အခန်း (၅၉၉) ပဋိပက္ခဆီသို့
နေ့သစ်မှာ အသက် ၁၄ နှစ်ပဲ ရှိသေးတဲ့ ရန်တုဟာ ပစ္စည်းဟောင်းတွေ ပြည့်နှက်နေတဲ့ အိမ်လေးက ထွက်လာပြီး နေရာင်ခြည်ကို ခံစားလိုက်ပါတယ်။ ရန်တုရဲ့ ဆံပင်တွေက ရှုပ်ပွပြီး မျက်နှာကလည်း ပေရေနေပေမဲ့ သူ့မျက်လုံးတွေကတော့ ကြည်လင်နေပါတယ်။ ကြည်လင်နေတဲ့ မျက်လုံးတွေကို ကြည့်ရုံနဲ့ ဘယ်သူမဆို ဒီလူငယ်လေးက ရုပ်မဆိုးဘူးဆိုတာကို မှန်းဆပြီး ပြောနိုင်ပါတယ်။
“ငါ ဒီနေ့ အရှေ့ပိုင်းက စွန့်ပစ်လမ်းဆုံကို ရှာမယ်၊ အဲဒီမှာ သုံးလို့ရသေးတဲ့ ပစ္စည်းဟောင်းတွေ ရှိနေဖို့ မျှော်လင့်ရတာပဲ” ရန်တုဟာ မျှော်လင့်ချက်ကြီးစွာနဲ့ နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်ပါတယ်။ ရန်တုဟာ ခါးကြောဆန့်လိုက်ပြီး တံခါးနားမှာထားတဲ့ ငွေသတ္တုတုတ်ချောင်းကို ကောက်ကိုင်ကာ အရှေ့ဘက်ကို လျှောက်သွားပါတယ်။
ဒီအချိန်မှာပဲ ကောင်းကင်ပေါ်ကနေ အလင်းတန်းတစ်ခု ကျဆင်လားပြီး ရန်တုရဲ့ နဖူးကို အလွန်လျင်မြန်တဲ့အရှိန်နဲ့ ဝင်တိုက်မိသွားပါတယ်။ ရန်တုဟာ ချက်ချင်း ကြက်သေသေသွားပြီး ရန်တုရဲ့ မျက်လုံးတွေဟာ ချာချာလည်သွားပါတယ်။
အတန်ကြာမှာ ရန်တုဟာ မျက်လုံးပွင့်လာပြီး သူ့ဘာသာ ရေရွတ်လိုက်ပါတယ် “ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်… ဘာလဲဟ…’
ဟန်ကျွယ်ဟာ ရန်တုကို နေကနေ ကြည့်နေပါတယ်။ ရန်တုမှာ မှီခိုစရာလူ တစ်ယောက်မှ မရှိပါဘူး။ ရန်တုရဲ့ ဘဝက ကြမ်းတမ်းပေမဲ့ ရန်တုဟာ အရှုံမပေးပါဘူး။ ရန်တုဟာ ညတိုင်းလိုလို သူ့အနာဂတ်ကို မျှော်တွေးပြီး ပျော်ရွှင်စရာတွေ တွေးလေ့ရှိပါတယ်။
မြေအင်မော်တယ်ကမ္ဘာရဲ့ စိတ်ဝိညာဉ်ချီက မလုံလောက်တဲ့အတွက် ဟန်ကျွယ်က ရန်တုကို ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ် သင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီကျင့်စဉ်က ခန္ဓာကိုယ်ကို လေ့ကျင့်တာ ဖြစ်တဲ့အတွက် သဘာဝစွမ်းအင်ကို ဆွဲဆောင်ပြီး ခန္ဓာကိုယ်ကို လေ့ကျင့်လို့ရပါတယ်။
ဒါပေမဲ့ နောက်ပိုင်းအဆင့်တွေမှာတော့ စိတ်ဝိညာဉ်ချီကို မမှီခိုလို့ မရပါဘူး။ နောက်ပြီး ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်ဟာ ပဋိပက္ခရုပ်ခန္ဓာရှိတဲ့လူတွေ ကျင့်ကြံဖို့ တီထွင်ထားတဲ့ ကျင့်စဉ်တစ်ခုပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ် ကျင့်စဉ်ကို တက်မြောက်ပြီးနောက်မှာ သေမျိုးရုပ်ခန္ဓာအခန်းကို ထည့်သွင်းခဲ့ပါတယ်။
ဒါပေမဲ့ သေမျိုးတွေအနေနဲ့ ဒီကျင့်စဉ်ရဲ့ စွမ်းအားအစစ်ကို ထုတ်ဖော်နိုင်ဖို့က မဖြစ်နိုင်သလောက်နီးနီးပါပဲ။ ဒါပေမဲ့ ရန်တုက အနာဂတ်မှာ ပဋိပက္ခ နတ်ဘီလူး ဖြစ်လာနိုင်ချေ ရှိတဲ့အတွက် ဒီကျင့်စဉ်က ကျင့်ကြံတာက ကြိုတင်ပြင်ဆင်ထားတာလို့ ပြောလို့ရပါတယ်။
အဲဒီအချိန်ရောက်ရင် ဟန်ကျွယ်ဟာ ရန်တုကို ဒုတိယ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်းပြီး ကျင့်ကြံအားထုတ်ခိုင်းမှာပါ။
ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းကို ပြန်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
ရန်တုက စောစော သေသွားရင်တော့ ပြိုးထောင်ဖို့ မတန်ဘူးလို့ပဲ သတ်မှတ်ရပါလိမ့်မယ်။
အချိန်ဟာ ပုံမှန်ကုန်ဆုံးပြီး နှစ်တစ်ထောင် ကြာသွားပါတယ်။ ဟန်ကျွယ်ရဲ့ အန္တိမမူလ မဟာတာအို နားလည်မှုကလည်း ပိုပိုနက်နဲလာပါတယ်။ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုနဲ့ မပေါင်းစပ်ခင် အရင်ဆုံး အန္တိမမူလ မဟာတာအိုကို ဒြပ်ရှိလာအောင် ဖန်တီးချင်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုအတွက် ရုပ်ဒြပ်ကို ဖန်တီးလို့ မရပါဘူး။ ဒါ့အပြင် ထူးဆန်းတာက ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုက ရုပ်ဒြပ်တည်ရှိပြီးသားလို့ ခံစားနေရပါတယ်။
‘ဒီဟာက ငါ ဖန်တီးထားတာပါ၊ တကယ်လို့ အန္တိမမူလ မဟာတာအိုက ရုပ်ဒြပ်ရှိတယ်ဆိုရင် ငါ ဘာလို့ မသိရတာလဲ’
နောက်ဆုံးတော့ ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “အန္တိမမူလ မဟာတာအိုက ဘာဖြစ်လို့ ရုပ်ဒြပ်အဖြစ် မတည်ရှိနိုင်ရတာလဲ”
[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ငါ ဖန်တီးထားတဲ့ မဟာတာအိုလို့ မပြောရဘူး၊ မင်းတန်ဖိုးက အတော်မြင့်တာပဲ’
ဆက်တွက်မယ်။
[အန္တိမမူလ မဟာတာအိုသည် တည်ရှိပြီး ဖြစ်သည်။]
ဟန်ကျွယ်ဟာ နှုတ်ကနေ အလိုလို မေးမိလိုက်ပါတယ် “ဘယ်နေရာမှာလဲ”
ဒီတစ်ခါမှာတော့ စနစ်က ဟန်ကျွယ်ရဲ့ သက်တမ်းကို မနှုတ်ပါဘူး။
[ပဋိပက္ခ၏ နက်ရှိုင်းသော တစ်နေရာတွင် တည်ရှိသည်။ နေရာအတိအကျကို သင့်စိတ်ထဲသို့ ထည့်လိုက်ပါပြီ။]
ကြီးမားတဲ့ မှတ်ဉာဏ်တစ်ခုဟာ ဟန်ကျွယ်ရဲ့ စိတ်ထဲကို ပုံရိပ်ယောင် မြေပုံလိုမျိုး ပေါ်လာပါတယ်။ အန္တိမမူလ မဟာတာအိုက အင်မော်တယ်ကမ္ဘာနဲ့ အလွန်အလှမ်းဝေးတဲ့ နေရာမှာ တည်ရှိနေတာပါ။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်တည်း ဒီလောက်အဝေးကြီး ခရီးသွားရမှာက အရမ်းအန္တရာယ်များလို့ပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို သွားမရှာဘူးဆိုရင် လွတ်လပ် တာအိုပညာရှိ အဆင့်ကိုလည်း တက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။
‘သေစမ်း… ငါ ဘာတုန်းက အန္တိမမူလမဟာတာအိုရဲ့ ရုပ်ဒြပ်ကို ဖန်တီးမိလိုက်တာလဲ၊ ဘာဖြစ်လို့ ဒီလောက်အဝေးကြီးကို ရောက်သွားရတာလဲ’
ဟန်ကျွယ်ဟာ ဒီကိစ္စက ထောင်ချောက်တစ်ခုများ ဖြစ်နေမလားလို့ သံသယ ဝင်သွားတာကြောင့် စနစ်ကို မေးလိုက်တဲ့အခါမှာ နောက်ထပ် သက်တမ်း ဘီလီယံ ၁၀၀ ထပ်ကုန်သွားပါတယ်။
