အခန်း (၆၀၀) လီဇိဇိုင်
“ဒီကလေးက ကျွန်တော်တို့နဲ့ ရွမ်လိန့်ကျောင်းတော်ရဲ့ ရှုပ်ထွေးမှုအစ ဖြစ်လာနိုင်တယ်၊ ကျွန်တော်တို့တွေ ဘယ်လိုလုပ်သင့်လဲ” လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က သတိထားပြီး မေးလိုက်ပါတယ်။
“တိုက်ချင်ရင် တိုက်သာတိုက်၊ ဘာမှစိုးရိမ်နေစရာ မလိုဘူး၊ ဒါပေမဲ့ လွမ်ဟွေအာကာသရဲ့ ယေဘုယျအခြေအနေကိုတော့ မပျက်စေနဲ့”
“ကျွန်တော် နားလည်ပါပြီ” လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ခေါင်းညိတ်လိုက်ပြီး တခြားအကြောင်းအရာတွေ စပြောပါတယ်။
လွမ်ဟွေအာကာသ အင်အားကြီးလာတာနဲ့အမျှ မြေအင်မော်တယ်ကမ္ဘာရဲ့ တခြားအင်အားစုတွေကလည်း အတူတူပူးပေါင်းပြီး လွမ်ဟွေအာကာသကို ခုခံလာကြပါတယ်။ တချို့စွမ်းအားကြီးတဲ့ နည်းပညာတွေက လွမ်ဟွေအာကာသရဲ့ တည်ရှိမှုကို ရှာတွေ့လုနီးနီးပါပဲ။ ကံကောင်းထောက်မစွာပဲ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က အချိန်မီရှာတွေ့ပြီး အချက်ပြမှုကို အသာလေး ဟန့်တားနိုင်ခဲ့ပါတယ်။
တာဝန်တစ်ရာကျော် ပြီးမြောက်တဲ့ လွမ်ဟွေသမားတွေက စကြဝဠာကို လွတ်လွတ်လပ်လပ် ခရီးနှင်နိုင်ကြပြီး လွမ်ဟွေအာကာသနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တစ်စွန်းတစ်တောင် ထုတ်မပြောဘူးဆိုတဲ့ သံမဏိစည်းမျဉ်းကို လိုက်နာကြရပါတယ်။ ဒါကြောင့် လွမ်ဟွေသမားတွေဟာ စကြဝဠာထဲက မျိုးနွယ်စုအမျိုးမျိုး အဆင့်အတန်း အမျိုးမျိုးမှာ ပြန့်ကျက် တည်ရှိနေပါတယ်။
လွမ်ဟွေသမားတွေကို ဘယ်လိုရှာဖွေရမလဲဆိုတာက စကြဝဠာထဲက မျိုးနွယ်စုအသီးသီးအတွက် ခေါင်းအကိုက်ဆုံး ပုစ္ဆာတစ်ပုဒ်ပါ။
ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး ရန်တုကို အိပ်မက်ပေးလိုက်ပါတယ်။
အခုအချိန်မှာ ရန်တုရဲ့ ကျင့်ကြံမှုက ကောင်းကင်ဘုံဝင်အဆင့်နဲ့ ညီမျှတဲ့အဆင့်ကို ရောက်နေပါပြီ။ အင်မော်တယ်ကမ္ဘာမှာ ဒီအဆင့်က ဘောင်မဝင်ပေမဲ့ မြေအင်မော်တယ်ကမ္ဘာမှာတော့ ဗျူဟာမြောက်လက်နက်တစ်ခု ဖြစ်ပါတယ်။ ရန်တုဟာ ကမ္ဘာမြေရဲ့ စစ်နတ်ဘုရားဖြစ်ပြီး ကမ္ဘာမြေကို နေအဖွဲ့အစည်း အပြင်ဘက်က ဂြိုဟ်သားအဖွဲ့အစည်းတွေလက်ကနေ အကြိမ်များစွာ ကယ်တင်ပေးခဲ့ပါတယ်။
ရန်တူဟာ လူငယ်လေးတစ်ယောက် မဟုတ်တော့ပေမဲ့ ရုပ်ရည်ကတော့ နုပျိုနေတုန်းပါ။ ဒီလိုနုပျိုနေရတာက လွမ်ဟွေအာကာသရဲ့ တာဝန်တစ်ခုကနေ နုပျိုဆေးကို ရခဲ့လို့ ဖြစ်ပါတယ်။
ရန်တုဟာ ဟန်ကျွယ်ကို မြင်တဲ့အခါမှာ မျက်မှောင်ကြုတ်သွားပါတယ် “ငါ လွမ်ဟွေအာကာသမှာ ဘက်မရွေးချင်သေးဘူး”
“ငါ မင်းကို ပေးခဲ့တဲ့ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်က အသုံးဝင်လား”
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ရန်တုဟာ မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်တုဟာ ဒီကျင့်စဉ်နဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောခဲ့လို့ပါပဲ။
ရန်တုဟာ ချက်ချင်းဆိုသလို ရင်တုန်သွားပြီး ဂရုတစိုက် မေးလိုက်ပါတယ် “စီနီယာရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်ကို ဘာဖြစ်လို့ ရွေးချယ်တယ်ဆိုတာ သိလို့ရမလား”
သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုက မိုးနဲ့မြေလို ကွာခြားလွန်းတဲ့အတွက် အသုံးအနှုန်းကလည်း မတူပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တန်းတူစကားပြောနိုင်အောင် အသာလေး လုပ်လို့ရပါတယ်။
“မင်းမှာ မှီခိုစရာလူမရှိဘူး၊ ဒါပေမဲ့ မင်းရဲ့စိတ်ကာ မာကြောတယ်”
ရန်တုဟာ ငတုံးမဟုတ်တဲ့အတွက် တစ်ဖက်လူက သူ့ကို အကြံအစည်တစ်ခုနဲ့ လမ်းညွှန်ပေးမှန်း သဘောပေါက်လိုက်ပါတယ်။
ရန်တု အသက် ၁၄ နှစ် မတိုင်ခင် ခံစားခဲ့ရတဲ့ အထီးကျန်ဆန်မှုကို ဘယ်တော့မှ မမေ့ပါဘူး။ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူ ဒီနေရာကို ရောက်မလာနိုင်ပါဘူး။ ဒါကြောင့် ရန်တုဟာ ဟန်ကျွယ်ကို ကျေးဇူးအရမ်းတင်ပါတယ်။ ဒါပေမဲ့ ရန်တုဟာ ဟန်ကျွယ် အကြောင်းကို မသိတဲ့အတွက် ရင်တထိတ်ထိတ် ဖြစ်နေပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ မင်းကို ဘာမှမခိုင်းပါဘူး၊ အနည်းဆုံး လောလောဆယ်မှာပေါ့”
“ဘာမှမလုပ်ရတဲ့အချိန်က ဘယ်လောက်ကြာမှာလဲ”
“နှစ်သန်းတစ်ရာလောက်ပါ”
“နှစ်သန်းတစ်ရာ…” ရန်တုဟာ မျက်လုံးပြူးသွားပြီး တစ်ကိုယ်လုံး တုန်တက်သွားပါတယ်။
“ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်က လွမ်ဟွေအာကာသကို ဖိနှိပ်နိုင်တဲ့အထိ ကျင့်ကြံလို့ရတယ်၊ ဒါပေမဲ့ မင်းရုပ်ခန္ဓာက သာမန်ပဲဆိုတော့ မကြာခင်မှာ ပိတ်ဆို့မှုကို တွေ့ရလိမ့်မယ်၊ အဲဒီအချိန်ကျရ၍် မင်းမှာ ရွေးချယ်စရာ မရှိဘဲ တခြားကျင့်စဉ်တွေကို ကျင့်ကြံရလိမ့်မယ်”
“မင်း လွမ်ဟွေအာကာသမှာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို ရွေးချယ်လို့ရတယ်၊ ဒါပေမဲ့ ငါ့နာမည်ကို မပြောမိစေနဲ့”
လွမ်ဟွေအာကာသကို ဖိနှိပ်နိုင်တယ်ဆိုတဲ့အတွက် ရန်တုဟာ နှလုံးခုန် မြန်သွားပါတယ်။ ရန်တုဟာ သေမျိုးမဟုတ်တော့ပေမဲ့ လွမ်ဟွေအာကာသရှေ့မှာ အလွန်တရာသေးငယ်တယ်လို့ ခံစားနေရတုန်းပါ။ ရန်တုဟာ ဟန်ကျွယ်က ဘယ်လိုလူလဲဆိုတာကို တော်တော်လေး သိချင်သွားပါတယ်။ ဒါပေမဲ့ ရန်တုဟာ ဒီအကြောင်းကို မမေးဘဲ တခြားအကြောင်းကို မေးလိုက်ပါတယ် “လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ဘယ်သူလဲ”
ရန်တုရဲ့ မေးခွန်းကြောင့် ဟန်ကျွယ်ဟာ ပါးစပ်ပိတ်သွားပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ ရန်တုကို လာရှာတာက လွမ်ဟွေ အင်မော်တယ်ဧကရာဇ် မဟုတ်ဘဲ လွမ်ဟွေ အင်မော်တယ်ဧကရာဇ် လက်အောက်က အထက်နတ်ဘုရား ၁၂ ပါးဆိုတာကို တွေ့လိုက်ရပါတယ်။
“အထက်နတ်ဘုရား ၁၂ ပါးရဲ့ သခင်”
ရန်တုဟာ ထပ်ပြီးတော့ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထက်နတ်ဘုရား ၁၂ ပါးက လွမ်ဟွေအာကာသမှာ သာမန်မဟုတ်တဲ့ တည်ရှိမှုတွေ ဖြစ်နေလို့ပါ။ ‘
‘စကြဝဠာတစ်ခုကို အလွယ်လေး ဖျက်ဆီးနိုင်တယ်ဆိုတဲ့ ဒီအထက်နတ်ဘုရား ၁၂ ပါးမှာ သခင် ရှိနေသေးတာလား… သူက ငါ့ကို လွမ်ဟွေ အင်မော်တယ်ဧကရာဇ် လက်အောက်ထဲ ဝင်ခိုင်းတာက သူလျှိုလုပ်ခိုင်းမလိုလား…’ ရန်တုဟာ ချက်ချင်းပဲ သူ့အတွေးကို ဖြတ်တောက်လိုက်ပါတယ်။
အမြင့်ကိုရောက်လေလေ ပိုသိလာလေလေ ပိုကြောက်လာလေလေပါပဲ။
ရန်တု အကြောက်ဆုံးကတော့ ဆက်ပြီးတော့ မတိုးတက်နိုင်မှာကိုပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ ရန်တုဟာ တခြားအသေးစား ပညာရပ်အချို့ သင်ကြားပေးပါတယ်။ ဟန်ကျွယ်အတွက် အသေးစား ပညာရပ်ဆိုပေမဲ့ ရန်တုအတွက်တော့ လုံးဝကို သံသယဝင်စရာ မလိုတဲ့ မဟာအခွင့်အရေးကြီးတစ်ခုပါ။
အိပ်မက်ကို အဆုံးသတ်ပြီးနောက် ဟန်ကျွယ်ဟာ မြေအင်မော်တယ်ကမ္ဘာကို အာရုံစိုက်နေတာ ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လွတ်လပ်တာအိုပညာရှိ ဖြစ်သွားရင် အရည်အချင်းရှိတဲ့ နောက်ထပ်တပည့်အချို့ကို လက်ခံဖို့ စီစဉ်ထားပါတယ်။
နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။
တိတ်ဆိတ်ကျွန်းက အမှောင်တားမြစ်နယ်မြေကနေ ထွက်ခွာသွားပြီး ပဋိပက္ခရဲ့ နက်ရှိုင်းတဲ့နေရာကို ရောက်နေပါပြီ။ ဒါကြောင့် ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းရဲ့ ပျံသန်းနှုန်းကို လျှော့ချလိုက်ပါတယ်။ ပဋိပက္ခအလင်းတန်းတွေက ထူးဆန်းပြီး ပုံစံမျိုးစုံပါပဲ။ ဒီနေရာမှာ ကြယ်တွေမရှိဘဲ အလင်းရောင်တွေနဲ့ အရောင်မျိုးစုံရှိတဲ့ မြူခိုးတွေသာ ရှိပါတယ်။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ဧရာမအလောင်းကြီးတစ်လောင်းကို တွေ့လိုက်ရပါတယ်။ ဒီအလောင်းက ပုကျိုးနတ်တောင်နဲ့ နေအဖွဲ့အစည်း တစ်ခုလုံးထက်တောင် ကြီးမားပါတယ်။ အသားတွေက တောင်လိုပုံနေပြီး ခေါင်းကို သဲသဲကွဲကွဲ မမြင်ရပါဘူး။ သွေးတွေက ခမ်းခြောက်နေပြီ ဖြစ်တဲ့အတွက် အတော်လေး ကြောက်ဖို့ကောင်းပါတယ်။
ဒီကောင်က တကယ် သေနေပါပြီ။ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ဘာမှမတွေ့တဲ့အတွက် ဒီလို ကောက်ချက် ချလိုက်တာ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိအာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါ ဒီအလောင်းက အသက်ရှင်စဉ်မှာ တာအိုပညာရှိအတု ဖြစ်ခဲ့တယ်ဆိုတာကို သိလိုက်ရပါတယ်။ စွမ်းအားကြီး တာအိုပညာရှိအတု ကျင့်ကြံသူတစ်ဦးက ဒီနေရာမှာ သေဆုံးနေတယ်ဆိုတာကို ဘယ်သူမှ မသိပါဘူး။ နှမြောဖို့တော့ ကောင်းပါတယ်။
တိတ်ဆိတ်ကျွန်းဟာ ရှေ့ကို ဆက်ပြီးတော့ သွားပါတယ်။
၃၇ နှစ် ကြာပြီးတဲ့နောက်မှာတော့ တိတ်ဆိတ်ကျွန်းဟာ တောက်ပတဲ့နယ်မြေကို ကျော်ဖြတ်ပြီး လုံးဝမှောင်မိုက်တဲ့ နေရာတစ်ခုကို ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ အမှောင်တားမြစ်နယ်မြေကို ပြန်ရောက်သွားတယ်လို့တောင် တွေးမိလိုက်ပါတယ်။ ဒါပေမဲ့ ဒီနေရာက အမှောင်တားမြစ်နယ်မြေလို့ ကြောက်စရာ မကောင်းပါဘူး။
တိတ်ဆိတ်ပြီး တည်ငြိမ် အေးချမ်းနေပါတယ်။
ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုနဲ့ နီးလာလေလေ အသွင်တူလက်ရည်စမ်းပွဲကို သုံးပြီး ပတ်ဝန်းကျင်က စွမ်းအားကြီးပုဂ္ဂိုလ်တွေကို စမ်းသပ်လေလေပါပဲ။
နောက်ထပ် နှစ်တစ်ရာ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို တွေ့လိုက်ရပါတယ်။ အကြွင်းမဲ့ မှောင်မိုက်မှုထဲမှာ အန္တိမမူလ မဟာတာအိုက အလင်းရောင် ဘောလုံးတစ်လုံးမို့ အလွန်တရာမှ ဆွဲဆောင်မှု ကောင်းနေပါတယ်။
ဟန်ကျွယ်ဟာ တော်တော်လေး ရင်တုန်ပန်းတုန် ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူသာ အန္တိမမူလ မဟာတာအိုနဲ့ ပေါင်းစပ်လိုက်လို့ အလင်းရောင်က ရုတ်တရက် ကွယ်ပျောက်သွားရင် ပုန်းအောင်းနေတဲ့ တချို့တည်ရှိမှုတွေကို လန့်လိုက်သလို ဖြစ်သွားမှာစိုးလို့ပါ။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုရဲ့ ဘယ်ဘက်မှာ ရုပ်သွင်တစ်ခုကို တွေ့လိုက်ရပါတယ်။ အန္တိမမူလ မဟာတာအိုနဲ့ နှိုင်းယှဉ်ရင် ဒီရုပ်သွင်က နေမင်းဘေးနားက သဲမှုန့်စလိုပဲ အလွန်တရာမှ သေးငယ်လှပါတယ်။ ဒါပေမဲ့ သူ့ရောင်ဝါက အတော်လေး အားကောင်းပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို ထပ်သုံးလိုက်ပါတယ်။
[လီဇိဇိုင်: လွတ်လပ်တာအိုပညာရှိ အလယ်အဆင့်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘လီယောင်ရဲ့ ဘိုးဘေးပါလား…’
လီဇိဇိုင်ရဲ့ ကိုယ်ပွားထောင်ချီဟာ ကောင်းကင်တာအိုမှာ အရပ်ဆယ်မျက်နှာ လျှောက်သွားပြီး သေမျိုးဘုံရဲ့ အနန္တကမ္ဘာကို တွေ့ကြုံခံစားခဲ့ပါတယ်။ အဲဒီထဲက ကိုယ်ပွားတစ်ခုဟာ လီယောင်ရဲ့ ဘိုးဘေး ဖြစ်ပါတယ်။
‘သူက ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ’
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ချက်ချင်းဝင်ပြီး လီဇိဇိုင်နဲ့ တိုက်ခိုက်ပါတယ်။
ငါးမိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ လီဇိဇိုင်က နည်းနည်း အစွမ်းထက်တဲ့အတွက် ဟန်ကျွယ်ဟာ နည်းမျိုးစုံသုံးပြီးမှ လီဇိဇိုင်ကို သတ်နိုင်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အပြင်မှာ နည်းနည်းလေးတောင် မစွန့်စားလိုပါဘူး။
အပြင်မှာ ရန်သူကို တစ်ချက်တည်း မသတ်နိုင်ရင် တခြားတည်ရှိမှုကို လန့်လိုက်သလို ဖြစ်သွားမှာပါ။
ဟန်ကျွယ်ဟာ ခေါင်းခဲသွားပါတယ်။ နောက်ဆုံး ရွေးချယ်စရာ မရှိတာကြောင့် ဟန်ကျွယ်ဟာ ထိုင်စောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီလိုနဲ့ ဟန်ကျွယ် ထိုင်စောင့်ရင်း နှစ်တစ်ထောင် ကြာသွားပါတယ်။ ဒီနှစ်တစ်ထောင်မှာ လီဇိဇိုင်ဟာ အန္တိမမူလ မဟာတာအိုထဲ တိုးဝင်ဖို့ လေးငါးဆယ်ကြိမ် ကြိုးစားပါတယ်။ ဒါပေမဲ့ အကြိမ်တိုင်း ငြင်းဆန်ခံရပြီး ဒဏ်ရာရလုနီးနီးပါပဲ။
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ မနေနိုင်ဘဲ လီဇိဇိုင် အလစ်ဖမ်းပြီး တိုက်ခိုက်ချင်သွားပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ သူ့စိတ်ကို ပြန်ထိန်းလိုက်ပါတယ်။
‘စိတ်ထိန်းစမ်း… ငါ နည်းနည်း ထပ်စောင့်ကြည့်သင့်သေးတယ်’
ကိုယ်ဖန်တီးထားတဲ့ မဟာတာအိုက ကိုယ့်ရှေ့မှာ ရှိနေတာတောင် မယူနိုင်တာက ဟန်ကျွယ်ကို တော်တော်လေး စိတ်ဓာတ်ကျစေပါတယ်။ ဟန်ကျွယ် စိုးရိမ်နေတုန်းမှာပဲ အလွန် ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါတစ်ခု ဆင်းသက်လာတဲ့အတွက် ဟန်ကျွယ်ဟာ နှလုံးခုန် မြန်သွားပါတယ်။
ဟန်ကျွယ်က တာအိုစက်ကွင်းထဲမှာမို့ ဘာမှသိပ်မဖြစ်ပေမဲ့ အပြင်ဘက်က လီဇိဇိုင်ကတော့ မျက်နှာတစ်ခုလုံး သွေးမရှိတော့ပါဘူး။ လီဇိဇိုင်က ရုပ်ရည်ချောမောပေမဲ့ ဒီအချိန်မှာတော့ သာမန်လူတစ်ယောက် သရဲကို မြင်လိုက်ရသလိုပါပဲ။
“ပဋိပက္ခနတ်မင်း…”
လီဇိဇိုင်ဟာ တလေးတစား ဦးညွှတ်လိုက်ပါတယ်။ လီဇိဇိုင် ဦးညွှတ်လိုက်တဲ့ ဟင်းလင်းပြင်ဘက်က မှောငမိုက်နေပြီး ဘာမှမမြင်ရပါဘူး။ မသိမသာနဲ့ အလွန်ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတစ်ခုက အမှောင်ထဲမှာ ပုန်းလျှိုးနေပုံပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 600
? Views, Released on December 10, 2024