Switch Mode

Chapter – 92

မိုးသည်းထန်သော ညတစ်ည

Chapter – 92
“မိုးသည်းထန်သောညတစ်ည”

ထို့နောက် ရဲရှောင် အိပ်ယာဝင်ဖို့ ပြင်လိုက်သည်။
တစ်ညလုံး အားအင်ကုန်ခမ်းသွားပြီ ဖြစ်သဖြင့် ပြည့်ပြည့်၀၀ အနားယူချင် နေမိပါတော့သည်။
ယခုနေသာ ယခင် ရှောင်ဧကရာဇ် ဘ၀ကဲ့သို့ တစ်ဦးတည်း တစ်ကိုယ်တည်းသမား ဖြစ်ပါက အိမ်ရှေ့မင်းသားနှင့် အဖွဲ့အား ယဉ်ကျေးစွာ ဆက်ဆံနေမည် မဟုတ်ချေ။ တခြားလူများ ထိခိုက်မည်ကို လည်း စိုးရိမ်နေစရာ မလိုဘဲ မင်းသားနှင့် မင်းသမီးအား အပ်များ ပစ်၍ သတ်ပစ်မိမည်မှာ သေချာလှ ပေသည်။
တော်ဝင်အင်အားစု တစ်ခုလုံး လိုက်လံဖမ်းဆီးသည် ဖြစ်စေ တစ်ကမ္ဘာလုံးနှင့် ရန်သူဖြစ်ရမည်ပင် ဖြစ်စေ လုံးဝ စေ့စပ် ညှိနှိုင်းမနေဘဲ လုပ်စရာ ရှိတာကို လုပ်လိုက်မည်သာ ဖြစ်ပေသည်။
သို့သော်လည်း ယခုအခြေအနေအရ ထိုကဲ့သို့ လုပ်၍ မဖြစ်ချေ။
သူ့အဖေ၊ သူ့မိသားစု၊ အိမ်တော်ထိန်းကြီးနှင့် သွေးသောက်ရဲမက်များ၊ စုယဲ့ယွဲ့၊ မင်းသားဟွာရန်း၊ လန်လန့်လန့်၊ ဇုဝုကျီ စသော သူ့လူများအား အထိခိုက် ခံရန် မဖြစ်သေးချေ။
ထိုလူများ ရှိနေ၍သာ သူလုပ်စရာ ရှိသည်ကို ရဲရဲဝံ့ဝံ့ လုပ်၍ မရခြင်း ဖြစ်ပါသည်။
ထို့ကြောင့်ပင် ပြဿနာများအား ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက်ဖြင့် ဖြေရှင်းနေရတာ ဖြစ်ပါသည်။
ထိုလူများ ပါဝင်ပတ်သက်လာမည်ကို သူလုံးဝကို မလိုလားချေ။
အကယ်၍ ထိုလူများထဲမှ တစ်ဦးဦးသာ သူ့အတွက်ကြောင့် သေဆုံးသွားမည် ဆိုပါက ကျန်ရှိနေသည့် သူ့ဘ၀ တစ်လျှောက်လုံး နောင်တရ၍ ဆုံးမည် မဟုတ်တော့ချေ။
“ဒါက သူတို့ ပြောပြောနေတဲ့ ချစ်ခြင်း မေတ္တာ သံယောဇဉ် ဆိုတာများလား . . .”
ရဲရှောင် အိပ်ယာထဲတွင် မျက်စိများ မှေးစင်းရင်း ရေရွတ်လိုက်သည်။ သူ၏ ရင်ထဲ နွေးထွေးမှုကို လည်း ခံစားလိုက်မိပြီး စိတ်ကျေနပ်၍ သက်တောင့်သက်သာ ရှိသွားသလိုပင် ခံစားလိုက်ရလေသည်။
ဒါသည်ပင်လျှင် လူအများ သတ်မှတ်ထားသည့် ချစ်ခြင်းတရားတစ်ခု ဖြစ်ကာ ထိုကဲ့သို့သော ခံစားမှုမျိုးကို သူဘယ်တုန်းကမျှ မခံစားခဲ့မိဖူးချေ။
ထိုလူများကို ထိပါး နှောင့်ယှက် လာမည် ဆိုပါကလည်း သူ့အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကာကွယ်ရမည်သာ ဖြစ်ပါသည်။
ယောကျာ်းတစ်ယောက်၏ တာဝန်တစ်ခုဆိုလည်း မမှားချေ။
သူသည် ယောကျာ်းတစ်ဦး ဖြစ်သည့်အတွက် ထိုတာဝန်ကို ကျေပွန်ရမည် ဖြစ်ပါသည်။
ညနက်နက်အချိန်တွင် ရဲရှောင် သက်ပြင်းတစ်ချက် လေးတွဲစွာ ချလိုက်လေတော့၏။
သူ၏ ဘ၀သစ်ကို သူလက်ခံစ ပြုလာနိုင်ပြီ ဖြစ်သည်။ သူ၏ မိသားစုကိုလည်း အသိအမှတ် ပြုလာမိပြီး ရယ်ရွှင်ဖွယ်ရာ ကောင်းသော ကိစ္စမှာ သူမွေးလာကတည်းက သူ့မိဘများကို တစ်ကြိမ် တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ ထိုကဲ့သို့ ဖြစ်သည့်တိုင်အောင် ချစ်ခြင်းမေတ္တာတရားကို သူခံစားနေမိတုန်းပင် ဖြစ်ပါသည်။
အရာအားလုံး ရယ်စရာ ကောင်းနေသလို ခံစားနေရ၏။
“ငါ့ရဲ့ အရင်ဘ၀က အထီးကျန် နေ့ရက်တွေကို နှုတ်ဆက်ချိန် ရောက်ပြီပေါ့ . . .”
ရဲရှောင် တစ်ကိုယ်တည်း ရေရွတ်နေမိလေသည်။
“ငါအရင်က တစ်ယောက်တည်း အထီးကျန်ခဲ့ပြီး တော်တော် ပင်ပန်း နွမ်းနယ် ခဲ့ရတာပဲ။ အကြာကြီးကို နေခဲ့ရတာ . . .”
“မိသားစု သံယောဇဉ် . . . တကယ်ကို ခံစားလို့ကောင်းတဲ့ ခံစားမှု တစ်ခုပါလား၊ ငါ့အရင်ဘ၀မှာ နေ့ရက်ပေါင်းများစွာ အထီးကျန်ကျန်နဲ့ ဖြတ်သန်းခဲ့ရတယ်။ ပျော်ရွှင်စရာတွေ ကြုံတွေ့ခဲ့ရသလို ၀မ်းနည်းစရာတွေလည်း ကြုံတွေ့ခဲ့ရဖူးတယ်။ သွေးချောင်းစီးတဲ့ တိုက်ပွဲတွေ၊ ရူးသွပ်မှုတွေ အများကြီးကို လည်း ကြုံတွေ့ရဖူးတယ်။ ဒါပေမဲ့ ဘယ်သူကမှ မိသားစု သံယောဇဉ် ဆိုတာမျိုးကို ငါ့ကို မပေးစွမ်းခဲ့တဲ့ အတွက် မကြုံခဲ့ရဖူးဘူး . . .”
ထိုကဲ့သို့ စဉ်းစားမိရင်း သက်ပြင်းတစ်ချက်ချကာ ရေရွတ်မိသည်မှာ –
“ငါက ဘာလို့ ငါ့ရဲ့ အရင်ဘ၀မှာ မိဘမဲ့ ဖြစ်နေရတာလဲ . . . ငါ့ကိုယ်ငါလည်း အကြိမ် သိန်းသန်း မက မေးဖူးတယ်။ ဘာလို့ မိဘမဲ့ ဖြစ်နေရတာလဲ၊ ဘာလို့ ငါ့ကို စွန့်ပစ်ခဲ့ကြတာလဲ ဘာလို့လဲ . . .”
ရဲရှောင် ပြောရင်းဖြင့် ၀မ်းနည်းလာကာ ဆက်၍ မစဉ်းစားတော့ချေ။
မျက်လုံးများကို မှိတ်လိုက်ပြီး အိပ်ပျော်အောင် ကြိုးစားကြည့်သည်။
ထို့နောက် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မော ကျသွားခဲ့ပြီး အိပ်မက် မက်လေ့မက်ထ မရှိပေမဲ့ အိပ်မက်ပင် မက်သွားလေ၏။
သူ၏ အိပ်မက်ထဲတွင် မိန်းမကြီးတစ်ဦး အခိုးအငွေ့များကြား ရပ်ရင်း နူးညံ့သည့် မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေလေ၏။ သူမ၏ နှုတ်မှလည်း –
“ရှောင်လေး . . .”
ရဲရှောင်သည် အိပ်မောကျနေခြင်း ဖြစ်ပြီး ထိုကဲ့သို့ အိပ်နေရင်းဖြင့်ပင် သူ၏ မျက်လုံးများမှ မျက်ရည်များသည် ခေါင်းအုံးပေါ်သို့ စီးကျလာလေ၏။
မျက်ရည်များသည် အရောင်တလတ်လတ် တောက်ပလျက် ရှိပြီး နှင်းစက်နှင်းပေါက်များပမာ ကျဆင်းနေခြင်း ဖြစ်၏။
ခေါင်းအုံးထက်တွင် မျက်ရည်လေးများ တင်ကျန်နေပြီး ခဏအကြာတွင် ခေါင်းအုံးအတွင်းသို့ စိမ့်၍ ၀င်သွားပါတော့သည်။ စိုစွတ်သည့် အမှတ်အသားလေး တစ်ခုသာ ခေါင်းအုံးပေါ်ရှိ မျက်ရည်ကွက် နေရာတွင် ထင်ကျန်ရစ်ခဲ့သည်။ သို့သော် တခဏအကြာတွင် အဆိုပါ အကွက်လည်း ပျောက်ကွယ် သွားခဲ့လေ၏။
သူသည် အိပ်မက်မှပင် မနိုးထချင်တော့ပေ။ သို့သော် အိပ်မက်ထဲတွင် ရှိနေခြင်းသည် သူ့အတွက် ၀မ်းနည်းမှုကို ပို၍ ခံစားရစေလေသည်။
အခိုးအငွေ့များကြားမှ တွေ့လိုက်ရသည့် မျက်ဝန်းအစုံသည် နူးညံ့မှုများ၊ ချစ်ခြင်း မေတ္တာများဖြင့် ပြည့်နေပြီး ထိုမှတဖန် သူ့မျက်နှာအား ညင်သာသော လက်တစ်စုံမှ ထိတွေ့လာသည်ကို ခံစားလိုက်ရ လေသည်။
သူ၏ ပါးစပ်မှ ပျော်ရွှင်မှုကြောင့် ပြုံးယောင်သန်းလာပြီး ထိုအပြုံးမျိုးသည် ရှောင်ဧကရာဇ်၏ ဘ၀တွင် ဘယ်သောအခါမျှ မပြုံးဖူးသော အပြုံးမျိုးပင် ဖြစ်သည်။ ရဲရှောင်ပိုင်ဆိုင်သော အပြုံးဟုပင် ထင်နိုင်စရာ မရှိချေ။
အိပ်မက်တစ်ခုလုံးသည် ငြိမ်သက် အေးချမ်းစွာဖြင့် ကြည်နူးမှု၊ လွတ်ဆွတ်သတိရမှု၊ ၀မ်းနည်းမှု စသည့် ခံစားမှုများအား တပြိုင်နက်တည်း ခံစားရနေစေပါတော့သည်။
. . .
ညလယ်သို့ ရောက်သည့်တိုင် ချွေးများ ရွှဲနစ်လျက် အိပ်မက်အတွင်း ရှိနေခဲ့တာဖြစ်ပြီး နိုးထချင်စိတ်ပင် မရှိချေ။ သို့သော်လည်း ကျယ်လောင်လှသည့် မိုးကြိုးပစ်သံ အသံတစ်သံကြောင့် ရုတ်တရက် လန့်နိုးလာခဲ့ရလေ၏။
“ဘုန်း . . .”
ကောင်းကင်တစ်ခွင်လုံးကိုပင် ဖြိုခွင်းသွားမည် သကဲ့သို့ မိုးကြိုးပစ်သံကြီးဟာ မြို့တော်အတွင်းရှိ လူတိုင်းကို လန့်၍ နိုးသွားစေပါတော့သည်။
တခဏအကြာတွင် အရပ်မျက်နှာ အသီးသီးမှ တိမ်မည်းများ စုစည်းလာကြလေ၏။
အချို့တိမ်များသည် အရောင်မျိုးစုံပင် လင်းလတ်နေပါသေးသည်။
ရဲရှောင် ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြနေမိသည်။ မတ်တတ်ရပ်၍ ကြည့်လိုက်သည့်အခါ အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာနေသည်ကို သတိထားလိုက်မိလေ၏။
သည်းထန်စွာ ရွာနေသော မိုးစက်မိုးပေါက်များကို ကြည့်ရင်း တစ်ခုခု မှားယွင်းနေသလို ခံစား လိုက်ရလေသည်။
သို့သော် သူသည် အိပ်ယာနိုးလာခါစ ဖြစ်သဖြင့် အနည်းငယ် အိပ်ချင်မူးတူးဖြင့် ငေးငေးငိုင်ငိုင် ရှိနေပြီး ဘာမှားနေသလဲ ဆိုတာကို ရှာမတွေ့ ဖြစ်နေ၏။
ကောင်းကင်ထက်မှ မိုးကြိုးပစ်ချလိုက်သည်ကို သူ့မျက်လုံးဖြင့် တပ်အပ် မမြင်လိုက်ရပေ။
ထိုကဲ့သို့သာ မြင်တွေ့ခွင့် ရရှိလိုက်မည် ဆိုပါက ထူးခြားမှု တစ်ခုခုကို သူဆက်စပ် တွေးခေါ်နိုင်မည် ဖြစ်ပေသည်။
သို့သော် ပင်ပန်းလွန်းသောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သဖြင့် ဘာကိုမှ သတိမမူလိုက်မိချေ။
ကြောက်မက်ဖွယ် အသံကြီးဖြင့် မိုးကြိုးပစ်ချပြီးနောက် သာမန် မိုးကြိုးသံများသာ ထွက်ပေါ်လာပါ တော့သည်။
“ဘုန်း . . . ဘုန်း . . .”
မိုးသည်လည်း သည်းသထက် သည်းလာလေ၏။
ရဲရှောင် တခဏကြာသည်ထိ မည်သည့် သဲလွန်စမျှ ရှာမရသေးချေ။ ထို့ကြောင့် ပြန်၍အိပ်ရန် စဉ်းစားလိုက်ပြီး အိပ်မက်နယ်မြေအတွင်း ပြန်ဝင်ချင် နေလေ၏။ ရုတ်တရက်ဆိုသလို ကောင်းကင်ထက် တွင် ပြင်းထန်လှသော မိုးကြိုးတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်မိသည်။
တခဏအကြာတွင် လျှပ်စီးတစ်ချက်လည်း လင်းလတ်သွားပြီး ပြန်လည် ပျောက်ကွယ် သွားခဲ့လေ၏။
သာမန်လူတစ်ယောက် သို့မဟုတ် ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက်သည် ထိုအရာကို သာမန်မိုးကြိုးပစ်သည်ဟုသာ တွေးထင်ကြမည် ဖြစ်သည်။
ရဲရှောင်၏ လည်ဂုတ်မှ ကြက်သီးများ ထောင်ထသွားပြီး ခေါင်းထဲ လတ်ခနဲ သဘောပေါက်သွား ခဲ့သည်။
အဆိုပါ အလင်းတန်းသည် လျှပ်စီးလတ်ခြင်း မဟုတ်ဘဲ အဆင့်မြင့် ထိပ်သီး ပညာရှင်ကြီး ၂ ဦး တိုက်ခိုက်နေခြင်းသာ ဖြစ်လေ၏။
တစ်ဦးမှာ ထွက်ပြေးသွားခြင်းဖြစ်ပြီး နောက်တစ်ဦးမှ လိုက်နေခြင်း ဖြစ်သည်။
အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ပြေးလွှားနေခြင်းပင် ဖြစ်ပါသည်။
သူတို့၏ ခန္ဓာကိုယ်မှ ဝိညာဉ်တော် ချီဓာတ်များသည် လေထဲ မျောလွင့်၍ ကျန်နေခဲ့ပြီး သူတို့ ပြေးလွှားသွားသည့် လမ်းတစ်လျှောက် အလင်းတန်းများ လတ်သွားသဖြင့် လျှပ်စီးလတ်သလို ဖြစ်သွားခြင်း ဖြစ်လေ၏။ အလွန်လျင်မြန်သော နှုန်းနှင့် အလင်းတန်းတို့ကို ပေါင်းစပ်လိုက်သောအခါ လျှပ်စီးလတ်သကဲ့သို့ ဖြစ်သွားခြင်းပင်။
ရဲရှောင် ခန့်မှန်းချက်အရ အဆိုပါ လူနှစ်ဦးသည် အနည်းဆုံးတော့ ကောင်းကင်အဆင့်၏ ဆရာသခင် အဆင့် ရှိနေမည်မှာ သေချာ၏။ ၂ ယောက်လုံးသည် ကွမ်ဇန်ဝမ်ထက် အစွမ်းထက်နေမည် ဆိုတာကို ယုံမှားစရာ မရှိချေ။
ရဲရှောင်သည် မြေကြီးအဆင့်နှင့်ပင်လျှင် သူနှင့် ကြုံတွေ့ခဲ့သည့် ရန်သူများ အားလုံးအား အလဲထိုးနိုင်ခဲ့သည်။ ယခုလို အချိန်အခါတွင် ထိပ်သီးပညာရှင်အဆင့် ၂ ယောက်ကို မြင်လိုက်ရသည့်အတွက် ပဟေဠိလည်း ဖြစ်နေမိလေ၏။
ရဲရှောင် အလင်းတန်းများ လင်းလတ်သွားသည့် နေရာသို့ တစ်ချက် ကြည့်လိုက်ရင်း ခေါင်းထဲ အတွေးတစ်ခု ပေါ်လာကာ မျက်လုံးများမှ အရောင်တလတ်လတ် တောက်ပသွား၏။ ထို့နောက် သူ၏ အိပ်ယာအောက်မှ အနက်ရောင်ဝတ်စုံကို ထုတ်၍ ၀တ်လိုက်သည်။
တခဏအကြာတွင် အမည်းရောင် အပေါ်အောက် ၀တ်ဆင်ထားသည့် ရဲရှောင်သည် ပြတင်းပေါက်မှတဆင့် ခုန်၍ ထွက်ခွာလာခဲ့ပြီး မိုးစက်မိုးပေါက်များသည် သူ့ကို ရိုက်ခတ်လျက် ရှိနေပါတော့သည်။
မိုးရွာနေသည်ကို ဂရုမစိုက်နိုင်အားဘဲ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ရင်း ခေါင်မိုးထက်သို့ ခုန်တက် လိုက်သည်။ ထို့နောက် သူသည်လည်း ချက်ချင်း ဆိုသလို ပျောက်ကွယ်သွားခဲ့ပါတော့သည်။
. . .
သူအသုံးပြုလိုက်သည်မှာ အရိပ်မဲ့ ပျံသန်းခြင်း အကွက်တော့ မဟုတ်ချေ။ မိုးကောင်းစက်ဝိုင်းမှ ရယ်မောသံ အကွက်ပင် ဖြစ်၏။
အရိပ်မဲ့ ပျံသန်းခြင်းသည် သူ၏ လှုပ်ရှားမှုကို ဖုံးကွယ်ထားနိုင်မည် ဖြစ်ပြီး အလွန်မြန်ဆန်စေမည် မဟုတ်ချေ။ မိုးကောင်းစက်ဝိုင်းမှ ရယ်မောသံမှာမူ အမြန်ဆုံးနှုန်းကို ရရှိစေမှာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လျင်မြန်မှု အသားပေး ကျင့်စဉ်တစ်ခု ဖြစ်သဖြင့် ချက်ချင်း ဆိုသလို အဝေးသို့ ရောက်ရှိသွားတာပဲ ဖြစ်ပါသည်။
လူတစ်ယောက် ဆိုင်တစ်ဆိုင်မှာ သောက်နေရင်းဖြင့်ပင် ရုတ်တရက် မိုးကုတ်စက်ဝိုင်းထိ ရောက်ရှိ စေနိုင်လောက်အောင် မြန်ဆန်နိုင်သဖြင့် ထိုကဲ့သို့ နာမည်တွင်ခြင်း ဖြစ်ပါသည်။
မိုးကုတ်စက်ဝိုင်းမှ ရယ်မောသံ . . .
ချင်းယန်နယ်ပယ်မှာပင် အမြန်ဆုံးသော ပညာရပ်ဟု လက်ခံထားကြသော ကျင့်စဉ် တစ်ခုပင် ဖြစ်ပါသည်
ယခင်ဘ၀တုန်းက ယခုကျင့်စဉ်ကြောင့်သာ သူ့နောက်သို့ လိုက်နေသည့် လူများလက်မှ မိုင်ပေါင်း ၃ သောင်းကျော်တိုင်အောင် ထွက်ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်။
တခဏအတွင်းမှာပင် သူသည် မိုင် ၃၀၀ လောက်ထိ ရောက်ရှိလာပြီး ဖြစ်လေသည်။ မိုးရေစက်များသည် သူ့အတွက် တစ်စုံတစ်ရာ နှောင့်ယှက်မှု မဖြစ်စေဘဲ ပို၍ မြန်ဆန်စေသလိုပင် ဖြစ်နေလေ၏။
လေအလျင်ထက်ပင် ပို၍ လျင်မြန်စွာ သွားနေခြင်း ဖြစ်သည်။
သူနင်းဖြတ်ခဲ့သည့် ခေါင်းမိုးအုပ်ကြွပ်ပြားများ သည်လည်း ငါးအကြေးခွံများကဲ့သို့ တရွှတ်ရွှတ် ဖြင့် ကွာကုန်ကြပါတော့သည်။ မကြာမီတွင် မြို့စွန်သို့ ရောက်ရှိလာခဲ့ပြီး မြို့ရိုးနံရံကြီးသည် ပေ ၆၀ လောက် အမြင့် ရှိနေပါသည်။ အစောင့်ရဲမက်များ သတိမပြုမိခင်မှာပင် ရဲရှောင်သည် ဖြတ်ခနဲ ပျောက်ကွယ်ပြီး မြို့ပြင်သို့ ရောက်ရှိ သွားပါတော့သည်။
ခပ်လှမ်းလှမ်းတွင် လျှပ်စီးလတ်သကဲ့သို့ အလင်းတန်း ၂ ခုကို မြင်တွေ့နေရလေသည်။ ငွေရောင် မြွေနှစ်ကောင် ကခုန်နေသည်နှင့်ပင် တူနေပါတော့သည်။
ရဲရှောင်သည် အမြင်စူးရှလှသဖြင့် ကောင်းကင်ထက်တွင် ဓားအလင်းတန်းများ လင်းလတ် နေသည်ကို မြင်တွေ့နေရလေသည်။ အနည်းငယ် ဝေးကွာသဖြင့် တိတိကျကျကြီး မြင်နေရခြင်း မဟုတ်သော်လည်း ယခုအလင်းရောင် ထွက်နေသည်မှာ ဓားများမှ ဖြစ်သည် ဆိုတာကို သူအသေအချာ သိရှိ နေပါတော့သည်။
ရဲရှောင်သည် နဂါးတစ်ကောင်ကဲ့သို့ တောအုပ်အတွင်း တဟုန်ထိုး ပြေးဝင်သွားခဲ့ပြီး တောအုပ် အတွင်းသို့ ရောက်သည့်အခါ အရိပ်မဲ့ ပျံသန်းခြင်း အကွက်ကို အသုံးပြုလိုက်ပါသည်။
မိုးကုတ်စက်ဝိုင်းမှ ရယ်မောသံသည် သူ၏ အရှိန်ကို အမြန်ဆန်ဆုံး ဖြစ်စေသော်လည်း သူ၏ အငွေ့အသက် ပုံရိပ်ကို ဖုံးဖိထားနိုင်မည် မဟုတ်ချေ။ အမြန်နှုန်းသက်သက် အတွက်သာ အသုံးဝင်ခြင်း ဖြစ်လေ၏။ အရိပ်မဲ့ ပျံသန်းခြင်း အကွက်ကမူ အရှိန်လည်း မြန်သင့်သလောက် မြန်သည်သာမက ခြေရာဖျောက်နိုင်ခြင်းလည်း ရှိပါသည်။ မိုးကုတ်စက်ဝိုင်းမှ ရယ်မောသံ လောက် မမြန်ဆန်သော်လည်း လုံခြုံမှု ရှိစေမည် ဖြစ်လေသည်။
(ဒီပညာရှင် ၂ ယောက်က ညဘက်ကြီး ဘာလို့ တိုက်ခိုက်နေကြတာပါလိမ့် . . . နောက်ပြီး မိုးသည်းသည်းထဲမှာ တိုက်နေကြတာပဲ . . .”
ထိုအချိန် ရဲရှောင်သည် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်၏။
“ချွမ် . . .”
ပညာရှင် ၂ ယောက်၏ လက်နက်အချင်းချင်း ထိတွေ့သံများကိုပင် ကြားနေရပြီ ဖြစ်ပြီး ကောင်းကင်ထက်တွင် အလင်းတန်းများ တောက်ပစွာဖြင့် ထွက်ပေါ်နေသည်ကို ရဲရှောင် တွေ့နေရလေသည်။ အတော်ကြီးကို အံ့သြစရာ မြင်ကွင်းပင် ဖြစ်၏။
မိုးသည်းသည်းထဲတွင် ဖြစ်နေသည့် တိုက်ပွဲအား စိတ်ဝင်တစား ကြည့်နေပြီး ကြားရသည့် အသံများအရ သစ်ပင်များပင် လဲပြိုပျက်ဆီးနေပုံပါပင်။
ရဲရှောင် မျက်မှောင်ကြုတ်၍ ကြည့်ရှုနေပြီး တိုက်ပွဲဖြစ်သည့် နေရာနှင့် သူသည် ၄ မိုင်လောက်သာ ဝေးကွာပါတော့သည်။
ခဏစောင့်နေပြီး ချက်ချင်း အနားကပ်သွားခြင်း မပြုလုပ်ချေ။ သူမျှော်လင့်ထားသကဲ့သို့ပင် တခဏအကြာတွင် နောက်ထပ် လျှပ်စီးအလင်းတန်းများ တလတ်လတ် တောက်ပသလို အလင်းတန်းများ ထွက်ပေါ်လာပြန်လေ၏။
“သူတို့ ၂ ယောက်လုံးက ငါထင်ထားသလို ထိပ်တန်းအဆင့် ပညာရှင်တွေပါလား . . .”
ရဲရှောင် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ရင်း အရိပ်မဲ့ ပျံသန်းခြင်းကို သုံးကာ တိုက်ပွဲအနီးသို့ တဖြည်းဖြည်း ကပ်၍ သွားပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset