Chapter – 95
“ခရမ်းရောင်ကြာပန်းသခင်”
တခဏအကြာတွင် ချူးအာမှ သက်ပြင်း ချလိုက်ရင်း –
“ကျွန်မတို့ကြားက ရေစက်က ဒီလောက်ပဲ ပါတယ် ထင်တယ်။ ရှင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ သေခွင့်ပေးလိုက်ပါ့မယ် . . .”
ဓားအလင်းတန်းတစ်ချက် လတ်ခနဲ လင်းလတ်သွားသည်။
သူမ၏ စကားလုံးများအရ နင်ဘီလျူအား သတ်ပစ်တော့မည်မှာ သေချာသလောက်ပင်။
သူမ၏ ဓားကို မြောက်လိုက်ပြီးနောက် နင်ဘီလျူ၏ လည်ပင်းအား ခုတ်ပိုင်းရန် ပြင်လိုက်၏။
ထိုအချိန် ရုတ်တရက် ဆိုသလို သူမ၏ မျက်နှာ တစ်ချက် ပျက်ယွင်းသွားပြီး သူမ၏ ရင်ဘတ် နေရာသို့ ဓားအလင်းတန်း တစ်ခုနှင့်အတူ တစ်စုံတစ်ခု တိုးဝင်လာလေ၏။ လျှပ်စီး တစ်ချက် လတ်လိုက်ချိန်တွင် ဓားရောင်သည် ပတ်ဝန်းကျင် တစ်ခုလုံးကိုပင် လတ်ခနဲ ဖြစ်သွားစေပြီး မိုးစက်မိုးပေါက်များအား ဖောက်ထွင်းကာ ၀င်လာခြင်း ဖြစ်သည်။
သူမ၏ ဓားဖြင့် နင်ဘီလျူအား သတ်ဖြတ်ရန် ပြင်နေရာမှ သူမထံ သက်ရောက်လာသည့် ဓားချက်အား ကမန်းကတမ်းပင် ခုခံလိုက်ရလေ၏။
“အမှောင်ထဲကနေ ဘယ်သူကများ ငါ့ကို လုပ်ကြံရဲတာလဲ . . .”
သူမ၏ ဓားကို ချလိုက်ရင်း ပတ်ဝန်းကျင်သို့ စူးရှက်သော မျက်လုံးများဖြင့် ကြည့်ရင်း လုပ်ကြံသူကို ရှာဖွေ နေမိလေ၏။ သူမ လက်ထဲတွင် ကတော့ချွန်ပုံစံ ကျောက်တုံးလေး တစ်တုံးကို ကိုင်ထားပြီး ထိုကျောက်တုံးလေးဖြင့် သူမအား လှမ်း၍ ပစ်လိုက်ခြင်း ဖြစ်သည်။
အေးစက်သော ဓာတ်တစ်မျိုးကို ခံစားမိနေပြီး ထူးဆန်းသော ကတော့ချွန်ပုံစံ လက်နက်ပုန်း တစ်မျိုး ဖြစ်လေ၏။
ခြုံများအတွင်းမှ ရဲရှောင်သည် ထီမထင်ဟန် မျက်နှာပေးမျိုးဖြင့် ထလာပြီးနောက် အထင်သေး သလို လေသံဖြင့် –
“မုန်တိုင်းအိမ်တော်ဆိုတာ စဉ်းစားဉာဏ် ပြည့်ဝပြီး လက်ရုံးရည် နှလုံးရည် ပြည့်စုံတဲ့ လူတွေ ရှိနေပြီးတော့ မော်တယ်ကမ္ဘာရဲ့ အဆင့်အမြင့်ဆုံး အဖွဲ့အစည်း တစ်ခုလို့ ထင်ခဲ့မိတာ၊ ဒါပေမဲ့ မင်းတို့က တော့ လူတစ်ယောက်ကို အတင်းအကြပ် ကျွန်ပြုချင်နေတယ် ဆိုတော့ မင်းတို့ဟာ တော်တော် ယုတ်မာနေတာပဲ . . .”
ယခုအခါ သူသည် ရဲရှောင်မျက်နှာဖြင့် မဟုတ်သလို ဖန်ဇီလင်၏ မျက်နှာပေါက်နဲ့လည်း မဟုတ်ပေ။
မျက်နှာအသစ်ဖြင့် ရုပ်ဖျက်ထားခြင်း ဖြစ်လေ၏။
ထိုအချိန် သူသည် မျက်နှာ လေးထောင့်စပ်စပ်ဖြင့် အသက် ၃၀ ခန့်အရွယ် လူလတ်ပိုင်း တစ်ဦး အသွင်အပြင်ဖြင့် ရှိနေပြီး ကြံ့ခိုင်ဖျတ်လတ်သော ကိုယ်နေဟန်ထားဖြင့် ရှိနေသည်။ မိုးရေများကြားထဲ မထေမဲ့မြင့် အမူအာဖြင့် လျှောက်လှမ်းလာပြီး မိုးစက်မိုးပေါက်များအား ရွာနေသည်ကိုပင် သတိမပြုမိဟန် ရှိနေခြင်း ဖြစ်ပါသည်။
သူ၏ ပုံစံမှာ ကမ္ဘာပေါ်ရှိ ဟိတ်ဟန် အပြည့်ဝဆုံးသော လူတစ်ယောက်ကဲ့သို့ ရှိနေပြီး ယုံကြည်ချက်လည်း အပြည့် ရှိနေသည့် ပုံစံပါပင်။
ချူးအာလည်း သူ့ကိုကြည့်ရင်း တုန်လှုပ်အံ့သြ သွားဟန်ရှိ၏။
ရဲရှောင် လျှောက်လှမ်းလာပုံမှာ သူမ၏ ဆရာဖြစ်သူ လမ်းလျှောက်သည့်အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေဟန် ကိုယ်နေဟန်ထား ပုံစံမျိုးဖြင့် အလွန် ဆင်တူနေသည်ကိုလည်း သူမ တွေ့လိုက်ရ လေ၏။
(သူတို့က တူလှချည်လား . . .)
ချူးအာ သတိအနေအထားဖြင့် သေချာ ကြည့်နေမိသည်။
(ဒီလူက ထိပ်သီး ပညာရှင်ကြီး တစ်ယောက်ပဲ ဖြစ်ရမယ် . . . ဒီလို ဟန်ပန် အမူအယာမျိုးက ငါ့ဆရာ တစ်ယောက်ပဲ လုပ်တာ . . .)
သူမသည် ထိုအချိန်တွင် အလွန် အံ့သြတုန်လှုပ်နေသလို သိချင်စိတ်လည်း ဖြစ်ပေါ်သွားမိ၏။ ရုတ်တရက် အေးစက်သော မျက်နှာထားဖြင့် –
“အတင်းအကြပ် ကျွန်လုပ်ခိုင်းတယ် ဟုတ်လား . . . ရှင်က မဆိုင်တာတွေ ပြောနေတာပဲ။ ရှင့်နာမည်လေး သိပါရစေလား . . . အခုလို ကျွန်မတို့ကို စွပ်စွဲတဲ့အတွက် ရှင်က ကျွန်မတို့ရဲ့ ရန်သူ ဖြစ်လာမယ် ဆိုတာကို မစဉ်းစား မိဘူးလား၊ စကားတစ်ခွန်းက ငရဲပြည်ကိုတောင် ရောက်စေနိုင်တယ် နော် . . .”
နင်ဘီလျူသည် မူလက မျက်နှာတစ်ခုလုံး ရဲနေရာမှ ယခုအခါ ဖြူရော်ရော် ဖြစ်သွားလေ၏။
(သူက ငါ့ကို သူတို့ရဲ့ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့မှာ ခေါင်းဆောင် လုပ်စေချင် နေတာ၊ ငါနဲ့ သင့်တော်တဲ့ အလုပ် ဆိုပေမဲ့ ငါကတော့ မလုပ်နိုင်ဘူး၊ အခုလို ငါ့ကို လာကယ်တဲ့လူ တစ်ယောက် ပေါ်လာတာ တကယ်ကောင်းတာပဲ၊ ဒါပေမဲ့ သူပြောပုံအရ ငါကပဲ ကျွန်တစ်ယောက် ဖြစ်သွားရသလိုလို ပုံစံ ဖြစ်နေတယ်။ တကယ်ကို မပြောသင့်တဲ့ စကားပဲ . . .”
နင်ဘီလျူသည် ရဲရှောင် ထိုကဲ့သို့ ပြောလိုက်ရသည့် အကြောင်းရင်းကို သေချာ မသိချေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူတစ်ဖက်သားကို စဉ်းစားပေးနိုင်စွမ်း မရှိသေးလို့ပင် ဖြစ်၏။
နင်ဘီလျူသည် ခေါင်းမာသော လူတစ်ယောက် ဖြစ်သည်။
ထိုအခြင်းအရာကို ရဲရှောင်လည်း ကောင်းစွာ သိလေ၏။ ထို့ကြောင့် နင်ဘီလျူအား ကယ်တင် ပေးရန်လည်း အကြံဖြစ်ပေါ်မိသည်။
ဒါ့အပြင် နင်ဘီလျူသည် သူ၏ ဖခင်ဖြစ်သူ ရဲနန်ရှန်အား မြောက်ပိုင်းဝံပုလွေ အင်အားစုကို တိုက်ခိုက်ရာတွင် ကူညီပေးခဲ့ဖူးသည်။ ရဲရှောင်ကိုလည်း တစ်ခါကူညီ ကယ်တင်ပေးခဲ့ဖူး လေ၏။ ရဲရှောင်မှ နင်ဘီလျူနောက်သို့ လိုက်သည့် လူ ၃ ဦးအား သတ်ဖြတ်ပေးလိုက်သည် ဆိုသော်လည်း အခြေအနေချင်း မတူညီချေ။ နင်ဘီလျူ ကယ်တင်လိုက်သည့် အချိန်တုန်းက ရဲရှောင်သည် အလွန် အားနည်းနေသည့် အချိန်တွင် ဖြစ်၏။ ရဲရှောင်မှ ကူညီပေးလိုက်သည့် ကိစ္စမှာမူ သူ့အတွက် မပြောပလောက်ပါချေ။
မည်သို့ပင် ဖြစ်ပါစေ ယခုအချိန်တွင် နင်ဘီလျူအား ကယ်တင်နိုင်လိမ့်မည်ဟု ရဲရှောင် ယုံကြည် နေမိလေ၏။
သူ့လို လူတစ်ယောက် သတ်ခံရမည် ဆိုပါက တကယ်ပင် နှမျောစရာ ကောင်းမည် မဟုတ်ပါလား။
အကယ်၍ ရဲရှောင်သာ နင်ဘီလျူ သေသွားသည့် မြင်ကွင်းအား ဘေးမှ ကြည့်နေမိမည် ဆိုပါက သူ့တစ်ဘ၀လုံး အိပ်မက်ဆိုးများပင် မက်နိုင်ပါသည်။
ထို့ကြောင့် နင်ဘီလျူအား သူရအောင် ကယ်တင်မည်ဟု ဆုံးဖြတ်ခဲ့မိ၏။
သို့သော် အဓိက ပြဿနာမှာ မည်ကဲ့သို့ ကယ်တင်မည်နည်း ဆိုသည့် ပြဿနာပင် ဖြစ်သည်။
သူ့အနေဖြင့် ချူးအာကို အနိုင်မရရှိနိုင်သည်ကိုလည်း သူ့ကိုယ်သူ သိထားပြီးသားပင်။
မစဉ်းစား မဆင်ခြင်ဘဲ ၀င်ရောက် တိုက်ခိုက်မည် ဆိုပါက နင်ဘီလျူအား ကယ်တင်ခြင်း မပြုနိုင်သည့်အပြင် သူပင် ထိုနေရာတွင် အသတ်ခံရနိုင်ပါသည်။
ရဲရှောင် ချုံထဲတွင် ပုန်းအောင်းရင်း အကြံထုတ်နေစဉ်မှာပင် ချူးအာမှ နင်ဘီလျူအား သတ်ဖြတ်ရန် ပြင်လိုက်ခြင်း ဖြစ်သည်။ အဖြစ်အပျက်များသည် လျင်မြန်စွာ ဖြစ်လာသဖြင့် သူ့လည်း မထူးတော့သည့်အဆုံး ထွက်၍ ကယ်တင် လိုက်ရခြင်း ဖြစ်လေ၏။
သူ၏ ရွေးချယ်မှု မဟုတ်ဘဲ သူ၏ ဗီဇကြောင့်ပင် ယခုကဲ့သို့ ရွေးချယ် လိုက်မိခြင်း ဖြစ်သည်။
ချူးအာမှ မိုးစက်မိုးပေါက်များကြားမှ သူရှိရာဘက်သို့ လှမ်းကြည့်နေသည့် အချိန်တွင် ကျောချမ်းစွာဖြင့် ကြောက်ရွံ့နေမိပြီး ရင်ခုန်နေမိလေ၏။
ရုတ်တရက် ဆိုသလို အကြံတစ်ခု ရသွားခဲ့ပြီး ထိုအကြံမှာ ယခုအချိန်တွင် သူ့အနေဖြင့် ထွက်ပြေးရန် မည်ကဲ့သို့မျှ မဖြစ်နိုင်တော့သဖြင့် ထိပ်တိုက် ရင်ဆိုင်ရမည်သာ ဖြစ်သည်ဟု သဘောပေါက် လိုက်ခြင်းပင် ဖြစ်၏။
ယခုကဲ့သို့ အန္တရာယ်များသည့် အခြေအနေနှင့် ကြုံတွေ့ရသည့်အခါ ယခင်ဘ၀၏ အတွေ့အကြုံ များကြောင့် ကြောက်ရွံ့မှု ကင်းမဲ့သည့် ဟန်ပန်မျိုး သရုပ်ဆောင် နိုင်လိုက်ခြင်း ဖြစ်၏။
လက်ကို နောက်ပစ်လျက် တည်ငြိမ်သော ဟန်ဖြင့် –
“ငါ့အကြောင်းကို သိဖို့က မင်းအတွက် အရေးမကြီးပါဘူး၊ ဟောဒီ သိုင်းလောကကြီးမှာ ပညာရှင် တွေဆိုတာ အများကြီး ရှိနေတာပဲမလား . . . တရားမျှတမှု မရှိတဲ့ ကိစ္စကိုတော့ ငါကူညီမှ ဖြစ်မှာလေ”
ချူးအာမှ တည်ငြိမ်ဟန်ဖြင့် သူ့ကို ကြည့်လိုက်ရင်း ခနဲ့တဲ့တဲ့ ဟန်ဖြင့် –
“မတရားမှုအတွက် ကူညီမယ် ဟုတ်လား၊ ဟမ့် . . . ရှင်က သူရဲကောင်းကြီးပေါ့လေ၊ ရှင်လည်း ကြားဖူးမှာပါ သူရဲကောင်း ၀င်လုပ်ချင်တဲ့ လူတွေက စောစော သေကြရတာပဲလေ . . .”
ရဲရှောင် ပြုံးလိုက်ရင်း –
“မှန်ပါတယ်၊ ဒါပေမဲ့ ငါ့ဘ၀မှာလည်း အများကြီး အကူအညီ ပေးခဲ့ဖူးတယ်။ ဒါပေမဲ့လည်း အခုထိ ငါအသက်ရှင်နေသေးတာပဲ မလား . . . မုန်တိုင်း အိမ်တော်တောင်မှ ငါ့ကို နာကျင်အောင် လုပ်နိုင်ဖို့ မပြောနဲ့ ကုတ်ခြစ်ရာလေးတောင် လုပ်နိုင်မှာ မဟုတ်ဘူး၊ မင်းပြောတဲ့ ဆိုရိုးစကားက ငါ့အတွက်တော့ ခြွင်းချက် ဖြစ်လိမ့်မယ် . . .”
ချူးအာမှ နှုတ်ခမ်းတစ်ချက် မဲ့လိုက်ရင်း –
“ရှင် ဘယ်သူလဲ . . .”
ရဲရှောင်သည် တကယ်တမ်းတွင် ယခုအခြေအနေကို ရင်ဆိုင်ရန်အတွက် ကြိုတင် ကြံစည်ထား သည့် အစီအစဉ်မျိုးလည်း ရှိမနေပေ။ မီးစင်သာ ကြည့်ကနေရသည့် အနေအထားမျိုး ဖြစ်ပြီး လက်ကို နောက်ပစ်လျက် ခပ်တည်တည်ပင် –
“သခင်ကြီးဘိုင်ရော နေထိုင်ကောင်းရဲ့လား . . .”
ချူးအာ အနည်းငယ် အံ့သြသွားမိသည်။ ထို့နောက် ဒေါသထွက်သည့် အမူအယာမျိုးဖြင့် –
“ရှင်က သခင်ကြီးဘိုင်လို့ ပြောလိုက်တာနဲ့ပဲ ကျွန်မက ရှင့်ကို ကြောက်သွားလိမ့်မယ်လို့ ထင်နေတာလား . . .”
ရဲရှောင် ပြုံးလျက်ဖြင့် လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် သူ့လက်ထဲတွင် ခရမ်းရောင် ချီအလုံးတစ်လုံး ဖြစ်ပေါ်လာပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်တိုင် အဆိုပါ အလုံးလေးကို စိုစွတ်ခြင်း မရှိချေ။ အဆိုပါ ချီဓာတ်များမှ တဖြည်းဖြည်းဖြင့် ခရမ်းရောင် ကျောက်ပြားလေးကဲ့သို့ ဖြစ်လာပြီး နောက်ဆုံးတွင် ကြာပန်းငယ်လေး တစ်ခုအသွင်သို့ ပြောင်းလဲ သွားလေ၏။ ကြာပန်းလေးဟာ သူ့လက်ထဲမှာပင် ပွင့်လန်း လာပါတော့သည်။
ကြာပန်းငယ်လေးသည် ခရမ်းရောင် တောက်ပလျက် ရှိပြီး မိုးစက်မိုးပေါက်များကြားတွင် တည်ငြိမ်စွာပင် ရှိနေလေ၏။ ထိုကဲ့သို့ ချီဓာတ်အလုံးမှ ကြာပန်းပုံစံ ဖြစ်ပေါ်သွားခြင်းသည် အလွန်ကို မှော်ဆန်လွန်း လှပေသည်။ ရဲရှောင်၏ လက်မှာမူ ဖြန့်ထားလျက် အနေအထားပင် ရှိနေခဲ့ခြင်း ဖြစ်ပြီး လှုပ်ပင် မလှုပ်ခဲ့ပါချေ။
ခရမ်းရောင် ကြာပန်းတစ်ခု သူ့လက်ထဲ လာတင်လိုက်သကဲ့သို့ ဖြစ်နေပြီး အလွန်ကို ကြည့်၍ ကောင်းလှသော မြင်ကွင်း တစ်ခုပါပင်။
ချက်ချင်းဆိုသလို ကြာပန်းလေး ဖြစ်ပေါ်လာသည်နှင့် အေးစက်သော ချီဓာတ်များသည် ပတ်ဝန်းကျင် အနှံ့ကို ပြန့်နှံ့သွားပြီး ပေ ၁၀၀ ပတ်လည်လောက်အား အေးစက်သွားစေပါတော့သည်။
ရဲရှောင်သည် လက်ကို ဆန့်ထုတ်၍ မျက်လုံးများကိုမူ တ၀က်လောက် မှိတ်ထားလေသည်။ ထို့နောက် ကြာပန်းလေးအား မြတ်နိုးဟန်ဖြင့် စိုက်ကြည့်ရင်း –
“မင်းဒီဟာလေး အကြောင်းကို သခင်ကြီးဘိုင် ဆီကနေ ကြားဖူးသလား ဆိုတာကို ငါသိချင်မိရဲ့”
ချူးအာ အလွန် အံ့သြသွားဟန် ရှိပြီး ကြာပန်းလေးအား သေချာ ကြည့်၍ နေလေ၏။ ထို့နောက် သင်္ကာမကင်း ဖြစ်ဟန်ဖြင့် –
“ဒါက ဘာလဲ . . .”
ရဲရှောင်၏ စိတ်ထဲမှာမူ –
(မင်းက ငါ့ကို ခွေးတစ်ကောင်လို့ တိုက်ခိုက်ချင်နေပေမဲ့ ငါ့ရဲ့ အတွေ့အကြုံတွေအရ မင်းဟာ ကလေးသားသာပဲ ရှိပါတယ် . . .)
ရဲရှောင် သက်ပြင်းချလိုက်ရင်း –
“ကမ္ဘာကြီးက ကြီးကျယ် ခမ်းနားတယ်။ ခရမ်းရောင် ကြာပန်းလေးကတော့ အားနည်းပါတယ်လေ၊ ခေတ်အဆက်ဆက် ရှင်သန်ခဲ့ပြီး ရာစုနှစ်ပေါင်း များစွာကို ဖြတ်သန်းခဲ့ရတယ်။ ဝေပြီးရင်တော့ ကြွေရစမြဲပဲ၊ ကောင်းကင်ကြီးကတော့ တောက်ပနေဦးမှာပါ . . .”
အဆိုပါ စကားစုသည် သူ၏ ယခင်ဘ၀တုန်းက ကြုံခဲ့ရသည့် ထိပ်တန်းအဆင့် ပညာရှင်ကြီး တစ်ဦး၏ လက်သုံးစကားတစ်ခု ဖြစ်လေ၏။ ထိုလူအား ခရမ်းရောင်ကြာပန်းသခင်ဟု ခေါ်ကြပါသည်။
အဆိုပါ ခရမ်းရောင် ကြာပန်းဖြင့် သူနှင့် သဘောထား မတိုက်ဆိုင် သူများအား သတ်ဖြတ်ခဲ့ပြီး စကြာဝဠာ တစ်ခွင်ကို အုပ်စိုးခဲ့ဖူးသူ တစ်ဦး ဖြစ်ခဲ့သည်။
သို့သော် ကံဆိုးစွာပင် ထိုလူသည် ရှောင်ဧကရာဇ်အား ထိပ်တိုက် ရင်ဆိုင်ခဲ့သည်။ ရဲရှောင်မှ ထိုလူအား မိုင်ပေါင်း ၃၀၀၀ လောက် လိုက်လံ၍ သူ့လက်ဖြင့် သူကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်လေသည်။ ထိုအချိန်မှစ၍ ခရမ်းရောင်ကြာပန်းဂိုဏ်း သည်လည်း ပြိုကွဲခဲ့ရလေ၏။
သို့သော် ချင်းယန်နယ်ပယ်ခေါ် ကောင်းကင်နယ်ပယ်မှ တစ်ဦးတစ်ယောက်မျှ ထိုလူ အသတ်ခံရ ခြင်းကို မသိရှိချေ။ အဘယ်ကြောင့်ဆိုသော် ခရမ်းရောင် ကြာပန်းသခင်သည် လျို့ဝှက်ဆန်းကြယ်လှသူ တစ်ဦးဖြစ်ပြီး ရှောင်ဧကရာဇ်သည်လည်း ခြေရာလက်ရာ မကျန်နိုင်အောင် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်လေ၏။
ယခုအချိန်တွင် ရဲရှောင်သည် အစွမ်းအလွန်ထက်သည့် လူတစ်ဦးအဖြစ် ဟန်ဆောင်ရန် လိုအပ်နေသည် ဖြစ်သဖြင့် ခရမ်းရောင် ကြာပန်းသခင် အယောင်ဆောင်ရန်အတွက် ထိုလူ ပြောလေ့ရှိသည့် စကားစုအား ပြောလိုက်ခြင်း ဖြစ်၏။
မော်တယ်ကမ္ဘာတွင် အဆိုပါ ခရမ်းရောင် ကြာပန်းသခင် အကြောင်းကို သိရှိသူ မရှိလောက်ဟု သူတထစ်ချ ယုံကြည်နေမိလေ၏။
သို့သော် သူရွတ်ဆိုလိုက်ပြီးသည့် အချိန်မှာပင် ချူးအာ အမူအယာ ရုတ်ခြည်း ပြောင်းလဲ သွားခဲ့သည်။
ထို့နောက် တည်ငြိမ်ဟန်ဖြင့် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ရင်း အနည်းငယ် ထိတ်လန့် နေဟန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ ချူးအာမှ –
“ရှင် . . . ရှင်က ခရမ်းရောင် ကြာပန်းသခင်လား . . .”
ရဲရှောင် အလွန်အမင်း အံ့သြသွားမိလေသည်။
(သူ . . . သူ ဘယ်လိုလုပ် ဒီလူကို သိနေရတာပါလိမ့် . . . မော်တယ်ကမ္ဘာက ကောင်မလေး တစ်ယောက်က ခရမ်းရောင် ကြာပန်းသခင် အကြောင်းကို သိနေတယ်တဲ့လား . . .
ဒီလူက ကောင်းကင်နယ်ပယ်မှာတောင်မှ အရမ်း လျို့ဝှက်ဆန်းကြယ်တဲ့လူ၊ သိုသိုဝှက်ဝှက် အမြဲ နေတတ်ပြီး သူ့မျက်နှာ အစစ်ကိုတောင် တွေ့ရဖို့ မလွယ်ဘူး။ လူအတော်များများက ခရမ်းရောင် ကြာပန်းဂိုဏ်းကို သိကြတယ်။ ဒါပေမဲ့ ကြာပန်းသခင်ကို သိတဲ့လူဆိုတာ မရှိသလောက်ပဲ . . .)
ရဲရှောင် အနည်းငယ် စိတ်သက်သာရာ ရသွားဟန်ဆောင်လိုက်ရင်း –
“အင်း . . . မင်းရဲ့ ဆရာက မိတ်ဆွေဟောင်းကို မမေ့သေးဘူးပဲ၊ ငါလည်း အဲဒီလိုပင် ထင်ခဲ့တာပါ”
အပြင်ပိုင်းတွင် တည်ငြိမ်ဟန်ဖြင့် စကားပြောနေသော်လည်း စိတ်ထဲတွင်မူ အလွန်ကို အံ့သြ တုန်လှုပ်နေလေ၏။
(ဒီကောင်မလေးက ခရမ်းရောင်ကြာပန်းသခင်ရဲ့ အကြောင်းကိုတောင် သိနေတယ် ဆိုတော့ သူ့ဆရာက သေသွားတဲ့ ကြာပန်းသခင်ရဲ့ ရန်သူတော့ မဖြစ်နိုင်လောက်ဘူး၊ အဲဒါကြောင့် ရန်သူထက် မိတ်ဆွေဖြစ်ဖို့ ပိုများတယ် . . .)
ရဲရှောင် ထိုအချိန်တွင် စဉ်းစားရ ခက်နေလေ၏။
မိန်းကလေးမှ ကြာပန်းကို မြင်ကတည်းက သေချာစေ့စပ်စွာ ကြည့်ရှုနေခဲ့ခြင်း ဖြစ်ပြီး အတုလား အစစ်လားဆိုတာ ခွဲခြားနေတာပင် ဖြစ်မည်ဟု ရဲရှောင် တွေးနေမိပါတော့သည် . . .။