အခန်း (၅၉၁) အသက် ၉၀,၀၀၀ ပြည့်ခြင်း၊ မြေအင်မော်တယ်ကမ္ဘာ
ဟွမ်ဇွမ်တျန်ရဲ့ အမိန့်ကို လက်ခံရရှိပြီးတာနဲ့ ကျယ်ကျောင်းတော် တပည့်ဟာ ချက်ချင်း ထွက်ခွာသွားပါတယ်။ လေးငါးဆယ်ရက် အကြာမှာတော့ ကျယ်ကျောင်းတော်ဟာ မယ်တော်ဂိုဏ်းကို တမန်စေလွှတ်ပြီး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ပါတယ်။
ဒီလိုနဲ့ နောက်ထပ် ရက်အနည်းငယ် ကုန်ဆုံးသွားတဲ့အခါမှာ မိုးကောင်းကင် မျိုးနွယ်စုကလည်း မယ်တော်ဂိုဏ်းဆီကို တမန်လွှတ်ပြီး ဂုဏ်ပြုပါတယ်။ ထိပ်တန်း အင်အားစုနှစ်စုက အသစ်ထွက်ပေါ်လာတဲ့ မယ်တော်ဂိုဏ်းကို ထောက်ပံ့တဲ့အတွက် မယ်တော်ဂိုဏ်းရဲ့ အဆင့်အတန်းဟာ ချက်ချင်း တိုးတက်သွားပြီး ဒီသတင်းဟာ အင်မော်တယ်ကမ္ဘာကို တောမီးလိုပျံ့နှံ့သွားပါတယ်။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ မယ်တော်ဂိုဏ်းရဲ့ တပည့်တွေဟာ ပိုပိုများလာပါတယ်။ အင်မော်တယ်ကမ္ဘာက ကျယ်ပြန့်လွန်းတဲ့အတွက် မယ်တော်ဂိုဏ်းထဲ ဝင်ချင်တဲ့သက်ရှိတွေဟာ တောတောင်မြစ်ချောင်းတွေကို ဖြတ်ကျော်ပြီး ခရီးနှင်ရပါတယ်။
ဟန်ကျွယ်ဟာ မယ်တော်ဂိုဏ်း စည်ကားတိုးတက်လာတာကို တွေ့လိုက်ရတဲ့အတွက် အတော်လေး ကျေနပ်အားရသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်လက် ကျင့်ကြံပါတယ်။
ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးကာ အချိန်တစ်ခုမှာတော့ ဟန်ကျွယ် မြင်ကွင်းထဲမှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[သင်သည် အသက် ၉၀,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှထွက်၍ အဆုံးသတ်အပျက်အစီး နတ်ဘုံသို့ ခရီးနှင်ပြီး မဟာတာအိုကို လေ့လာလိုက်စားပါ။ ဆုလာဘ်အဖြစ် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအားတစ်ပါးကို ဆက်ခံရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ကံနှောင်ကြိုးများမှ ရှောင်ကြဉ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစနှင့် တာအိုစက်ကွင်းအား အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ကြိမ် ရရှိမည်။]
‘တာအိုစက်ကွင်းကို အဆင့်မြှင့်တင်လို့ ရမယ်… နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ’
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တစ်ခါတည်း ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့၍ မဟာတာအို အပိုင်းအစ တစ်စနှင့် တာအိုစက်ကွင်း အဆင့်မြှင်တင်ရန် အခွင့်အရေးတစ်ကြိမ် ရရှိပါသည်။]
[တာအိုစက်ကွင်းအား စတင် အဆင့်မြှင့်တင်ပါပြီ။]
တာအိုစက်ကွင်းကို အဆင့်မြှင့်တင်ဖို့က အချိန်ကြာအုန်းမှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ စောင့်မနေတော့ဘဲ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပါတယ်။
ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်နဲ့ ပိုပိုနီးကပ်လာပါပြီ။
နှစ်တစ်ရာ ကြာတဲ့အခါမှာတော့…
[တာအိုစက်ကွင်းအား အဆင့်မြှင့်တင်ပြီးပါပြီ။ အစီအမံအရံအတားသည် မဟာတာအိုအဂ္ဂအဆင့်သို့ တိုးမြှင့်သွားပြီး တာအိုစက်ကွင်း၏ အတွင်းနေရာသည် ပိုမိုကျယ်ပြန့်သွားပါပြီ။]
[တာအိုစက်ကွင်း၏ အင်မော်တယ်ချီနှင့် ရှန်တျန်ချီသည် ဆယ်ဆတိုးပွားသွားပြီး တာအိုဖန်တီးရှင် တည်ရှိမှု၏ ချောင်းကြည့်မှုကို ဟန့်တားနိုင်သည်။]
‘တာအိုဖန်တီးရှင်… တာအိုကို ဖန်တီးတယ်ဆိုတဲ့ အဓိပ္ပာယ်လား…’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပြီး လုံခြုံတယ်လို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ သိကျွင်းနဲ့ ဘိုးဘေးရှီတျန်တို့ တိုက်ခိုက်ရင်တောင် တာအိုစက်ကွင်းရဲ့ အစီအမံကို ချိုးဖျက်နိုင်မှာ မဟုတ်လို့ပါပဲ။
ဟန်ကျွယ်ဟာ စိတ်အခြေအနေကို ထိန်းသိမ်းပြီး ဆက်လက် ကျင့်ကြံပါတယ်။
အချိန်ဟာ ပုံမှန် ကုန်ဆုံးသွားပါတယ်။ မယ်တော်ဂိုဏ်း ထွက်ပေါ်လာပြီးနောက် ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဦးစီးတဲ့ဂိုဏ်းတွေ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ထွက်ပေါ်လာပါတယ်။ အင်မော်တယ်ကမ္ဘာနဲ့ သေမျိုးကမ္ဘာရဲ့ ဆက်သွယ်မှုကလည်း ပိုပိုနီးစပ်လာပြီး သေမျိုးတွေဟာ အင်မော်တယ်ကမ္ဘာကို ဆက်တိုက် ရောက်လာပါတယ်။ အင်မော်တယ်ကမ္ဘာက သက်ရှိအများကြီးဟာလည်း သေမျိုးကမ္ဘာကို ဆင်းသက်ကြပါတယ်။ သူတို့တွေဟာ အချင်းချင်း လိုတာဖြည့်ပြီး အတူတူ တိုးတက်ကြပါတယ်။
ဒီအကြောင်းကြောင့်ပဲ ကောင်းကင်တာအို ကံတရား အထောက်အပံ့ဟာ ပိုပြီးတော့ အားကောင်းလာပါတယ်။ ကပ်ဘေးမတိုင်ခင်က အင်မော်တယ်ကမ္ဘာထက်စာရင် ပိုပြီးတော့ စည်ကားလာသလို ပိုပြီးတော့လည်း ငြိမ်းချမ်းလာပါတယ်။
ဒီလိုရွှေခေတ်မှာ သက်ရှိတွေအကုန်လုံး ကြိုးကြိုးစားစား ကျင့်ကြံကြပါတယ်။ ရှုပ်ထွေးမှုတွေ ရှိတယ်ဆိုပေမဲ့ အရမ်းကြီး ဝမ်းနည်း ကြေကွဲဖွယ်ကောင်းတဲ့ အဖြစ်အပျက်မျိုး မရှိပါဘူး။ အဓိကက ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပြီး ကောင်းကင်တာအို ကုသိုလ်ကံ ရရှိဖို့ ယှဉ်ပြိုင်ကြတာပါ။
ဒီလိုနဲ့ နှစ်သုံးထောင် ကုန်ဆုံးသွားပြီး ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်ဖို့ အခွင့်အရေး ရသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး တာအိုနှလုံးသားကို ပြင်ဆင်ပါတယ်။ အဲဒီနောက် ဟန်ထော်ကို ကြည့်လိုက်တဲ့အခါ ဂူအောင်းမကျင့်ကြံဘဲ နေရာတကာမှာ လျှောက်တိုက်ခိုက်ပြီး ရှန်နန်းတော်ရဲ့ နယ်မြေကို ချဲ့ထွင်နေတာ တွေ့လိုက်ရပါတယ်။
ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဟန်ယွီကို ကြည့်လိုက်ပါတယ်။ ဟန်ယွီဟာ ပုကျိုးနတ်တောင်မှာ မနေဘဲ လောကတစ်ခွင် ခရီးနှင်ပြီး ကျယ်ကျောင်းတော်နား ရောက်နေတာကို တွေ့လိုက်ရပါတယ်။
ဟွမ်ဇွမ်တျန်ပဲဖြစ်ဖြစ် လီယောင်ပဲဖြစ်ဖြစ် တခြားလူတွေပဲဖြစ်ဖြစ် ဟန်ယွီကို တွေ့ရင် ဟန်ယွီနဲ့ ဟန်ကျွယ်ရဲ့ ဆက်ဆံရေးကို ကျိန်းသေပေါက် ခန့်မှန်းမိမှာပါ။ ဒါကြောင့် ဟန်ယွီရဲ့ လုံခြုံရေးအတွက် သိပ်ပြီးတော့ စိတ်ပူစရာ မလိုပါဘူး။
ဟန်ကျွယ် ဂူအောင်းကျင့်ကြံနေစဉ်အတွင်းမှာ ဟန်ထော်နဲ့ ဟန်ယွီဟာ တော်တော်များများကို တွေ့ကြုံရင်ဆိုင်ရပြီး အတွေ့အကြုံ တော်တော်များလာပါတယ်။ ဒီထဲမှာ ဟန်ယွီက မိန်းမတစ်ယောက်နဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပါတယ်။ ဟန်ယွီဟာ ချစ်ရတဲ့မိန်းကလေးအတွက် တာဝန်ယူချင်ပေမဲ့ တစ်ဖက်လူရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။ ငြင်းပယ်ရတဲ့ အကြောင်းရင်းကလည်း ဟန်ယွီက အားနည်းလွန်းလို့ပါ။
ဒီကိစ္စက ဟန်ယွီရဲ့ နှလုံးသားကို အတော်လေး ထိခိုက်သွားစေပါတယ်။ ဟန်ယွီဟာ လီတောက်ခုံးကို ဒီကိစ္စ ပြန်မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်စွမ်းကိုယ်စရှိကြောင်း သက်သေပြချင်လို့ပါ။
ဟန်ကျွယ်ဟာ မယ်တော်ဂိုဏ်းကို ထပ်ကြည့်လိုက်ပါတယ်။ မယ်တော်ဂိုဏ်းဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ အင်အားကြီးလာပြီး အခုဆိုရင် တပည့်တစ်သောင်းကျော် ရှိနေပါတယ်။ ကျယ်ကျောင်းတော်နဲ့ မိုးကောင်းကင်မျိုးနွယ်စုက မကြာခဏဆိုသလို ကျင့်ကြံမှုရင်းမြစ်တွေ ပေးပို့လေ့ရှိပါတယ်။ ကြည့်ရတာတော့ မယ်တော်ဂိုဏ်းကို စည်ရုံးသိမ်းသွင်းချင်ပုံပါပဲ။
‘မဆိုးဘူး…’
မယ်တော်ဂိုဏ်းရဲ့ လျင်မြန်စွာ တိုးတက်လာမှုက လီယောင်ကို ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံထဲ ဝင်သွားစေပါတယ်။ လီယောင်ရဲ့ အဆင့်က ၉၀၀,၀၀၀ မှာရှိတယ်ဆိုပေမဲ့ စစချင်း မဆိုးဘူးလို့ ပြောလို့ရပါတယ်။
အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးဆီ ရောက်သွားပါတယ်။ စန့်ချွမ်အဂ္ဂဘိုးဘေးက အမြဲတမ်း ဂူအောင်းကျင့်ကြံနေတဲ့အတွက် ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို သိပ်ဂရုမထားပါဘူး။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဟန်ကျွယ် စန့်ချွမ်အဂ္ဂဘိုးဘေးကိုကြည့်ပြီး မျက်ခုံးပင့်တက်သွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ တာအိုဘုံကျောင်းထဲမှာ ပုန်းနေတဲ့ စန့်ချွမ်အဂ္ဂဘိုးဘေးကို ထူးဆန်းတဲ့ မီးခိုးရောင် ရောင်ဝါတွေက ရစ်ပတ်နှောင်ဖွဲ့ပြီး စန့်ချွမ်အဂ္ဂဘိုးဘေးနဲ့ ကောင်းကင်တာအိုကြားမှာရှိတဲ့ ဆက်နွှယ်မှုကို ဖြတ်တောက်ဖို့ ကြိုးစားနေပါတဘ်။
ဟန်ကျွယ်ဟာ လက်ချောင်းတွေသုံးပြီး တွက်ချက်ကြည့်ပေမဲ့ ဘယ်သူ့လက်ချက်လဲဆိုတာ တွက်မရပါဘူး။ ဟန်ကျွယ်လည်း မတက်နိုင်ဘဲ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ်။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။
‘ဒီကောင်ကိုး…’
ဟန်ကျွယ်ဟာ သိပ်တော့ အံအားမသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကလွဲပြီး တခြားလူ မရှိလို့ပါ။ စန့်ချွမ်အဂ္ဂဘိုးဘေးနဲ့ ကောင်းကင်တာအိုကြားက ဆက်နွှယ်မှုကို ဖြတ်တောက်ဖို့ ကြိုးစားနေတဲ့လူက ကောင်းကင်အရှင်ရွှမ်တုပါ။
ပထမတုန်းက စန့်ချွမ်အဂ္ဂဘိုးဘေးကို လီမုယဲ့က ထိန်းချုပ်ခဲ့တာပါ။ လီမုယဲ့သေပြီး ကောင်းကင်အရှင်ရွှမ်တုက လီမုယဲ့နေရာကို ဝင်ယူလိုက်ပါတယ်။ ဒါကြောင့် ကောင်းကင်အရှင်ရွှမ်တု အနေနဲ့ စန့်ချွမ်အဂ္ဂဘိုးဘေးက ပစ်မှတ်ထားတာက ပုံမှန်ပါပဲ။ စန့်ချွမ်အဂ္ဂဘိုးဘေးက အရမ်းကို အရေးကြီးပါတယ်။ သူက အင်မော်တယ်ကမ္ဘာမှာ ပြိုင်ဘက်ကင်းတဲ့အတွက် တာအိုပညာရှိအတွက်တော့ အလွန်တရာ အရေးကြီးတဲ့ နယ်ရုပ်တစ်ခု ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောလိုက်ပြီးနောက် စန့်ချွမ်အဂ္ဂဘိုးဘေးကို သူ့ရှေ့ ရွှေ့လိုက်ပါတယ်။ အဲဒီနောက် အကြွင်းမဲ့သန့်စင်ခြင်းကို အသုံးပြုပြီး စနစ်ရဲ့စွမ်းအားနဲ့ ကေင်းကင်အရှင်ရွှမ်တုရဲ့ ထိန်းချုပ်မှုကို ဖယ်ရှားလိုက်ပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ကောင်းကင်အရှင်ရွှမ်တုက မင်းကို ဘယ်အချိန် လာရှာသွားတာလဲ”
“လွန်ခဲ့တဲ့ နှစ် ၇၀၀ က၊ သူပြောတာတော့ ကျွန်တော့်ကို ကောင်းကင်တာအို ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်အောင် ကူညီပေးမယ်တဲ့”
“ဒါပေမဲ့ မင်း သူထိန်းချုပ်တာကို ခံရလိမ့်မယ်”
“ကျွန်တော် သံသယတော့ရှိတယ်၊ ဒါပေမဲ့…”
စန့်ချွမ်အဂ္ဂဘိုးဘေးဆီမှာ တွေ့ရခဲ့တဲ့ လူသားအမူအရာတစ်ခု ပေါ်လာပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ငါ့အတွက်သာ အလုပ်ကောင်းကောင်းလုပ်၊ အင်မော်တယ်ကမ္ဘာ အပြင်ဘက်က အဲဒီလောက်ကြီး ကောင်းမွန်နေတာ မဟုတ်ဘူး၊ အရူးလုပ်မခံနဲ့”
“ကျွန်တော် နားလည်ပါပြီ”
လောကဦးကောင်းကင်ထောင်ရဲ့ ကျွန်ပြုမှုကို ခံရပြီးနောက်ပိုင်းမှာ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ဟန်ကျွယ်စကားကိုပဲ နားထောင်ပါတော့တယ်။ အကြွင်းမဲ့သန့်စင်ခြင်း ပြီးဆုံးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို သူ့တာအိုဘုံကျောင်းဆီ ပြန်ပို့လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တု ရှာတွေ့သွားမှာကို မကြောက်ပါဘူး။ အကြွင်းမဲ့သန့်စင်ခြင်းကို ထပ်ခါထပ်ခါသုံးတာက သက်တမ်းနည်းနည်းတော့ ပိုကုန်မှာပါ။ ဒါပေမဲ့ ကောင်းကင်အရှင်ရွှမ်တုကိုလည်း လက်လျှော့လိုက်ဖို့ သတိပေးရာ ရောက်ပါတယ်။
မကြာခင်မှာပဲ…
[ကောင်းကင်အရှင်ရွှမ်တုသည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် လက်ခံလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက သူ့ပြိုင်ဘက် မဟုတ်တဲ့အတွက် အိပ်မက်ထဲမှာလည်း သူ့ကို ဒုက္ခပေးနိုင်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက် ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကို သွားတာက တခြားမသိနိုင်တဲ့ရန်သူတွေ ပုန်းအောင်းနေမှာစိုးလို့ သွားစစ်ဆေးတာပါ။
အိပ်မက်ထဲမှာ ဟန်ကျွယ်နဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ တောက်ပတဲ့ ဂလက်ဆီတစ်ခုအောက်မှာ မတ်တတ်ရပ်နေကြပါတယ်။ ဟန်ကျွယ်ဟာ အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ဒီဂလက်ဆီက ရင်းနှီးတယ်လို့ ခံစားလိုက်ရပါတယ်။ ဒီဂလက်ဆီက နဂါးငွေ့တန်းနဲ့ တော်တော်လေး ဆင်တူပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “တာအိုရောင်းရင်း… တာအိုရောင်းရင်ကလည်း စန့်ချွမ်အဂ္ဂဘိုးဘေးကို လိုချင်တာလား”
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ဟုတ်တယ်၊ လီမုယဲ့ ငါ့ကို အကောက်ကြံတာ… တစ်ခုခုတော့ ပြန်ပေးရမှာပေါ့၊ စန့်ချွမ်အဂ္ဂဘိုးဘေးက ငါ့ကို အညံခံပြီးပြီ၊ တာအိုရောင်းရင်းက ငါ့မျက်နှာထောက်ဖို့ မျှော်လင့်ပါတယ်”
သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်း အားပြိုင်ကြပါတယ်။
အချိန်အတန်ကြာတဲ့အခါမှာတော့…
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ထားလိုက်ပါတော့၊ တာအိုရောင်းရင်းကို ပေးလိုက်ပါ့မယ်၊ ဒါပေမဲ့ တာအိုရောင်းရင်းအနေနဲ့ ငါ့ကို တစ်ခုလောက် ကူညီလို့ရမလား”
“ဘာကိစ္စလဲ”
“ကောင်းကင်တာအိုမှာ အနန္တကပ်ဘေးဆိုက်တာ ဆယ်ခါမကတော့ဘူး၊ ဟိုးအရင်တုန်းက ကျန်ယွမ်ဇီလို့ခေါ်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက အင်မော်တယ်ကမ္ဘာကနေခွာပြီး အမျိုးအမည် မသိရတဲ့ဒေသတစ်ခုမှာ မြေအင်မော်တယ်ကမ္ဘာကို တည်ဆောက်ခ့တယ်၊ အဲဒီမြေအင်မော်တယ်ကမ္ဘာက ပုံမှန်တိုးတက်လာလို့ အဲဒီကျန့်ယွမ်ဇီက တာအိုဘိုးဘေးဆီကနေတောင် အကူအညီရခဲ့တယ်”
‘ကျန့်ယွမ်ဇီ… မြေအင်မော်တယ်ကမ္ဘာ… ဒါက ငါဘဝဟောင်းက ကမ္ဘာ တည်ရှိတဲ့ နေအစုအဝေးလား…’
ကောင်းကင်အရှင်ရွှမ်တုက ဆက်ပြောပါတယ် “ကျန့်ယွမ်ဇီက မြေအင်မော်တယ်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ကို စုပ်ယူပြီး မဟာတာအိုကို ဖြတ်ကျော်သွားပြီ၊ သူက ပျက်သုဉ်းခြင်း နတ်ဘီလူးလို့ခေါ်တဲ့ ပဋိပက္ခနတ်ဘီလူးတစ်ပါးကိုလည်း မွေးထုတ်ခဲ့တယ်၊ သူ့မှာ မကောင်းတဲ့စိတ် ရှိတယ်လို့ ငါ ထင်တယ်၊ အခု ကျန့်ယွမ်ဇီက မြေအင်မော်တယ်ကမ္ဘာကို စွန့်ပစ်လိုက်ပြီဆိုတော့ ငါ မြေအင်မော်တယ်ကမ္ဘာကို သိမ်းပိုက်ပြီး သူ့ကို ဝါးမြိုဖို့ စီစဉ်ထားတယ်”
ဟန်ကျွယ်က မေးလိုက်ပါတယ် “အဲဒီတော့ ငါက ဘာလုပ်ရမှာလဲ”
“ငါနဲ့ ပူးပေါင်းပြီး အထူးအာကာသတစ်ခုကို ဖန်တီးမယ်၊ ပြီးရင် မြေအင်မော်တယ်ကမ္ဘာက သက်ရှိအချို့ကို စုဆောင်းပြီး ကံတရားမြစ်ကို ဖြတ် ကျန့်ယွမ်ဇီရဲ့ အမှတ်အသားကို မြေအင်မော်ကမ္ဘာနဲ့ လုံးဝကွဲသွားတဲ့အထိ ဖျက်ခိုင်းမယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 591
? Views, Released on December 10, 2024