Switch Mode

Chapter – 592

အခန်း (၅၉၂) လွမ်ဟွေအာကာသ၊ လောကဦးပဋိပက္ခဗုဒ္ဓ
‘မြေအင်မော်တယ်ကမ္ဘာက သက်ရှိတွေက စုဆောင်းမဲ့ အထူးအာကာသ…’ ဟန်ကျွယ်ဟာ ဒီနည်းလမ်းနဲ့ နည်းနည်း ရင်းနှီးနေတယ်လို့ ခံစားရတာကြောင့် ပိုသိချင်သွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ဆက်ပြောပါတယ် “အဆုံးသတ်အပျက်အစီး နတ်ဘုံမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် တော်တော်များများက ဒီလိုနည်းလမ်းမျိုးကို စမ်းသုံးဖူးတယ်၊ ရလဒ်က မဆိုးဘူး၊ နောက်ပြီး သူတို့တွေရှေ့မှာ ရှိနေတော့ ငါတို့ကို လွယ်လွယ်နဲ့ သံသယဝင်မှာ မဟုတ်ဘူး၊ ငါတို့တွေ သက်ရှိတချို့ကို ရွေးချယ်ပြီး မြေအင်မော်တယ်ကမ္ဘာရဲ့ ကံတရားမြစ်ကို ဖြည်းဖြည်းချင်း ဖျက်ကြမယ်၊ ကံတရားမြစ် ဖရိုဖရဲဖြစ်ရင် ကောင်းကင်တာအိုလည်း ပြိုလဲမှာပဲ၊ အဲဒီအချိန်ကျရင် မြေအင်မော်တယ်ကမ္ဘာက ငါတို့အိတ်ကပ်ထဲ ‌ရောက်ပြီ”
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “အောင်မြင်သွားရင် မြေအင်မော်တယ်ကမ္ဘာကို ဘယ်သူပိုင်မှာလဲ”
“ငါတို့တွေ အင်အားစုတစ်စု ဖန်တီးရုံပဲ၊ ငါတို့ကိုယ်တိုင် ဝင်ပါစရာမလိုတော့ ကံဝန်ကနေ လွတ်မြောက်နိုင်တယ်”
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားက ဒီကိစ္စပေါ်သွားရင် တခြားသူကို လွှဲချမယ်လို့ ဆိုလိုနေလို့ပါ။
“ကျန့်ယွမ်ဇီက ဒီကိစ္စကို သတိမထားမိဖို့က မဖြစ်နိုင်ဘူးမလား၊ ဒီကိစ္စက အရမ်းအန္တရာယ်များတယ်၊ ငါ မပါဘူး”
“ကျန့်ယွမ်ဇီ ပျက်သုဉ်းခြင်း နတ်ဘီလူးကို ပြိုးထောင်ခဲ့တာက သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ပဲ၊ ငါတို့တွေ မြေအင်မော်တယ်ကမ္ဘာကို ရရင် အခွင့်အရေးတစ်ခုကို ရနိုင်တယ်၊ ငါ့ဆရာသခင် ပြောတာတော့ မြေအင်မော်တယ်ကမ္ဘာက တာအိုဘိုးဘေးရဲ့ အမွေအနှစ်တဲ့၊ ဒါပေမဲ့ ကျန့်ယွမ်ဇီက ဒီအကြောင်းကို မသိဘူး၊ ငါတို့တွေ မြေအင်မော်တယ်ကမ္ဘာကိုရရင် ဒုတိယကောင်းကင်တာအိုကို တည်ထောင်လို့ရတယ်၊ အဲဒီအချိန်ကျရင် ငါတို့မှာ နောက်ထပ်လမ်းတစ်လမ်း ရှိသွားပြီ”
“တခြား ဘယ်သူတွေကို ရှာထားသေးလဲ”
“မင်းနဲ့ငါ နှစ်ယောက်ဆို လုံလောက်ပြီ”
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ကောင်းကင်အရှင်ရွှမ်တု ပြောနေတာတွေက အမှန်တွေလား”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[သူ မညာပါ။]
‘မညာဘူး… ဒါဆိုရင် ဒီကောင် ပြောနေတာတွေက မှားနိုင်ချေရှိတယ်ပေါ့၊ ခန့်မှန်းချက် သက်သက်ပေါ့… ဒါပေမဲ့ ငါ့ကို မလိမ်ရင် ပြီးတာပါပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
“ကောင်းပြီ၊ ငါ စဉ်းစားအုန်းမယ်၊ မင်း အလျင်မလိုသေးဘူးမလား”
ကောင်းကင်အရှင်ရွှမ်တုက ခေါင်းညိတ်လိုက်ပါတယ် “ငါ စောင့်နိုင်တယ်၊ ဒါပေမဲ့ အများဆုံး နှစ်တစ်ထောင်ပဲ၊ ငါ့အစီအစဉ်ကို စပြီးတော့ အကောင်အထည် ဖော်နေပြီ”
“ရပါတယ်”
အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စနစ်ကို မေးလိုက်ပါတယ် “ငါ ကောင်းကင်အရှင်ရွှမ်တုကို ယုံကြည်ပြီး လိုက်လုပ်ရင် နောက်ဆုံးရလဒ်က ဘယ်လိုဖြစ်လာမလဲ”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ခန်းမတစ်ခုကို ရောက်သွားပါတယ်။ ဒီခန်းမက ပေတစ်ထောင်ကျယ်ဝန်းပြီး ပေတစ်သောင်းကျော် ရှည်လျားပါတယ်။ ခန်းမနံရံတွေက ကြည်လင်နေပြီး တောက်ပနေတဲ့ ဂလက်ဆီကို အတိုင်းသား မြင်နေရပါတယ်။ ဟန်ကျွယ်ဟာ အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ထိုးထွက်နေတဲ့ ပဋိပက္ခချီကို တွေ့လိုက်ရပါတယ်။ ရှေ့ကို ကြည့်လိုက်တဲ့အခါမှာတော့ ပုံစံအမျိုးမျိုးရှိတဲ့ ရုပ်တုတွေက ဘေးနှစ်ဖက်မှာ တည်ရှိနေပါတယ်။
ဟန်ကျွယ်ဟာ စုချီက လျှို့ဝှက်ဆန်းကြယ် လူတစ်ယောက်နဲ့ မျက်နှာချင်းဆိုင် ရပ်နေတာကို တွေ့လိုက်ရပါတယ်။
လျှိုဝှက်ဆန်းကြယ်လူက ပြောလိုက်ပါတယ် “ကံတရားအထောက်အပံ့က ငါတို့ဟာ ဖြစ်ပြီ၊ နောက်ထပ်လုပ်ရမှာက တခြားအာကာသတွေကို တိုက်ခိုက်ပြီး ကောင်းကင်တာအိုငယ်လေးတွေကို သိမ်းပိုက်ဖို့ပဲ”
စုချီက ပြောလိုက်ပါတယ် “နည်းနည်း ထပ်စောင့်ရအောင် လွမ်ဟွေသမားတွေက အားနည်းလွန်းသေးတယ်၊ သူတို့တွေ တခြားအာကာသတွေကို မယှဉ်နိုင်သေးဘူး”
“သူတို့တွေက စွမ်းအားတိုးလာဖို့ ကျင့်ကြံနေကြတာလေ၊ ဘယ်လိုလုပ်ပြီး စောင့်နိုင်မှာလဲ”
စုချီက ပြန်ဖြေဖို့ ပြင်လိုက်စဉ်မှာပဲ ခန်းမတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားပြီး ကြောက်မက်ဖွယ် ဖိအားတစ်ခု ဆင်းသက်လာပါတယ်။ ခန်းမထက်က ထိုးထွက်နေတဲ့ ပဋိပက္ခချီဟာ မျက်နှာကြီးတစ်ခုအသွင် ပြောင်းလဲသွားပါတယ်။ မျက်နှာပုံစံ အကြမ်းဖျဉ်းကိုသာ မြင်ရတာ ဖြစ်တဲ့အတွက် ဘယ်ပုံစံရှိတယ်ဆိုတာကို မမြင်နိုင်ပါဘူး။
“ဟမ်… မင်းတို့တွေက ဘယ်လိုလုပ်ပြီး ငါ့ရဲ့ မြေအင်မော်တယ်ကမ္ဘာကို ခိုးရဲတာလဲ၊ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”
ဟန်ကျွယ်ရှေ့က ခန်းမဟာ မျက်စိနဲ့ မြင်နိုင်လောက်တဲ့အရှိန်နဲ့ အမှုန့်ဖြစ်သွားပါတယ်။ စုချီနဲ့ လျှို့ဝှက်ဆန်းကြယ်လူဟာ ထွက်ပြေးဖို့ ကြိုးစားပေမဲ့ မမြင်နိုင်တဲ့ အင်အားတစ်ခုကြောင့် ဘာမှမတက်နိုင်ဘဲ အမှုန့်ဖြစ်သွားရပါတယ်။ ပုံရိပ်ယောင်လည်း အဆုံးသတ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ကျရှုံးဖို့ ကံပါတာလား..’ ဟန်ကျွယ်ဟာ မနေနိုင်ဘဲ စနစ်ကို ထပ်မေးလိုက်ပါတယ် “ငါ ကျန့်ယွမ်ဇီရဲ့ ကျင့်ကြံမှုကို သိချင်တယ်”
[သက်တမ်း ၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၅၀ ဘီလီယံတောင်… မဆိုးဘူး…’
ဆက်တွက်မယ်။
[ကျန့်ယွမ်ဇီ: လွတ်လပ် တာအိုပညာရှိ နောက်ဆုံးအဆင့်၊ မြေအင်မော်တယ်ကမ္ဘာ၏ ဘိုးဘေး၊ အနန္တဧကရာဇ်။]
လွတ်လပ်တာအိုပညာရှိ နောက်ဆုံးအဆင့်က သိပ်ပြီးတော့ စွမ်းအားမကြီးပါဘူး။ တကယ်လို့ ဟန်ကျွယ် ရန်စမိတယ်ဆိုရင်တောင် ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းထဲကို ဝင်လာနိုင်မှာ မဟုတ်ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။ တကယ်တော့ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ခံစားနေရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်သွားစရာ မလိုဘဲ နယ်ရုပ်ကို စေလွှတ်ရုံ မဟုတ်ပါလား။
“ကောင်းကင်အရှင်ရွှမ်တုနဲ့ ငါ ဒီကိစ္စကို အကောင်အထည်ဖော်ရင် ကျန့်ယွမ်ဇီ သတိထားမိဖို့ အချိန် ဘယ်လောက်ကြာမလဲ”
[သက်တမ်း ၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[အနည်းဆုံး တစ်ဘီလီယံ ကြာမည်။ လောလောဆယ်၌ ကျန့်ယွမ်ဇီသည် တစ်ခုသော မဟာတာအိုနယ်မြေ၌ ဂူအောင်းကျင့်ကြံပြီး ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်‌နေ၏။]
‘တစ်ဘီလီယောင်တောင် လိုသေးတာလား… ဒါဆို ဘာကြောက်စရာ ရှိမှာလဲ’
ဟန်ကျွယ်ဟာ တစ်ဘီလီယံအတွင်း ကျန့်ယွမ်ဇီကို လက်တစ်ဖက်နဲ့ အမှုန့်ကြိတ်ပစ်နိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဘယ်သူကို လွှတ်ရမလဲဆိုတာ စဉ်းစားပါတယ်။ ကိုယ်ပိုင်တပည့်တွေကို စေလွှတ်ဖို့က အန္တရာယ်များပါတယ်။ မတော်တဆ မဖြစ်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို ရွေးချယ်လိုက်ပါတယ်။ ပြီးတာနဲ့ ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို အိပ်မက်ပေးပြီး ဒီအကြောင်း ပြောလိုက်ပါတယ်။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ကလည်း အလျင်မလိုဘဲ အေးအေးဆေးဆေး စောင့်ပါတယ်။ အတန်ကြာတဲ့အခါမှာတော့ လွမ်ဟွေအင်မော်တယ်ဧကရာဇ်က မေးလိုက်ပါတယ် “ဒီကိစ္စမှာ တာအိုပညာရှိဖြစ်ဖို့ အခွင့်အရေးရှိလား”
“မြေအင်မော်တယ်ကမ္ဘာမှာ ကောင်းကင်တာအို တည်ရှိနေပြီဆိုတော့ တာအိုပညာရှိတစ်ပါးကို ထောက်ပံ့နိုင်တယ်၊ နောက်ပြီး ငါ့ဆီမှာ မင်းအတွက် တာအိုပညာရှိဖြစ်လာဖို့ နည်းလမ်းရှိတယ်၊ မင်း အလုပ်ကောင်းကောင်း လုပ်ရင် ငါကလည်း ပေးမှာပါ၊ သိပ်ပြီးတော့ စိုးရိမ်မနေနဲ့၊ ငါက ဒီကိစ္စကို ကောင်းကင်အရှင်ရွှမ်တုနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ မင်းနောက်မှာ အင်မော်တယ်ကမ္ဘာရဲ့ အစွမ်းအထက်ဆုံး တာအိုပညာရှိနှစ်ပါး ရှိတယ်”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး ပြောလိုက်ပါတယ် “ကျွန်တော်တို့တွေ ဒီကိစ္စကို ရှန်နန်းတော်ဆီ ယူသွားလို့ရမလား၊ ကျွန်တော်တို့တွေ ကျိန်းသပေါက် လူလိုမှာ…”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “လူသိလို့ မရဘူး၊ လက်အောက်ငယ်သားကတော့ မင်းယုံကြည်ရတဲ့လူကိုပဲ ခေါ်သွားချည်”
“ဟုတ်ကဲ့ပါ”
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က သဘောတူလိုက်တဲ့အတွက် ဟန်ကျွယ်ဟာ လိုအပ်တာ ပြင်ဆင်ထားဖို့ ထပ်ညွှန်ကြားလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို သတင်းမပေးဘဲ စပြီးတော့ ကျင့်ကြံ အားထုတ်လိုက်ပါတယ်။ နောက်ဆုံးရက်က နှစ်တစ်ထောင်ကြာပြီးမှမို့ ဟန်ကျွယ်ဟာ အလျင်မလိုပါဘူး။
နှစ်သုံးရာ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို အိပ်မက်ပေးပြီး သူ့အကြံပြုချက်ကို သဘောတူကြောင်း အကြောင်းပြန်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ သဘောတူညီမှုကြောင့် ကောင်းကင်အရှင်ရွှမ်တုဟာ ရှားရှားပါးပါး ပြုံးလိုက်ပါတယ် “အရမ်းကောင်းတယ်၊ လွှတ်ရမဲ့လူကို ရွေးပြီးပြီလား”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
“ငါရဲ့ စိတ်ရင်းအမှန်ကို ပြသတဲ့အနေနဲ့ ဒီအထူးအာကာသကို တာအိုရောင်းရင်းပဲ နာမည်ပေးလိုက်ပါ” ကောင်းကင်အရှင်ရွှမ်တုက ခဏရပ်လိုက်ပြီး ဆက်ပြောပါတယ် “ဒီကိစ္စက တာအိုရောင်းရင်းကို ကံဝန် မထမ်းဆောင်စေရပါဘူး၊ ကျွန်တော်တို့တွေ ဆွေးနွေးပြီးရင် အမှုဆောင်ကို ကိုယ်တိုင် နာမည်ပေးခိုင်းလိုက်မယ်လေ”
‘တော်တော် ကောက်ကျစ်တာပဲ’ ဟန်ကျွယ်ဟာ အသံနှိမ့်ပြီး ပြောလိုက်ပါတယ် “လွမ်ဟွေအာကာသလို့ ခေါ်ကြရအောင်၊ ငါ မင်းရဲ့ တာအိုစက်ကွင်းဆီ လူလွှတ်လိုက်မယ်၊ ကျန်တာကတော့ မင်းဘာသာ စီစဉ်၊ ငါ ကျင့်ကြံရအုန်းမယ်၊ မအားဘူး”
“အင်း ရတယ်လေ”
အိပ်မက် ပြီးဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို အိပ်မက်ပေးပြီး သူ့လူတွေကိုခေါ်ကာ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်မှာရှိတဲ့ ကောင်းကင်အရှင်ရွှမ်တုကို သွားရှာဖို့ ပြောလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ လူတွေကို အကဲခတ်လိုက်ပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဟန်ထော်ကို ခေါ်မသွားပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်မှာ တခြားအကြံတွေ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ ဟန်မင်ကတော့ လွမ်ဟွေအင်မော်တယ်ဧကရာဇ်နောက် လိုက်သွားပါတယ်။
ဟန်ကျွယ်ဟာ သူနဲ့ ဆက်ဆံရေး ဖြတ်ထားပြီဖြစ်တဲ့ ဒီညီလေးကို သိပ်ပြီးတော့ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ဟန်မင်က ဟန်ထော်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံထားတဲ့အတွက် ဟန်မင် ဒုက္ခရောက်ရင် ဟန်ကျွယ်ဟာ တက်နိုင်သလောက် ကူညီမှာပါ။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ လူယုံတစ်ရာနဲ့ အင်မော်တယ်ကမ္ဘာကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ခံစားချက်တွေကို တည်ငြိမ်အောင်လုပ်ပြီး အဆင့်စတက်ပါတယ်။ ဟန်ကျွယ်ဟာ အစောကြီးကတည်းက အဆင့်တက်လို့ ရနေတာပါ။ ဒါပေမဲ့ ကောင်းကင်အရှင်ရွှမ်တုကြောင့် အခုထိ အဆင့်မတက်ရသေးတာပါ။
ကျယ်ကျောင်းတော် ဂိုဏ်းချုပ် တာအိုဘုံကျောင်း။
ဟွမ်ဇွမ်တျန် တရားထိုင်နေတုန်း သတင်းပို့တဲ့ တပည့်ဟာ ရုတ်တရက် ဝင်လာပါတယ် “သတင်းပို့ပါတယ်… ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ကို ကျွန်တော်တိုဂိုဏ်းရဲ့ လောကဦးရွှေအင်မော်တယ်က အနိုင်တိုက်လိုက်ပါတယ်၊ ဒါပေမဲ့ ဗုဒ္ဓဂိုဏ်းက ရုတ်တရက်ဝင်လာပြီး ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ကို ကယ်တင်သွားပါတယ်”
ဟွမ်ဇွမ်တျန်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “ဗုဒ္ဓဂိုဏ်းက ဘယ်သူလဲ”
“လောကဦးပဋိပက္ခ ဗုဒ္ဓပါ”
ဟွမ်ဇွမ်တျန်ဟာ နှလုံးလှုပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောကဦးပဋိပက္ခဗုဒ္ဓက ဗုဒ္ဓဂိုဏ်းရဲ့ အသစ်ထွက်ပေါ်လာတဲ့ ဗုဒ္ဓတစ်ပါးဖြစ်ပြီး ကျင့်ကြံမှုနက်နဲကာ စွမ်းအားကလည်း အလွန်ကြီးမားလို့ပါပဲ။ တာအိုပညာရှိအတုတောင် ဖြစ်နေပြီလို့ တချို့က ပြောကြပါတယ်။
ဗုဒ္ဓဂိုဏ်း လောကဦးပဋိပက္ခဗုဒ္ဓကို စေလွှတ်ပြီး ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ကို ကယ်တင်လိုက်တာက ကျယ်ကျောင်းတော်ကို စစ်ကြော်ငြာလိုက်တာနဲ့ အတူတူပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset