Switch Mode

Chapter – 33

Chapter – 33

ဖုန်းပြောဆိုမှုမှာ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
တစ်အောင့်အကြာ အမျိုးသမီးက စတင်တစ်ရပ်စက်ပြောလေသည်။
“ရှင်က မြေကြီးတွင်းအပေါက်ထဲမှာ နေတာလားဘာလား၊ အဲ့ကို သွားတဲ့သူအကုန် ပြုတ်ကျပြီး ကျိုးရင်ကျိုး မကျိုးရင် အပြင်းအထန်ဒဏ်ရာရနေတာ၊ ဘာလဲဟ” သူမသည် နွားရူးတစ်ကောင်ကဲ့သို့ သို့ ရူးမူးနေသော အရက်သမားကဲ့သို့ အော်ဟစ်လိုက်သည်။
ထိုအမျိုးသမီး၏အော်သံမှာ နားကွဲလောက်သည်အထိ ကျယ်‌လောင်သည်။ ချူဖုန်းသည် ဖုန်းမှ ဝေးရာသို့ ဖယ်ပြီးသော်လည်း သူမပြောသော စကားကို သေချာနားထောင်ဆဲဖြစ်သည်။ နောက်ဆုံးတွင် ပေါ့ပြက်ပြက်ဖြင့် ပြန်ဖြေလိုက်သည်။ “ဟုတ်တယ် ဟုတ်တယ်၊ ကွက်တိပဲ၊ ကျွန်တော်က မြေအပေါက်ထဲမှာ နေရုံမကဘူး၊ ပန်းပင်တွေနဲ့ လယ်ယာစိုက်ပျိုးဖို့ဆို ပိုနက်တဲ့တွင်းတွေ တူးထားသေးတယ်ဗျ၊ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်ခွပင်တွေ အများကြီးစိုက်ထားသေးတယ်၊ ဒီနားက အပင်တွေ အရမ်းထူထပ်နေတော့ မြေကြီးက အပေါက်အကြီးကြီးကို မတွေ့တာ သူတို့ကို အပြစ်ပြောလို့ မရပါဘူး၊ ဒီကိုလာပြီး ခုလို ဖြစ်သွားတာတွေအတွက် တကယ် စိတ်မကောင်းပါဘူး”
ချူဖုန်း၏ ပေါ့ပြက်ပြက်စကားများကို ကြားသောအခါ ထိုအမျိုးသမီး၏အသက်ရှူသံမှာ တဖြည်းဖြည်း ပြင်းလာသည်။ ဖုန်းတစ်ဖက်မှ နားထောင်နေသော ချူဖုန်းသည် အမျိုးသမီး၏နှလုံးမှာ ဒေါသထွက်၍ အပြင်းအထန်ခုန်နေကြောင်း သိနိုင်သည်။
ချူဖုန်းသည် ဖုန်းကို နားအနားမှ ဘေးဖယ်ထားသည်။
ထင်ထားသည့်အတိုင်း ဖုန်း၏အခြားတစ်ဖက်မှ ဒေါသအိုးပေါက်ကွဲကာ ဆဲဆိုနေသည်။
“တွင်းအပေါက်တွေဘာတွေ အကြောင်း ပြောဖို့ အချိန်လည်း မရှိဘူး၊ ဘာအပင်တွေစိုက်ထားလဲလည်း စိတ်မဝင်စားဘူး၊ ဒီမှာ သေချာနားထောင်၊ ကျွန်မရဲ့ လူတွေ ပကတိအကောင်းအတိုင်းရှိဖို့ လိုတယ်၊ မဟုတ်ရင် ကျွန်မကိုယ်တိုင် လာပြီး ရှင့်ဘဝကို ငရဲဖြစ်အောင် လုပ်ပေးမယ်”
အမျိုးသမီးသည် ဖုန်းထဲတွင် အော်ဟစ်နေသည်။ သူမကိုယ်တိုင်လည်း သူလွန်သွားမှန်း သိသော်လည်း ချူဖုန်းကို မအော်ပဲ မအောင့်နိုင်ဖြစ်သည်။
သူမ၏စိတ်နေစိတ်ထားနှင့် အပြုအမူတို့မှာ သူမ၏ ပုံမှန်အနေအထိုင်နှင့် လုံးဝပြောင်းပြန်ဖြစ်သွားသည်။ သူမသည် လွယ်လွယ်ဖြင့် စိတ်တိုဒေါသထွက်တတ်သူ မဟုတ်ချေ။ အိန္ဒြေရှိခြင်း၊ ကျက်သရေရှိခြင်းနှင့် ယဥ်ကျေးသိမ်မွေ့ခြင်းတို့မှာ သူမ၏ ပုံမှန်စိတ်နေသဘောထားဖြစ်သည်၊ သို့သော် ယခုတွင် ဤအရာအားလုံး သူမဆီမှ ဝေးကွာသွားသည်။ သူမ၏နှလုံးသားထဲတွင် အခဲမကျေသော မီးခဲလုံးရှိနေသည်။
“ဒါပေမဲ့ သူတို့အကုန် ဒဏ်ရာပြင်းတယ်၊ အချိန်သိပ်ရမှာ မဟုတ်လောက်ဘူး၊ ဒါက သူတို့ရဲ့ ကံဖြစ်လိမ့်မယ်၊ သူတို့ကံကြမ္မာဟာ ကျွန်တော်ဘာတတ်နိုင်မလဲ” ချူဖုန်း ပြောလိုက်သည်။
“ရှင်မလုပ်နိုင်ရင် လုပ်နိုင်တဲ့လူ ရှာလိုက်၊ ဆရာဝန်ရှာပြီး ဆေးရုံပို့လိုက်၊ ရှင်လုပ်နိုင်မလုပ်နိုင် စိတ်မဝင်စားဘူး၊ အကယ်၍ သူတို့ကို အသက်ရှင်အောင်မလုပ်နိုင်ဘူးဆိုရင် ရှင့်ကိုပါ သူတို့နဲ့အတူ မြေမြှုပ်ပစ်မယ်” အမျိုးသမီး အော်လိုက်သည်။
“ငါက ဘာလို့လုပ်ရမှာလဲ”
“ရှင် ကျွန်မကို အဲ့လိုပြောရဲတယ်ဟုတ်လား” အမျိုးသမီး အော်ပြောလိုက်သည်။
ဘန်း!
အမျိုးသမီးသည် အမြန်ဖုန်းချလိုက်သည်၊ သူမ လွန်နေပြီဖြစ်ကြောင်း သိလိုက်သည်။ လူတစ်ယောက်က ခံစားချက်ပါလာလျှင် ထိုလူ၏ အားနည်းချက်နှင့် ချို့ယွင်းချက်များ အလွယ်တကူပေါ်နိုင်သည်။ ဒါသည် သူမ၏စတိုင်မဟုတ်ချေ။
သူမသည် တည်တည်ငြိမ်ငြိမ်နေရန် လိုအပ်သည်။ သူမသည် ချူဖုန်းကဲ့သို့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းပြီး အစွမ်းအစမရှိသူမျိုးက သူမကို လေ့လာပြီး သိသွားမည်ကို မလိုလားချေ။
သူမသည် သိသိသာသာ ခံစားချက်ပါလာပြီဖြစ်သည်၊ သို့သော် အမြန် စိတ်ကို စုစည်းကာ ဒေါသကို ထိန်းလိုက်သည်။
သူမကိုယ်သူမ စိတ်တိုနေသည့်အခြေအနေမှ နောက်ဆုတ်လိုက်သည်။ သူမမျက်လုံးထဲရှိ ဒေါသမီးတောက် ပျောက်သွားပြီး သူမ၏ ထက်မြက်မှုကို ထင်ဟပ်သည့် အကြည့်ဖြင့် အစားထိုးသွားသည်။
ချူဖုန်းနှင့် လင်းနွိုင်၏ ရင်းနှီးသော ဆက်ဆံရေးကြောင့် ဒိမ်ဒီဇီဝ‌ဆေးဝါးလုပ်ငန်းစု၏ အမှုဆောင်အချို့သည် ချူဖုန်း၏နောက်ကြောင်းနှင့် စွမ်းအားကို စုံစမ်းစစ်ဆေးနေသည်။ သူတို့တိုးတိုးတိတ်တိတ် ရယူထားသော ချူဖုန်း၏ဆံပင်ကို စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ စမ်းသပ်မှုရလဒ်မှာ သူသည် ဆင့်ကဲပြောင်းလဲပြီးသူ မဟုတ်ကြောင်း ပြသလျက်ရှိသည်။
“ရိုးရိုးသာမန်လူသားလေးကများ၊ ဘာအစွမ်းအစမှလည်း မရှိပဲနဲ့ ဘယ်သူက သူ့ကို ကူညီပေးနေတာလဲ” အမျိုးသမီးသည် သူ့ကိုယ်သူ တီးတိုးရေရွက်နေသည်။ ထို့နောက် လင်းနွိုင်နာမည်သည် သူမအတွေးထဲ ပေါ်လာသည်။ “သူက ငါတို့ သူ့ကို သတ်မယ့်အစီအစဥ်ကို ရိပ်မိသွားတာလား” အမျိုးသမီးသည် သူမအတွေးဖြင့် သူမ ထိတ်လန့်သွားသည်။
သို့သော် ခုလိုလောကကြီး ရှုပ်ယှက်ခက်နေသည့်အချိန်တွင် လင်းနွိုင်က သူများကို ကူညီသည်မှာ ဖြစ်နိုင်ချေနည်းသည်။ သူတို့၂ယောက်၏ ဆက်ဆံရေးမှာ တစ်ခါမျှ အားတက်သရောမရှိခြင်းက သူမကူညီနေသည့် ဖြစ်နိုင်ချေကို ပိုနည်းသွားစေသည်။
“ဒီအရှုပ်အယှက်တွေက ပေါဓိဇီဝမျိုးရိုးဗီဇလုပ်ငန်းစုလက်ချက်များလား၊ ငါတို့ကို ဒုက္ခရောက်အောင်လို့ သူ့ကို ကူညီနေတာလား” ဒီအတွေးကြောင့် သူမမျက်မှောင်ကြုတ်သွားသည်။
သူမသည် ဖုန်းကိုယူလိုက်ပြီးနောက် ဆက်သွယ်ရန်ဖုန်းနံပါတ်စာရင်းကို ရှာကြည့်သည်။ သူမ၏လက်ချောင်းသည် ဝေမူးဟူသော နာမည်နားတွင် ရပ်သွားသည်၊ သို့သော် သူမတုန့်ဆိုင်းမှုကို အဆုံးသတ်ကာ ထိုလူကို ဖုန်းမခေါ်တော့ပဲ ဖုန်းပိတ်လိုက်သည်။
သူမ တွေဝေနေစဥ် ဖုန်းမြည်သံက သူမကို အတွေးကမ္ဘာထဲမှ ထွက်လာစေသည်။
ဖုန်းခေါ်ဆိုသူနာမည်ကို မြင်လိုက်သည့်အခါ မျက်နှာကြောတင်းသွားသည်။ ချူဖုန်းဖြစ်နေသည်။ သူ့အပေါ်ရှိသည့် သူမ၏ အမုန်းတရားမှာ မိနစ်နှင့်အမျှ တိုးလျက်ရှိသည်။ လတ်တလောဖြစ်ပျက်သည့် စိတ်ရှုပ်စရာအရာအားလုံးမှာ သူနှင့် အနည်းနှင့်အများ ပတ်သတ်နေသည်။
“ဘာလိုချင်လို့လဲ” အမျိုးသမီးသည် မမေးချင်‌မေးချင်ဖြင့် မေးလိုက်သည်။
“ငါ ဘာလိုချင်လဲဟုတ်လား၊ ‘မင်း ဘာလိုချင်လဲ’ ဖြစ်ရမှာလေ၊ လင်းနို့နဲ့ ပင့်ကူတို့က သေခါနီးဖြစ်နေပြီ၊ သူတို့ကို ငါ့ဆီမှာ ဘယ်လောက်ကြာကြာထားမယ် စိတ်ကူးထားလဲ” ချူဖုန်း‌မေးလိုက်သည်။
“ကျွန်မ သူတို့နဲ့ စကားပြောမယ်” အမျိုးသမီးက တောင်းဆိုလိုက်သည်။ လက်ရှိအခြေအနေမှာ သူမဘက်က လိုအပ်သည်ဖြစ်သော်လည်း သူမ စကားပြောရာတွင် အောက်ကျခံခြင်းမရှိချေ။ ဟို၃ယောက်နှင့် စကားပြောရန် ချူဖုန်းကို တောင်းဆိုရာတွင် မောက်မာမှုရှိသေးသည်။
“၃ယောက်လုံးမေ့မျောနေတယ်လို့ ခုနကတည်းက ပြောပြီးပြီ၊ ၂ယောက်က ကိုမာအခြေအနေနဲ့ ဒဏ်ရာတော်တော် ပြင်းတယ်၊ အဲ့တော့ သူတို့ ပြန်ကောင်းလာနိုင်ဖို့ သိပ်မမြင်ဘူး၊ ဒါပေမဲ့လည်း ငါ သူတို့ကို ကြောက်နေသေးတယ်၊ အမြန်လာပြီး ခင်ဗျားလူတွေကို ခေါ်သွားတော့ဗျာ” ချူဖုန်း လောလိုက်သည်။
အမျိုးသမီးသည် တစ်ခဏတာ တိတ်ဆိတ်သွားသည်။ နောင်၁ရက် ၂ရက်အတွင်း တစ်ယောက်ယောက်လာခေါ်လိမ့်မည်ဟု ချူဖုန်းကို ပြောသည်။ ၃ယောက်လုံးကို ဂရုစိုက်ထားပေးရန် တောင်းဆိုလိုက်သည်။ ထို ၃ယောက် သေသွားရင်ဖြစ်ဖြစ် ဒဏ်ရာပိုပြင်းလာရင်ဖြစ်ဖြစ် သူ့ကို ပေးဆပ်ရအောင်လုပ်မည်ဟု သတိပေးလိုက်သည်။
ဖုန်းပြောဆိုပြီးနောက် ချူဖုန်းသည် ပျော်ရွှင်စွာဖြင့် အိပ်စက်အနားယူလေသည်။
သို့သော် အခြားတစ်ဖက်ရှိ အမျိုးသမီးသည် အိပ်မရဖြစ်နေသည်။ သူမသည် ဤကိစ္စကို တည်တည်ငြိမ်ငြိမ်ဖြင့် မဖြေရှင်းလိုက်နိုင်ပဲ ဒေါသခံစားချက်ဖြင့် စိတ်လိုက်မာန်ပါလုပ်လိုက်မိ၍ စိတ်တိုနေသည်။
“ဘယ်သူပဲဖြစ်နေပါစေ ငါသူ့ကို သတ်မှာကို တားတဲ့သူမှန်သမျှ တစ်ခါတည်း ရှင်းပစ်မယ်” အမျိုးသမီးသည် ဤကြမ်းကြုတ်သည့် လုပ်ကြံမှုကို စိတ်ပိုင်းဖြတ်ကာ ဆောင်ရွက်ရန် စီစဥ်လေသည်။
အထက်ကောင်းကင်သို့ နေမင်းကြီး တက်လာကာ မနက်ခင်း ထပ်မံ၍ ရောက်လာပြန်သည်။ ချူဖုန်းသည် နေလုံးအောက်တွင် ထိုင်ကာ မနက်နေ၏ နွေးထွေးနူးညံ့သော ရောင်ခြည်တွင် နေပူဆာလှုံလျက်ရှိသည်။ သူသည် ထူးခြားသည့် အသက်ရှူလေ့ကျင့်ခန်းကို အားစိုက်၍ ကျင့်နေသည်၊ ဒါသည် နွားနတ်ဆိုးလက်ဝှေ့ထိုးနည်းပုံစံထက် ပို၍ အရေးပါသော လေ့ကျင့်ခန်းဖြစ်ကြောင်း သိသည်ဖြစ်၍ ထိုလေ့ကျင့်ခန်းကို မနက်နှင့်ညတိုင်း တစ်စိုက်မတ်စွာ ကျင့်ကြံလေသည်။
နွားဝါ၏ အပြုအမူများမှာလည်း သူ၏ခံယူချက်ကို သက်သေပြလျက်ရှိသည်။ နွားပေါက်သည် မည်မျှပင် ပျင်းရိသည်ဖြစ်သော်လည်း အသက်ရှူလေ့ကျင့်ခန်းကို မနက်တစ်ခါ ညတစ်ခါ လေ့ကျင့်ရန် တစ်ခါမှ မမေ့လျော့ချေ။
နွားနတ်ဆိုးလက်ဝှေ့ထိုးနည်းပုံစံလေ့ကျင့်မှုကို နွားပေါက်သည် စိတ်ပါဝင်စားစွာ အာရုံစိုက်ခြင်းမရှိချေ။
မနက်စာစားပြီးနောက် ချူဖုန်းသည် နွားဝါကို ခေါ်လိုက်သည်၊ “တောင်ထဲသွားရအောင်”
“မူး”
နွားဝါသည် ညစ်ပတ်သည့်လမ်းပေါ်တွင် စာလုံးအနည်းငယ်ရေးပြသည်၊ သူတို့မရှိချိန် တစ်ယောက်ယောက်လာလျှင် ဘယ်လိုလုပ်မည်နည်းဟု မေးလိုက်သည်။
“သူတို့ ပစ်မှတ်က ငါနဲ့ ပျောက်ဆုံးနေတဲ့ ဟိုဆင့်ကဲပြောင်းလဲပြီးသူတွေပဲ၊ ဒီမှာတစ်ယောက်မှ မရှိရင် သူတို့ ဘာတတ်နိုင်မှာမို့လဲ” ချူဖုန်း ပြုံးလိုက်သည်။ စိတ်ပူပုံ မပေါ်ချေ။
“အမ် အလုပ်သိပ်မရှုပ်ဖို့ဆိုရင် ဟိုလူတွေအတွက် စာရေးပြီးချန်ခဲ့တာ ကောင်းမယ်”
ချူဖုန်းသည် စာရွက်ကြီးတစ်ရွက်ကို ယူလာပြီး ထိုစာရွက်ပေါ်တွင် စာလုံးကြီးများကိုရေးကာ အရှေ့ဂိတ်တံခါးတွင် ကပ်ခဲ့သည်။
စာသားမှာ လိုတိုရှင်းဖြစ်သည် : “ခုတလော ကြုံတွေ့ရတဲ့ ကြောက်စရာအဖြစ်အပျက်တွေကြောင့် တောတောင်ထဲမှာ စိတ်ပြေလက်‌ပျောက်နေဖို့ သွားပြီ”
အဆုံးတွင် ရှေးတောင်တန်းနက်တွင်းသို့ သူသွားမည့်လမ်းကြောင်းကို ပုံကြမ်းဆွဲခဲ့သည်။ အလျင်လိုသည့် ကိစ္စတစ်ခုခုရှိလျှင် သူရှိသည့်နေရာကို ဧည့်သည်များလာရှာနိုင်အောင် အသိပေးခဲ့သည်။
အမှန်တကယ် ချူဖုန်းသည် ရောက်လာသူများကို အသက်ရှင်လျက်ပြန်ပေးသွားရန် စိတ်ကူးမရှိချေ။ အကယ်၍ သူတို့က သူ့ကို သတ်လိုလျှင် ရှေ့ဆက်လျှောက်လှမ်းရမည် ဖြစ်သည်။
ချူဖုန်းသည် ထိုအမျိုးသမီး၏ စကားပြောပုံနှင့် သူ့ရည်းစားဟောင်းဖြင့် စကားပြောလိုသည့် သူ၏ဆန္ဒကို ငြင်းပယ်သည့်အပြုအမူများကြောင့် အလွန် ရွံမုန်းနေသည်ဖြစ်သည်။ သူ့ရင်ထဲတွင် အမုန်းတရားများ ဆူပွက်လျက်ရှိကာ သူမယုံကြည်ရသော နောက်လိုက်များ၊ လက်အောက်ငယ်သားများနှင့် ခိုင်းဖက်များကို ပို၍ ရှင်းပစ်လိုစိတ်ရှိသည်။ သူ့နှလုံးသား၏ အမှောင်ဘက်က သူ့ကို သူ့ရန်သူများ၏ သေခြင်းတရားထဲတွင် ပျော်မွေ့စေသည်။
သို့သော် ဒါက လက်တွေ့တကယ်တိုက်ခိုက်သည့်အခြေအနေတွင် တိုးတက်လိုသည့် သူ၏ဆက်တိုက်ကြိုးစားအားထုတ်မှုကို မလျော့သွားချေ။ သူတို့အသေဆိုးဖြင့် သေလိုလျှင် အရင်ဆုံး သူ့ကို လာရှာရမည်ဖြစ်သည်။ သူသာ သူ့ကိုယ်သူပိုမို သန်မာစေရန် ‌တောင်ထဲသို့သွားလျှင် ထိုလူများသည်လည်း မလွဲမသွေလိုက်လာရမည်ဖြစ်သည်။
တောင်ထဲသို့ သွားသည့် လမ်းပေါ်တွင် ကျိုးကွမ်ကို သတိရလိုက်သည်။
“အခုတလော တောင်ထဲမှာ ရခဲ့တဲ့ အတွေ့အကြုံတွေက ငါ့အတွက် ဘက်ပေါင်းစုံက တိုးတက်စေတဲ့ အဖိုးတန်အခွင့်အရေးဖြစ်ကြောင်း သက်သေပြပြီးပြီ၊ အန္တရာယ်တော့များပေမယ့် ဒီအတွေ့အကြုံက အဖိုးမဖြတ်နိုင်ဘူး”
ကျိုးကွမ်ကိုလည်း တောင်ထဲခေါ်ပြီး သူနဲ့အတူ လေ့ကျင့်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။
ကျိုးကွမ်သည် သာမန်လူသားတစ်ယောက်ထက် အဆင့်မြင့်သော အစွမ်းပိုင်ဆိုင်သည့် ဆင့်ကဲပြောင်းလဲပြီးသူ ဖြစ်သည်။ သူ့အစွမ်းနဲ့ အားအင်ကို ထိုတောင်တန်းများကြားတွင် လေ့ကျင့်ခိုင်းလျှင် သူ၏ဖြစ်နိုင်စွမ်းများနှင့် သူ့ခန္ဓာကိုယ်အတွင်းတွင် နက်ရှိုင်းစွာ ခိုအောင်းနေသော အတွင်းအားများကို ဖွင့်လှစ်ပေးနိုင်မည်ဖြစ်သည်။
“အရင် ကျိုးကွမ်ကို သွားရှာရအောင်”
သူ့အတွက် သူပိုင်ဆိုင်ထားသည့် ထူးကဲသောအစွမ်းနှင့် အရှိန်ကြောင့် မိုင်၁၀၀ကို ခြေချင်လျှောက်ခြင်းသည် အင်မတန်လွယ်ကူသော ကိစ္စဖြစ်သည်။
ချန်းရန်ရွာနှင့် ကျိုးကွမ်နေသည့်မြို့မှာ ၁၀မိုင်လောက်သာ ကွာဝေးခဲ့သော်လည်း ယခုအခါ ထိုနေရာ၂ခုကြားတွင် မြေနေရာတိုးချဲ့လာကာ အန္တရာယ်များသည့် ရှေးဟောင်းတောင်တန်းများက နေရာယူထားသည်။
“ဟဲ့ကောင် ငါမင်းဆီလာနေတယ်၊ မြို့ပြင် ထွက်လာခဲ့၊ ပျော်ဖို့ကောင်းတဲ့နေရာဆီ ခေါ်သွားမယ်” ချူဖုန်းသည် ကျိုးကွမ်ကို ဖုန်းဆက်လိုက်သည်။
ကျိုးကွမ်သည် စိတ်လှုပ်ရှားသွားပုံရသည်။ “ဘုရား မ လို့ တော်သေးတယ်၊ အခုတစ်လော ငါ့ဘဝကြီး ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းပြီး ပင်ပန်းရလဲဆိုတာ သိရဲ့လား၊ အေးပါကွာ၊ အဖော်လိုနေတာနဲ့ အတော်ပဲ၊ အမြန်လာခဲ့၊ မင်းအတွက် ညစာပါတီ စီစဥ်ပေးမယ်၊ စိတ်ကြိုက် စားမယ်သောက်မယ်၊ ပြီးရင် ညကျရင် ရေပူစမ်းမှာ ရေသွားချိုးမယ်၊ ဒါမှမဟုတ် ကောင်မလေးတွေနဲ့ဆော့ချင်ရင်လည်း ဒီမှာ အများကြီးရှိတယ်”
“မင်းရဲ့ ညစ်ပတ်တဲ့အတွေးတွေ တော်တော့၊ ငါ မင်းကို အဲ့ထက်ပိုကောင်းတဲ့နေရာ ခေါ်သွားရင်ကော ဘယ်လိုလဲ၊ မင်းပြောတဲ့နေရာထက် ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတာတွေ ရှိတယ်၊ သူတို့ မင်းကို အသေမြူးစေပြီး တစ်ကိုယ်လုံး ကြက်သီးထစေရမယ်လို့ အာမခံတယ်”
“ဘာ၊ အဲ့လိုနေရာမျိုး ငါတစ်ခါမှ မကြားဖူးပါလား၊ အထင်မလွဲနဲ့၊ ပျော်ပါးဖို့ ငါလုံးဝ သဘောတူတယ်၊ ဒါပေမဲ့ ဒီမြို့လေးမှာ မွေးကတည်းက နေလာတဲ့သူအနေနဲ့ ငါဘာလို့ အဲ့လိုပျော်ဖို့ကောင်းတဲ့နေရာကို မသိရတာလဲ” ကျိုးကွမ်သည် သံသယဖြစ်ပုံရသည်။
“တစ်အောင့်နေ သိရမယ်၊ ခဏစောင့်” ချူဖုန်း ရယ်လေသည်။
“အေး၊ ငါ မင်းကို လာခေါ်မယ်” ကျိုးကွမ်သည် တက်ကြွနေသည်။
မြို့ပြင်တွင်
မြို့ငယ်၏ အကွေ့လမ်းမှ ငွေရောင်ဆလွန်းကားတစ်စီးသည် အရှိန်ဖြင့် ထွက်လာသည်။ ကျိုးကွမ်သည် လောနေသည်။ ချူဖုန်းကို မြင်လိုက်သည့်အခါ ဘရိတ်အုပ်လိုက်သည်။ ကားမောင်းသူဘက်မှ တံခါးကို ကန်ဖွင့်ကာ ကျိုးကွမ်သည် ကားပေါ်မှ အလျင်အမြန် ဆင်းလာသည်။
“အိုးမိုင်းဂေါ့ ဟဲ့ကောင်၊ ငါ မင်းကို ဘယ်လောက်တွေ့ချင်နေမှန်း မင်းသိမှာမဟုတ်ဘူး” ကျိုးကွမ်သည် အလွန်တက်ကြွနေသည်၊ တစ်စက္ကန့်မျှမတုန့်ဆိုင်းပဲ သူ့ကို ဝမ်းသာအားရဖက်လိုက်သည်။
ချူဖုန်းသည် ကြောင်တောင်တောင်ဖြစ်သွားသည်။ ဒါသည် သူအရင်ကသိသည့် ကျိုးကွမ်ကော ဟုတ်ရဲ့လား။
ယခု သူသည် ပိန်သွယ်ကာ သန်စွမ်းသည့်သူ ဖြစ်သွားပြီ။ ဝတုတ်တုတ်နှင့် ပိုက်ပူသည့် ပုံစံကို မမြင်ရချေ။
သူ့ခန္ဓာကိုယ်တွင် မျက်စိအကြည့်ကို အဖမ်းစားဆုံးအရာမှာ လွန်ကဲစွာ အနောက်ပစ်ထားသည့် ဆံပင်ပုံစံပင်ဖြစ်သည်။ ဆံပင်တစ်ချောင်းချင်းစီမှာ အနောက်သို့ ဖြီးထားပြီး လက်ကိုင်ဂေါ်ပြားပုံအသွင်ရှိသည့် ထူထပ်ဖောင်းမို့သော ဆံပင်ပုံစံရှိသည်။
ကျိုးကွမ်၏ ပုံစံအသစ်မှာ ချူဖုန်းကို အလွန်အမင်း ရယ်ရစေသည်။
ထိုထူထပ်သိပ်သည်းသည့်ဆံပင်အောက်တွင် ဖုံးထားသည့် ဦးဂျိုတစ်စုံကို ဝေဝေဝါးဝါးတွေ့နိုင်သည်။
ဒါကြောင့် သူ့မိဘများက လမ်းသရဲနှင့်တူသည်ဟု ပြောခြင်းဖြစ်သည်။ ဤပုံစံသည် လူမိုက်ပုံစံမဟုတ်လျှင် ဘယ်အရာက ဖြစ်မည်နည်း။
ချူဖုန်းသည် ကျိုးကွမ်မျက်နှာပေါ်ရှိ စိတ်ဒုက္ခရောက်နေသည့် အမူအရာကို သတိထားမိသည်။ ယခုပိန်သွယ်သွယ်လူသားသည် ညည်းကာ သက်ပြင်းချကာဖြင့် ဝမ်းနည်းနေပုံ ပေါက်သည်။ သူ၏လက်ချောင်းများကို ထူထပ်သည့်ဆံပင်အုပ်ကြား သပ်ကာ စိတ်တိုနေပုံရသည်။ မဖော်ပြနိုင်သော ဤဦးချိုတစ်စုံက သူ့ကို အမှန်တကယ် စိတ်ထိခိုက်စေပြီဖြစ်သည်။
“အကောင်းဘက်ကတွေးပါကွ၊ အနည်းဆုံး မင်းဝိတ်တော်တော် ကျသွားတယ်လေ” ချူဖုန်း ရယ်လိုက်သည်။
သူ၏ဆယ်ကျော်သက်အရွက်မှစ၍ ကျိုးကွမ်သည် အမြဲတမ်း ဗိုက်ရွှဲရွှဲဖြင့် မျက်နှာမှာလည်း ပြည့်ဖောင်းလျက်ရှိသည်။ သူ့နားရွက်များမှာလည်း ကြီးမားသည်၊ ထို့ကြောင့် သူပြုံးလိုက်လျှင် အမိတ္တီဗုဒ္ဓဘုရားနှင့် အလွန်တူသည်။
“နွားနတ်ဆိုးကော ဘယ်မှာလဲ” ကျိုးကွမ်မေးလိုက်သည်။ “အို ငါ ဒီနေ့ ငါ့ရဲ့ ဝမ်းကွဲ၂ယောက်ကိုလည်း ခေါ်လာတယ်၊ ငါတို့သွားမယ့်နေရာက ဘယ်လောက်ပျော်ဖို့ကောင်းပြီး မိုက်လဲဆိုတာ ကြားသွားပြီးတော့ လိုက်ခဲ့မယ်ဆိုပြီး အတင်းပူဆာနေလို့”
ချူဖုန်းသည် မထင်မှတ်ထားသော သတင်းကို ကြားလိုက်ရ၍ မျက်မှောင်ကြုတ်သွားသည်။
အခုတလော သူသည် ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုကြောင့် ဒုက္ခရောက်နေသည်ဖြစ်သည်. ကျိုးကွမ်ကို ဒီကိစ္စတွင် မပတ်သက်စေလိုသောကြောင့် ဤလမ်းသရဲပုံစံရှိသည့်လူသည် သူ၏ ခင်မင်ရင်းနှီးသူဖြစ်ကြောင်း မည်သူ့ကိုမျှ မသိစေလိုခြင်းဖြစ်သည်။ ဒါသည်လည်း သူ့ကို မြို့ပြင်တွင် တွေ့ရန် ခေါ်ရခြင်းအ‌ကြောင်းအရင်းဖြစ်သည်။ သို့သော် ယခုဆိုလျှင် ကျိုးကွမ်၏ဝမ်းကွဲ၂ယောက်ကို သူတို့အခုလုပ်မည့်ကိစ္စအကြောင်း ရေငုံနှုတ်ပိတ်ခိုင်းရန်မှလွဲ၍ အခြားနည်းလမ်း မရှိတော့ပုံပေါ်သည်။
“နွားနတ်ဆိုးပဲ” နောက်ဆုံးတွင် ကျိုးကွမ်သည် နွားဝါကို မြင်သွားသည်။
နွားပေါက်သည် အဝေးရှိ ကျောက်တုံးပြာပေါ်တွင် ထိုင်နေသည်။ လူတစ်ယောက်ကဲ့သို့ ကျောက်တုံး၏အဖျားနားတွင် ခြေချိတ်ထိုင်နေသည်။ သူ့ရှေ့ခြေထောက်ခွာထဲတွင် အသီးတစ်လုံးရှိပြီး နွားပေါက်က ထိုအသီးကို မြိန်ရည်ရှက်ရည်စားသုံးနေသည်။
ကျိုးကွမ်က သူ့နာမည်ခေါ်လိုက်သည်ကို ကြားသည့်အခါ နွားပေါက်သည် တဖြည်းဖြည်းလျှောက်လာသည်။ သူသည် နောက်ခြေထောက်ဖြင့်သာ လျှောက်လာပြီး ခန္ဓာကိုယ်ကို မတ်မတ်ထားထားသည်။
“ဘာလဲဟ”
အဝေးတွင် ကားပေါ်မှ ဆင်းလာသော လူငယ်၂ယောက်သည် ကြောက်လန့်၍ အော်လိုက်သည်။ သူတို့မျက်နှာမှာ စာရွက်ကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူတို့၏ ခန္ဓာကိုယ်တုန့်ပြန်မှုကိုကြည့်လျှင် သရဲမြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူတို့သည် ကားထဲသို့ ပြန်ဝင်ကာ ထွက်ပြေးရန် အသင့်ပြင်နေသည်။
“မင်းတို့ဘာလို့ ကြောက်လန့်နေတာလဲ၊ ဒီကိုလာခဲ့”
ဒါသည် အရေးကြီးသည့် အခိုက်အတန့်ဖြစ်သည်၊ သို့သော် ကျိုးကွမ်သည် တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။ သူ့ဝမ်းကွဲ၂ယောက်ကို ခေါ်လိုက်ကာ လေးနက်သောမျက်နှာဖြင့် နွားပေါက်ကို မိတ်ဆက်‌ပေးသည်။ “ငါတို့မြို့ထဲက ဆင့်ကဲပြောင်းလဲပြီးသူတွေကို မင်းတို့ အများကြီးမြင်ဖူးပြီးနေပြီဟာ၊ ငါ့ခေါင်းပေါ်က ဒီချို၂ချောင်းကိုတောင် မြင်ဖူးနေပြီကို၊ တစ်ခါမှ ဆင့်ကဲပြောင်းလဲပြီးသူ မမြင်ဖူးသလို လုပ်မနေနဲ့၊ ဒီနွားပေါက်ကလည်း ဆင့်ကဲပြောင်းလဲပြီးသူပဲ၊ ဒါပေမဲ့ သူက ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် မအောင်မြင်တဲ့သူ၊ အဲ့တာကြောင့် လုံးဝနွားပုံစံပေါက်နေတာ”
“အော် အဲ့လိုကိုး” လူငယ်၂ယောက်သည် သံသယရှိပုံရသည်။
နွားပေါက်နှာခေါင်းမှ မြူခိုးဖြူများ ထွက်လာသည်၊ သို့သော်အဆုံးတွင် သူ့ဒေါသကို ထိန်းချုပ်လိုက်နိုင်သည်။ သူသည် သူ၏ရှေ့ခွာတစ်ဖက်ကို ဆန့်ထုတ်ကာ ကျိုးကွမ် ဦးချိုကို ထူထူထပ်ထပ်ကာထားသည့် ဆံပင်ကို ဖယ်လိုက်သည်။ သူသည် ဘယ်ညာဦးချို၂ခုလုံးကို စိုက်ကြည့်ပြီးနောက် သူ့ဗိုက်ကို ရှေ့ခြေ‌ထောက်ဖြင့်ဖိကာ အသေရယ်ပါလေသည်။
ကျိုးကွမ်သည် အရှက်ရ၍ စိတ်တိုလာသည်၊ ထို့နောက် စိတ်ဆိုးစွာဖြင့် ပြောသည်၊ “ဘာက အဲ့လောက်ရယ်ရနေတာလဲ ဟမ်၊ ဒါက ငါ့ခေါင်းပေါ်က ထွက်လာတဲ့ ရိုးရိုးဦးချို၂ခုဟာ၊ ပြောရရင် မင်းဟာထက်တော့ သာတယ်”
နွားဝါသည် မြေကြီးပေါ်တွင် စာလုံးများ ချရေးလိုက်သည်၊ “မပြီးပြည့်စုံတဲ့ နွားခေါင်းလူသားပုံစံ” ပြီးနောက် သူသည် ကျိုးကွမ်ကို လက်ညှိုးထိုးလိုက်သည်။
“ဖင်ခံလိုက်လေ၊ ငါ့ကို နွားခေါင်းလူသားလို့ ခေါ်စရာလား၊ ဒီဖေလိုးမသားကို သတ်မိတော့မယ်” ကျိုးကွမ် ဒေါသထွက်လာသည်။ သူ့ကိုယ်ကို နွားပေါက်ပေါ်ဖိလိုက်ကာ နွားပေါက်ကို သင်ခန်းစာပေးရန် လုပ်နေသည်။
ချူဖုန်းသည် ပြောစရာစကားမဲ့ဖြစ်နေသည်။ ကြည့်ရတာ သူတို့၂ယောက်သည် တစ်ယောက်ကို တစ်ယောက် အပုပ်ချပြောဆိုရန်အတွက် မွေးဖွားလာခြင်းဖြစ်ရမည်။ သူတို့တွေ့တိုင်း ရန်ဖြစ်သည်မှာ ကုမရသောရောဂါဖြစ်သည်။
“အိမ်ပြန်ပြီး နွားခေါင်းလူသားက ဘာလဲဆိုတာ ရှာကြည့်ပြီးမှ ပြော၊ လူကိုလေးစားတတ်ဖို့ လေ့လာစမ်းပါဟ” သူတို့၂ယောက်ကို ဆွဲခါပြီးသော်လည်း ကျိုးကွမ်သည် ပူညံပူညံလုပ်တုန်းဖြစ်သည်။
ချက်ချင်းဆိုသလိုပင် နွားဝါသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ အိတ်ကပ်ထဲမှ ဖုန်းကို ဆွဲထုတ်လိုက်သည်။ သူ့ရှေ့ခြေထောက်များဖြင့် ဖုန်းမျက်နှာပြင်ပေါ်တွင် ရိုက်နှိပ်ကာ ထိုအသုံးအနှုန်းကို အင်တာနက်ပေါ်တွင် အမြန်ရှာဖွေလိုက်သည်။ ထို့နောက် သူ့နွားမျက်နှာပေါ်ရှိ အပြုံးမှာ ပိုကျယ်လာသည်။
ကျိုးကွမ်သည် ထိုမြင်ကွင်းကို မြင်သော် လန့်သွားသည်။ သူသည် နွားပေါက်၏ ဖုန်းအပေါ်စွဲမက်မှုအကြောင်း သိသည်၊ ထိုနွားပေါက်၏ စိတ်ဝင်စားမှုအသစ်ကြောင့် အခုတလော လူများစွာက အနှောင့်အယှက်ခံရခြင်း ဖြစ်သည်။ သို့သော် သူကိုယ်တိုင် ဖုန်းကို အကျွမ်းတဝင်သုံးနိုင်သော နွားပေါက်၏အရည်အချင်းကို မျက်မြင်တွေ့လိုက်ရသောအခါ အလွန်အံ့သြသွားစေသည်။
“ဘယ်လိုသတ္တဝါပါလိမ့်” ကျိုးကွမ်အော်လိုက်သည်။
နောက်ဆုံးတွင် ကျိုးကွမ်သည် သူ၏ဝမ်းကွဲ‌မောင်များကို မြို့ထဲသို့ ပြန်ပို့ကာ ချူဖုန်းဖြင့် တောင်ထဲသို့ ထွက်သွားသည်။
“နေပါဦး ဒါနဲ့ဘာလို့ တောင်ထဲသွားတဲ့ဘက်ကို လျှောက်နေတာလဲ၊ မင်းကြွားထားတဲ့ ပျော်ဖို့ကောင်းတဲ့နေရာက ဘယ်မှာတုန်း” ကျိုးကွမ်သည် သံသယဝင်သွားသည်။
“လမ်းကြောင်းက မှန်တယ်၊ ရောက်တော့မှာ”
“ပြီးရော၊ တကယ်ပျော်ဖို့ကောင်းတော့မှာလား” ကျိုးကွမ်သည် မျှော်လင့်နေပုံရသည်။
“ငါ့ကိုသာ ယုံစမ်းပါဟ၊ ဒီအတွေ့အကြုံက မင်းတစ်ခါမှ မကြားဖူးမမြင်ဖူးတဲ့ စိတ်လှုပ်ရှားမှုမျိုး ပေးစေရမယ်လို့ ငါ အာမခံတယ်” ချူဖုန်းသည် လမ်းကို ဦးဆောင်လေသည်။
“ဟုတ်သားပဲ၊ ငါအရင်က ကြားဖူးတယ်၊ တိုင်ဟန်တောင်နက်ပိုင်းထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ဆောက်ထားတဲ့ အိမ်ယာတွေ ဘုန်းကြီးကျောင်းတွေ ရှိတယ်လို့ ကောလာဟာလတွေရှိတယ်၊ ငါတို့တကယ် အဲ့ကို သွားနေတာလား၊ မိုက်မှာပဲ၊ ငါကြားတာ အဲ့နေရာမှာ မိန်းကလေးတွေနဲ့ စိတ်ကြိုက် ပျော်ပါးသောက်စားပြီး ဘာကိုမှ တွေးစရာမလိုတဲ့ ဘဝမျိုး နေနိုင်တယ်တဲ့၊ ဒါက လူတွေပြောကြတဲ့ ‘ရောမမီးလောင်နေစဥ် တယောထိုး’ တာမလား။ ဒါပေမဲ့ အခုအပြင်လောကကြီးက ဗြောင်းဆန်နေတာကို သူတို့အခုထိ ဖွင့်ပါ့ဦးမလား”
“လာပြန်ပြီ၊ စိတ်ချစမ်းပါ၊ အခုထိ ရှိသေးတယ်” ချူဖုန်း ပြန်ဖြေလိုက်သည်။
“ကောင်းတယ်၊ ကောင်မလေးတွေရဲ့ ဆွဲဆောင်မှုတွေကို အနီးကပ်ပျော်ပါးလို့ရမယ့် ပျော်ရွှင်စရာအတွေ့အကြုံက ငါလိုချင်နေတဲ့ဟာပဲ၊ အို ပျော်ရွှင်ဖွယ်မြေရေ ငါလာပြီကွယ်”

အပိုင်း ၃၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset