Chapter – 93
“စိတ်ပျက်စရာကောင်းလှသောသတ်ဖြတ်ရေးပညာရှင်”
“သူတို့က လမ်းတလျှောက်လုံး တိုက်ခိုက်လာခဲ့ကြတာ၊ တစ်ယောက်ကတော့ တော်တော် မောနေပြီဆိုတာ သိသာတယ်။ အဲဒါကြောင့် ဒီနားမှာပဲ အပြီးသတ် တိုက်ခိုက်ကြတော့မယ် ထင်တယ်။ သူတို့ရဲ့ အဆင့်နဲ့ သူသေကိုယ်သေ ချနေကြတာ တကယ်စိတ်ဝင်စားစရာပဲ . . .”
“မောပန်းနေတဲ့ လူက အလိုက်ခံရတဲ့လူ ဖြစ်လိမ့်မယ်။ ဒီလို အလိုက်ခံရတယ်ဆိုကတည်းက အစကတည်းက နိုင်အောင် မတိုက်နိုင်လို့သာ ဖြစ်မယ်။ သူသာနိုင်မယ် ဆိုရင် ပြေးစရာ အကြောင်းမှ မရှိတာ . . .”
“အစတုန်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီးတော့ နည်းနည်း ကြာလာတဲ့အခါ အလိုက်ခံရတဲ့ လူက ဟိုလူကို မယှဉ်နိုင်တော့ဘူး ထင်ပါရဲ့၊ အားကုန်ပြေးလာတာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဟိုလူကလည်း သူ့ကို မှီလာခဲ့တယ် အဲဒါနဲ့ အခုလို ဒုတိယအကြိမ် တိုက်ခိုက်ရတာပဲ . . .”
“သူတို့ စပြီး တိုက်ခိုက်တဲ့ အချိန်မှာ အသံက သိပ်ပြီး မကျယ်ဘူး၊ အဲဒီတော့ လိုက်တဲ့လူက သူ့ရဲ့ အားကို ချွေတာထားတာ ဖြစ်ရမယ်။ ဒါပေမဲ့ အခု ဒုတိယအကြိမ် တိုက်ခိုက်တဲ့ အခါကျ အသံက နည်းနည်း ကျယ်လာတယ်။ ဒါက ဘာကို ဆိုလိုသလဲ ဆိုတော့ ပထမတိုက်ပွဲ ပြီးတုန်းက အလိုက်ခံရတဲ့ လူက နာကျင်သွားခဲ့ဟန်ပဲ . . . အဲဒါကြောင့်သာ အခု ဖိတိုက်နေတာ . . .”
“ဒီတိုက်ပွဲက ပြီးတော့မှာ . . .”
“နောက်ထပ် ၄ ကွက်လောက် မတိုက်ခင်မှာပဲ အလိုက်ခံရတဲ့သူ တဖြည်းဖြည်း အရေးနိမ့်သွားမှာ သေချာတယ် . . .”
“သူတို့က မိုင်ပေါင်း ၅၀၀ ကျော်လောက် ပြေးလာခဲ့ကြတာ၊ သူတို့ စပြီး တိုက်ခိုက်ခဲ့တာက ဟိုဘက် မြို့ပြင်မှာ ဖြစ်လိမ့်မယ်။ အခု ဒီဘက်တောင် ရောက်နေကြပြီ၊ သေချာတာကတော့ ထိပ်တန်း အဆင့် ပညာရှင်တွေပဲ . . .”
ရဲရှောင် လေအဟုန်ကဲ့သို့ ပျံသန်းသွားရင်း သတိထား၍ ချဉ်းကပ်လာခဲ့သည်။
သူသည် စဉ်းစား၊ ခွဲခြမ်း တွက်ဆလျက် ရှိသော်လည်း သူ၏ လှုပ်ရှားမှုများသည် လုံးဝကို တိကျ၍ သေသပ်လှသည်။
နောက်ဆုံးတွင် တိုက်ပွဲဖြစ်ရာ အနီးသို့ ရောက်ရှိလာ ခဲ့ပါတော့သည်။
သူရပ်တန့်လိုက်သည့် အချိန်မှာပဲ ကြီးမားလှသည့် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်သွားကာ အနီးနားရှိ အညစ်အကြေးများ ရွှံ့များဟာ လေထဲ လွင့်ပျံကုန်ပြီး သူရှိရာကိုပင် စင်လာခဲ့ပါသည်။ ရဲရှောင် မြေပြင်တွင် ၀ပ်၍ ရှိနေပြီး သူ့ထံ စင်လာသည့် အညစ်အကြေးများအား ပျော်ပျော်ကြီးကို ခံပေးနေသလို ဖြစ်နေပါတော့သည်။
တခဏအကြာ တစ်ကိုယ်လုံးကို အညစ်အကြေးများ ဖုံးလွှမ်း သွားလေ၏။
ဒီမတိုင်ခင် အချိန်ထိ သူသည် ချောမောခန့်ညားသည့် လူငယ်တစ်ဦး ဖြစ်သော်လည်း ယခုအခါ ညစ်ပတ်စုတ်ပြတ်နေသော လူငယ်တစ်ဦးအဖြစ် ရုပ်ဖျက်မိပြီးသားကို ဖြစ်သွားလေတော့သည်။
ညည်းညူသံ အချို့ကိုလည်း ကြားနေရပြီး အသံကို နားထောင်ကြည့်ရသလောက် အားအင် ကုန်ခမ်းနွမ်းနယ် နေပြီ ဆိုတာကို သိနိုင်ပါသည်။ အချိန်မရွေး လဲကျသွားနိုင်သည့် အနေအထားပါပင်။
ထို့နောက် ဓားတစ်လက် အေးစက်သော အငွေ့အသက်များ သယ်ဆောင်လျက် ပျံဝဲလာပြီး ရဲရှောင်၏ အရှေ့ ပေ ၃၀ လောက် အကွာရှိ မောပန်းနွမ်းနယ်နေသော လူအနားရှိ ကျောက်တုံး တစ်တုံးကို စိုက်ဝင်သွားလေသည်။
ထိုဓားသည် ထိုလူ မပြေးနိုင်စေရန် အဟန့်အတား လုပ်လိုက်သည့် သဘောမျိုးဖြင့် စိုက်ရောက် လာခြင်း ဖြစ်လေ၏။
လျှပ်စီးရောင်များ လင်းလတ်လာသည့် အချိန်တွင် ကျောက်တုံးဟာ မကွဲမကြေသလို ဖြစ်နေသော်လည်း မိုးစက်များ သည်းသည်းထန်ထန် ကျဆင်းလာသည့် အချိန်တွင် ကျောက်တုံးသည် အပိုင်း ၄ ပိုင်းအဖြစ် ညီညီညာညာပင် ကွဲထွက်သွားလေ၏။
ဓားကတော့ ကျောက်တုံးမှတဆင့် မြေကြီးအတွင်းသို့ စိုက်ဝင်လျက် ရှိနေဆဲပင်။
တကယ်တော့ ထိုကဲ့သို့ ဓားစိုက်ဝင်နေမှုကို ဖော်ပြရန်မှာ ဖော်ပြရခက်လှပေသည်။ တကယ်တမ်း မြေကြီးအတွင်း စိုက်ဝင်နေခြင်း မဟုတ်ဘဲ ကျောက်တုံးကိုသာ စိုက်ဝင်နေခြင်း ဖြစ်ကာ ကျောက်တုံး ကွဲသွားသည့်တိုင် ဓားသည် မယိုင်လဲဘဲ လေထဲတွင် တန့်လျက် ရှိနေခြင်း ဖြစ်ပါတော့သည်။
လျှပ်စီးလတ်လိုက်သည့် အချိန်တွင် ကမ္ဘာမြေပြင် တစ်ခုလုံး အလင်းဆောင်သွားပြီး ပျောက်ကွယ် သွားသည့် အချိန်တွင်တော့ မှောင်အတိ ဖုံးလွှမ်း သွားရ ပြန်ပါသည်။
မိုးစက်မိုးပေါက် များသည်လည်း မြားများအလား ပြင်းထန်စွာ ကျဆင်းလျက် ရှိနေလေသည်။
အားအင် ကုန်ခမ်းနေသော လူသည် ဓားကို ကြည့်ရင်း အသက်ကို လု၍ ရှူရှိုက်နေသည်။ ရုတ်တရက် လူးလဲထ၍ မြေပြင်ပေါ် ထိုင်ချလိုက်ရင်း ဟက်ဟက်ပက်ပက်ကို ရယ်မောလိုက်၏။ ထို့နောက် နာနာကျင်ကျင် ဟန်ဖြင့် –
“မင်းနိုင်ပါတယ်၊ မင်းကြိုက်သလို ငါ့ကို သတ်လိုက်၊ အပိုတွေ ထပ်ပြောမနေနဲ့တော့ . . .”
ရဲရှောင်သည် သူတို့နှင့် အလွန်ပင် နီးကပ်နေသဖြင့် အသက်ပင် ရဲရဲ မရှူရဲချေ။
သူရှိနေသည်မှာ ထိပ်တန်းအဆင့် ပညာရှင် ၂ ဦးနားမှာ ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေခြင်း ကြောင့်သာ သူရှိနေမှန်း သတိမထားမိကြခြင်း ဖြစ်လေသည်။ ထိုကဲ့သို့သာ မဟုတ်ပါက ယခုအချိန် အကြိမ်ရာထောင်ချီပင် အရိုက်ခံရပြီးလောက်ပြီ ဖြစ်၏။ သူ့ကိုယ်သူ ပုန်းခိုသည့် ကျင့်စဉ်သည်လည်း ဆိုးတော့ မဆိုးလှချေ။ သို့သော် သူ၏ အစွမ်းသည် တစ်ဖက်လူ ၂ ယောက်နှင့်စာလျှင် ဘာမှ မပြောပ လောက်သလိုပါပင်။
ဘာဖြစ်သွားသလဲ ဆိုတာကိုပင် သိရှိလိုက်မည် မဟုတ်ချေ။
ယခု သူပုန်းအောင်းနေသည့် နေရာသည်လည်း ပုန်းခိုရန် အကောင်းဆုံး နေရာတစ်ခုပင် ဖြစ်လေ၏။
တောအုပ်တစ်ခု၏ ဆင်ခြေလျှောတစ်ခုမှာ ဖြစ်ပြီး တစ်ဖက်လူ ၂ ယောက်သည် ဆင်ခြေလျှော ဘက်သို့ ဦးတည်လျက်သား အနေအထားဖြင့် ရှိနေတာဖြစ်ပြီး နည်းနည်း ဆက်သွားသည်နှင့် ဆင်ခြေလျှောသို့ ရောက်ရှိမည် ဖြစ်၏။
အကယ်၍ အလိုက်ခံရသူသာ အနည်းငယ် ဆက်သွားမိမည် ဆိုပါက အားကုန်၍ ဆင်ခြေလျှော အတွင်း လိမ့်ကျသွားနိုင်ပါသည်။ ထိုအခါ လိုက်ဖမ်းသူသည်လည်း ဆင်ခြေလျှောအတွင်း ခုန်၍ လိုက်သွားမည် ဖြစ်ပြီး ရဲရှောင် ပုန်းအောင်းနေသည့် နေရာအား သတိမမူနိုင်ဘဲ ကျော်၍ သွားမည် ဖြစ်ပါ သည်။
ထို့ကြောင့် ပုန်းအောင်းရန် အကောင်းဆုံးနေရာ တစ်ခု ဖြစ်သည်ဟု ဆိုရခြင်းပင် ဖြစ်၏။
ယေဘူယျကျသည့် ယခုအတွေးအား ရဲရှောင်သည် ကြိုတင် စဉ်းစားမိခဲ့သည့် အလျောက် ထိုနေရာကို ပုန်းအောင်းရန် ရွေးချယ်လိုက်ခြင်း ဖြစ်လေ၏။
သို့သော် သူ၏ အထင်နှင့်အမြင်သည် လွဲမှားခဲ့ရလေသည်။
လိုက်ဖမ်းသူသည် သူ၏ ဓားဖြင့် အလိုက်ခံရသူ ထွက်မပြေးနိုင်စေရန် လှမ်းပစ်၍ တားဆီးလိုက်ခြင်း ဖြစ်ပြီး ထိုသို့ ပစ်လိုက်သည့် နေရာမှာလည်း ရဲရှောင် ပုန်းအောင်းနေသည့် နေရာနှင့် ပေ ၃၀ လောက်သာ ကွာပါသည်။
အလိုက်ခံရသူသည် ဓားကိုကြည့်ရင်း သူမည်သို့မျှ မလွတ်မြောက် နိုင်တော့သည်ကို ရိပ်စားမိ သွားဟန်ပင်။ ထို့ကြောင့် ရုတ်တရက် စိတ်ဓာတ်ကျသွားခဲ့ပြီး ကံတရားအတိုင်း လက်ခံရန်သာ ဆုံးဖြတ် လိုက်ကာ မြေပြင်ပေါ်သို့ ထိုင်ချလိုက်ခြင်း ဖြစ်သည်။
ရဲရှောင်အနေဖြင့် ထိုလူ ထိုင်ခြင်း ထခြင်းအပေါ် စိတ်မ၀င်စားနိုင်အားပေ။
သူသည် ယခုအခါ ထိုလူများနှင့် ပေ ၂၀ ကျော်လောက် အကွာအဝေးတွင်သာ ရှိနေခြင်း ဖြစ်လေသည်။
(သွားပြီပေါ့ . . . ငါမျှော်လင့်ထားသလိုလည်း ဖြစ်မလာပါလား . . .)
ရဲရှောင် စိတ်ထဲ မကျေမနပ် ရေရွတ်လိုက်မိသည်။
(ငါတကယ်ကို ကံဆိုးတာပါလား . . . ကောင်းကင်အဆင့်ရဲ့ ထိပ်သီး ၂ ယောက်နဲ့ နီးနီးလေး ဖြစ်နေတယ်။ ဘယ်သူပဲ ငါ့ကို အရင်တွေ့တွေ့ ငါကတော့ ကျိန်းသေကို သေလောက်တယ် . . .)
သူသည် ပညာဉာဏ် ပြည့်ဝလှသည့် ရှောင်ဧကရာဇ် ဖြစ်ခဲ့ခြင်းမှာ မှန်ပေသည်။ ထို့ကြောင့် လက်ရှိ အချိန်တွင် မြေကြီးအဆင့် ၃ သာ ရှိသေးသော်လည်း အဆင့်တူချင်း ဆိုပါက မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ချေ။ အဆင့်တူချင်း မဆိုထားနှင့် မြေကြီးအဆင့် ၆ လောက်ထိကိုပင် ဂရုစိုက်နေမည် မဟုတ်ချေ။ သူသာ အပြင်းအထန် တိုက်ခိုက်မည် ဆိုပါက မြေကြီးအဆင့် ၉ ရှိသည့် ပညာရှင်ကိုပင် အလဲထိုး တိုက်ခိုက်နိုင်လောက်၏။
သို့သော်လည်း ကောင်းကင်အဆင့် ပညာရှင် တစ်ယောက်ကိုတော့ တိုက်ခိုက်နိုင်ရန်မှာ မလွယ်ကူလှချေ။ ထို့ကြောင့် ကောင်းကင်အဆင့် ပညာရှင်အဖို့ သူ့ကို ဘယ်လိုပဲဖြစ်ဖြစ် အနိုင်ယူနိုင်မှာ သေချာပါသည်။ ကွမ်ဇန်ဝမ်နှင့် တိုက်ခိုက်တုန်းကလည်း ရဲရှောင် အသည်းအသန်ကို ခံခဲ့ရသည် မဟုတ်ပါလား။
ဒါ့အပြင် ယခု သူ့ရှေ့ရှိ လူ ၂ ဦးသည် ကွမ်ဇန်ဝမ်ထက်ကို အဆင့်များစွာ ပိုမြင့်ပြီး အစွမ်းထက် မည်ဟု ရဲရှောင် သိနေလေ၏။
သူရှိနေသည်သာ သိသွားမည် ဆိုပါက ထို ၂ ယောက်ထဲမှ မည်သူမဆို သူ့အသက်ကို အလွယ် တကူ ယူနိုင်မည်မှာ သေချာပါသည်။ အားကြီးသူမှာ အားနည်းသူကို အနိုင်ယူနိုင်မည်မှာ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ချေ။ မည်သူမဆို လုပ်နိုင်သည့် ကိစ္စပင် မဟုတ်ပါလား။
ထိုကဲ့သို့ ကျဉ်းထဲကြပ်ထဲ အခြေအနေတွင် ရဲရှောင် စိတ်အိုက်လျက် ရှိနေသည်။ တချိန်တည်း ထူးဆန်းသလိုလည်း ခံစားနေရလေ၏။
(ဒီလဲကျနေတဲ့ လူရဲ့ အသံကို ငါဘာလို့ အဲဒီလောက်ထိ ရင်းနှီးနေရတာပါလိမ့် . . . ဘယ်လို ဖြစ်တာလဲ . . . ဖြစ်နိုင်ပါ့မလား . . . အဆင့်မြင့် ပညာရှင်ဆိုလို့ ကွမ်ဇန်ဝမ်ကိုပဲ ငါ ဆုံခဲ့ဖူးတာပါ။ ဒီလူက ကွမ်ဇန်ဝမ်လည်း မဖြစ်နိုင်လောက်ပါဘူး။ ဒါဆို ဘယ်သူများလဲ . . .)
အတွေးနယ်ချဲ့နေရင်းဖြင့် ရုတ်တရက် အသံခပ်တိုးတိုးဖြင့် အသံတစ်သံကိုပါ ကြားလိုက်ရပါ သည်။
“ရှင်က ဒီလိုဖြစ်ချင်နေတာလား . . .”
ရဲရှောင် တခြားလူများ ရိပ်မိသွားမတတ် တုန်လှုပ်သွားရပြန်ပါသည်။
(ဟာ . . . ဒီလိုက်ဖမ်းတဲ့ လူအသံကိုလည်း ငါတကယ် ရင်းနှီးနေတာပါလား . . . ဒီလူရဲ့ အသံနဲ့ သူ့အကြောင်းကို ငါစဉ်းစားမိလောက်မယ် ထင်တယ် . . .)
အသံသည် အေးဆေးတည်ငြိမ်နေပြီး နူးညံ့ညင်သာမှုလည်း ရှိပါသည်။ ရေတံခွန်မှ ရေများ စီးကျသကဲ့သို့ အသံမျိုး ဖြစ်ပြီး လူတိုင်း၏ နားထဲ နားဝင်ချိုလှပါသည်။
ထိုအသံသည် လေလံပွဲတုန်းက ကြုံခဲ့ရသော ညာလက်ရုံး ချူးအာပင် ဖြစ်ပါတော့သည်။
မုန်တိုင်းအိမ်တော်၏ သြဇာအာဏာရှိသော မိန်းကလေး တစ်ဦးလည်း ဖြစ်လေ၏။
ဒါ့အပြင် မြို့တော်အတွင်းရှိ မူမျိုးနွယ် အားလုံးကို သတ်ဖြတ်သွားခဲ့သူလည်း ဖြစ်ပေသည်။
ရဲရှောင် အတွေးနယ်ချဲ့ နေမိပြန်သည်။
(ဘုရားရေ . . . ဒီကောင်မလေးက အဆင့်မြင့် ပညာရှင် တစ်ယောက် ဆိုတာကို ငါဘာလို့ သတိမထားမိခဲ့တာ ပါလိမ့် . . . ကောင်းကင်အဆင့်ရဲ့ ဆရာသခင် အဆင့်တောင် ရောက်နေလောက်ပြီ)
အနည်းငယ် ချင့်ချိန် စဉ်းစားမိပြီးသည့်အခါ အနည်းငယ် သံသယ ၀င်လာမိလေသည်။
ချူးအာသည် သာမန်ထက် ထူးခြားသော မိန်းကလေး ဆိုသည်မှာ မှန်သော်လည်း ထိုမျှလောက် ထိ အဆင့်မမြင့်နိုင်သေးဟု သူတွေးလိုက်မိသည်။ လေလံပွဲတုန်းက သူမသည် ကောင်းကင်အဆင့်ပင် ရောက်ရှိဦးမည် မဟုတ်ချေ။ ကောင်းကင်အဆင့်၏ ဆရာသခင် အဆင့်ဆိုလျှင် ပို၍ပင် ဝေးကွာ ပါသေးသည်။
ရဲရှောင်သည် အတွေ့အကြုံ များသူတစ်ယောက် ဖြစ်လေ၏။
ထို့ကြောင့် သူ့အမြင်မှာ လုံးဝ မမှားနိုင်ဟု သူ့ကိုယ်သူ ယုံကြည်နေမိလေ၏။
သို့သော်လည်း သူမနှင့် နောက်ဆုံး တွေ့ရှိခဲ့သည့် လွန်ခဲ့သည့် တစ်လနောက်ပိုင်း သူမသည် မြေကြီးအဆင့်မှ ကောင်းကင်အဆင့်၏ ဆရာသခင် အဆင့်ပင် ရောက်ရှိသွားခဲ့သည်။ အလွန်ကို မြန်လွန်းလှသည့် ကျင့်ကြံမှုပင် ဖြစ်နေသည် မဟုတ်ပါလား။
(ဘယ် . . . ဘယ်လိုတောင် ဖြစ်သွားရတာလဲ . . .)
အလိုက်ခံရသူမှ ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး –
“ငါမသေခင်မှာ ရှင်းရှင်းလင်းလင်းတော့ သိသွားချင်တယ်။ မင်းက ငါ့ကို မေးခွန်းတွေ မေးတယ်၊ ငါကလည်း မေးချင်နေတာ၊ ဘယ်လို အရာကများ င့ါနောက်ကို မင်းလိုက်အောင် လုပ်လိုက်တာလဲ . . .”
သူ၏ အသံသည် စိတ်အားလျော့နေသည့် အသံမျိုးပင် ဖြစ်နေလေ၏။
ထိပ်တန်းအဆင့် ပညာရှင်တစ်ဦးသည် အသက် ၁၇ နှစ် အရွယ်လောက်သာ ရှိဦးမည့် မိန်းကလေး တစ်ဦးနှင့် တိုက်ခိုက်ရင်း သေဆုံးရတော့မည် ဖြစ်သည်။ အမြဲတမ်း သူ့ကိုယ်သူ ဂုဏ်ယူနေခဲ့ရသူ တစ်ဦး ဖြစ်သည့်အတွက် ယခုအဖြစ်အပျက်သည် လက်မခံနိုင်စရာလို ဖြစ်နေလေသည်။ သို့သော်လည်း အမှန်တရားကိုတော့ သိချင်နေပါတော့သည်။
ညာလက်ရုံးချူးအာမှ တခဏမျှ ငြိမ်သက်သွားပြီး –
“နင်ဘီလျူ . . . ရှင့်ကိုကျွန်မက တကယ် ထူးချွန်ထက်မြက်တဲ့ ပညာရှင် တစ်ယောက်လို့ မှတ်ယူထားခဲ့မိတယ်။ အဲဒါကြောင့် ကျွန်မတို့ မုန်တိုင်း အိမ်တော်ကို ဖိတ်ခေါ်ခဲ့တာလေ။ ရှင်ကျွန်မတို့ရဲ့ မုန်တိုင်းအိမ်တော်နဲ့ ပူးပေါင်းလိုက်တာနဲ့ မုန်တိုင်းအိမ်တော် လုပ်ကြံသတ်ဖြတ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ အားလုံး ရှင့်စိတ်တိုင်းကျ ဖြစ်စေရမယ်လို့ ကျွန်မ ကတိပေးခဲ့တယ်လေ။ ရှင်က အစွမ်းထက်ပါ တယ်။ နောက်ပြီး ကျွန်မ ရှင်နဲ့ သခင်ကြီးကြားက ပြဿနာကိုလည်း ဖြေရှင်းပေးမယ် ပြောထားတာပဲ၊ အခြေအနေတွေက ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းနေပြီးသား၊ အဲဒါကိုတောင်မှ ရှင်က ရန်လိုပြီးတော့ တိုက်ခိုက်ချင်တော့ ရှင့်ရဲ့ အပြုအမူအတွက် ရှင်းပြချက် လိုချင်နေသေးလို့လား . . .”
ထိုအချိန် ရဲရှောင်သည် အလိုက်ခံရသူနှင့် ပတ်သက်၍ မှတ်မိသွားခဲ့သည်။
နင်ဘီလျူ . . .
မော်တယ်ကမ္ဘာ၏ နံပါတ် ၁ ထိပ်တန်း လုပ်ကြံသတ်ဖြတ်ရေး ပညာရှင် . . .
သို့သော်လည်း သူစိတ်ထဲ အတော်ကြီး အံ့သြနေမိလေ၏။
(ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းတဲ့ နံပါတ် ၁ လုပ်ကြံသတ်ဖြတ်ရေးပညာရှင်လဲ)
သူ၏ အကြောင်းကို ရဲရှောင် ကြားဖူးခဲ့တာ ကြာပြီဖြစ်သည်။ နောက်ဆုံးတစ်ခေါက် တွေ့ဆုံခဲ့စဉ် တုန်းက သူသည် ၀မ်ရမ်ချူးချူးလက်မှ လွတ်မြောက် လာခဲ့ပြီး လမ်းတွင် မတော်တဆ ၀င်တိုက်ရင်း ဆုံတွေ့ခဲ့မိတာ ဖြစ်လေသည်။ ထိုနေ့က နင်ဘီလျူသည် လူအချို့၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရပြီး ရဲရှောင်သာ မကူညီခဲ့ပါက သေချာပေါက် ထိုနေ့ကတည်းက သေဆုံးမည် ဖြစ်ပါသည်။
ယခု တွေ့ရှိရသည့် အချိန်တွင်လည်း လိုက်လံဖမ်းဆီးခြင်းကိုပင် ခံနေရပြီး လိုက်ဖမ်းသည့် လူမှာ ယခင်လူများထက် များစွာ သာလွန် နေပါတော့သည်။
(ဒီလူက ကံအတော်ဆိုးတာပဲ၊ တော်တော်လည်း လူမုန်းများပုံရတယ် . . .)
ရဲရှောင် တွေးနေမိပါတော့သည် . . .။