[မဟာတာအိုသည် ပဋိပက္ခ၏ နက်ရှိုင်းသော နေရာတွင်သာ မွေးဖွားသည်။]
‘ဒီလိုလား… ဒါဆို တော်သေးတာပေါ့’
အဲဒီနောက် ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို ဘယ်သွားရှာရမလဲဆိုတာ စပြီးတော့ စဉ်းစားပါတယ်။ ပင်မတာအိုစက်ကွင်းသာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ထွက်ခွာသွားရင် အနာဂတ်မှာ အင်မော်တယ်ကမ္ဘာကို ပြန်ဝင်ဖို့က မဖြစ်နိုင်ပါဘူး။ ကောင်းကင်တာအိုရဲ့ သီခြားခွဲထုတ်ခြင်းကို ကျိန်းသေပေါက် ခံရမှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒုတိယ တာအိုစက်ကွင်းမှာ လောလောဆယ် နတ်ဘီလူးတစ်ပါးမှ မရှိသေးဘူး မဟုတ်ပါလား။
ဟန်ကျွယ်ဟာ သဲမှုန့်တစ်မှုန့်အသွင် ပြောင်းလဲထားတဲ့ တိတ်ဆိတ်ကျွန်းကို ပြန်ရှာဖွေပြီး ဒုတိယတာအိုစက်ကွင်းကို ရွှေ့ပြောင်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဒုတိယတာအိုစက်ကွင်းကို တိတ်ဆိတ်ကျွန်းဆီ ရွှေ့ပြောင်းလိုက်ပါတယ်။
ကိစ္စတွေ အကုန်လုံး ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ပြန်သိမ်းပြီး ပင်မတာအိုစက်ကွင်းကို ပြန်ရွှေ့ပြောင်းသွားလာလိုက်ပါတယ်။ ဒီတစ်ခေါက် ပဋိပက္ခရဲ့ နက်ရှိုင်းတဲ့နေရာကို ခရီးနှင်တာက ကံကောင်းမှာလား ကံဆိုးမှာလား ပြောမရပါဘူး။
ဟန်ကျွယ်ဟာ ဟန်ထော်နဲ့ ဟန်ယွီကို ကြည့်လိုက်တဲ့အခါ နှစ်ယောက်စလုံး အဆင်ပြေနေတာကို တွေ့လိုက်ရပါတယ်။ တခြားတပည့်တွေကလည်း ဘာပြဿနာမှ မရှိတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်ချလက်ချ ထွက်သွားလို့ရပါပြီ။
နှစ်ငါးရာ ကြာတဲ့အခါမှာတော့ ဒုတိယ တာအိုစက်ကွင်းရဲ့ အစီအမံ အရံအတားဟာ ပင်မတာအိုစက်ကွင်းနဲ့ တန်းတူ ဖြစ်သွားပါတယ်။ ဒီအခါ ဟန်ကျွယ်လည်း ထွက်ခွာဖို့ ပြင်ဆင်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲမှာ ကိုယ်ပွားတစ်ခု ထားခဲ့ပြီး ပင်မခန္ဓာကိုယ်ကတော့ တိတ်ဆိတ်ကျွန်းထဲ ဝင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းနဲ့အတူ အမှောင်တားမြစ်နယ်မြေကို ခုန်ဝင်ပြီး စနစ်ပေးတဲ့ မှတ်ဉာဏ်ထဲက မြေပုံအတိုင်း ခရီးနှင်ပါတယ်။
တိတ်ဆိတ်ကျွန်းဟာ အမှောင်တားမြစ်နယ်မြေမှာ အလွန်လျင်မြန်တဲ့ အရှိန်အနှုန်းနဲ့ အလွန်ဖုံးကွယ်စွာ ခရီးနှင်ပါတယ်။ ခရီးနှင်ရင်း ဟန်ကျွယ်ဟာ စနစ်ကို ထပ်မေးလိုက်ပါတယ် “ငါ အန္တိမမူလ မဟာတာအိုရဲ့ ရုပ်ဒြပ်ကို ရှာဖွေတဲ့ ခရီးစဉ်မှာ တာအိုစက်ကွင်း အရံအတားထက် ကျော်လွန်တဲ့ တည်ရှိမှုကို တွေ့ကြုံနိုင်လား”
[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မတွေ့ပါ။ သို့သော် သင့်ထက် ပိုစွမ်းသော စွမ်းအားကြီးပုဂ္ဂိုလ်များကို တွေ့ကြုံရလိမ့်မည်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ကြည့်ရတာ ငါ ဂရုမစိုက်လို့ မရဘူးပဲ…ဟင်း…’
ဟန်ကျွယ်ဟာ ပထမတော့ ခရီးမထွက်ချင်ပါဘူး။ ဒါပေမဲ့ အန္တိမမူလ မဟာတာအိုနဲ့ မပေါင်းစပ်ရင် လွတ်လပ်တာအိုပညာရှိ အဆင့်ကို မရောက်နိုင်တာကြောင့် ဟန်ကျွယ်ဟာ မဖြစ်မနေ ခရီးထွက်ရတာပါ။
တိတ်ဆိတ်ကျွန်းရဲ့ အလျင်က မြန်ဆန်လွန်းပေမဲ့ အမှောင်တားမြစ်နယ်မြေကလည်း အလွန်တရာ ကျယ်ပြောပါတယ်။ အမှောင်တားမြစ်နယ်မြေက ပဋိပက္ခနယ်ထဲမှာ တည်ရှိတာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပျံသန်းရင်း အန္တိမမူလ မဟာတာအိုကို သုံးသပ်နားလည်ပါတယ်။ ဒီအကြိမ်က ဟန်ကျွယ် ပထမဆုံးအကြိမ် ခရီးအဝေးကြီး သွားတာပါ။ ဟန်ကျွယ်ဟာ ပထမဆုံးအကြိမ် ခရီးအဝေးကြီး ထွက်တာမို့ ရင်နည်းနည်းတုန်နေပေမဲ့ တစ်စုံတစ်ခု ဖြစ်မှာကိုတော့ မစိုးရိမ်ပါဘူး။
တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။
အင်မော်တယ်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ တိုက်ပွဲကတော့ ဆက်လက် ဖြစ်ပွားနေတုန်းပါ။ ဟန်ကျွယ် ထွက်သွားတာကို တိတ်ဆိတ်ဂိုဏ်း တပည့်တွေ အပါအဝင် တစ်ယောက်မှ မသိပါဘူး။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်။
တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ တာအိုစက်ကွင်း တစ်ခုအတွင်း စုဝေးလိုက်ပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ငွေရောင်ကြေးမုံတစ်ချပ်ကို ကိုင်ထားပါတယ်။ ကြေးမုံပြင်ထဲမှာ အလွန်ကျယ်ပြောပြီး မကုန်ဆုံးနိုင်တဲ့ မြူခိုးနက်တွေ ဝန်းရံနေတဲ့ လောကတစ်ခု ပေါ်လာပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ကျိန်ဆဲလိုက်ပါတယ် “ခွေးမသား အမှောင်ဘုရင် တာအိုပညာရှိ… ဒီကောင်က ငါတို့ကို မျက်ခြေမပြတ် စိုက်ကြည့်နေတာလား…”
ဂိုဏ်းချုပ်တျန်ကျွယ်က ရှက်ရှက်ပဲ ပြောလိုက်ပါတယ် “ကောင်းကင်တာအိုငယ်လေးက ကိစ္စတုံးသွားလောက်ပြီ၊ ငါတို့တွေ ထပ်စီစဉ်ကြတာပေါ့”
“ဒါပေမဲ့ အမှောင်ဘုရင် တာအိုပညာရှိက အင်မော်တယ်ကမ္ဘာကို စိုက်ကြည့်နေတာကြာပြီ၊ ငါတို့တွေ လောကသစ် ဖွင့်လှစ်ရင်တောင် အသုံးမဝင်ဘူး”
“ဒါဆို ငါတို့တွေ ဘယ်လိုလုပ်ကြမလဲ”
“အမှောင်ဘုရင် တာအိုပညာရှိကို သတ်ရမယ်”
“ဘယ်လိုသတ်မှာလဲ၊ လီမုယဲ့တောင် အမှောင်ဘုရင် တာအိုပညာရှိလက်ထဲမှာ သေခါနီး ဖြစ်ခဲ့တာနော်”
“ဟုတ်တယ်၊ ဒါပေမဲ့ လီမုယဲ့က ဟန်ကျွယ် လက်ထဲမှာ သေသွားတာကိုလည်း မမေ့နဲ့”
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ တိတ်ဆိတ်သွားပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ဟန်ကျွယ်နဲ့ ဆက်ဆံရေးကောင်းဟာ ဟန်ကျွယ်ကို အလိုလိုက် အကြိုက်ဆောင်ခဲ့ပေမဲ့ ဟန်ကျွယ်ကိုတော့ သွားမရှာရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က သူ့ကို အကောက်ကြံတယ်လို့ထင်ပြီး တိုက်ခိုက်မှာကို စိုးရိမ်လို့ပါ။
ဒီအတွေးက တောင်ဘက်စွန်း ကောင်းကင်အရှင်ကို ကြက်သီးမွေးညင်း ထသွားစေပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်လည်း ခေါင်းခဲသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟန်ကျွယ်ကို သွားရှာရင် ကျိန်းသေပေါက် အကောက်ကြံတယ်လို့ အထင်ခံရမှာပါ။ အတိတ်မှာတုန်းက ချုံရှီလိုင်နဲ့ လီမုယဲ့က ရန်သူကို ခုခံဖို့ဆိုပြီး ဟန်ကျွယ်ကို လိမ်ညာလှည့်ဖြားခဲ့တယ် မဟုတ်ပါလား။
တာအိုပညာရှိနှစ်ပါးဟာ တိတ်ဆိတ်သွားပါတယ်။
နောက်ဆုံးမှာတော့ တာအိုပညာရှိနှစ်ပါးဟာ ကောင်းကင်အရှင်ရွှမ်တုကို သွားရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မျက်စိတစ်မှိတ်အတွင်း ဟန်ကျွယ် ခရီးထွက်တာ နှစ်လေးရာ ရှိသွားပါပြီ။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို အိပ်မက်ပေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းမှာ ကိုယ်ပွားထားခဲ့တာကြောင့် ပင်မတာအိုစက်ကွင်းက အဖြစ်အပျက်တွေကို အကုန်သိပါတယ်။
ဒါပေမဲ့ လွမ်ဟွေအာကာသကတော့ အရမ်းဝေးတဲ့အတွက် အဲဒီက အခြေအနေတွေကို ဟန်ကျွယ် မသိနိုင်ပါဘူး။ လွမ်ဟွေအာကာသမှာ ကိုယ်ပွားထားရင်တော့ ရပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရင် ဟန်ကျွယ်က နောက်ကွယ်မှာ ရှိနေတာကို ပြောပြပြီးသား ဖြစ်နေမှာပါ။
“ဒီအတောအတွင်း လွမ်ဟွေအာကာသရဲ့ တိုးတက်မှု ဘယ်လိုရှိလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။ လွမ်ဟွေအာကာသမှာ အင်အားစုနှစ်စု ရှိပါတယ်။ တစ်ခုက လွမ်ဟွေ အင်မော်တယ်ဧကရာဇ် ဖြစ်ပြီး ကျန်တစ်ခုက ကောင်းကင်အရှင်ရွှမ်တု စေလွှတ်ထားတဲ့ ရွမ်လိန့်ကျောင်းတော်ပါ။ သူတို့နှစ်ယောက်က လွမ်ဟွေအာကာသကို အတူစီမံပြီး သဟဇာတဖြစ်အောင် အုပ်ချုပ်ပေမဲ့ ကြိတ်ပြီးတော့ ယှဉ်ပြိုင်နေကြတာပါ။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ပြန်ဖြေပါတယ် “မဆိုးပါဘူး၊ ဒီအတောအတွင်း လွမ်ဟွေ အာကာသမှာ ပါရမီရှင်တစ်ပါး ပေါ်လာတယ်၊ သူက ကနဦးမှာ သီးသန့် ခန္ဓာကိုယ်ကျင့်စဉ်ကို ကျင့်ကြံထားလို့ တခြားလွမ်ဟွေသမားတွေကို မမီပေမဲ့ အခုတော့ ထိပ်ဆုံးဆယ်ယောက် စာရင်း ဝင်နေပြီ၊ ကျွန်တော်ရော ရွမ်လိန့်ကျောင်းတော်ရောက သူ့ကို စည်ရုံးနေကြတာ၊ ဒါပေမဲ့ ဒီကလေးက အခုထိ ရွေးချယ်မှု မလုပ်သေးဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 599
? Views, Released on December 10, 2024