Switch Mode

Chapter – 588

အခန်း (၅၈၈) ကောင်းကင်တာအို ကံတရားအထောက်အပံ့ခုံ
ဟန်ကျွယ်ဟာ သေချာစဉ်းစားပြီးနောက် တာအိုအရှင်သခင်ကို နာမည်ရှိမျိုးနွယ်စုဆီ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တာအိုအရှင်သခင် တာအိုပညာရှိအတု ဖြစ်လာတဲ့အထိ စောင့်အုန်းမှာပါ။ အခုလက်ရှိ နာမည်ရှိမျိုးနွယ်စုမှာက တာအိုပညာရှိအတု မရှိသေးပါဘူး။ ဒါကြောင့် တာအိုပညာရှိအတုသာ သူတို့ထဲ ဝင်မယ်ဆိုရင် လုံးဝငြင်းမှာ မဟုတ်ပါဘူး။
တာအိုပညာရှိအတုက အင်မော်တယ်ကမ္ဘာမှာ အရမ်းရှားပါတယ်။ ရှိတဲ့ တာအိုပညာရှိအတုတွေကလည်း သာမန်မဟုတ်တဲ့ အင်အားစုတွေဆီမှာပါပဲ။ နာမည်ရှိမျိုးနွယ်စုက မျိုးနွယ်စုဝင် အရေအတွက်ပေါ် မှီခိုနေတာပါ။ ထိပ်တန်းကျင့်ကြံသူတွေကို မဟုတ်ပါဘူး။
တာအိုအရှင်သခင်က တာအိုပညာရှိအတု အလှမ်းဝေးသေးတာကြောင့် ဟန်ကျွယ်ဟာ ဒီကိစ္စကို ဘေးခဏဖယ်ပြီး ကျင့်ကြံမှုကို အာရုံစိုက်လိုက်ပါတယ်။
အစီအစဉ်ဆွဲတာက အရန်ပါ။ တကယ်အရေးကြီးတာက ကျင့်ကြံမှုပါ။
မျက်တောင်တစ်ခတ်အတွင်း နှစ်သုံးထောင် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံရာက ထွက်ပြီး တိတ်ဆိတ်ဂိုဏ်းသားတွေကို တာအိုစတင် ဟောကြားပါတယ်။ အရင်လိုပဲ ဟန်ကျွယ်ဟာ နှစ်တစ်ရာကြာအောင် တာအိုဟောကြားပြီး တပည့်တွေ နိုးမလာခင်မှာ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပါတယ်။
လေးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အသံတစ်သံကို ကြားလိုက်ပါတယ် “တာအိုရောင်းရင်းဟန်… တာအိုပညာရှိနေရာ အသစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာရှိလို့ စကြဝဠာခန်းမကို လာခဲ့လို့ရမလား…”
ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံပါ။ ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ ဒီတစ်ခေါက် သွားရင် အသက်အန္တရာယ် ရှိနိုင်လား”
တာအိုစက်ကွင်းထဲမှာ အချိန်အကြာကြီး နေပြီးပြီဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ အပြင်ထွက် လမ်းလျှောက်ချင်နေတာပါ။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မရှိပါ။]
လောလောဆယ်လို့တောင် မပါတဲ့အတွက် ခြိမ်းခြောက်မှုတောင် မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဟန်ကျွယ်ဟာ စိတ်ပေါ့သွားပြီး ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ဦးတည်လိုက်ပါတယ်။
စကြဝဠာခန်းမတံခါးက ဟာလာဟင်းလင်း ပွင့်နေတဲ့အတွက် ဟန်ကျွယ်လည်း ခန်းမထဲ ပျံသန်းဝင်လိုက်တဲ့အခါ တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်တို့ ရောက်နှင့်နေတာကို တွေ့လိုက်ရပါတယ်။ တာအိုပညာရှိနှစ်ပါးဟာ ဟန်ကျွယ်ကို ခေါင်းညိတ်ပြပါတယ်။
နောက်မှာထိုင်နေတဲ့ ကောင်းကင်အရှင်ရွှမ်တုကတော့ ဟန်ကျွယ်ကို ခပ်တည်တည်ပဲ ကြည့်နေပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ရှေ့တက်လာပြီး နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ် “တာအိုရောင်းရင်းဟန်… နောက်ဆုံးတော့ ထွက်လာပြီပဲ၊ ကျုပ်တို့က တာအိုရောင်းရင်းဟန် မလာဘူးလို့ ထင်နေတာ”
“အပြင်ထွက်ပြီး လေကောင်းလေသန့် လာရှူတာ၊ နောက်စုဝေးပွဲတွေကိုတော့ လာနိုင်မှာ မဟုတ်ဘူး”
“အို… တာအိုရောင်းရင်းဟန်က ဒီလောက်တောင် စွမ်းအားကြီးနေပြီပဲ၊ ဘာလို့ ဒီလောက်တောင် ကြိုးစားကျင့်ကြံနေရတာလဲ”
“နောက်ကပ်ဘေးတွေ ရောက်လာရင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင်ပါ”
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် ‘ကိုယ့်ကိုကိုယ် ကာကွယ်ဖို့… မင်း တာအိုကောင်းကင်မိစ္ဆာကို ဘယ်လိုသတ်လိုက်လဲဆိုတာ ငါ အခုထိ မမေ့နိုင်သေးဘူး၊ ဒီစွမ်းအားက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ မလုံလောက်နိုင်သေးဘူးလား’
ဂိုဏ်းချုပ်တျန်ကျွယ်ကလည်း ဟန်ကျွယ်ကို လာနှုတ်ဆက်ပါတယ်။ ဒါပေမဲ့ ကောင်းကင်အရှင်ရွှမ်တုကတော့ ဘာမှမပြောပါဘူး။
ငါးမိနစ်ကြာတဲ့အခါမှာတော့ တခြားတာအိုပညာရှိတွေလည်း တစ်ပါးပြီးတစ်ပါး ရောက်လာပါတယ်။
ချုံရှီလိုင်နဲ့ ကောင်းကင်အရှင်ဝူဖာဟာ ဟန်ကျွယ်ကို မသိမသာ ခေါင်းညိတ်ပြလိုက်ပါတယ်။ ဒီတာအိုပညာရှိနှစ်ပါးက ဟန်ကျွယ်ရဲ့ ကျေးကျွန်တွေဆိုတာ တခြားတာအိုပညာရှိတွေ အိပ်မက်ထဲတောင် ထည့်မက်မိမှာ မဟုတ်ပါဘူး။
တာအိုပညာရှိတွေ စုံတဲ့အခါ ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ငါ မင်းတို့အကုန်လုံးကို ဒီနေ့ စုစည်းလိုက်ရတာက ကောင်းကင်တာအို အဆင့်အကြောင်း ဆွေးနွေးချင်လို့ပဲ”
ဖူရှီက သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ် “ကောင်းကင်တာအိုအဆင့်က ဘာလဲ”
“သက်ရှိအားလုံးရဲ့ တိုက်ခိုက်လိုစိတ်ကို မြှင့်တင်ဖို့ သတ်မှတ်ထားတဲ့ အဆင့်စာရင်းပဲ” ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေပါတယ်။
ဟန်ကျွယ်ဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ဒါပေမဲ့ နေလယင်ယန် အကာအကွယ်ရဲ့ နတ်အလင်းရောင်ကြောင့် တခြားတာအိုပညာရှိတွေဟာ ဟန်ကျွယ်မျက်နှာကို သတိမထားမိကြပါဘူး။
‘အဆင့်… မင်းတို့တွေက အွန်လိုင်းဂိမ်း ကစားမလို့လား…’
တောင်ဘက်စွန်း ကောင်းကင်အရှင်က မျက်ခုံးပင့်တင့်ပြီး မေးလိုက်ပါတယ် “ဘာစာရင်းလဲ၊ ကျင့်ကြံမှုလား၊ ကျင့်ကြံမှုက အင်အားကို အဆုံးအဖြတ် မပေးနိုင်ဘူး”
“တာအိုဆွေးနွေးတဲ့ စာရင်းဆိုရင်ရော” ဧကရာဇ်ရှောင်က ဝင်အကြံပေးပါတယ်။
“ဓမ္မရတနာစာရင်းဆိုရင်ရော…”
“ဟီးဟီး… မင်း ရှန်ဝေဗုဒ္ဓကို ကောင်ကင်တာအို စိတ်ဝိညာဉ်ရတနာ ပေးလိုက်တယ်ဆိုတာကို လူတိုင်းသိတယ်”
“ဘာကောင်းကင်တာအို စိတ်ဝိညာဉ်ရတနာလဲ၊ မင်းမှာရှိရင် ပေးလိုက်ပေါ့”
ချုံရှီလိုင်နဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ စကားနာထိုးပါတော့တယ်။ ဒီတာအိုပညာရှိနှစ်ပါးက တစ်ဦးနဲ့တစ်ဦး ပစ်မှတ်ထားနေကျမို့ တခြားတာအိုပညာရှိတွေဟာ ကျင့်သားရနေပါပြီ။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ကောင်းကင်တာအို ကံတရားအထောက်အပံ့အရ စာရင်းသတ်မှတ်ရင်ရော… ငါတို့က ကောင်းကင်တာအို စည်ကားလာတာကို လိုချင်တာမလား၊ အားကြီးသူက အားနည်းသူကို အနိုင်ယူတဲ့ တောတွင်းနိယာမကို အားပေးချင်တာမှ မဟုတ်တာ”
တာအိုပညာရှိတွေဟာ ကောင်းကင်အရှင်ရွှမ်တု စကားက ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ကလည်း ကောင်းကင်အရှင်ရွှမ်တုကို နည်းနည်း အမြင်ရှင်းသွားပါတယ်။ စွမ်းအားပေါ်မူတည်ပြီး အဆင့်သတ်မှတ်မယ်ဆိုရင် ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို အထင်သေးမိမှာပါ။
တချို့သက်ရှိတွေက ကျင့်ကြံမှု မမြင့်မားပေမဲ့ သက်ရှိအားလုံးအတွက် အကျိုးဆောင်ကြပါတယ်။ ဒါကြောင့် ကံတရား အထောက်အပံ့အရ စာရင်းသတ်မှတ်မယ်ဆိုရင် တာအိုပညာရှိအတုချည်းပဲ ထိပ်ဆုံးရောက်နေမှာ မဟုတ်ပါဘူး။
တာအိုပညာရှိတွေရဲ့ သဘောတူညီမှုကို ရတဲ့အခါမှာ ကောင်းကင်အရှင်ရွှမ်တုဟာ မန္တန်တစ်ပုဒ်ကို ထုတ်သုံးလိုက်ပါတယ်။
ဒီကိစ္စကို ကြည့်ခြင်းအားဖြင့် ကောင်းကင်အရှင်ရွှမ်တုက နှလုံးရည်ပြည့်ဝတယ်ဆိုတာကို သိနိုင်ပါတယ်။ တစ်ခါတည်း ကိုယ့်ဘာသာ လုပ်လို့ရပေမဲ့ တာအိုပညာရှိတွေကို ဖိတ်‌ခေါ်ပြီး မျက်နှာပေးလိုက်ပါတယ်။ လီမုယဲ့ကတော့ နှလုံးရည်ပိုင်းမှာ တော်တော်အားနည်းပါတယ်။
အစကနေ အဆုံးအထိ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်အပေါ်ကို မျက်နှာသာပေးမှုလည်း မရှိသလို မုန်းတီးမှုလည်း မရှိပါဘူး။ လီမုယဲ့ကို ဟန်ကျွယ် မသတ်လိုက်တဲ့ အတိုင်းပါပဲ။ တခြားတာအိုပညာရှိတွေကလည်း ဘယ်တာအိုပညာရှိမှ ဒီကိစ္စကို ထပ်မပြောကြပါဘူး။ ဘယ်တော့မှ မဖြစ်ခဲ့တဲ့အတိုင်းပါပဲ။
တစ်နာရီကြာတဲ့အခါမှာတော့…
“ငါတို့ တာအိုပညာရှိတွေက ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံကို အတူဖန်တီးဖို့ ဆုံးဖြတ်လိုက်တယ်၊ ကမ္ဘာအသီးသီးမှာရှိတဲ့ သက်ရှိအကုန်လုံးက တရားထိုင်နေစဉ်မှာ ထိပ်တန်းတစ်သန်းဝင်တဲ့ ကံတရားအထောက်အပံ့ရှိတဲ့လူတွေကို တွေ့မြင်နိုင်တယ်၊ အင်မော်တယ်ကမ္ဘာရဲ့ ကံတရားအထောက်အပံ့ ထိပ်တန်စာရင်းငါးယောက်က အချိန်တန်ရင် တာအိုပညာရှိနေရာကို ရယူနိုင်မယ်”
ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံဟာ အနန္တကမ္ဘာကို ပဲ့တင်ထပ်သွားပါတယ်။ တာအိုပညာရှိတွေကလည်း ကိုယ့်နေရာ ကိုယ်ပြန်ကြပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က သက်ရှိတွေကလည်း ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံအကြောင်း ဆွေးနွေးနေကြပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး စစ်ဆေးလိုက်တဲ့အခါ စိတ်ထဲမှာ ရွှေရောင်စာလိပ်တစ်လိပ် ပေါ်လာပါတယ်။ ဟန်ကျွယ်လည်း စာလိပ်ကို ဆွဲဖြန့်လိုက်တဲ့အခါ နာမည်တစ်သန်းရှိတဲ့ စာရင်းတစ်ခု ပေါ်လာပါတယ်။
ပထမနေရာမှာရှိနေတဲ့လူက လီတောက်ခုံးပါ။ ပုကျိုးနတ်တောင်ရဲ့ အထောက်အပံ့ ကုသိုလ်ကံက အရမ်းများပါတယ်။ ဟန်ကျွယ်ဟာ နောက်ပိုင်းနာမည်တွေကိုတော့ မရင်းနှီးပါဘူး။ မိုးကောင်းကင်မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဂျိရှင်းရှန်ကတော့ ထိပ်တန်းဆယ်ယောက်တောင် မဝင်ပါဘူး။
‘စိတ်ဝင်စားဖို့ ကောင်းလိုက်တာ… ဒီလိုဆိုရင် သက်ရှိအကုန်လုံးက ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ကြမှာပဲ’
ကံတရား အထောက်အပံ့အတွက် ပြိုင်ဆိုင်ကြရင် တိုက်ပွဲတွေကတော့ ကျိန်းသေပေါက် ရှိမှာပါ။ ဒါပေမဲ့ အကုန်လုံးခြုံကြည့်ရင် ကောင်းကင်တာအို တိုးတက်လာဖို့ အများကြီး အထောက်အကူ ပြုမှာပါ။
ကောင်းကင်တာအို ကံတရား အထောက်အပံ့က သတ်တာကနေပဲ ရတာ မဟုတ်ပါဘူး။ အများကြီးသတ်မယ်ဆိုရင် အကုသိုလ်ကံ များလာတဲ့အတွက် ကံတရား အထောက်အပံ့လည်း လျော့ကျသွားမှာပါ။ ဒီထက်ပိုပြီး အရေးကြီးတာက ကောင်းကင်တာအိုကို အကျိုးပြုတဲ့ မျိုးနွယ်စု ဖန်တီးတာတို့ ကံတရား အထောက်အပံ့ဂိုဏ်း ထောင်တာတို့ တာအိုဟောကြားတာတို့ တာအိုသင်ကြားတာတို့ ကမ္ဘာဖန်တီးတာတို့ လုပ်ရမှာပါ။
ပထမဆုံး သေမျိုးကမ္ဘာကို ဖန်တီးခဲ့တဲ့ တစုန်ကောင်းကင်ကတော့ အဆင့် ၁၈ နေရာမှာ ရှိနေပါတယ်။
တာအိုပညာရှိတွေက စာရင်းထဲမှာ မပါပါဘူး။ ဒါပေမဲ့ သူတို့တပည့်တွေကို ကျိန်းသေပေါက် ကူညီမှာပါ။ ဟန်ကျွယ်ဟာ တစ်ခဏကြည့်ရှုပြီးနောက် စတင်ကျင့်ကြံလိုက်ပါတယ်။
ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံက အချိန်အကြာကြီး တည်ရှိနေအုန်းမှာပါ။ လောလောဆယ်မှာ ဟန်ကျွယ် ဘာမှလုပ်စရာ မလိုသေးပါဘူး။ ဟန်ကျွယ် အစီအစဉ်က တခြားတာအိုပညာရှိတွေကို ကြည့်ပြီး ကစားမှာပါ။
နက်မှောင်တဲ့ နေရာတစ်ခုမှာ အလင်းတန်းတစ်ခုဟာ ပုံရိပ်ယောင်နဲ့ အစစ်အမှန်ကြား ပြောင်းလဲလှုပ်ရှားနေပါတယ်။
တဖြည်းဖြည်း နီးကပ်လာမယ်ဆိုရင် ဒီအလင်းရောင်က ကျွန်းပျံတစ်ကျွန်းကနေ ထုတ်လွှတ်နေတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီကျွန်းပျံဟာ မရေမတွက်နိုင်တဲ့ ခရမ်းရောင် သလင်းကျောက်တွေနဲ့ ပြည့်နှက်နေပါတယ်။
ဒီကျွန်းပေါ်မှာ တောတောင်မြစ်ချောင်းတွေရှိပြီး ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖြစ်တည်နေပါတယ်။ ဒါပေမဲ့ ခရမ်းရောင် သလင်းကျောက်တွေက တောတောင်သစ်ပင်တွေမှာ တလက်လက် တောက်နေပါတယ်။
သလင်းကျောက် ဝါးတောအုပ်မှာ မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ အနက်ရောင်ချီဟာ မိစ္ဆာကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး မကြာခဏဆိုသလို အချင်းချင်း တိုက်ခိုက်နေကြတဲ့ နတ်ဘီလူးတွေရဲ့ အရိပ်အသွင် ပြောင်းလဲသွားပါတယ်။
မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ နဂါးပုံစံရှိတဲ့ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး ဗိုလ်ကျစိုးမိုးတဲ့ ရောင်ဝါ ရှိပါတယ်။ မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ကြောက်ဖို့ကောင်းသလောက် ရောင်ဝါကလည်း ပြင်းပါတယ်။ မျက်ခုံးကြားက သတ်ဖြတ်ငွေ့ဟာလည်း အလွန်လေးလံပါတယ်။ တစ်ချက်ကြည့်ရုံနဲ့ အတော်လေးကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးတစ်ကောင်ဆိုတာ ဘယ်သူမဆို ခံစားနိုင်ပါတယ်။
တစ်ချိန်က ကြည်ညိုလေးစားဖို့ကောင်းတဲ့ ကောင်းကင်ဧကရာဇ်က အခုလိုမျိုး တခြားလူတစ်ယောက်အသွင် ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။
မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ သူ့ရှေ့မှာ ရောက်နေတဲ့ ရုပ်သွင်တစ်ခုကို တွေ့လိုက်ရပါတယ်။ ဒီရုပ်သွင်ရဲ့ မျက်နှာအစစ်ကို မမြင်နိုင်ပါဘူး။
“ဘာကိစ္စလဲ” မိစ္ဆာကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ်။
ခရမ်း‌ရောင် သလင်းကျောက်ထဲက ရုပ်သွင်ဟာ အသံဩဩနဲ့ ပြန်ပြောပါတယ် “ငါ ကောင်းကင်တာအိုငယ်လေး ငါးခုကို ဝါးမြိုပြီးပြီ၊ မင်း တစ်ခုရွေး…”
ဒီစကားကြောင့် မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ နှလုံးလှုပ်သွားပါတယ် “မြန်လှချည်လား… အဲဒီတာအိုပညာရှိတွေကရော…”
“သေရင်သေ မသေရင် ထွက်ပြေးကုန်ကြပြီ”
“ကောင်းပြီ… မင်းရဲ့ အကြီးဆုံး ကောင်းကင်တာအိုငယ်လေးကိုပေး”
“ရတယ်၊ မိစ္ဆာကောင်းကင်ဧကရာဇ် ငါ့ကို စိတ်မပျက်စေနဲ့၊ အများဆုံး နှစ်ဆယ်ဘီလီယံအတွင်းမှာ ငါ အင်မော်တယ်ကမ္ဘာကို သိမ်းပိုက်တော့မှာ၊ အဲဒီအချိန်ကျရင် မင်း အင်မော်တယ်ကမ္ဘာရဲ့ သက်ရှိအကုန်လုံးကို ရင်ဆိုင်ရလိမ့်မယ်”
“မစိုးရိမ်စမ်းပါနဲ့၊ ငါ မင်းကို စိတ်မပျက်စေရပါဘူး” မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ယုံကြည်ရှိစွာ ပြန်ဖြေလိုက်ပါတယ်။ မိစ္ဆာကောင်းကင်ဧကရာဇ် ကိုယ်တိုင်လည်း အဲဒီနေ့ကို စောင့်နေတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset