုကိုး…’ ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပြီး အန္တိမမူလ မဟာတာအိုနဲ့ ပေါင်းစပ်တာကို အာရုံစိုက်လိုက်ပါတယ်။
နှစ်ငါးရာ ကြာတဲ့အခါမှာတော့ လီဇိဇိုင်တစ်ယောက် ပြန်ရောက်လာပါတယ်။ ဒါပေမဲ့ လီဇိဇိုင်ရဲ့ ရောင်ဝါက နဂိုကထက် အများကြီး အားနည်းသွားပါတယ်။ ကြည့်ရတာ ပဋိပက္ခနတ်မင်း လက်ချက်နဲ့ တူပါတယ်။
ဒါတောင် လီဇိဇိုင်က လက်မလျှော့သေးဘဲ အန္တိမမူလ မဟာတာအိုဆီ ပြန်လာရဲပါသေးတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ လီဇိဇိုင်ဟာ လအနည်းငယ်ပဲနေပြီး ထပ်ထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ စပြီးတော့ ဂူအောင်းကျင့်ကြံပါတယ်။ ဘာပဲဖြစ်ဖြစ် သူက ဒုတိယ တာအိုစက်ကွင်းထဲမှာ ရှိနေတဲ့အတွက် ပြင်ပတိုက်ခိုက်မှုတွေကို မကြောက်ပါဘူး။
…..
မြေအင်မော်တယ်ကမ္ဘာ လွမ်ဟွေ အာကာသ။
တောက်ပတဲ့ ခန်းမတစ်ခုမှာ ရန်တုနဲ့ လွမ်ဟွေသမားကိုးယောက်ဟာ ရင်ဘောင်တန်းပြီး မတ်တတ်ရပ်နေကြပါတယ်။ သူတို့ရှေ့မှာတော့ ရွှေရောင်ဝတ်ရုံနဲ့ ရွှေသရဖူ ဆောင်းထားတဲ့ ရုပ်သွင်တစ်ခု မတ်တတ်ရပ်နေပါတယ်။
ရန်တုက မေးလိုက်ပါတယ် “အထက်နတ်ဘုရား… ကျွန်တော်တို့ကိုရှာတာ ဘာကိစ္စရှိလို့ပါလဲ”
ရွှေရောင်ဝတ်ရုံနဲ့ အထက်နတ်ဘုရားက ပြောလိုက်ပါတယ် “လွမ်ဟွေ အာကာသက ဒီအချိန်ထိ အင်အားတိုးချဲ့တာလာ ထိုက်သင့်သလောက် အင်အားကြီးနေပြီ၊ တခြားအာကာသတွေကလည်း ငါတို့ကို မျက်စိကျလာတယ်၊ အဲဒါကြောင့် ငါတခြား အာကာသ သခင်တွေနဲ့ တိုက်ခိုက်ဖို့ သဘောတူထားတယ်၊ အဲဒါကြောင့် မင်းတို့တွေရဲ့ နောက်ထပ် တာဝန်တွေမှာ သူတို့ကို ရင်ဆိုင်ရလိမ့်မယ်၊ မင်းတိုရဲ့ ပန်းတိုင်က သူတို့ကို အပြတ်ရှင်းပစ်ဖို့ပဲ”
လွမ်ဟွေသမား ဆယ်ဦးဟာ လန့်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ ဒါက သူတို့တွေ ဒီလိုမျိုး တာဝန်ကို ပထမဆုံးအကြိမ် လက်ခံရရှိတာပါ။
“တစ်ဖက်က လူတွေက အတော်စွမ်းလား”
“မဆိုးဘူး… ဒီကြားထဲ တာဝန်တွေက ဘာမှမခက်ဘူး”
“လွမ်ဟွေအာကာသက တစ်ခုထဲရှိတာ မဟုတ်ဘူးလား”
“ဟမ်… ဒီလိုဆိုမှတော့ ငါတို့ရဲ့ အငြင်းပွားမှုတွေကို ခဏ ဘေးဖယ်ထားရမှာပေါ့”
လွမ်ဟွေသမားတွေဟာ အချင်းချင်း ဆက်သွယ် ပြောဆိုကြပါတယ်။ ရန်တုကတော့ ဘာမှဝင်မပြောပါဘူး။ ရန်တုဟာ ဟန်ကျွယ်ကို တွေးမိသွားပါတယ် ‘သူက တခြားအာကာသတွေ နောက်ကွယ်ကလူလား…’
‘မဟုတ်ဘူး… ငါ ဒီလို တွေးလို့ မဖြစ်ဘူး၊ သူက ငါ့အရည်အချင်းကို အကောင်းဆုံး ပြသခိုင်းမှတော့ ငါကလည်း အကောင်းဆုံး ကြိုးစားရမှာပဲ၊ ဒါမှ လွမ်ဟွေအာကာသမှ အဆင့်အတန်းမြင့်ပြီး အာဏာကြီးကြီးမားမား ရမှာ…’
ရွှေရောင်ဝတ်ရုံနဲ့ အထက်နတ်ဘုရားက ပြောလိုက်ပါတယ် “မင်းတို့တင်ပဲ မဟုတ်ပါဘူး၊ တခြား အထက်နတ်ဘုရားတွေကလည်း လွမ်ဟွေသမား ဆယ်ယောက်စီ ရွေးချယ်မှာဆိုတော့ အားလုံးပေါင်း အယောက် ၁၂၀ ပဲ၊ မင်းတို့တွေ ပထမနေရာရဖို့ ငါ မျှော်လင့်တယ်၊ မင်းတို့တွေ ပထမနေရာသာ ရခဲ့မယ်ဆိုရင် ငါ မင်းတို့ကို အများကြီး ဆုချမယ်”
ကောင်းကင်ဘုံ ၃၃ ဘုံမြောက်။
တာအိုပညာရှိတွေဟာ စကြဝဠာခန်းမမှာ စုဝေးနေကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်ကျွယ်က ဒီအတောအတွင်း ဘာမှမလုပ်ဘူးလား”
မကြာသေးခင်က ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို အိပ်မက်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ချုံရှီလိုင်က မေးလိုက်ပါတယ် “စီနီယာ… ဘာကို ဆိုလိုတာလဲ”
တခြား တာအိုပညာရှိတွေကလည်း ကောင်းကင်အရှင်ရွှမ်တုကို ကြည့်လိုက်ကြပါတယ် ‘တာအိုပညာရှိတွေကို စုဝေးတာ ဟန်ကျွယ်အကြောင်း မေးဖို့ သက်သက်ပဲ မဟုတ်ဘူးမလား…’
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “အမှောင်ဘုရင် တာအိုပညာရှိက ငါ့ကို စိန်ခေါ်စာ ပို့ထာတးယ်၊ သူက ကောင်းကင်တာအိုကို နှစ်ဆယ်ဘီလီယံအတွင်း ဝါးမြိုပြမယ်လို့ ပြောထားတယ်၊ သူက ကောင်းကင်တာအိုမှာရှိတဲ့ သက်ရှိတွေကို စပြီးတော့ ဖြားယောင်းပြီး အရင်ဆုံး ကပ်ဘေးဆိုက်အောင် လုပ်ဖို့ စီစဉ်နေတယ်၊ သူက ဒီလောက်တောင် ရဲတင်းနေတာ သူ ဘာလုပ်နေတယ်လို့ မင်းတို့ထင်လဲ”
တောင်ဘက်စွန်း ကောင်းကင်အရှင်က နှာမှုတ်သံ ပြုလိုက်ပါတယ် “သူက ကျွန်တော်တို့တွေ တာအိုပညာရှိအသစ် ရွေးချယ်တော့မယ် ဆိုတာကို သိလို့ သွေးခွဲချင်တာ ဖြစ်လိမ့်မယ်”
ဂိုဏ်းချုပ်တျန်ကျွယ်က ခေါင်းညိတ်လိုက်ပါတယ်။
ဧကရာဇ်ရှောင်ကလည်း ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ငါလည်း အဲဒီလိုပဲ ထင်တယ်၊ အမှောင်ဘုရင် တာအိုပညာရှိကို အလောသုံးဆယ် ဖြစ်နေတာ ဖြစ်နိုင်တယ်”
“ငါတို့တွေ ကောင်းကင်တာအိုမှာ စောင့်နေရင် သူဘာမှ မတက်နိုင်ပါဘူး”
“ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေကို အမှောင်ဘုရင် တာအိုပညာရှိကို တကယ် ထိန်းချုပ်ထားတာ၊ ငါတို့တွေ ဒီကိစ္စကို ဂရုစိုက်ရမယ်”
“ကောင်းကင်တာအိုကို ငါတို့တွေ ထိန်းချုပ်ထားတာပဲ၊ အမှောင်ဘုရင် တာအိုပညာရှိကို ဘာလို့ ကြောက်ရမှာလဲ”
တာအိုပညာရှိတွေဟာ ဆွေးနွေးကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ဝင်ပြောလိုက်ပါတယ် “ဒီအတောအတွင်း အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံမှာ တာအိုမိစ္ဆာတွေကို တိုက်ခိုက်တဲ့ နောက်ထပ် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်၊ ဒီတစ်ခါ ရှုံးသွားတဲ့လူက ခုနစ်ပါး တာအိုပညာရှိပဲ၊ အမှောင်ဘုရင် တာအိုပညာရှိက တာအိုမိစ္ဆာတွေနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ငါ သံသယဝင်မိတယ်”
ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားကြောင့် တာအိုပညာရှိတွေဟာ မျက်နှာအကြီးအကျယ် ပျက်သွားကြပါတယ်။ အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံမှာ သူတို့တွေရဲ့ နောက်ခံတွေ ရှိနေကြတာ မဟုတ်ပါလား။
ခုနစ်ပါး တာအိုပညာရှိက အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ အစွမ်းအထက်ဆုံး တည်ရှိမှုပါ။ ဒါကြောင့် ခုနစ်ပါး တာအိုပညာရှိရဲ့ ရှုံးနိမ့်မှုက သူတို့ရဲ့ နောက်ခံတွေကို ကျိန်းသေပေါက် သက်ရောက်မှာပါ။
“အားလုံးပဲ… အမှောင်ဘုရင် တာအိုပညာရှိရဲ့ တိုက်ခိုက်မှုကို ငါတို့တွေ သတိထားရမယ်၊ ငါတို့တွေ အတူပူးပေါင်းပြီး ကောင်းကင်တာအို အပြင်ဘက်မှာ သူနဲ့ အရင်ဆုံး တိုက်ခိုက်ကြည့်ရမယ်၊ ငါတို့တွေ သူ့အစွမ်းကို သိမှ လိုအပ်တဲ့ အစီအစဉ်တွေ ချမှတ်နိုင်လိမ့်မယ်” ကောင်းကင်အရှင်ရွှမ်တုက ခပ်တိုးတိုး ပြောလိုက်ပါတယ်။ ဒါပေမဲ့ ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံက လေးနက်ပြတ်သားပြီး ငြင်းဆန်လို့မရတဲ့ ဩဇာအာဏာတွေ ပါဝင်နေပါတယ်။
အကြောင်းအရင်း တချို့ကြောင့် တာအိုပညာရှိတွေဟာ လီမုယဲ့နဲ့ ချုံရှီလိုင်ရဲ့ အကောက်ကြံမှုကို ပြန်တွေးမိသွားပါတယ် ‘ကောင်းကင်အရှင်ရွှမ်တုက လီမုယဲ့နဲ့ ချုံရှီလိုင်လိုမျိုး တစ်ခုခု ကြံစည်နေတာများလား…’
အသက် ရှည်လေလေ သေရမှာကို ကြောက်လေလေပါပဲ။ ဒီစကားက ကောင်းကင်တာအိုပညာရှိတွေနဲ့ ကွက်တိပါပဲ။
ဒီအတွေးကြောင့် တာအိုပညာရှိတွေဟာ နိုးနိုးကြားကြား ဖြစ်သွားကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေရဲ့ အတွေးကို ထိုးဖောက်မြင်တာကြောင့် ပြောလိုက်ပါတယ် “မင်းတို့တွေ လီမုယဲ့ကို ယုံလို့မရတာနဲ့ ငါ့ကို မယုံတော့ဘူးလား၊ ငါသာ မင်းတို့ကို အကောက်ကြံချင်ရင် ဒီလောက် ပြောနေပါ့မလား၊ ငါက ကောင်းကင်တာအိုပညာရှိ အစစ် မဟုတ်ဘူးဆိုတာကို မင်းတို့တွေ မမေ့နဲ့၊ ငါက မဟာတာအိုကို ဟိုးအရင်ကတည်း ရထားပြီးပြီ၊ ငါ ကောင်းကင်တာအိုကို ပြန်လာတယ်ဆိုတာကလည်း ရွမ်လိန့်ကျောင်းတော်ကို ကူညီပြီး ကောင်းကင်တာအိုရဲ့ အထောက်အပံ့ တိုးပွားလာအောင် ကူညီချင်လို့ပဲ”
ဖူရှီဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ တာအိုရောင်းရင်းရွှမ်တုက ဘာဖြစ်လို့ အဲဒီလိုလုပ်မှာလဲ၊ အမှောင်ဘုရင် တာအိုပညာရှိကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာသာ စဉ်းစားကြရအောင်၊ ငါ ကြားတာတော့ အမှောင်ဘုရင် တာအိုပညာရှိက ကောင်းကင်တာအိုငယ်လေးရဲ့ ကံတရား အထောက်အပံ့ကို ဝါးမြိုပြီးမှာ ငါတို့ ကောင်းကင်တာအိုရဲ့ တာအိုသီးကို ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 601
? Views, Released on December 10, 2024