Switch Mode

Chapter – 91

အရိုးပျော်ရိုက်ချက်အား ကုသခြင်း

Chapter – 91
“အရိုးပျော်ရိုက်ချက်အားကုသခြင်း”

“အန်း . . .”
ရဲရှောင် သူစကား အနည်းငယ် ကျွံသွားကြောင်း သိလိုက်သည်။
“အဲဒါက ဒီလိုလေ၊ ကျုပ်က စာအုပ်တွေ အများကြီး ဖတ်တယ်၊ စာဖတ်နာတဲ့ လူတစ်ယောက်က အရာရာကို သိနိုင်တယ်လေ၊ ကျုပ်ရဲ့ ဗဟုသုတ ကြွယ်ဝမှုပေါ့ . . .”
ရဲရှောင် လုပ်ကြံပြောဆိုလိုက်ခြင်း ဖြစ်၏။ ဆက်လက်၍ –
“ကျုပ်ကျင့်ကြံတဲ့ ကျင့်စဉ်က ဒီတိုက်ကွက် ၆ မျိုးလုံးကို ဘယ်ဟာပဲဖြစ်ဖြစ် ကုသနိုင်တယ်။ အဲဒါကြောင့် ကျုပ်လည်း ဒီတိုက်ကွက်ကို ခံလိုက်တာပဲ။ ကျုပ်တို့ အိမ်တော်ရဲ့ အင်အားကို အကုန်လုံး သိနေလောက်ကြပြီ။ ဒါက ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ။ အဲဒါကြောင့် ကျုပ်ကလည်း နည်းနည်း လျိုသင့်သလောက် လျိုလိုက်ရတာပဲ။ ဒီတစ်ကြိမ်မှာ သူတို့တွေ ကျုပ်ကို လုပ်ကြံတာ ကျုပ်တို့ သိသွားတော့ ကျုပ်တို့အတွက် အခွင့်အရေး ရလိုက်သလို ဖြစ်မှာပဲလေ . . .”
အိမ်တော်ထိန်းကြီးမှ –
“ငါနားလည်ပါတယ်၊ ဒါပေမဲ့ အရေးကြီးဆုံး ကိစ္စက မင်းရဲ့ လုံခြုံမှုပဲ။ အရိုးပျော်လက်ဝါးရိုက်ချက် က ငါသိသလောက်တော့ ရင်ဆိုင်ရ လွယ်ကူတဲ့ တိုက်ကွက်မျိုး မဟုတ်ဘူးနော်။ ငါလည်း ဘယ်လိုမှ မခံနိုင်ဘူး။ မင်းအဖေပြန်လာမှသာ မင်းလုံခြုံမှာပါ . . .”
ရဲရှောင် ဘာမှ ထပ်၍ ပြောမနေတော့ဘဲ သူ၏ အပေါ်ဝတ်ရုံကို ဖြည်းညင်းစွာ ချွတ်လိုက်ပြီး နောက်ကျောဘက်အား လှည့်၍ အိမ်တော်ထိန်းကြီးအား ပြလိုက်၏။ ပုံမှန်အတိုင်းပင် ဖြစ်ပြီး တကယ်ကို ဘာမှ မဖြစ်ထားသလိုပါပင်။
ထို့နောက် သူ၏ ရှေးဦးခရမ်းရောင် ချီဓာတ်ကျင့်စဉ်ကို လည်ပတ်စေလိုက်ပြီး ခန္ဓာကိုယ်မှ အပူဓာတ်များ ထုတ်လွှတ် စေလိုက်၏။
ရဲရှောင်၏ နောက်ကျောတွင် မည်သည့် ဒဏ်ရာ အနာတရ ရှိနေမလဲ ဆိုတာကို အိမ်တော်ထိန်း ကြီး စေ့စေ့စပ်စပ် ကြည့်ရှုလျက် ရှိနေလေသည်။
အမွှေးတိုင်တစ်တိုင် ကုန်လောက်သည်ထိ ကြည့်ပြီးချိန်တွင် ကျောဘက်၌ အမှတ်အသား ခပ်ဝါးဝါး အချို့ ပေါ်လာလေ၏။
အဆိုပါ အမှတ်အသားများမှာ အရေပြားအောက်မှာ ရှိနေခြင်း ဖြစ်ပြီး တစ်ကွက်ပြီး တစ်ကွက် ပေါ်လာခြင်း ဖြစ်လေ၏။ အမှတ်အသားများသည် အစီအစဉ်မကျ ရှိနေခြင်း ဖြစ်၍ အချို့မှာ ထပ်၍ပင် ရှိနေပါသေးသည်။
ရဲရှောင် ရှေးဦးခရမ်းရောင် ချီဓာတ်များအား ပို၍ လည်ပတ်စေလေလေ မူလက ခပ်မှိန်မှိန်သာ ရှိသော အမှတ်များမှာ ပို၍ ထင်လာလေလေဖြစ်ကာ ပုံစံ ပေါ်လာပါတော့သည်။ အစပိုင်းတွင် စိမ်းပြာရောင်လို အရောင်မျိုး ထွက်နေသော်လည်း အနည်းငယ် ကြာသောအခါ အစိမ်းပုတ်ရောင်ကဲ့သို့ ပြောင်းလဲသွားလေ၏။ မြင်၍ပင် မကောင်းချေ။
“စိမ်းပြာရောင် ရိုက်ချက် ၁၈ ချက်ပဲ၊ တော်တော်ကို ပြင်းတာပါလား . . .”
အိမ်တော်ထိန်းကြီး သက်ပြင်းတစ်ချက် ချရင်း အေးစက်စက် ပြောလိုက်သည်။
သို့သော် သိပ်မကြာခင်မှာပင် သူ၏ မျက်နှာရှိ အေးစက်မှုများ ပျောက်ကွယ်သွားလေ၏။
သူသည် ကျင့်ကြံမှုပိုင်းတွင် အဆင့်မြင့် ပညာရှင်တစ်ဦးဟု ဆိုနိုင်ပြီး ယခုအခါ ရဲရှောင်မှ သူ့ကို ရိုက်လိုက်သည့် ချက်ချင်းပင် အရိုးပျော်လက်ဝါး ရိုက်ချက်ဖြင့် ရိုက်ခံလိုက်ရခြင်း ဖြစ်ကြောင်း သတိပြုမိခဲ့ပြီး ဒဏ်ရာများကိုပင် ကျောပြင်တွင် ပေါ်လာစေခဲ့သည်ကို ကြည့်ခြင်း အားဖြင့် သေချာပေါက် ရဲရှောင်အပေါ် သက်ရောက်မှု မရှိနိုင်သည်ကို သူသဘောပေါက်သွားလေ၏။
ယခုအခါ လုံးဝကို သေချာသွားပြီ ဖြစ်၏။
အစောပိုင်း ကျင့်ကြံမှု အဆင့်များတွင် ယခုကဲ့သို့ အရိုးပျော်လက်ဝါးရိုက်ချက်ကြောင့် ခန္ဓာကိုယ်တွင်း တိမ်မြုပ်နေသော ဒဏ်ရာများအား ပေါ်လာအောင် လုပ်နိုင်သူမျိုး တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
ရဲရှောင် ကျင့်ကြံသည့် ကျင့်စဉ်သည် ထိုမျှလောက်ထိ မယုံကြည်နိုင်ဖွယ် ကောင်းလောက်အောင် လျို့ဝှက်ဆန်းကြယ် အစွမ်းထက် နေလိမ့်မည်ဟု အိမ်တော်ထိန်းကြီး မထင်မှတ် ထားခဲ့မိချေ။
အကယ်၍ အိမ်တော်ထိန်းကြီးသာ ရွှေလက်တိုက်ကွက်ဖြင့် ရိုက်ခံထားခြင်း မရှိဘဲ သူ၏ အဆင့်မြင့်ဆုံး အခြေအနေတွင် ရှိနေမည် ဆိုပါက ယခုလို အရိုးပျော်လက်ဝါး ရိုက်ချက်ကို အလွယ်တကူ ကုသပေးနိုင် လောက်ပါသည်။ သို့သော်လည်း ဒဏ်ရာ ရရှိခဲ့ရသဖြင့် ကျင့်ကြံမှုများလည်း ကျဆင်းသွား ခဲ့ရပြီး ကုသပေးနိုင်စွမ်း မရှိတော့ချေ။
သို့သော် သူ၏ အကောင်းမွန်ဆုံး အခြေအနေမှာပင် ရဲရှောင်ကဲ့သို့ အရိုးပျော်ရိုက်ချက်အား အလွယ်တကူ ရင်ဆိုင်နိုင်မည် မဟုတ် ဆိုတာကို သေချာ သိနေပါတော့တယ်။
အနည်းဆုံးတော့ ပျောက်ကွယ်နေသော ဒဏ်ရာများ ပေါ်လာအောင် လုပ်ရန်အတွက် တစ်လလောက် ကြာမည်ဖြစ်သည်။
“တော်တော် ရက်စက်တာပဲ . . .”
အိမ်တော်ထိန်းကြီး စိမ်းပုတ်ရောင် ဒဏ်ရာများကို ကြည့်ရင်း အံကြိတ်၍ ပြောလိုက်၏။
ထိုအချိန် ရဲရှောင်၏ မျက်နှာ နီရဲလျက် ရှိနေသည်။ သူ၏ ကျင့်စဉ်များအား ပြင်းထန်စွာ လည်ပတ် စေနေရပြီး ဒဏ်ရာများကို ဖော်ထုတ်လိုက်ရခြင်း ဖြစ်သည့်အတွက် လက်ရှိ အခြေအနေအရ အားအတော်ကို ကုန်ဆုံးစေနေလေ၏။
ကျင့်စဉ်များကို လည်ပတ်စေရင်း အရိုးပျော်ရိုက်ချက်၏ သာမန်ထက် ထူးကဲ့သည့် စွမ်းအင်များကို ခံစား သိရှိလိုက်ရလေ၏။
အံ့သြဖွယ် ကောင်းလှသည့် ရှေးဦး ခရမ်းရောင် ချီဓာတ်ကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာ အများစုအား ချေဖျက်နိုင်ခဲ့ပြီး ဖြစ်လေသည်။ အရိုးအတွင်း နစ်မြုပ် ကျန်ရစ်ခဲ့သည့် ဒဏ်ရာများသာ ကျန်ရှိ နေတာ ဖြစ်ပါသည်။
ကံကောင်းသည့် အချက်မှာ ရဲရှောင်သည် အတော်ကြီး အတွေ့အကြုံ ကြွယ်ဝသူ တစ်ဦး ဖြစ်ပြီး ရှေးဦးခရမ်းရောင် ချီဓာတ်၏ အစွမ်းကြောင့်သာ ယခုလောက် အခြေအနေထိ အခြေအနေ ကောင်းခဲ့တာ ဖြစ်ပါသည်။ ထိုကဲ့သို့သာ မဟုတ်ပါက ဒဏ်ရာများကိုပင် တွေ့ရှိရန် မလွယ်ကူလောက်ချေ။
(ငါ့အရိုးတွေထဲထိ နစ်ဝင်နေတဲ့ ဒဏ်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ငါတစ်ယောက်တည်း ရှိတဲ့ အချိန်ကျမှ ရေခဲချီဓာတ်တွေကို သုံးပြီး လုပ်ရမယ် . . .)
ရဲရှောင် စိတ်ထဲ တွေးလိုက်မိသည်။ ထို့နောက် ရှေးဦးခရမ်းရောင် ချီဓာတ်များကို လျင်မြန်စွာ လည်ပတ်စေ၍ အပြင်ပိုင်း ဒဏ်ရာများအား သက်သာနေစေလေ၏။
တခဏအတွင်းမှာပင် ချီလည်ပတ်မှု ၉၉ ရာခိုင်နှုန်းထိ ပြီးဆီးသွားခဲ့သည်။
အိမ်တော်ထိန်းကြီးသည် ရဲရှောင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အဖြူရောင် အခိုးအငွေ့များ ကို ကြည့်ရင်း အံ့သြတုန်လှုပ် နေမိသည်။ တခဏအတွင်းမှာပင် ရဲရှောင် ကျောရှိ အစိမ်းပုတ်ရောင် အကွက်များသည် တဖြည်းဖြည်းဖြင့် စိမ်းပြာရောင် အဖြစ်သို့ ပြောင်းလဲသွားပါတော့သည်။
“အား . . .”
ရဲရှောင် ပါးစပ်ကို ဟလိုက်ပြီး စိမ်းပြာရောင် သွေးအချို့ အန်ချလိုက်သည်။
အခိုးအငွေ့များ ပျောက်ကွယ်သွားသည့်အခါ သူ၏ ကျောကုန်းရှိ အမှတ်အသား အတော်များများ လွင့်စင်ကုန်ပြီ ဖြစ်သည်။
ရဲရှောင် ကျင့်စဉ်များ လည်ပတ်မှုအား တဖြည်းဖြည်းဖြင့် ရပ်တန့်လိုက်သည်။ တချိန်တည်းမှာပင် ကျောကုန်းရှိ အရာအားလုံး ပျောက်ကွယ်သွားခဲ့ပြီး မူလ နဂိုအသားအရေ အဖြစ် ပြောင်းလဲသွားပါတော့ သည်။
ဒဏ်ရာများသည် အတွင်းထဲ ရှိနေသေးသော်လည်း နာကျင်မှု တစ်စုံတစ်ရာ မရှိဘဲ အနည်းဆုံးတော့ အသက်ဆုံးရှုံးနိုင်မည် မဟုတ်တော့ချေ။
တကယ်တော့ အရိုးပျော်ရိုက်ချက်မှ ဖြစ်ပေါ်သော ဒဏ်ရာသည် ရွှေလက်တိုက်ကွက်ကြောင့် ဖြစ်ပေါ်သော ဒဏ်ရာနှင့် ဆင်တူလှသည်။ တိုက်ကွက် ၂ ခုလုံးသည် တဖက်လူ၏ ခန္ဓာကိုယ်တွင် အရာထင်ကျန်စေတာဖြစ်ပြီး အဆိုပါ အရာများသည် အရေပြားပေါ်တွင် ရှိမနေဘဲ ကိုယ်တွင်း၌ သက်ရောက်ကာ လက္ခဏာ ပြလာသည့် အချိန်သို့ ရောက်ပါက သေဖို့များပြီပဲ ဖြစ်ပါသည်။
အဆိုပါ ဒဏ်ရာကို သက်သာစေရန်အတွက် ခန္ဓာကိုယ်တွင်း ချီဓာတ်များ လည်ပတ်စေကာ တိုက်ထုတ်ရမည် ဖြစ်ပြီး သို့သော်လည်း အဆိုပါ ကျင့်စဉ် တိုက်ကွက် ၂ ခုသည် အဆင့်ခြင်းတော့ မတူကြချေ။ ရွှေလက်တိုက်ကွက်သည် အဆင့် ၁ ဟု သတ်မှတ်မည် ဆိုပါက အရိုးပျော် ရိုက်ချက်အား အဆင့် ၂ ဟု သတ်မှတ်ရမည် ဖြစ်လေသည်။
ရဲရှောင်သည် အိမ်တော်ထိန်းကြီး၏ ရွှေလက်တိုက်ကွက်ဖြင့် တိုက်ခံထားရသည့် ဒဏ်ရာအား ကုသပေးနိုင်ခဲ့ သော်လည်း ထူးဆန်းစွာပင် သူ့ကိုယ်သူတော့ အရှင်းပျောက်အောင် မကုသနိုင်ချေ။ တကယ်တမ်းတွင် အိမ်တော်ထိန်းကြီးအား ကုသစဉ်တုန်းက သူ၏ စွမ်းအင်များအား ခန္ဓာကိုယ် ပြင်ပသို့ ထုတ်လွှတ်၍ ကုသပေးခဲ့ရခြင်း ဖြစ်ပြီး ယခုအခါတွင်မူ ကိုယ်တွင်း၌ပင် လည်ပတ်စေကာ ကုသရခြင်း ဖြစ်သဖြင့် အခြေအနေခြင်းတော့ မတူချေ။
လက်ရှိ အခြေအနေအရ ရဲရှောင်အနေဖြင့် သူ၏ လက်ကျန် ဒဏ်ရာများအား ကုသရန် ရက်ပိုင်း လောက်သာ ကြာမြင့်မည် ဖြစ်လေသည်။ သို့သော် အိမ်တော်ထိန်းကြီး၏ ဒဏ်ရာများအား အရှင်ပျောက်ကင်း စေနိုင်ရန် အတွက်မူ သူ့အဆင့် အတော်ကို မြင့်နေမှသာ ဖြစ်ပါမည်။ အဆိုပါ အခြင်းအရာကို ကြည့်ခြင်းအားဖြင့် ရွှေလက်တိုက်ကွက်နှင့် အရိုးပျော် ပုံဆောင်ကွဲ တိုက်ကွက်၏ ကွာခြားချက်ကို သိနိုင်ပေသည်။
“ဦးလေးဆောင် . . . အခု ခင်ဗျား စိတ်အေးအေး ထားနိုင်ပြီ မဟုတ်လား . . .”
ရဲရှောင် ပင်ပန်း နွမ်းနယ်ဟန်ဖြင့် ပြုံးလျက် ပြောလိုက်သည်။
ရဲရှောင် ချွေးများ ရွှဲနစ်လျက် သူ၏ ဝိညာဉ်တော် ချီဓာတ် အားလုံးနီးပါးကို အသုံးပြုခဲ့ရခြင်း ဖြစ်လေ၏။
“အေးပါ . . .”
အိမ်တော်ထိန်းကြီးလည်း နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားပုံပင်။ သူ၏ အေးစက်လျက် ဒေါသထွက်နေသည့် မျက်နှာတွင် အပြုံးအချို့ကို မြင်တွေ့နိုင်နေပြီ ဖြစ်သည်။ မျက်လုံးများ မှေးစင်းရင်း –
“တော်တယ် ကောင်လေး . . . ငါ့ကို စိုးရိမ်အောင် လုပ်လိုက်တယ် ဆိုပေမဲ့ ဟိုမျိုးမစစ်ကောင် တွေကို လှည့်စား နိုင်ခဲ့တာပဲ အံ့သြဖို့ ကောင်းလိုက်တာ . . .”
ရဲရှောင် အိမ်တော်ထိန်းကြီးအား ကြည့်ရင်း –
“အိမ်ရှေ့မင်းသားက ရက်ရက်စက်စက် ကျုပ်ကို လုပ်မှတော့ သူ့ကိုလည်း တူသောအကျိုး ခံစားရ စေတော့မှာပေါ့၊ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ကျုပ်တို့ မျိုးနွယ်စုတွေ့ အခု တကွဲတပြား ဖြစ်နေတယ်။ အခု မြို့တွင်းမှာ ရှိနေတဲ့ အင်အားကလည်း အများကြီး မရှိဘူးမလား၊ အဲဒါကြောင့် ဖြည်းဖြည်းပဲ စီစဉ်ကြတာပေါ့ . . .”
“မှန်တယ် . . .”
အိမ်တော်ထိန်းကြီးမှ ပြောလိုက်သည်။ ဆက်လက်၍ –
“စိန်ခေါ်မှုဆိုတာ အခွင့်အရေးတစ်ရပ်ပဲ၊ အခု မင်းက အပြင်းအထန် ဒဏ်ရာ ရနေပြီးတော့ ငါတို့ကလည်း ဒီကြားထဲ ပျောက်နေလိုက်ကြမယ် . . .”
“အမှန်ပေါ့ . . .”
ရဲရှောင် လက်ခုပ်တီးရင်း ပြောလိုက်သည်။
“သူတို့ ငါတို့ကို ဂရုမစိုက်တော့တဲ့ အချိန် ရောက်မှသာ အဲဒီ ငါ-ိုးမခွေးမသားတွေကို ကောင်းကောင်းကြီး ပညာပြန်ပေးကြတာပေါ့ . . .”
အိမ်တော်ထိန်းကြီးသည် ပြောနေရင်းဖြင့် စိတ်လှုပ်ရှားနေဟန်ပင်။ သူ၏ ပါးစပ်မှ ဆဲဆိုသည့် စကားလုံးများကိုလည်း အဆက်မပြတ် ရေရွတ်လျက် ရှိ၏။
(ငါ -ိုးမ ခွေးမသားဆိုပဲ . . . တော်တော်ကို ကံဆိုးတဲ့ ကောင် ဖြစ်မှာပဲ . . .)
ရဲရှောင် တွေးနေမိလေ၏။
“ဒီလှည့်ကွက်လောက်များ . . . ဟမ့် . . .”
အိမ်တော်ထိန်းကြီး၏ မျက်လုံးများ အရောင်ဝင်းလတ်လျက် ပြောလိုက်သည်။ ဆက်လက်၍ –
“ငါ့တပ်မှာလည်း လည်ဝယ် ထူးချွန်တဲ့ ကောင်တွေ အများကြီး ရှိပါတယ်။ သူတို့ထဲက တချို့ကို အိမ်ရှေ့မင်းသမီးကို သွားပြီး မုဒိန်းကျင့်ခိုင်းရင် ကောင်းမလား၊ ဒီလောက် အခွင့်အရေးလေး ယူတာလောက်နဲ့ မင်းမကျေနပ်နိုင်လောက်ဘူးမလား . . .”
“. . .”
ရဲရှောင် အိမ်တော်ထိန်းကြီးအား ကြည့်ရင်း ချွေးပြန်လာလေသည်။
(ဒီလောက်ထိ လုပ်တာတောင် အခွင့်အရေးလေး ယူတာ ဟုတ်လား . . .)
အိမ်တော်ထိန်းကြီးလည်း သူ၏ အသုံးအနှုန်းများ အနည်းငယ် ကြမ်းတမ်းသွားသည်ကို သတိပြုမိ သွားဟန်ဖြင့် ချောင်းတစ်ချက် နှစ်ချက်ခန့် ဆိုးလိုက်ရင်း –
“ငါဆိုလိုတာက . . . အိမ်ရှေ့မင်းသားရဲ့ နန်းတော်ကို လူတချို့ လွှတ်ပြီးတော့ ဒုက္ခရောက်အောင် လုပ်မယ်လို့ ပြောတာပါ . . .”
ရဲရှောင်မှ –
“အခုနေတော့ ကျုပ်တို့ သိုသိုသိပ်သိပ် နေကြတာပေါ့၊ အနည်းဆုံးတော့ လ၀က်လောက် စောင့်ကြတာပေါ့၊ ပထမဆုံး ကျုပ်တို့လူတွေကို ပိုပြီး ကြံ့ခိုင် အစွမ်းထက်အောင် ပြင်ဆင်ဖို့ လိုအပ်တယ်။ ဒုတိယအချက် အနေနဲ့ ကျုပ်ရဲ့ ဒဏ်ရာတွေက ကျုပ်အသက်ကို နုတ်နေလောက်ပြီလို့ သူတို့ တွေးလာတဲ့ အချိန်ထိ စောင့်ကြရမယ် . . .”
“မှန်တယ် . . .”
အိမ်တော်ထိန်းကြီး ခေါင်းညိတ်လျက် ပြောလိုက်သည်။ ဆက်လက်၍ –
“ငါဘာလို့ ဒီအချက်ကို မေ့နေရတာပါလိမ့်၊ အန္တရာယ်တွင်းကနေ အခွင့်အရေးတစ်ရပ်အဖြစ် ကူးပြောင်းနိုင်ရမယ် . . .”
ထို့နောက် ထူးဆန်းစွာ တစ်ချက် ပြုံးလိုက်ရင်း –
“ဒါနဲ့ ငါ့မှာ မင်းအတွက် သတင်းကောင်း တစ်ခု ရှိတယ်။ မေ့တောင် မေ့တော့မလို့ . . .”
ရဲရှောင် အံ့သြသွားဟန်ဖြင့် –
“ဘာသတင်းလဲ . . .”
“မင်းရဲ့ ဦးလေး ဖြစ်တဲ့ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က အတော်ကို တိုးတက်လာခဲ့ပြီ . . .”
အိမ်တော်ထိန်းကြီး ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။
“အခုဆို ငါ ကောင်းကင်အဆင့် ၁ ကို ရောက်နေပြီလေ . . .”
“ဂုဏ်ယူပါတယ် ဦးလေးဆောင် . . . ခင်ဗျား နောက်ဆုံးတော့ ကောင်းကင်အဆင့်တောင် ရောက်လာပြီပေါ့ . . .”
ရဲရှောင် ပျော်ရွှင်ဟန်ဖြင့် ပြောလိုက်သည်။
အိမ်တော်ထိန်းကြီးလည်း ရယ်မောလျက် ရှိပြီး ပျော်ရွှင်နေဟန်ပါပင်။
ချက်ချင်း တွေးလိုက်မိသည်မှာ –
(ငါဘာတွေများ ပျော်နေမိတာ ပါလိမ့်၊ ဒီအဆင့်လောက်ကို ငါလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကျော်ဖြတ်ခဲ့ပြီးသားလေ။ အခုငါ့ရဲ့ အားအင်တွေ ပြန်ပြည့်ဝလာလို့သာ ဒီအဆင့် ပြန်ရလာတာ၊ အဲဒါကိုတောင် ပျော်နေမိတယ်ဆိုတော့ အတော်ရှက်စရာပဲ . . .)
အိမ်တော်ထိန်းကြီး တစ်ညတာလုံး စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် စိတ်ချ လက်ချ အနားယူနိုင်ခဲ့ပြီ မဟုတ်ပါလား။ သို့သော်လည်း ရဲရှောင်မှာမူ တစ်ညလုံး အလုပ်များလျက် ရှိနေလေသည်။ သူ၏ ကျန်ရှိနေသည့် ဒဏ်ရာများကို ကုသနေခြင်း ဖြစ်ပြီး ကုသ၍ အတော်ကို ခက်ခဲလျက် ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ပြန့်နှံ့နေပြီဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ချိန်ရခက်နေတာ ဖြစ်ပြီး သူ၏ အရိုးအတွင်းပိုင်းအတွင် ရှိနေသည့် ဒဏ်ရာများသည် အခက်ခဲဆုံးပင် ဖြစ်လေသည်။ ရဲရှောင်လည်း ရေခဲချီဓာတ်များကို ထုတ်ရင်း နည်းပေါင်းစုံဖြင့် ကြိုးစား၍ ကုသနေပြီး နောက်ဆုံးတွင် အားလုံးကို စွန့်ထုတ်နိုင်လိုက်ပါသည်။ အားအင်လည်း အတော်ကုန်ဆုံးသွားရပြီ ဖြစ်သလို ချွေးစေးများလည်း ထွက်လျက် ရှိနေလေသည်။
တစ်ညလုံး ဒဏ်ရာများကို ကုစားရင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့ခြင်း ဖြစ်လေ၏။
သူ့ကိုယ်ပိုင်အခန်းမှာမူ အိမ်တော်ထိန်းကြီးကြောင့် ပျက်ဆီးသွားခဲ့ရသည့် အတွက် ယခုအခါ ဧည့်သည်များ လာလျှင် နေသည့် အခန်းတွင်သာ ခေတ္တပြောင်းရွှေ့ နေထိုင်နေခြင်း ဖြစ်သည်။
“အရိုးပျော်ရိုက်ချက် အကြောင်းကို ငါတော်တော် နားလည်သွားခဲ့ပြီ။ တော်တော် ပြင်းတာပဲ . . .”
ရဲရှောင် သူ့လက်ထဲရှိ စွန့်ထုတ်လိုက်သည့် အေးစက်သော ယင်ချီဓာတ်များကို ကြည့်ရင်း ရေရွတ်လိုက်မိသည်။ သူ၏ ချီဓာတ်များဖြင့်ပင် ဖိနှိပ်၍ မရချင်သလိုပေ။
အသုံးမ၀င်သော်လည်း အဆိုပါ ချီဓာတ်များသာ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်း ရောက်ရှိ သွားမည် ဆိုပါက သေချာပေါက် သေဆုံးသွားရမည် ဖြစ်သည်။
ရဲရှောင် ထိုကဲ့သို့ စဉ်းစားလိုက်ရင်း မြေကြီးအား ခြေဖြင့် တစ်ချက် ဆောင့်ချလိုက်သည်။ မြေပြင်တွင် ချိုင့်ခွက်ကြီး ဖြစ်ပေါ်သွားပြီး သူ့လက်ထဲရှိ အေးစက်သော ယင်ချီဓာတ်များအား ချိုင့်ခွက် အတွင်းသို့ ပစ်ထည့်လိုက်ကာ သူ၏ ကိုယ်ပိုင် ချီဓာတ်များဖြင့် တွင်းအား ပြန်၍ ပိတ်ထားလိုက်သည်။ အဆိုပါ အန္တရာယ် ပေးနိုင်သော ချီဓာတ်များအား ဘယ်သောအခါမှ အပြင်ရောက်ခွင့် မပေးတော့ခြင်းပင် ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset