Switch Mode

Chapter – 94

ငါဟာခွေးတစ်ကောင်မဟုတ်ဘူး

Chapter – 94
“ငါဟာခွေးတစ်ကောင်မဟုတ်ဘူး”

(ဒီလူက အမြဲတမ်း လိုက်ဖမ်းခံနေရတာပဲ . . . တကယ့်စိတ်ပျက်စရာ လုပ်ကြံသတ်ဖြတ်သူ ပါလား)
ရဲရှောင် စဉ်းစားနေမိသည်။
သူမသိသည့် အချက်မှာ နင်ဘီလျူ အဘယ်ကြောင့် အလိုက်ခံနေရသလဲ ဆိုတာကိုပင် ဖြစ်၏။
မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ရင်း နင်ဘီလျူမှ –
“မုန်တိုင်းအိမ်တော် . . . မင်းက ညာလက်ရုံးလား ဘယ်လက်ရုံးလား ဆိုတာ သိချင်တယ် . . .”
ချူးအာမှ ခပ်တိုးတိုး လေသံဖြင့် –
“ကျွန်မက ချူးအာပဲ . . .”
“ငါသိပြီ . . .”
နင်ဘီလျူ ပြုံးလျက် ပြောလိုက်သည်။ ဆက်လက်၍ –
“မိစ္ဆာတစ်ယောက်ရဲ့ လက်ထဲမှာ သေရမယ် ဆိုတော့ ငါ့ရဲ့ ဂုဏ်သိက္ခာ ထင်သလောက်တော့ ကျသွားမယ် မထင်ဘူး . . .”
ရဲရှောင် အံ့သြစွာဖြင့် စဉ်းစားမိသည်မှာ –
(မိစ္ဆာတဲ့လား . . . ဘယ်လို မိစ္ဆာလဲ ဘာကို ဆိုလိုတာပါလိမ့် . . .)
ချူးအာမှ အေးစက်သော လေသံဖြင့် –
“နင်ဘီလျူ . . . ရှင်ကျွန်မတို့ကို ဆန့်ကျင်ရင် ဘယ်လိုဖြစ်မလဲ ဆိုတာကို သိသားနဲ့ . . .”
နင်ဘီလျူမှ မျက်တောင်တစ်ချက် ခတ်လိုက်ရင်း မောပန်းနွမ်းနယ်သည့် အသံဖြင့် –
“ငါသိတယ် . . . ငါသိတာပေါ့၊ မိန်းကလေး ချူးအာ . . . မင်းက အရမ်းအစွမ်းထက်နေ ပါစေဦးတော့ ငါ့ကို တစ်ခါပဲ သတ်နိုင်မယ် ဟုတ်တယ်မလား၊ ငါ့ကို ငရဲပြည်ကနေ ဂုတ်ဆွဲပြီးတော့ ထပ်ခါထပ်ခါ သတ်ချင်နေလို့ မရဘူးလေ ဟေးဟေး . . . ဒါပေမဲ့ မင်းက မိစ္ဆာတစ်ကောင် ဖြစ်နေတယ် ဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်မှာပေါ့ . . .”
ပြောနေရင်းဖြင့် နင်ဘီလျူသည် ရယ်မောလိုက်ပြန်သည်း ထို့နောက် ဆက်လက်၍ –
“ငါဒဏ်ရာ ရနေတုန်းမို့ မင်းကံကောင်းသွားတယ် မှတ်ပါ။ ငါသာ အပြည့်အ၀ အားရှိနေရင် ငါ့ကို မင်းနိုင်နိုင်မှာ မဟုတ်ဘူး။ မင်းကို ဘယ်နတ်ဘုရားမှတောင် ကယ်နိုင်မှာ မဟုတ်ဘူး . . .”
အဖြူရောင် ပုံရိပ်တစ်ခု ပျံသန်းလျက် ရဲရှောင်အနားတွင် ရပ်လိုက်သည်။ မိုးသည်းထန်စွာ ရွာသွန်းနေသည့်တိုင် သူမ၏ အ၀တ်အစားများသည် သန့်ရှင်း ခြောက်သွေ့လျက် ရှိနေပါသည်။
သူမမှ –
“ကမ္ဘာကြီးပေါ်မှာ ဒီလို ကိစ္စဟာ တရားမမျှတဘူးဆိုတာ မရှိဘူး။ နင်ဘီလျူ . . . ရှင်ဟာ လုပ်ကြံ သတ်ဖြတ်တဲ့ ပညာရှင် တစ်ယောက်ပါ။ သတ်ဖြတ်တယ် ဆိုတာ ရှင့်အတွက် ကလေးကစားစရာ လိုပဲ။ ရှင် တခြားလူတွေရဲ့ အသက်ကို ယူခဲ့တုန်းက သူတို့ကိုယ်သူတို့ ကာကွယ်ခွင့်တောင် ပေးခဲ့ဖူးလို့လား။ အဲဒါတောင် အခု ဒီလိုစကားမျိုး ပြောနေသေးတယ်။ ရှင်ပြောနေတဲ့ စကားတွေက ရှင့်သိက္ခာကို ကာကွယ် နိုင်မယ်များ ထင်နေတာလား . . . ကိုယ့်ကိုယ်ကိုယ် မိစ္ဆာတစ်ကောင်လို့ ပြန်ပြော နေသလိုပဲ၊ သနားစရာ ကောင်းလိုက်တာ . . .”
နင်ဘီလျူမှ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် –
“မင်းပြောတာ မှန်ပါတယ်။ ဒီနေ့ မင်းငါ့အသက်ကို ယူချင်လည်း ယူပေါ့၊ ငါဘာမှ မပြောလိုဘူး”
ချူးအာမှ ရယ်မောလိုက်ပြီးနောက် မထူးခြားသည့် ပုံစံမျိုးဖြင့် –
“ကျွန်မ ရှင့်ကို မသတ်ချင်ဘူးဆိုတာကို ရှင်လည်း သိပါတယ်။ ကျွန်မက ရှင့်ကို သိမ်းသွင်းချင်တာ လေ . . .”
နင်ဘီလျူ ရယ်မောလိုက်ပြီး –
“သိမ်းသွင်းချင်တာ ဟုတ်လား . . . ဒီလို ပျော်စရာ ကောင်းတဲ့ နည်းလမ်းလေးနဲ့ ပေါ့လေ . . .”
ချူးအာမှ တည်ငြိမ်သော အသံဖြင့် –
“မုန်တိုင်းအိမ်တော်ဟာ သစ္စာရှိတဲ့ လူသူမစုဆောင်းခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အခု ကျွန်မတို့က ရှင့်ရဲ့ စွမ်းဆောင်မှုတွေကို အသိအမှတ်ပြုနေတာတောင်မှ ရှင်က ဘာလို့ ငြင်းချင် နေရတာလဲ။ ဘယ်လိုနည်းနဲ့ သိမ်းသွင်းရမလဲတောင် မသိတော့ပါဘူး . . .”
နင်ဘီလျူမှ ချောင်း ၂ ချက်ခန့် ဆိုးလိုက်ရင်း –
“စိတ်ပျက်စရာ ကောင်းလိုက်တာ . . . ငါ မိစ္ဆာတစ်ကောင် မဖြစ်ချင်ဘူး . . .”
ချူးအာ၏ မျက်လုံးများ ပိုမို အေးစက်သွားခဲ့ပြီး သတ်ဖြတ်ဖြတ်ချင်စိတ်များ ပို၍ ပေါက်လာပါတယ်။
ရဲရှောင်နှင့် မျက်နှာချင်းဆိုင် အနေအထားလိုပင် ဖြစ်နေသဖြင့် ရဲရှောင် ထိုအချိန်တွင် အတော်ကြီး ကို ထိတ်လန့် နေမိပါတော့သည်။
“ရှင်က ကျွန်မကို ထပ်ကာထပ်ကာ အတိုက်ခံ လုပ်ခဲ့တယ် နင်ဘီလျူ . . . ယောကျာ်းတစ်ယောက် ဖြစ်တဲ့ ရှင့်အနေနဲ့ မိန်းကလေး တစ်ယောက်ကို ဒီလို လုပ်တာ လွန်တယ်လို့ မထင်ဘူးလား . . .”
သူမ၏ အသံသည် တဖန်ပြန်၍ ငြိမ်းချမ်းသွားပြန်သည်။
နင်ဘီလျူ တိတ်ဆိတ်နေမိသည်။
“ကျွန်မ အကြောင်းရင်း အမှန်ကို သိချင်တယ် . . .”
ချူးအာမှ ပြောလိုက်လေ၏။
“မုန်တိုင်းအိမ်တော် ဆိုတာ တစ်ကမ္ဘာလုံးက ဖိန့်ဖိန့်တုန်ရတဲ့ အိမ်တော်ပဲ။ ထိပ်တန်းအဆင့်ရှိတဲ့ ပညာရှင်တွေ အားလုံးလိုလို အဖွဲ့ဝင် ဖြစ်ချင်ကြတယ်၊ ရှင်ကျ ဘာလို့လဲ . . .”
နင်ဘီလျူမှ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် –
“မင်းပြောတာတွေက အမှန်တရားတွေပါပဲ။ ငါလည်း သိပါတယ်။ ဒါပေမဲ့ ငါက ငါ့ကိုယ်ငါ ပိုင်တဲ့ ဘ၀ကို ပိုပြီး သဘောကျတယ်။ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် ဖြစ်နေတာတောင်မှ ငါဟာ အမိန့်ပေးနိုင်တဲ့ လူတစ်ယောက်ပဲ ဖြစ်ချင်တယ်။ ငါက လူကောင်းတစ်ယောက် ဟုတ်ချင်မှ ဟုတ်မှာပါ၊ ဒါပေမဲ့ ခွေးတစ်ကောင်တော့ အဖြစ်ခံမှာ မဟုတ်ဘူး . . .”
ခေါင်းမော့၍ ပြောလိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ ဆက်လက်၍ –
“လူဆိုးတစ်ယောက် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ တခြားလူရဲ့ ခွေးတစ်ကောင် အဖြစ်နဲ့တော့ မနေနိုင်ဘူး၊ ယုတ်စွအဆုံး ဘုရင့်ရဲ့ ခွေးအဖြစ်တောင် မနေနိုင်ဘူး . . .”
ချူးအာမှ ခဏကြာ အသံတိတ်သွားပြီးနောက် –
“ကောင်းတယ်၊ ကောင်းပါတယ် . . . ရှင်က အတော် ခေါင်းမာတဲ့ လူတစ်ယောက်ပဲ၊ ရှင့်ကို တကယ်အထင်သေးခဲ့မိတယ် . . .”
နင်ဘီလျူလည်း အနည်းငယ် တက်ကြွလာဟန်ဖြင့် ရယ်မောလိုက်ပြီးနောက် ဂုဏ်ယူဟန်ဖြင့် –
“ငါက မွေးကတည်းက ဒီလို ဗီဇနဲ့ မွေးလာတာပဲ၊ အဲဒါကြောင့် ဒီဘ၀မှာတော့ ပြင်နိုင်မှာ မဟုတ်တော့ဘူး . . .”
“မုန်တိုင်းအိမ်တော် အနေနဲ့ အခုချိန်မှာ လုပ်ကြံသတ်ဖြတ်သူ ပညာရှင်တွေ လိုအပ်နေတယ်။ ရှင့်လိုလူတစ်ယောက်ကိုဆို ကျွန်မတို့အနေနဲ့ လုံးဝ လက်လွတ် မခံချင်ဘူး . . .”
ချူးအာမှ သက်ပြင်းချလျက် ပြောလိုက်သည်။
“ကောင်းကင်သွေး ကလည်း နောက်ဆုံး တာဝန်ယူသွားကတည်းက အခုထိကို ပျောက်နေတာ၊ နင်ဘီလျူ . . . ရှင့်ကို အခု နောက်ထပ် အခွင့်အရေး ပေးနေတာနော်၊ စိတ်ပြောင်းလိုက်လို့ မီသေးတယ်”
နင်ဘီလျူမှ မျက်လုံးများကို မှိတ်လိုက်ရင်း တိတ်ဆိတ် သွားပြန်လေသည်။
သူ၏ အမူအယာမှာ ငါ့ကို သတ်ချင်သတ် ငါကတော့ စိတ်ပြောင်းမှာ မဟုတ်ဘူး ဟု ပြောနေသလို ပါပင်။
ချူးအာမှ စိတ်ပျက်ဟန်ဖြင့် သက်ပြင်း တစ်ချက်ချလိုက်ရင်း နောက်ဆုံး ကြိုးစားလိုဟန်ဖြင့် –
“ကောင်းပြီ၊ ရှင့်ကို ဖိအား မပေးတော့ပါဘူး၊ ဒါပေမဲ့ နင်ဘီလျူ ရှင့်ကို မေးစရာရှိတာလေး မေးပါရစေဦး။ ရှင်သာ ရှင်းရှင်းလင်းလင်း ဖြေပေးနိုင်မယ် ဆိုရင် ရှင့်ကို ဘာမှ တွန်းအား ပေးမနေတော့ဘဲ မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ် . . .”
နင်ဘီလျူမှ မျက်လုံးများ မှိတ်လျက်ပင် –
“ကောင်းပြီလေ . . . ပြောပါ . . .”
“ရှင်က ရှင့်ကို ဘယ်သူ့အတွက်မှ အမှုထမ်းရတာ မကြိုက်တဲ့ လူတစ်ယောက်လို့ ပြောခဲ့တယ်နော်၊ ဒါက ရှင့်ရဲ့ အကျင့်ပဲ ဟုတ်တယ်မလား . . .”
ချူးအာ မေးလိုက်သည်။ ဆက်လက်၍ –
“ရှင့် တဘ၀လုံးမှာ ရှင့်အတွက်ပဲ ရှင် လုပ်ခဲ့တယ်ဆိုတာလည်း အမှန်ပဲမလား . . .”
နင်ဘီလျူမှ ခနဲ့တဲ့တဲ့ လေသံဖြင့် –
“ဒါပေါ့ . . . ငါက အမြဲတမ်း အဲဒီလိုပဲ။ ငါသေတဲ့ထိလည်း အဲဒီလို နေသွားမှာပဲ၊ အဲဒီအတွက် ဘယ်တော့မှ နောင်တရနေမှာလည်း မဟုတ်ဘူး . . .”
“ဒီလိုဆိုရင် လွန်ခဲ့တဲ့ ၃ နှစ်လောက်က ရှင့်ရဲ့ လူအချို့ကို ဦးဆောင်ပြီးတော့ မြောက်ပိုင်းက ရဲနန်ရှန်ဆီ သွားခဲ့တယ်မလား၊ သူ့ကို မြောက်ပိုင်းဝံပုလွေအုပ်စုက စစ်သူကြီးတွေကို သတ်ဖို့ ရှင်ကူညီခဲ့တယ် မလား . . . အဲဒါဆိုရင် ရှင်ပြောပုံအရ ရှင်က ရဲနန်ရှန်ရဲ့ ခွေးဖြစ်သွားတဲ့ သဘောပဲ မဟုတ်လား၊ ရှင်ပြောတော့ ဘုရင့်ခွေးတောင် မလုပ်ပါဘူးဆို ဒါပေမဲ့ အခု ဘုရင့်ခွေးအဖြစ် သွယ်ဝိုက်ပြီး ဖြစ်သွားတဲ့ သဘောပဲဟာ . . .”
“အရေးမပါလိုက်တာ . . .”
နင်ဘီလျူ ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
“အခြေအနေချင်းက မတူဘူး၊ မင်းအဲဒါကို ဘာကိစ္စ ခေါင်းစဉ်တစ်ခုထဲအောက် ဆွဲထည့် ရတာလဲ”
ချူးအာမှ ခနဲ့တဲ့တဲ့ဟန်ဖြင့် –
“ရှင်လုပ်ခဲ့တဲ့ လုပ်ရပ်က သူများကို ကူညီခဲ့တာလေ။ ရဲနန်ရှန်နဲ့ ဘုရင်က ဒီအတွက်နဲ ရှင့်ကို တစ်ခုခု ပေးခဲ့တယ်လို့တော့ ကျွန်မကို လာမပြောနဲ့နော်၊ ရှင်အဲဒီလို ဖြေတဲ့ အဖြေက ကျွန်မကို ကျေနပ်စေမှာ မဟုတ်ဘူး။ ရှင်က ဒီနေ့ရော၊ မနက်ဖြန်ရော သဘက်ခါရော သေဦးမှာ မဟုတ်ဘူး။ ရှင်က အကြာကြီး အသက်ရှင်နေရဦးမှာ၊ ဒါပေမဲ့ သေတာထက် ဆိုးမှာတော့ သေချာတယ်။ အဲဒီအခါကျမှ သေရတယ်ဆိုတာ တကယ်ကို တန်ဖိုးရှိတဲ့ အခွင့်အရေး တစ်ခုလို့ တမ်းတမိလိမ့်မယ် . . .”
“ငါပြောပြီးပြီ . . . မင်း ဒီကိစ္စကို မဆိုင်ဘဲ လာမပြောနဲ့လေ။ ဘာမှ မဆိုင်တဲ့ဟာကို . . .”
နင်ဘီလျူ အော်ပြောလိုက်တယ်။
“ကဲအဲဒါဆိုလည်း ပြောစမ်းပါဦး . . .”
ချူးအာမှ ပြောလိုက်တယ်။
“ရဲနန်ရှန်နဲ့ ငါနဲ့ ဘာမှ မဆိုင်ဘူး၊ ငါကလည်း သူ့ကို ကူညီခဲ့တာ မဟုတ်ဘူး။ တကယ်တော့ ငါနဲ့ မြောက်ပိုင်းဝံပုလွေ အုပ်စုက စစ်သူကြီး တစ်ယောက်နဲ့က ရန်ငြိုးရန်စ ရှိတယ်။ အဲဒါကြောင့် ငါက သူတို့ကို သတ်ချင်ခဲ့တာ၊ ငါ့ရဲ့ အဖွဲ့ကို အဲဒီကောင်တွေ အုပ်စုက သတ်ခဲ့တာလေ။ မင်းပြောသလို ငါက ရဲနန်ရှန်ကို ကူညီတာ မဟုတ်ဘူးကွ၊ ရဲနန်ရှန်ကသာ ငါ့အတွက် ကူညီပြီး ကလဲ့စား ချေပေးခဲ့တာ . . .”
“ရဲနန်ရှန်ကလည်း ငါအဲဒီကောင်တွေကို သတ်ဖြတ်ပေးခဲ့လို့ တိုက်ပွဲကို မြန်မြန် အဆုံးသတ် နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါဘာမှ မခံစားရဘူး။ ငါ့အလုပ်လည်း မဟုတ်ဘူးလေ။ ငါမပါရင်တောင်မှ အဲဒီတိုက်ပွဲကို ရဲနန်ရှန်ပဲ နိုင်မယ် ဆိုတာ ငါသိပြီးသား . . .”
နင်ဘီလျူ တခဏမျှ နားလိုက်ပြီးနောက် ဆက်လက်၍ –
“ငါက ရဲနန်ရှန် ခွေးလို့ မင်းပြောခဲ့တယ်နော်၊ တကယ် အဓိပ္ပါယ်မရှိတဲ့ စကားပဲ၊ မတော်တဆ ပူးပေါင်းသွားကြမိတဲ့ သဘောပါ . . .”
ချူးအာမှ –
“ဒုတိယ မေးခွန်းကိုလည်း ဖြေစမ်းပါဦး . . .”
နင်ဘီလျူမှ ချူးအာအား အထင်သေးဟန် အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီးနောက် –
“ညာလက်ရုံး ချူးအာက ဉာဏ်အမျှော်အမြင် ကြီးတယ်ဆိုတဲ့ ယုံတမ်းစကားက တကယ့် ဟာသ ပါပဲလား။ ငါ့ကို တခြားလူဆီ အမှုထမ်းတာနဲ့ ပတ်သက်ပြီး မေးခွန်းလာထုတ်နေတာပဲ။ ငါက တိုက်ပွဲမှာ တိုက်ခိုက်ခဲ့ရင်တောင်မှ၊ ချန်နိုင်ငံတော်ကြီးအတွက် တိုက်ခိုက်ခဲ့ရင်တောင်မှ၊ တစ်ဖက်လူတွေက ငါနဲ့ ရန်ငြိုးရန်စ မရှိဘူး ဆိုရင်တောင်မှ ငါဟာ ဘုရင့်ခွေးဖြစ်တယ်လို့ ပြောလို့မရဘူး ဆိုတာကို မင်းမသိဘူး လား . . .”
“ဘာလို့လဲဆိုတော့ ငါက ချန်နိုင်ငံတော်ရဲ့ နိုင်ငံသား တစ်ယောက်လေ . . .”
နင်ဘီလျူ မောပန်းနေဟန်ဖြင့် ခဏမျှ နားလိုက်သည်။ ထို့နောက် ဆက်လက်၍ –
“ပြောရရင် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တွေ ပါလာလိမ့်မယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေ ပုဂ္ဂိုလ်ရေး တွေ ဘာတစ်ခုနဲ့မှ မဆိုင်ဘူး။ အဲဒီလို ဖြစ်တာနဲ့ပဲ ခွေးတစ်ကောင် ဖြစ်သွားရရောလား . . .”
“တော်ဝင်မျိုးနွယ်စုက ငါ့ခေါင်းကို ဆုငွေ ထုတ်ထားတယ် ဆိုပေမဲ့ ငါ့နိုင်ငံ အန္တရာယ် ကျရောက် နေတဲ့အခါ ငါ့နိုင်ငံဘက်ကနေဘဲ ငါအပြည့်အ၀ ရပ်တည်မှာပေါ့ . . . ဘာလို့လဲဆိုတော့ ဒီနိုင်ငံထဲမှာ နေတဲ့ ဒီနိုင်ငံသား တစ်ယောက်ရဲ့ တာဝန် ဖြစ်နေလို့ပဲ . . .”
“တော်ဝင်မျိုးနွယ်စုက အုပ်ချုပ်ရေးပိုင်းက လူတွေ အတော်များများကို ငါမုန်းတယ်။ တော်ဝင်မိသားစုကိုလည်း လုံးဝ ကြည့်မရဘူး။ ဘုရင်ကိုလည်း ငါမကြိုက်ဘူး၊ မော်တယ်ကမ္ဘာကြီးမှာ နေနေတဲ့ သာမန်လူတစ်ယောက်ဖြစ်ပြီးတော့ ဒါပေမဲ့ တခြားလူတွေ အတွက်တော့ ငါဟာ ထူးချွန်တဲ့ လုပ်ကြံသတ်ဖြတ်သူ ပညာရှင် တစ်ယောက်ဆိုပြီး မြင်ကြတယ်။ ဒါပေမဲ့ ငါကတော့ ငါ့တိုင်းပြည်က ငါ့ကို လိုအပ်လာတဲ့အချိန် အသက်ပေးဖို့ အဆင်သင့်ပဲ . . .”
နင်ဘီလျူ ခနဲ့တဲ့တဲ့ဖြင့် ဆက်ပြောပြန်ပါသည်။
“ငါ မင်းတို့နဲ့ မပူးပေါင်းချင်ဘူး ဆိုတာက ပထမအချက် အနေနဲ့ ငါမင်းတို့ရဲ့ ခွေးအဖြစ် အဖြစ်မခံ နိုင်ဘူး၊ ဒုတိယ အချက်အနေနဲ့ မင်းတို့က ကိုယ့်နိုင်ငံအပေါ် ဘယ်လို သစ္စာ စောင့်သိရမလဲ ဆိုတာကိုလည်း မသိဘူး။ မင်းတို့က အတက်အကျကိုပဲ စိတ်ဝင်စားကြတယ်။ ဘယ်သူတက်ပြီး ဘယ်သူ ကျသွားလဲ ဆိုတာကိုလည်း ဂရုမစိုက်ကြဘူးလေ။ ငါကတော့ ဒီလိုမဟုတ်ဘူး၊ ငါ့ခံယူချက်နဲ့ငါ ရှိထားပြီး သား . . .”
“အဲဒီလို အတက်အကျ ဆိုတာထဲမှာ ငါ့နိုင်ငံလည်း ပါသွားနိုင်တယ်။ နိုင်ငံတော်ကြီး ပြိုလဲကျသွားမဲ့ ကိစ္စကို ငါကတော့ ထိုင်ကြည့် နေနိုင်မှာ မဟုတ်ဘူး . . .”
ထို့နောက် နင်ဘီလျူသည် အနည်းငယ် ပြုံးလိုက်ပြီး ဆက်လက်၍ –
“အဲဒါကြောင့် မင်းတို့ ငါကလွဲပြီး တခြားလူတွေကိုပဲ သိမ်းသွင်းနိုင်အောင် လုပ်ကြပါ။ ငါကတော့ မင်းတို့ ခွေး အဖြစ်ခံမှာ မဟုတ်ဘူး . . .”
“ဒါမှမဟုတ် မင်းပဲ ပြောခဲ့တယ်မလား ငါ့ကို ဘယ်လို သိမ်းသွင်းရမလဲ မသိတော့ပါဘူး ဆိုပြီးတော့ လေ။ အဲဒါဟာလည်း ငါဖြစ်ချင်တဲ့ အရာတွေကို မင်းတို့က လုပ်ပေးနိုင်စွမ်း မရှိကြလို့ပဲ . . .”
နင်ဘီလျူ ရယ်မောလျက် ပြောလိုက်လေ၏။
သူ၏ စကားလုံးများသည် လေးနက် ခိုင်မာလှပြီး ချူးအာကိုပင် တိတ်ဆိတ် သွားစေခဲ့သည်။
ကမ္ဘာကြီး တစ်ခုလုံးမှာတော့ မိုးစက်မိုးပေါက်များ လေပြင်းများဖြင့် ပြည့်နှက်နေဆဲပင်။
မိုးသည်လည်း သည်းသထက် သည်းလာခဲ့ပြီး ကောင်းကင်ထက်မှ ကြည့်မည် ဆိုပါက လှံများ မြေပြင်သို့ အရှိန်အဟုန်ပြင်းစွာ ကျရောက်နေသည်နှင့်ပင် တူနေပါသေးသည်။
တောင်များထက်မှ ရေစက်များသည် အရှိန်အဟုန် ပြင်းစွာဖြင့် မြေပြင်ပေါ်သို့ စီးကျနေလျက် ရှိနေသည်။
ရေစီးသံများသည်လည်း မိုးသံလေသံများနှင့်အတူ ကျယ်လောင်စွာ ထွက်ပေါ်နေလျက် ရှိပါတော့ သည်။
နင်ဘီလျူ၏ တစ်ကိုယ်လုံးတွင် ရွှံ့များ သဲများဖြင့် ညစ်ပတ်၍နေပြီး ချူးအာမှာမူ ဖြူဖွေး သန့်ရှင်း သော ၀တ်ရုံဖြူကို ၀တ်ဆင်ထားလျက် ကောင်းကင်မှ နတ်သမီးလေး တစ်ပါးနှင့်ပင် တူနေပါသေးသည်။
သို့သော် နင်ဘီလျူမှာ ချူးအာထက် ပို၍ လူသားဆန်သော အငွေ့အသက် ရှိနေသည်ဟု ရဲရှောင် ခံစားနေရလေ၏။
ချူးအာမှ အေးစက်သော အကြည့်မျိုးဖြင့် နင်ဘီလျူအား ကြည့်ရှု နေလေ၏။ သူမ၏ အဖြူရောင် အ၀တ်အစားများသည်လည်း လေထဲတွင် လွင့်ပျံလျက် ရှိနေပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset