Switch Mode

Chapter – 590

အခန်း (၅၉၀) လီယောင် ဂိုဏ်းထောင်ခြင်း
‘ဒီကောင်က တော်တော် တက်နိုင်တာပဲ၊ အရင်တုန်းက ငါ့ကို တပည့်အဖြစ် လက်ခံချင်တာ လက်မခံခဲ့ရလို့ အခု ငါနဲ့တူတဲ့ ဟန်ယွီကို တပည့်လက်ခံလိုက်တာဖြစ်မယ်၊ တကယ်ကို ရည်မှန်းချက် ကြီးတာပဲ’ ဟန်ကျွယ်ဟာ လီတောက်ခုံးကို စိတ်ထဲမှာ ပြစ်တင်ပြောဆိုလိုက်ပါတယ်။
ဟန်ကျွယ်ဟာ လီတောက်ခုံးက ဟန်ယွီကို တပည့်အဖြစ် လက်ခံလိုက်တာကို မကြိုက်ပါဘူး။ ဒါကြောင့် လီတောက်ခုံး ပြန်လာရင် နည်းနည်းပညာပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ယွီဟာ လီတောက်ခုံးရဲ့ တပည့်ဖြစ်သွားကတည်းက ကျင့်ကြံမှုလည်း တစ်နေ့ချင်း တိုးတက်လာပါတယ်။ ဓားတာအို ဆန်းကြယ်စွမ်းအား အများကြီးကိုလည်း လေ့လာသင်ယူမိပြီး တကယ့်ဓားကျင့်ကြံသူတစ်ယောက် ဖြစ်လာပါတယ်။
လီတောက်ခုံးဟာ ဟန်ယွီကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ကောင်းကင်တာအို စိတ်ဝိညာဉ်ရတနာ ဓားတစ်လက်တောင် ပေးလိုက်ပါသေးတယ်။ ကောင်းကင်တာအို စိတ်ဝိညာဉ်ရတနာက တာအိုပညာရှိတွေအတွက်တော့ ရှားပါးတဲ့ ရတနာပါ။
ဒီဓားကိုမြင်တော့ ဟန်ကျွယ်ဟာ လီတောက်ခုံးကို နည်းနည်း အကောင်းမြင်သွားပြန်ပါတယ်။ ဟန်ယွီကို ကောင်းကောင်းဆက်ဆံတာက ဟန်ကျွယ်ကို မျက်နှာသာပေးတာပဲ မဟုတ်ပါလား။
နောက်ဆုံးမှာတော့ ဟန်ယွီဟာ အထိုင်ကျသွားပြီး သူ့ရဲ့အနာဂတ် ကျင့်ကြံမှုလမ်းစဉ်ဟာ ချောမွေ့သွားပါပြီ။ ဟန်ကျွယ်က ဘေးတံခါး မဖွင့်ပေးရင်တောင် ဟန်ယွီက ထိပ်တန်းကျင့်ကြံသူတစ်ဦး ဖြစ်လာဖို့ ကျိန်းသေပါတယ်။
လီတောက်ခုံးမှာ ဒီတပည့်တစ်ယောက်ပဲ ရှိတာ မဟုတ်ပါလား။
ဟန်ကျွယ် ဟန်ယွီကို ကြည့်နေတုန်းမှာပဲ ဟန်ကျွယ်ဆီ နောက်ထပ် လူတစ်ယောက် ထပ်ရောက်လာပါတယ်။ ဒီတစ်ခါ လာလည်တဲ့လူကတော့ လီယောင်ပါ။
ဟန်ကျွယ်လည်း အားတာနဲ့ လီယောင်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့် ပြုလိုက်ပါတယ်။ လီယောင်ဟာ ဟန်ကျွယ်ရှေ့ကို လျှောက်လာပါတယ်။ လီယောင်ဟာ ဟန်ကျွယ်ရဲ့ တာအိုလက်တွဲဖော် ဖြစ်နေပေမဲ့ ဟန်ကျွယ်ကို လေးလေးစားစား ဆက်ဆံတုန်းပါ။
“ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံက အရမ်းအရေးကြီးလား၊ ကျွန်မလည်း တာအိုပညာရှိနေရာအတွက် တိုက်ခိုက်ချင်တယ်” လီယောင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ်။
“မင်းက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ပဲ ရှိသေးတာ၊ တာအိုပညာရှိဖြစ်ဖို့ အဝေးကြီး လိုသေးတယ်”
“အဝေးကြီးလိုတာတော့ ဟုတ်တယ်၊ ဒါပေမဲ့ ကံတရား အထောက်အပံ့ စုစည်းတာကလည်း အချိန်လိုတာပဲလေ… တိတ်ဆိတ်ဂိုဏ်းမှာ တာအိုပညာရှိတွေ ပိုရှိလေလေ ပိုကောင်းလေလေပဲမလား၊ လီတောက်ခုံးက တာအိုပညာရှိဖြစ်ဖို့ အရည်အချင်း ရှိတယ်ဆိုပေမဲ့ သူက တိတ်ဆိတ်ဂိုဏ်းထဲကို နောက်မှဝင်လာတာ၊ ကျွန်မ သူ့ကို စိုးရိမ်မိတယ်”
လီယောင်ရဲ့ လေးနက်တဲ့ မျက်နှာထားကြောင့် ဟန်ကျွယ်ဟာ ပြုံးမိလိုက်ပါတယ် “ဒါ မင်းနဲ့ မတူသလိုပဲ”
လီယောင်ဟာ မတက်နိုင်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “ဟုတ်ပါပြီ၊ ဒါက တကယ်တော့ တခြားကိုယ်ပိုင်တပည့်တွေရဲ့ အတွေးတွေပါ”
ဟန်ကျွယ်ရဲ့ ရင်ထဲမှာ မဆိုစလောက် နွေးထွေးသွားပါတယ်။
ဟန်ကျွယ်ဟာ သူ့ကိုယ်ပိုင်တပည့်တွေကို အတ္တကြီးတယ်လို့ မတွေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သာ အတ္တကြီးရင် ဟန်ကျွယ်ဆီကနေ တာအိုရယူနည်းကို အလှည့်ကျ တောင်းယူကြမှာပါ။ သူတို့တွေ လီယောင်ကို ရွေးချယ်တယ်ဆိုတာကတော့ ဟန်ကျွယ်နဲ့ လီယောင်ကြားက ဆက်ဆံရေးကို မြင်တာကြောင့်ပါ။
ဟန်ကျွယ်ဟာ မျက်နှာသာပေးမှုတွေကို မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီမျက်နှာသာပေးမှုတွေက ထာဝရ မတည်ရှိနိုင်ပါဘူး။ ကြယ်ခြောက်ပွင့် မျက်နှာသာပေးမှုတောင် လျော့ကျသွားနိုင်ပါတယ်။
“မင်းရော ဘယ်လိုထင်လဲ” ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ်။
“ကျွန်မ ဝူတောက်ကျန့်၊ နတ်မိမယ်ရှီရွှမ်၊ ရွှမ်ချင်းကျွင်းနဲ့ ချန်ယွီအာတို့ကိုခေါ်ပြီး အမျိုးသမီးသီးသန့် ကံတရား အထောက်အပံ့ဂိုဏ်း တည်ထောင်ချင်တယ်၊ ဒီလိုဂိုဏ်းမျိုးက အခုထိ မတည်ရှိသေးဘူး၊ ဒါက ကျွန်မတို့အတွက် အခွင့်အရေးပဲ”
ဟန်ကျွယ်ဟာ ဒီကိစ္စက ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ် “ရှင်းဟုန်ရွှမ်နဲ့ ထူလင်းအာကရော… သူတို့တွေ မလိုက်ဘူးလား”
“မိန်းကလေးရှင်းက ကြိုးကြိုးစားစား ကျင့်ကြံပြီး ကလေးယူချင်နေတယ်၊ သူက ပါရမီရှင်ကို လိုချင်တာလေ၊ ထူလင်းအာကျတော့ သူ့ရဲ့ သရုပ်မှန်က နည်းနည်း ပြဿနာများတော့ အပြင်ထွက်ဖို့ မသင့်လျော်ပြန်ဘူး”
ဟန်ကျွယ်ဟာ ငိုရခက် ရယ်ရခက် ဖြစ်သွားပါတယ်။ ရှင်းဟုန်ရွှမ်နဲ့ ထူလင်းအာက သူနဲ့ အတူနေချင်မှန်း ဟန်ကျွယ် သိပါတယ်။
“ကောင်းပြီ၊ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကလည်း အမျိုးသမီးတပည့်တချို့ကို ရွေးချယ်လေ၊ မင်းတို့တွေ အပြင်ထွက်ဖို့ ဆုံးဖြတ်ပြီးရင် ငါ့ကို လာရှာစရာ မလိုဘူး၊ ပါးစပ်ကနေသာ ပြောလိုက်၊ ငါ မင်းတို့အသံကို ကြားနိုင်တယ်”
“ကျေးဇူးပါပဲ ဂိုဏ်းချုပ်”
“မင်းက ငါ့ကို ဂိုဏ်းချုပ်လို့ ခေါ်တုန်းလား”
လီယောင်ဟာ ဟန်ကျွယ်စကားကြောင့် ပါးပြင်နှစ်ဖက် နီရဲသွားပြီး တုံ့တုံ့ဆိုင်းဆိုင်း ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ လီယောင်ကို ဖိအားမပေးတော့ဘဲ ထွက်သွားခွင့် ပြုလိုက်ပါတယ်။
လေးငါးခြောက်လ အကြာမှာတော့…
လီယောင်၊ ရွှမ်ချင်းကျွင်း၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာ အမျိုးသမီးတပည့်ငါးရာကျော်ကို ဦးဆောင်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ထွက်ခွာသွားပါတယ်။ အမျိုးသမီးတပည့်တွေ အကုန်လုံးက အင်မော်တယ်ဧကရာဇ်တွေပါ။ လီယောင်က ခေါင်းဆောင်ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ သိပ်ပြီးတော့ မစိုးရိမ်ပါဘူး။ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင်တောင် အင်မော်ကမ္ဘာအတွင်းမှာ ရှိနေရင် ဟန်ကျွယ် အသာလေး အာရုံခံနိုင်ပါတယ်။
အချိန်ဟာ ပုံမှန်ကုန်ဆုံးပြီး ၂၄၁ နှစ် ကြာသွားပါတယ်။
“ငါ့နာမည်က လီယောင်၊ ငါ့ဆရာက အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအို ပညာရှိ၊ ငါ ဒီနေ့ မယ်တော်ဂိုဏ်းကို တည်ထောင်ပြီး လောကမှာရှိတဲ့ အမျိုးသမီးမှန်သမျှကို တပည့်အဖြစ်ကို လက်ခံမယ်၊ မြင့်မြတ်တဲ့ ပညာရပ်တွေကိုလည်း သင်ကြားပေးမယ်၊ ဘယ်မျိုးနွယ်စုမဆို ဘယ်ကျင့်ကြံမှုအဆင့်မှာပဲရှိရှိ သစ်ခွခြွေဒေသက ချီလန်တောင်တန်းကိုလာပြီး မယ်တော်ဂိုဏ်းထဲကို ဝင်‌ရောက်နိုင်တယ်”
လီယောင်ရဲ့ အသံဟာ အနန္တကမ္ဘာကို ပဲ့တင်ထပ်သွားပါတယ်။ လီယောင်ရဲ့ အသံဟာ လေးနက်တည်ကြည်လွန်းတဲ့အတွက် ဟန်ကျွယ်ကို ပြုံးမိသွားစေပါတယ် ‘နောက်ဆုံးတော့ သူလည်း ကြီးပြင်းလာခဲ့ပြီပဲ… ဒါပေမဲ့ ဒီနာမည်က…’ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိလိုက်ပါတယ်။
အဲဒီနောက် တခြားတပည့်တွေ လာမရှာတဲ့အတွက် ဟန်ကျွယ်ကို အတော်လေး ကျေနပ်သွားစေပါတယ်။ တာအိုပညာရှိအတုပဲ ထွက်သွားလို့ရတယ်ဆိုတဲ့ စည်းကမ်းက သံမဏိစည်းကမ်းပါ။ ဟန်ကျွယ်ဟာ ဒီစည်းကမ်းကို ပြောင်းလဲမှာ မဟုတ်ပါဘူး။ အထူးအခြေအနေတွေဆိုရင်တော့ တစ်မျိုးပေါ့။
ဟန်ကျွယ်ဟာ အသက် ၉၀,၀၀၀ ပြည့်ခါနီးနေပြီမို့ ကျင့်ကြံဖို့စိတ်မရှိဘဲ တာအိုဘုံကျောင်းထဲကနေ ထွက်ကာ တာအိုဟောကြားပါတယ်။
ကောင်းကင်ဘုံ ၁၃ ဘုံမြောက်၊ မိုးကောင်းကင်မျိုးနွယ်ဟု ညီလာခံခန်းမ။
ဂျိရှင်းရှန်ဟာ ပလ္လင်ပေါ်မှထိုင်နေပြီး အင်မော်တယ်တွေရဲ့ ဆွေးနွေးသံကြောင့် မျက်နှာ အမူအရာ ပြောင်းလဲသွားပါတယ်။
“မယ်တော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ကောင်းကင်ဘဝဂ် ကျင့်ကြံသူလို့ ပြောတယ်”
“အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ တိတ်ဆိတ်ဂိုဏ်းချုပ် မဟုတ်ဘူးလား”
“ဟားဟား… ကျုပ်တို့ တိတ်ဆိတ်ဂိုဏ်းက နက်နဲတဲ့အုတ်မြစ်ရှိတယ်၊ ဘယ်လိုလဲ ခင်ဗျားတို့ လန့်သွားပြီလား”
“မယ်တော်ဂိုဏ်း တည်ထောင်တာကို တိတ်ဆိတ်ဂိုဏ်းက ထောက်ပံ့ပေးထားတာဆိုတော့ မိုးကောင်းကင်မျိုးနွယ်စုကလည်း သွားဂုဏ်ပြုသင့်တယ်”
“ကျုပ်လည်း အဲဒီလိုပဲ တွေးတယ်”
အင်မော်တယ်တွေဟာ စိတ်ဝင်တစား ဆွေးနွေးကြပါတယ်။ တိတ်ဆိတ်ဂိုဏ်းက မိုးကောင်းကင်မျိုးနွယ်စုကို အင်မော်တယ်ဧကရာဇ်တွေ အများကြီး စေလွှတ်ထားတဲ့အတွက် မိုးကောင်းကင်မျိုးနွယ်စုရဲ့ တစ်ဝက်လောက်က တိတ်ဆိတ်ဂိုဏ်း ဖြစ်နေပါပြီ။
ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ ဂျိရှင်းရှန် မူမမှန်တာကို သတိထားမိတဲ့အတွက် မေးလိုက်ပါတယ် “မိုးကောင်းကင်ဘိုးဘေး… စိတ်ထဲမှာ တစ်ခုခု ရှိလို့လား”
ဒီစကားကြောင့် ခန်းမထဲက အင်မော်တယ် နတ်ဘုရားတွေဟာ တိတ်ဆိတ်သွားပြီး ဂျိရှင်းရှန်ကို ကြည့်လိုက်ကြပါတယ်။ အင်မော်တယ်တချို့ဟာ ဂျိရှင်းရှန်ရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး သိပ်မကြိုက်ကြတော့ပါဘူး။ သူတို့အကုန်လုံးက တိတ်ဆိတ်ဂိုဏ်းကလာတာ မဟုတ်ပါလား။ လီရွှမ်အောက် ထွက်မသွားခင်ကလည်း သူတို့တွေ ဘယ်ကလာခဲ့လဲဆိုတာကို မမေ့ဖို့ သေချာ မှာကြားသွားပါသေးတယ်။
သူတို့အကုန်လုံးက တိတ်ဆိတ်ဂိုဏ်းတပည့်တွေ ဖြစ်တဲ့အတွက် ဂျိရှင်းရှန်သာ တိတ်ဆိတ်ဂိုဏ်းကို မကျေနပ်ကြောင်း ပြောရဲရင် သည်းခံနေမှာ မဟုတ်ပါဘူး။ သူတို့အမြင်မှာ မိုးကောင်းကင်မျိုးနွယ်စု ဒီအခြေအနေအထိ ရောက်လာခဲ့တာက တိတ်ဆိတ်ဂိုဏ်းကြောင့်လို့ မှတ်ယူထားပါတယ်။
ဂျိရှင်းရှန်က ပြောလိုက်ပါတယ် “မိုးကောင်းကင်မျိုးနွယ်စုက မယ်တော်ဂိုဏ်း တည်ထောင်တာကို ဂုဏ်ပြုရလိမ့်မယ်၊ ဒါပေမဲ့ သစ်ခွခြွေဒေသက ကျယ်ကျောင်းတော်ရဲ့ နယ်မြေပဲ၊ ဒီကြားထဲမှာ သူတို့က နတ်ဆိုးတွေကို တိုက်ခိုက်ဖို့အတွက် မိုးကောင်းကင်မျိုးနွယ်စုနဲ့ မဟာမိတ်ဖွဲ့ချင်နေတယ်”
အင်‌မော်တယ်တွေဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ကျယ်ကျောင်းတော်က တာအိုပညာရှိဂိုဏ်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဒေသထဲမှာ မယ်တော်ဂိုဏ်း တည်ထောင်လိုက်တာက ကျိန်းသေပေါက် ပြဿနာ တက်လာနိုင်ပါတယ်။ မိုးကောင်းကင်မျိုးနွယ်စုအနေနဲ့က လူတိုင်းကို လိုက်ကူညီနေဖို့ အဆင်မပြေပါဘူး။
ကောင်းကင်နတ်ဘုရား စစ်သူကြီးလည်း မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိတ်ဆိတ်ဂိုဏ်းပဲဖြစ်ဖြစ် ကျယ်ကျောင်းတော်ပဲဖြစ်ဖြစ် တစ်ခုကိုမှ ရန်စလို့ မရလို့ပါပဲ။
ရှန်စစ်သူကြီးက ပြောလိုက်ပါတယ် “တကယ်တော့ ဒီကိစ္စက စိုးရိမ်စရာ မလိုပါဘူး၊ ကျွန်တော်တို့တွေ မယ်တော်ဂိုဏ်းကို ကျိန်းသေပေါက် ဂုဏ်ပြုရမယ်၊ ကျယ်ကျောင်းတော် အတွက်ကတော့ အတက်နိုင်ဆုံး ကူညီတာပေါ့၊ ကျယ်ကျောင်းတော်က သစ်ခွခြွေဒေသထက် ပိုပြီးတော့ ရည်မှန်းချက် ကြီးတယ်”
အသက်ကြီးကြီး အင်မော်တယ်တစ်ပါးက ပြောလိုက်ပါတယ် “သူတို့က ငါတို့ကို ရွေးချယ်မှုတစ်ခု လုပ်ခိုင်းရင်ရော…”
ရှန်စစ်သူကြီးဟာ တိတ်ဆိတ်သွားပါတယ်။
“အဲဒါဆို ကျယ်ကျောင်းတော်ကို ဖျက်ဆီးကြတာပေါ့” တိတ်ဆိတ်ဂိုဏ်း တပည့်တစ်ယောက်က နှာခေါင်းရှုံ့ပြီး ပြောလိုက်ပါတယ်။
တိတ်ဆိတ်ဂိုဏ်းကလာတဲ့ တခြားအင်မော်တယ်တွေဟာလည်း ဒီအဆိုကို ထောက်ခံကြပါတယ်။ သူတို့တွေဟာ တိတ်ဆိတ်ဂိုဏ်းကလာတာ ဖြစ်တဲ့အတွက် လီယောင်အဆင့်အတန်းက ဂိုဏ်းထဲမှာ သာမန်မဟုတ်မှန်း သိကြပါတယ်။ ဒါကြောင့် ဘယ်ဘက်ကို ရွေးချယ်ရမလဲဆိုတာ နှစ်ခါ စဉ်းစားစရာတောင် မလိုပါဘူး။
ဂျိရှင်းရှန်ဟာ သူ့ကိုယ်သူ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ငါ ဘာတွေ တွေးနေတာလဲ၊ ငါ့နောက်မှာ ဟန်ကျွယ် ရှိနေတာပဲ၊ ငါ ဘာကို ကြောက်ရမှာလဲ၊ ငါ မယ်တော်ဂိုဏ်းကိုပဲ ရွေးချယ်ရမှာပေါ့’
ကျယ်ကျောင်းတော် တာအိုဘုံကျောင်းအတွင်း။
ဟွမ်ဇွမ်တျန် တရားထိုင်နေတုန်း တပည့်တစ်ယောက် အပြေးဝင်လာပါတယ် “ဂိုဏ်းချုပ်… မယ်တော်ဂိုဏ်းက ကျွန်တော်တို့ပိုင်နက်ထဲမှာရှိတဲ့ တောင်တန်းတစ်ခုကို နေရာယူထားတယ်၊ ကျွန်တော်တို့တွေ ဘယ်လိုလုပ်ကြမလဲ”
မယ်တော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တပည့်ဖြစ်တဲ့အတွက် ကျယ်ကျောင်းတော် တပည့်တွေဟာ အလျင်စလို ရန်မစရဲပါဘူး။
ဟွမ်ဇွမ်တျန်ဟာ မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “ချီလန်တောင်တန်းကို မယ်တော်ဂိုဏ်းဆီပေးလိုက်၊ နောက်ပြီး မယ်တော်ဂိုဏ်းနဲ့ မိတ်ဖွဲ့ဖို့အတွက် လူလွှတ်ပြီး လက်ဆောင်တွေ အများကြီးပို့လိုက်”
ဟွမ်ဇွမ်တျန်ဟာ စိတ်ကောင်းဝင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟွမ်ဇွမ်တျန် အမြင်မှာ မယ်တော်ဂိုဏ်းပေါ်လာတာက ကောင်းတဲ့အရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က သူ့ကို ကူညီဖို့ မယ်တော်ဂိုဏ်းကို တည်ထောင်စေတာလို့ ယူဆထားလို့ပါ။ မယ်တော်ဂိုဏ်း အင်အားကြီးလာရင် ကျယ်ကျောင်းတော်နဲ့ ပူးပေါင်းနိုင်တယ် မဟုတ်ပါလား။
မယ်တော်ဂိုဏ်းက ကျယ်ကျောင်းတော်ကို သက်ရောက်မှုရှိ မရှိကိုတော့ ဟွမ်ဇွမ်တျန်ဟာ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟွမ်ဇွမ်တျန်စိတ်ထဲမှာ အမြဲတမ်း တိတ်ဆိတ်ဂိုဏ်းတပည့်လို့ မှတ်ယူထားလို့ပါပဲ။ ဟွမ်ဇွမ်တျန်အမြင်မှာ ကျယ်ကျောင်းတော်ဂိုဏ်းချုပ်နေရာက ဟန်ကျွယ်ရဲ့ ယုံကြည်မှုနဲ့စာရင် ဘာမှမဟုတ်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset