Switch Mode

Chapter – 598

အခန်း (၅၉၈) နတ်ဘီလူးတို့အား လေ့ကျင့် ပြိုးထောင်ခြင်း
“မြန်လှချည်လား” လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ မှင်သက်သွားပြီး တအံဩ မေးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် ထွက်သွားတာက အသက်ရှူကြိမ် သုံးကြိမ်စာပဲ ရှိသေးလို့ပါ။
ဟန်ကျွယ်က ခပ်တည်တည်ပဲ ပြောလိုက်ပါတယ် “တာအိုပညာရှိတွေအတွက် တစ်ခဏက တစ်ကမ္ဘာပဲ”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ နားမလည်ပေမဲ့ အထင်ကြီးဖို့ကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။
ဝဲကတော့နက်ထဲ ခုန်မဝင်ခင် ဟန်ကျွယ်က လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို ပြောလိုက်ပါတယ် “ဒီလွမ်ဟွေ အာကာသက တာအိုပညာရှိရဲ့ အစီအစဉ်တစ်ခုပဲ၊ သေချာစဉ်းစားပြီးလုပ်၊ အသက်မဆုံးစေနဲ့”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ကျုံ့သွားတဲ့ ဝဲကတော့နက်ကို ကြည့်ရင်း ရင်ထဲမှာ ထိသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်အနေနဲ့ ဒီစကားကိုပြောပြီး သူ့ကို စည်ရုံးစရာ မလိုလို့ပါပဲ။ တာအိုပညာရှိ အသုံးချတာကို ခံချင်တဲ့ လူတွေက အင်မော်တယ်ကမ္ဘာမှာ တစ်ပုံတစ်ပင်ကြီး မဟုတ်ပါလား။
ဟန်ကျွယ်ကလည်း လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို ဒီစကား ပြောလိုက်တာက ကလေးဘဝတုန်းက ကြင်နာမှုကြောင့် ပြောလိုက်တာပါ။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး ခံစားချက်တွေကို တည်ငြိမ်အောင် ထိန်းလိုက်ပါတယ်။ အဲဒီနောက် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ အကြည့်ဟာ ခန်းမနံရံကို ထိုးဖောက်ပြီး မြေအင်မော်တယ်ကမ္ဘာတစ်ခုလုံးကို မြင်လိုက်ရပါတယ်။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဒီလောကတစ်ခုလုံးကို ဝါးမြိုချင်နေပါပြီ။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်း တည်ဆောက် ပြီးစီးမဲ့အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။
၉၉ နှစ် ကြာပြီးနောက်။
[ဒုတိယ တာအိုစက်ကွင်းအား အောင်မြင်စွာ တည်ဆောက်ပြီးပါပြီ။ အချိန်မရွေး ရွှေ့ပြောင်း သွားလာနိုင်ပါပြီ။]
ဒီစာကြောင်းကို မြင်လိုက်တာနဲ့ ဟန်ကျွယ်ဟာ ချက်ချင်း ရွှေ့ပြောင်းသွားလာဖို့ ရွေးချယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ မြေအင်မော်တယ်ကမ္ဘာရဲ့ နေဆီမှာရှိနေတဲ့ ဒုတိယ တာအိုစက်ကွင်းဆီ ရောက်သွားပါတယ်။
ဒုတိယ တာအိုစက်ကွင်းက လုံးဝမှောင်မည်နေပြီး တောတောင်မြစ်ချောင်းတွေ တစ်ခုမှ ရှိမနေပါဘူး။ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး အန္တိမမူလ မဟာတာအိုနဲ့ ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးလိုက်ပါတယ်။
နေရောင်ခြည် ထွက်ပေါ်လာပြီး မြေပြင်မှာ သစ်ပင်ပန်းမန်တွေ ကြီးထွားလာပါတယ်။ တောင်တန်းတွေကလည်း မြေပြင်ကနေ မြင့်တက်လာပြီး တိမ်တွေလည်း ဖြစ်ထွန်းလာပါတယ်။ အမှောင်ထုဟာ လွှင့်ပါးပျောက်ကွယ်သွားပြီး လှပတဲ့ကမ္ဘာတစ်ခု အစားထိုးသွားပါတယ်။
ဒီကမ္ဘာက အရမ်းကြီးပြီး ကမ္ဘာမြေဆယ်လုံးနဲ့ နှိုင်းယှဉ်လို့ ရပါတယ်။ မြင်ကွင်းက ရှုမငြီးပေမဲ့ သက်ရှိတွေက ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မရှိတဲ့အတွက် လုံးဝကို တိတ်ဆိတ်နေပါတယ်။
ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ချီက တိုးတက်နေသေးတာကို ခံစားမိလိုက်ပါတယ်။ ပင်မတာအိုစက်ကွင်းရဲ့ စိတ်ဝိညာဉ်ချီကို မီဖို့ အချိန်ဘယ်လောက် ယူရအုန်းမလဲဆိုတာ ဟန်ကျွယ်လည်း မသိပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းထဲ ဘယ်သူကို ဝင်ခွင့်ပြုရမလဲဆိုတာ စပြီးတော့ စဉ်းစားပါတယ်။
‘မဟုတ်ဘူး… ငါ တစ်ယောက်မှကို အဝင်ခံလို့ မဖြစ်ဘူး၊ ကြက်ဥတွေကို ခြင်းတစ်လုံးထဲမှာ မထားတာ အကောင်းဆုံးပဲ…’
ဟန်ကျွယ်ဟာ သူ့ကိုယ်ပိုင်တပည့်တွေတောင် မသိတဲ့ အင်အားစုတစ်စုကို ပြိုးထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုယ်ပိုင်တပည့်တွေတောင် မသိတဲ့အတွက် ရန်သူဆိုရင် သိနိုင်စရာ အကြောင်းကို မရှိတာပါ။
‘ပဋိပက္ခနတ်ဘီလူးတွေ မွေးဖွားလာရင် ဒီထဲကို ဝင်ခိုင်းရင် ကောင်းမလား… ဒါပေမဲ့ ဒီပဋိပက္ခ နတ်ဘီလူးတွေ မွေးဖွားလာဖို့က ဘယ်လောက်ကြာအုန်းမလဲ မသိဘူး…’
ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရွှေ့ပြောင်းသွားလာလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းမှာ အနန္တဗောဓိသစ်ပင်နဲ့ ခြေရာမဲ့လေပြေ ကြာပန်းလိုမျိုး သဘာဝရတနာတွေကို ရွှေ့ပြောင်းစိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပင်မတာအိုစက်ကွင်းရဲ့ စိတ်ဝိညာဉ်ချီက သဘာဝရတနာတွေရဲ့ အကူအညီလို လုံးဝ မလိုအပ်တော့ပါဘူး။ ဒါကြောင့် ဒီရတနာတွေကို ဒုတိယ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်းလိုက်တာ အကောင်းဆုံးပါ။ အနာဂတ်မှာ ဒီရတနာတွေက သက်ရှိအသွင်တောင် ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်ပါတယ်။
မကြာခင်မှာပဲ ရွှေ့ပြောင်းစိုက်လို့ ပြီးသွားပါတယ်။
တာအိုစက်ကွင်းနှစ်ခုအကြား ရွှေ့ပြောင်းသွားလာရတာက အတွေးတစ်ချက်ပဲ လိုတဲ့အတွက် အရမ်းကို အဆင်ပြေပါတယ်။
သေချာစဉ်းစားပြီးနောက် ဟန်ကျွယ်ဟာ ကြက်သွေးရောင် မြေခွေးနီကို ခေါ်လိုက်ပါတယ်။ ကြက်သွေးရောင် မြေခွေးနီဟာ ဟန်ကျွယ် တာအိုမရရှိခင် သေမျိုးကမ္ဘာကို သွားလေ့ကျင့်တုန်းက ကြုံတွေ့ခဲ့ရတဲ့ နတ်ဆိုးလေးတစ်ကောင် ဖြစ်ပါတယ်။ ကြက်သွေးရောင် မြေခွေးနီဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ နှစ်သောင်းချီ ကျင့်ကြံခဲ့တာမို့ အခုဆိုရင် အင်မော်တယ်ဧကရာဇ် နဝမအဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ နတ်မင်းအဆင့်ကိုတော့ မထိုးဖောက်ရသေးပါဘူး။
ကြက်သွေးရောင် မြေခွေးနီဟာ တာအိုဘုံကျောင်းအပြင်ဘက်မှာ အမြဲတမ်းနေပြီး သူငယ်ချင်း များများစားစား မရှိပါတယ်။ တာအိုဘုံကျောင်းထဲ ဝင်လာပြီးနောက် ကြက်သွေးရောင် မြေခွေးနီဟာ ဟန်ကျွယ်ရှေ့မှာ ဂရုတစိုက် လဲလျောင်းလိုက်ပါတယ်။ နှစ်ပေါင်းများစွာ ကြာတာတောင် ကြက်သွေးရောင် မြေခွေးနီဟာ အသွင်မပြောင်းလဲသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြက်သွေးရောင် မြေခွေးနီဟာ သူ့ရဲ့ ပုံစံအစစ်အမှန်ကို နှစ်သက်လို့ပါ။
“မင်း တိတ်ဆိတ်ဂိုဏ်းမှာ နေလာတာ ကြာပြီ၊ ဘာလို့ တခြားတပည့်တွေနဲ့ မဆက်ဆံတာလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ကြက်သွေးရောင် မြေခွေးနီဟာ ကြောက်လန့်သွားပြီး ချက်ချင်း ပြန်ဖြေပါတယ် “ကျွန်မက ကျင့်ကြံဖို့ အလျင်လိုနေတာလေ၊ နောက်ပြီး တိတ်ဆိတ်ဂိုဏ်းတစ်ခုလုံးမှာ ကျွန်မဂရုစိုက်တာက သခင်ပဲ ရှိတယ်၊ သခင် ကျွန်မကို တခြားသူတွေနဲ့ ဆက်ဆံစေချင်ရင် ကျွန်မ လုပ်နိုင်ပါတယ်”
“မင်း မလုပ်ချင်ရင် မလုပ်ပါနဲ့၊ ငါက တွန်းအား မပေးပါဘူး၊ အထီးကျန်တာက အင်အားကြီးသူတွေရဲ့ လမ်းစဉ်ပဲ”
ကြက်သွေးရောင် မြေခွေးနီဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းရဲ့ အရည်အချင်းကို ဘယ်လိုထင်လဲ”
ကြက်သွေးရောင် မြေခွေးနီဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ် ဒီမေးခွန်းကို မေးလိုက်ရတာက ကြက်သွေးရောင် မြေခွေးနီကို ပဋိပက္ခနတ်ဘီလူးအသွင် ပြောင်းလဲချင်လို့ ဖြစ်ပါတယ်။ လောကဦးကမ္ဘာထဲက နတ်ဘီလူးချီတွေ ပြောင်းလဲတာက အရမ်းကြာပါတယ်။ ပဋိပက္ခ နတ်ဘီလူးတွေ ဘယ်လောက်ကြာမှ မွေးဖွားလာမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ဒါပေမဲ့ နတ်ဘီလူးချီကို သက်ရှိတွေနဲ့ ပေါင်းစပ်မယ်ဆိုရင်တော့ ဝိညာဉ်ပြိုးထောင်ရတဲ့ အဆင့်ကို ကျော်ဖြတ်နိုင်တဲ့အတွက် အရမ်းမြန်ဆန်မှာပါ။
မုရုံချီဟာ ပဋိပက္ခ နတ်ဘီလူးအသွင် လုံးဝ ပြောင်းလဲသွားပြီမို့ အချိန်တစ်ခုကြာရင်‌ လောကဦးကမ္ဘာထဲကနေ ထုတ်လို့ရပါပြီ။ သေချာစဉ်းစားပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ ကြက်သွေးရောင် မြေခွေးနီကို အခွင့်အရေးတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီမြေခွေးနီလေးက တာအိုဘုံကျောင်းရှေ့မှာ နှစ်ပေါင်းများစွာ နေခဲ့တာ မဟုတ်ပါလား။
တစ်ခဏအကြာမှာတော့ ကြက်သွေးရောင် မြေခွေးနီဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “သခင် ကျွန်မကို အခွင့်အရေးတစ်ခု ပေးပါ”
ကြက်သွေးရောင် မြေခွေးနီဟာ ငတုံး မဟုတ်ပါဘူး။ ဟန်ကျွယ်သာ သူ့ကို နှင်ထုတ်ချင်ရင် ဒီလိုမျိုး စကားတွေ ပြောမနေဘူးဆိုတာ သိပါတယ်။ အခုလို စကားပလ္လင်ခံနေတယ် ဆိုတကည်းက အခွင့်အရေးတစ်ခု ပေးချင်လို့ဆိုတာ ထင်ရှားနေပါပြီ။ ဘာပဲဖြစ်ဖြစ် ကြက်သွေးရောင် မြေခွေးနီဟာ အရင်တုန်းက ဟန်ကျွယ်နောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့တာမို့ အခုလည်း ဒီလမ်းပဲ လိုက်မှာပါ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒီဖြစ်စဉ်က အရမ်း နာကျင်ရလိမ့်မယ်၊ မင်း ဒီနာကျင်မှုကို ကျော်ဖြတ်နိုင်ရင် ကောင်းကင်တာအိုမှာရှိတဲ့ သက်ရှိအားလုံးထက် သာလွန်တဲ့ အစွမ်းအစကို မင်း ရရှိသွားလိမ့်မယ်”
“ကျွန်မ ဆန္ဒရှိပါတယ်”
“အရမ်းကောင်းတယ်”
ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ ကြက်သွေးရောင် မြေခွေးနီရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးကာ ဝိညာဉ်ကို လောကဦးကမ္ဘာထဲ ဆွဲထည့်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဘယ်ပဋိပက္ခ နတ်ဘီလူးကို ကြက်သွေးရောင် မြေခွေးနီနဲ့ ပေါင်းစပ်ရမလဲဆိုတာ စဉ်းစားလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မွေးမြူရေးဂိမ်းတစ်ခု ကစားနေသလိုမျိုး ခံစားလိုက်ရတာကြောင့် စိတ်လှုပ်ရှားသွားပါတယ်။
အတန်ကြာ စဉ်းစားပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကြက်သွေးရောင် မြေခွေးနီကို ဧရာမ နတ်ဘီလူးနဲ့ ပေါင်းစပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြက်သွေးရောင် မြေခွေးနီက အသွင်မပြောင်းချင်တဲ့အတွက် စကြဝဠာထက် ပိုကြီးတဲ့ မြေခွေးတစ်ကောင် ပေါ်လာရင် တော်တော် စိတ်ဝင်စားဖို့ ကောင်းမှာပါ။ အဲဒီနောက် ဟန်ကျွယ်ဟာ ကြက်သွေးရောင် မြေခွေးနီကို ဧရာမ နတ်ဘီလူးနဲ့ စတင်ပေါင်းစပ်လိုက်ပါတယ်။
ထူးဆန်းစွာပဲ ကြက်သွေးရောင် မြေခွေးနီဟာ မ‌အော်ဟစ်ပါဘူး။ ရှန်နန်းတော်ရဲ့ စစ်နတ်ဘုရား မုရုံချီတောင် တောင့်မခံနိုင်တဲ့ နာကျင်မှုကို ဒီမြေခွေးနီလေး တောင့်ခံနိုင်တာ တကယ်ကို မထင်မှတ်စရာပါ။
‘ဒီကောင်မလေးက မရိုးရှင်းဘူးပဲ’ ဟန်ကျွယ်ဟာ မျှော်လင့်ချက် နည်းနည်း ကြီးသွားပါတယ်။
ဟန်ကျွယ်ဟာ ကြက်သွေးရောင် မြေခွေးနီရဲ့ အနန္တကမ္ဘာမြင်ကွင်းထဲ ဝင်လို့ရတဲ့ အခွင့်အာဏာကို ပြန်သိမ်းလိုက်ပါတယ်။ ဟန်ကျွယ် ဒီလိုလုပ်တာက ပင်မတာအိုစက်ကွင်းနဲ့ ဒုတိယ တာအိုစက်ကွင်းကို လုံးဝ သီးခြား ဖြစ်စေချင်လို့ပါ။
စုချီအတွက်တော့ ဟန်ကျွယ်ဟာ ခဏစဉ်းစားပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာပဲ ဆက်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ ကြက်သွေးရောင် မြေခွေးနီးက ဒုတိယ တာအိုစက်ကွင်းရဲ့ ခေါင်းဆောင် ဖြစ်လာမှာပါ။
ဧရာမနတ်ဘီလူးက နတ်ဘီလူးတွေရဲ့ ခေါင်းဆောင် ဖြစ်လာတာက တော်တော်လေးကို ကြည့်ကောင်းမှာပါ။ ကြက်သွေးရောင် မြေခွေးနီကလွဲရင် ဟန်ကျွယ်ဟာ တခြားတပည့်တွေကိုလည်း စီစဉ်ရပါအုန်းမယ်။ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တပည့်တွေကို မရွေးဘဲ အပြင်က တပည့်အသစ်တွေကို ပြိုးထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ထော်နဲ့ ဟန်ယွီကတော့ အင်မော်တယ်ကမ္ဘာမှာ ကံရေစက်တွေ ရှိတဲ့အတွက် ရွေးချယ်လို့ မရပါဘူး။ ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပြီး ကြက်သွေးရောင် မြေခွေးနီရဲ့ ပေါင်းစပ်မှု အောင်မြင်အောင် အရင်ဆုံး ကူညီပါတယ်။ ဟန်ကျွယ်ဟာ နှစ်ခါ အောင်မြင်ပြီးသား ဆိုပေမဲ့ သတိရှိတာက မမှားပါဘူး။ ရေကာတာကြီးတွေ ပြိုပျက်တာက ပုရွက်ဆိတ်တွင်းလေးကို ဂရုမစိုက်လို့ မဟုတ်ပါလား။
နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပြီး ဧရာမနတ်ဘီလူးရဲ့ စွမ်းအားက ကြက်သွေးရောင် မြေခွေးနီကို မခုခံတော့ပါဘူး။ ဒါကြောင့် ပေါင်းစပ်ဖို့ပဲ ကျန်ပါတော့တယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ကြက်သွေးရောင် မြေခွေးနီကို စိုးရိမ်စရာ မလိုဘဲ တခြားကိစ္စတွေ လုပ်လို့ရပါပြီ။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကို သွားပြီး တာအိုပညာရှိအာရုံနဲ့ မြေအင်မော်တယ်ကမ္ဘာကို လွှမ်းမိုးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်ဘီလူးဖြစ်လာမဲ့ ဆက်ခံသူကို မြေအင်မော်တယ်ကမ္ဘာကနေ ရွေးချယ်ချင်တာပါ။
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောလိုက်ပြီး ကမ္ဘာမြေကနေ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်က ဘဝဟောင်းကို အမှတ်ရတာကြောင့် ချမှတ်လိုက်တာဆိုရင် မှားမယ် မထင်ပါဘူး။
ဒီကလေး ကြီးပြင်းလာရင် ကမ္ဘာမြေလည်း အကာအကွယ်တစ်ခု ရသွားမှာပါ။ ဟန်ကျွယ်ဟာ ကမ္ဘာမြေမှာ မွေးဖွားခဲ့သူမို့ ကမ္ဘာမြေအတွက် တစ်ခုခုလုပ်ပေးတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
လေးငါးဆယ်ရက် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လူငယ်တစ်ယောက်ကို ရှာတွေ့သွားပါတယ်။ ဒီလူငယ်က အသက် ၁၄ နှစ်ပဲ ရှိသေးပြီး ကမ္ဘာမြေပေါ်က မိဘမဲ့တစ်ဦး ဖြစ်ပါတယ်။ ဒီလူငယ်လေးရဲ့ အသားအရေက ဝါကျင့်ကျင့်ရှိပြီး ကျန့်ယွမ်ဇီ ပထမဆုံး ခေါ်လာတဲ့ ရှန်တျန်လူသားတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။
နှစ်ဘီလီယံချီ ကြာပြီမို့ ကမ္ဘာမြေပေါ်မှာ မျိုးနွယ်စုတွေ အများကြီး ပြောင်းလဲသွားပါပြီ။ ဒါပေမဲ့ ကျန့်ယွမ်ဇီ ခေါ်ဆောင်လာခဲ့တဲ့ ရှန်တျန်လူသားတွေကတော့ ဘယ်လောက်ပဲ အန္တရာယ်တွေ့တွေ့ ဆက်လက် ရှင်သန်နေဆဲပါ။
ဟန်ကျွယ် တွက်ချက်ကြည့်လိုက်တော့ ကမ္ဘာမြေကို ပထမတုန်းက ဒိုင်နိုဆောတွေ အုပ်စိုးခဲ့တာ ဖြစ်ပါတယ်။ ကျန့်ယွမ်ဇီဟာ ရှန်တျန်လူသားတွေကို ကမ္ဘာမြေဆီ သယ်ဆောင်လာခဲ့ပြီး ဒိုင်နိုင်‌ဆောတွေကို ဖျက်ဆီးပေးခဲ့ပါတယ်။ ရှန်တျန်လူသားတွေ ရောက်လာတာက ကမ္ဘာမြေပေါ်က သက်ရှိတွေရဲ့ ဆင့်ကဲပြောင်းလဲမှုကို များစွာ အထောက်အပံ့ ပေးခဲ့ပါတယ်။
ဘယ်မျိုးစိတ်ပဲဖြစ်ဖြစ် ဆင့်ကဲ့ပြောင်းလဲတဲ့ ဖြစ်စဉ်က နှစ်ပေါင်းများစွာ ရှည်ကြာပါတယ်။ တချို့ဆိုရင် နှစ်ဆယ်သန်း နှစ်သန်းတစ်ရာထိတောင် ဆင့်ကဲပြောင်းလဲဖို့ အချိန်ယူရပါတယ်။ ဒါပေမဲ့ ကမ္ဘာမြေဟာ ရှန်တျန်လူသားတွေကြောင့် အလွန်လျင်မြန်စွာပဲ တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset