Chapter – 90
“ဒေါသထွက်နေသောအိမ်တော်ထိန်းကြီး”
ရဲရှောင်သည် အိမ်ရှေ့မင်းသား၏ နန်းတော်မှ ဇုဝူကျီ၊ လန်လန့်လန့်တို့နှင့် အတူ ရယ်မောရင်း ထွက်လာခဲ့၏။ ဘာမှ မဖြစ်ပျက်ခဲ့သလို အိမ်ကို ပြန်လာခဲ့ခြင်းပင် ဖြစ်သည်။
သူတို့ လမ်းမခွဲကြခင်တွင် ရဲရှောင်သည် လန်လန့်လန့်အား ဆေးလုံးတစ်လုံးကို ထုတ်ပေးခဲ့ပြီး –
“လန်လန် . . . ဒီဆေးလုံးကို ယူသွား၊ အိမ်ရောက်ရင် ရေနွေးနွေးမှာ အရည်ဖျော်ပြီး ၃ ခွက်ခွဲလိုက်၊ မနက် နေထွက်ချိန်တိုင်း တစ်ခွက်ကို မင်းမျက်နှာသစ်မဲ့ ရေနဲ့ရောပြီး မင်းခေါင်းကို ဆေးလိုက်၊ ၃ ရက်နေရင် မင်းရဲ့ အနာတွေ ပျောက်သွားလိမ့်မယ် . . .”
“တကယ်ကြီးလား . . .”
လန်လန့်လန့် အံ့သြတုန်လှုပ်ဟန်ဖြင့် မေးလိုက်သည်။
“ဒါက မင်းရဲ့ တစ်ဘ၀လုံးရဲ့ ရုပ်ရည်နဲ့ ဆိုင်တဲ့ ကိစ္စနော် ငါ့ကို နောက်နေတယ်များ ထင်နေတာ လား . . .”
ရဲရှောင် မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။
“ဟေး . . . ဟေး . . . တကယ်လို့ အလုပ်မဖြစ်ခဲ့ရင်တောင် တကယ် ကျေးဇူးတင်ပါတယ်ကွာ၊ ဒီအနာတွေက ငါ့ရဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကို ဖျက်ဆီးနေတာလေ။ မင်းမှန်တယ်၊ ဒါက င့ါတစ်ဘ၀လုံးနဲ့ ဆိုင်တဲ့ ကိစ္စတစ်ခုပဲ . . .”
လန်လန့်လန့် ဆေးလုံးအား အလျင်အမြန် ယူလိုက်ရင်း ပြောလိုက်သည်။ ဆက်လက်၍လည်း –
“မင်းတို့ နေခဲ့ကြတော့၊ ငါကတော့ အိမ်မြန်မြန် ပြန်လိုက်ဦးမယ်။ ငါ့မျက်နှာနဲ့ ခေါင်းကို ဆေးဖို့ မနက်ဖြန်ထိတောင် မစောင့်ချင်တော့ဘူးကွာ ဟားဟားဟား . . . ဒီအနာတွေ သုံးရက်တည်းနဲ့ အပျောက်ပဲ . . .”
လန်လန့်လန့် ပျော်ရွှင် မြူးထူးစွာဖြင့် ထွက်ခွာသွားလေ၏။
ဇုဝူကျီမှ အထင်သေးဟန်ဖြင့် –
“အနာတွေ မရှိရင်လည်း တော်တော် ကြည့်ကောင်းတဲ့ ရုပ်ဆိုတော့ . . . အဲဒါကိုများ သူ့ကိုယ်သူ ချောမောခန့်ညားတယ် ဆိုပဲ ဖွီ . . .”
“ငါလည်း ဘာမှ ပြောစရာ မရှိတော့ အိမ်ပြန်တော့မယ်။ ငါပထမတုန်းကတော့ မင်းတို့နဲ့အတူတူ သောက်ဦးမလားလို့ပဲ၊ အခုတော့ လန်လန့်လန့်ရဲ့ အပြုအမူကြောင်း ဖီးလ်အောက်သွားပြီကွာ . . .”
ထို့နောက် သူလည်း ထွက်ခွာ သွားလေ၏။
ရဲရှောင် ထို ၂ ယောက်လုံး ထွက်ခွာသွားသည့် အချိန်မှသာ သူ့မျက်နှာမှ အပြုံးများ ပျောက်ကွယ် သွားခဲ့သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဒေါသတွေ ထွက်နေမိလေ၏။
(အိမ်ရှေ့မင်းသားက ငါ့ကို လုပ်ကြံတာပဲ၊ ဘယ်လောက်တောင် ရက်စက်လိုက်သလဲ၊ တော်တော် အကြံပက်စက်တဲ့ ဟာတွေပါလား . . .)
ရဲရှောင် သူ၏ ရှေးဦး ခရမ်းရောင် ချီဓာတ်များအား လည်ပတ်စေလိုက်ရင်း ညမှောင်မှောင်တွင် အိမ်သို့ ပြန်ခဲ့လေ၏။
အိမ်တော်ထိန်းကြီးသည် သူ့ကိုမျှော်နေရှာပြီး သူပြန်ရောက်သည်နှင့် ချက်ချင်း ဆိုသလို –
“ဘယ်လိုလဲ၊ ဘာတွေ ဖြစ်ခဲ့ကြလဲ . . .”
ရဲရှောင် အနည်းငယ် တုံ့ဆိုင်းသွားဟန်ဖြင့် –
“ဘာမှ မဖြစ်ပါဘူး၊ လာပါ အထဲသွားကြမယ် . . .”
အိမ်တော်ထိန်းလည်း ရဲရှောင်နောက်မှ လိုက်လာရင်း စိတ်မရှည်နိုင်ဟန်ဖြင့် –
“ဘယ်လို ဘာမှ မဖြစ်တာလဲ၊ တကယ်ပဲ ဘာမှ မဖြစ်ခဲ့တာလား . . .”
ရဲရှောင် ပြုံးလိုက်ရင်း –
“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး၊ အိမ်ရှေ့မင်းသားက သူ့လူနဲ့ ကျုပ်ကို တိုက်ခိုက်ခိုင်းတယ် လေ၊ အဲဒီလူက အရိုးပျော်လက်ဝါး ရိုက်ချက် ၁၈ ချက်နဲ့ ကျုပ်ကို တိုက်ခိုက်ခဲ့တယ်။ ဒါပါပဲ . . .”
“ဘာ . . . အရိုးပျော် လက်ဝါးနဲ့ ၁၈ ချက် ဟုတ်လား . . .”
အိမ်တော်ထိန်းကြီး အံ့သြသွားသည်။
ထို့နောက် သူ၏ တစ်ကိုယ်လုံးမှ သွေးကြောကြီးများ ထောင်ထလာပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ အငွေ့အသက်များပင် ထွက်ပေါ်လာသလို စွမ်းအင်များ ထွက်ပေါ်လာလေသည်။ အဆိုပါ စွမ်းအင် လှိုင်းများကြောင့် ရဲရှောင်၏ အခန်းပင် လှုပ်ခါသလို ဖြစ်နေလေတော့၏။
အိမ်တော်ထိန်းကြီးမှာ ဒေါသများကြောင့် ပို၍ စွမ်းအင်များ ထွက်ပေါ်နေသလို ပါပင်။
ထို့နောက် အိမ်တော်ထိန်းကြီး တစ်ဖက်သို့ လှည့်လိုက်သည်။ ဒေါသတကြီး အော်သံကြီးဖြင့် –
“ငါ -ိုး မသားတွေ . . . ဒီညပဲ အိမ်ရှေ့မင်းသား နန်းတော်ကို အပြတ်ရှင်းပစ်မယ် . . .”
ရဲရှောင်လည်း အိမ်တော်ထိန်းကြီး၏ အပြုအမူကြောင့် ကမန်းကတမ်းဖြင့် –
“ခဏနေပါဦး . . . ဦးလေးဆောင် စိတ်ကို လျော့ပါ . . .”
“စိတ်လျော့ရမယ် ဟုတ်လား . . . ယီးကို စိတ်လျော့ရမှာလား . . .”
အိမ်တော်ထိန်းကြီး ဒေါသထွက်လွန်းသဖြင့် ခြေကိုပါ ဆောင့်ချ နေလေသည်။
“ငါတို့ဟာ ဒီသောက်ရေးမပါတဲ့ ချန်နိုင်ငံတော် အတွက် ပေးဆပ်ခဲ့ကြတယ်။ သောက်ရေးမပါလိုက် တာ . . . အစ်ကိုကြီးရဲ နဲ့ ကတိပေးထားတာသာ မရှိရင် ဒီမှာ နေစရာ အကြောင်းကို မရှိဘူး၊ တောက် . . . အခု ငါ့ရဲ့ အစ်ကိုကြီးက သူတို့နိုင်ငံတော်အတွက် နှစ် ၂၀ လုံးလုံး ငြိမ်းချမ်းအောင် စောင့်ကြပ်ပေးနေရ တယ်။ အခု ဒီမင်းသားက အရိုးပျော်လက်ဝါး ၁၈ ချက်နဲ့ ပြန်ပြီး ကျေးဇူး ဆပ်လိုက်တာလား၊ ငါ -ိုးမ ချန်ရွှမ်းရှန် ကလည်း ကိုယ့်သားကိုယ် နိုင်အောင် မဆုံးမနိုင်ဘူး . . .”
ချန်ရွှမ်းရှန် ဆိုသည်မှာ ချန်နိုင်ငံတော်၏ ဘုရင်မင်းမြတ် နာမည် ဖြစ်သည်။
ရဲရှောင် လေသံတီးတိုးဖြင့် –
“ဦးလေးဆောင် . . . အသံတိုးတိုးပြောပါဗျ၊ စိတ်ကို လျော့ထားစမ်းပါ . . . စိတ်မကြီးစမ်းပါနဲ့”
“စိတ်မကြီးရဘူး ဟုတ်လား . . .”
အိမ်တော်ထိန်းကြီး ဆောင်ဂျု ခြေကို ဆောင့်ချလိုက် ပြန်ရင်း မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် –
“ဒီအိမ်တော်မှာ အိမ်တော်ထိန်းအဖြစ် ငါတာဝန် ယူခဲ့တယ် ဆိုတာ မင်းဆိုတဲ့ သောက်ကလေးကို လုံခြုံစေချင်လို့ပဲ။ အခု မင်းက အရိုးပျော်ရိုက်ချက် ၁၈ ချက်နဲ့ တိုက်ခိုက် ခံလာရပြီး ငါ့ရှေ့မှာ လာရပ်နေ တယ်။ ငါ . . . ငါ . . . ငါက တကယ့် တာဝန်မကျေတဲ့ လူတစ်ယောက် ဖြစ်သွားပြီ၊ အဲဒီ မျိုးမစစ်အိမ်က အကုန်လုံးကို သတ်ကိုပစ်ဦးမယ်။ လူတိုင်းကို သူတို့အ၀င်ဝမှာ သတ်ပြီး ချိတ်ထားပြမယ်။ ဒီလိုမှ မဟုတ်ရင် လူတိုင်းက ငါ့ကို အားနည်းတဲ့ ငပေါကြီးလို့ ထင်ကြလိမ့်မယ် . . .”
ရဲရှောင် ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
(သူကတော့ စိတ်ကြီးပြီးရင်း စိတ်ကြီးနေပါလား . . . သူ့အိမ်ထဲက လူတွေကို သူ့အိမ်အ၀င်ဝမှာ ချိတ်ထားမယ်တဲ့၊ ဒီလိုသာဆို ဘုရင်မင်းမြတ်ရဲ့ သိက္ခာလည်း ကျဆင်းသွားမှာ သေချာတယ်။ အခုက ဘုရင့်သားတော်ကို လုပ်ချင်နေတာကိုး . . . မဖြစ်နိုင်လိုက်တာ . . .)
“ဦးလေးဆောင် . . . စိတ်အေးအေးထားပါဗျာ၊ ကျုပ်ပြောတာကို နားထောင် စမ်းပါဦး၊ ဘာလို့ ပြောနေတာကို အရင် နားမထောင် ရတာလဲ . . .”
ရဲရှောင် ဆောင်ဂျုအား ဆွဲခေါ်လာရင်း ဖရိုဖရဲ ဖြစ်နေသည့် အခန်းထဲ ထိုင်ခိုင်းလိုက်သည်။
တကယ်တော့ ဖရိုဖရဲ ဖြစ်နေသည်ထက် ပိုဆိုးသော ပျက်ဆီးနေသည့် အခန်းဆိုလျှင် ပို၍ မှန်ပေလိမ့်မည်။
အိမ်တော်ထိန်းကြီး၏ ဒေါသတကြီး အော်ဟစ်သံများကြောင့် သွေးသောက်ရဲမက် အစောင့်များသည်လည်း ကမန်းကတမ်းကို ရောက်ချလာကြသည်။ အပြင်ဘက်မှ နေ၍ –
“အဆင်ပြေကြရဲ့လား ခေါင်းဆောင်၊ သခင်လေး ဘာဖြစ်လာလို့လဲ . . .”
အိမ်တော်ထိန်းကြီးမှ ဘာမှ မပြောခင်မှာပဲ ရဲရှောင်မှ –
“ဘာမှ မဖြစ်ပါဘူး၊ အားလုံး အဆင်ပြေတယ်။ အိပ်ကြတော့၊ ခင်ဗျားတို့အားလုံး အေးဆေး ဆေးဆေး အနားယူကြပါ။ ကျုပ် ဦးလေးဆောင်နဲ့ စကားအေးဆေး ပြောချင်လို့ . . .”
အခန်းနံရံကြီးပင် ပြိုကျနေပြီး ထိုအခြေအနေကိုပင် အဆင်ပြေသည်ဟု ပြောလိုက်ခြင်း ဖြစ်၏။
အစောင့်များသည်လည်း မသွားချင်သည့် ပုံစံမျိုးဖြင့် စိတ်မချ ဖြစ်နေကြလေ၏။
ရဲရှောင် အိမ်တော်ထိန်းကြီးအား ဆွဲခေါ်လာရင်း အစောင့်များအား ချွေးသိပ်ရန် အလို့ငှာ ထွက်လာ လိုက်ပြီး အစောင့်များ၏ မျက်စိရှေ့မှာပင် အိမ်တော်ထိန်းကြီး၏ အခန်းရှိရာသို့ လျှောက်သွားကြသည်။
ရဲရှောင်တို့ အခန်းထဲမှ ထွက်လာပြီးသည့် အချိန်တွင် “ဘုန်း” ဟူသော အသံကြီးနှင့်အတူ အခန်း တစ်ခုလုံး ပြိုကျသွားပါတော့သည်။
လေပင်ဟပ်သွားသဖြင့် ရဲရှောင် ခပ်မြန်မြန် ရှောင်တိမ်း လိုက်ရလေ၏။ အိမ်တော်ထိန်းကြီးမှ တစ်ချက် လှည့်ကြည့်လိုက်သော်လည်း ဘာမှ မဖြစ်သလို အမူအယာဖြင့်ပင် မျက်နှာသေ အနေအထားဖြင့် ရှိနေလေတော့၏။
ရဲရှောင် စိတ်ထဲတွင်တော့ ရယ်ချင်သလို ဖြစ်နေမိသည်။ လေသံတီးတိုးဖြင့် –
“ဦးလေးဆောင် တစ်ချက်လှည့်ကြည့်လိုက်ရုံနဲ့ အခန်းတစ်ခုလုံးတောင် ပြိုသွားရတယ်။ ၂ ချက်သာ ကြည့်မယ်ဆို တောင်တွေပြို မြစ်တွေကိုပါ ပြောင်းပြန် စီးဆင်စေနိုင်လောက်မယ်။ ၃ ကြိမ် ဆိုရင်တော့ သရဲတစ္ဆေမကောင်းဆိုးဝါးတွေ လန့်ပြီး ထွက်ပြေးလောက်မယ် ထင်တယ်။ ၄ ကြိမ် . . .”
အိမ်တော်ထိန်းကြီးမှ ကြားဖြတ်၍ –
“တော်တော့ . . . သုံးကြိမ်ဆို တော်ပြီပေါ့၊ အင်း . . . ငါပြန်ရောက်တာနဲ့ စာရေးပြီး မင်းအဖေကို ဆက်သွယ် အကြောင်းကြားရလိမ့်မယ်။ တတ်နိုင်သမျှ မြန်မြန် ပြန်လာဖို့ပေါ့၊ သူပြန်လာမှသာ ဒီအရိုးပျော် လက်ဝါးရိုက်ချက်က ရတဲ့ ဒဏ်ရာကို ကုစားနိုင်မဲ့ အခွင့်အရေး ရှိနိုင်လိမ့်မယ်။ အချိန်မီမယ်လို့တော့ မျှော်လင့်တာပဲ . . .”
ရဲရှောင် ပါးစပ် အဟောင်းသား ဖြစ်သွားမိသည်။ သူ့စိတ်ထဲ ဦးလေးဆောင်ကိုလည်း အလွန် ချစ်စရာကောင်းသည်ဟု တွေးလိုက်မိ၏။ သူ့ကို တကယ်စိုးရိမ်၍ ဂရုစိုက်သော သစ္စာရှိကြီးပင် မဟုတ်ပါလား။
သူ့အဖေ၏ အစွမ်းကလည်း ပေါ့သေးသေးတော့ မဟုတ်ဘူး ဆိုတာကို ရဲရှောင် သဘောပေါက် လိုက်မိပါသည်။ ယခုကဲ့သို့ အရိုးပျော်လက်ဝါးရိုက်ချက်အား ကုသနိုင်စွမ်း ရှိပြီ ဆိုကတည်းက ကျင့်ကြံမှု လမ်းစဉ်တွင် အတော်ခရီးရောက်နေ၍သာ ဖြစ်နိုင်ပေသည်။ အနည်းဆုံးတော့ ကွမ်ဇန်ဝမ်ထက် သာမည်မှာ သေချာပေသည်။
အိမ်တော်ထိန်းကြီး၏ အခန်းတွင်းသို့ ရောက်သောအခါ ရဲရှောင်မှ –
“ဦးလေးဆောင် . . . သေချာနားထောင်ပါ။ ဒီကိစ္စကို အဖေလည်း သိစရာ မလိုဘူး။ ဒီအရိုးပျော် ရိုက်ချက်က ကျုပ်အပေါ် အသက်ရောက်မှု မဖြစ်ဘူးဗျ။ ဘာမှ မဖြစ်ဘူး . . .”
အိမ်တော်ထိန်းကြီး မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း စိုးရိမ်ဟန်ဖြင့် –
“ရှောင်လေး . . . ဒီကိစ္စက နောက်စရာ မဟုတ်ဘူးနော်၊ အရိုးပျော် ရိုက်ချက်ဆိုတာ ဘာလဲ ဆိုတာ မင်းသေချာရော သိလို့လား၊ အရမ်းကို ပြင်းထန် ရက်စက်တဲ့ တိုက်ကွက်နော် . . . ယင်စွမ်းအားကို အပြည့်အ၀ အသုံးပြုပြီးတော့ လူကို နာကျင်အောင် လုပ်တာ။ ဒီရိုက်ချက်နဲ့ အရိုက်ခံရရင် အရိုက်ခံရတဲ့ လူက ခံရမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။ အေး သူ့ကိုယ်သူ သိလိုက်ရတဲ့ အချိန်မှာလည်း သူ့အရိုးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က မရှိတော့ဘူး၊ အဲဒီအချိန်ဆို ကုစားလို့လည်း မမီတော့ဘူးလေ။ မင်းဒဏ်ရာကို အချိန်မီ မကုသနိုင်ရင် တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်သွားမှာကို စိုးရိမ်မိတယ်။ လူတွေ ပြောပြောနေကြတဲ့ တစစီ ဖြစ်သွားမယ်ဆိုတာ အရိုးပျော်လက်ဝါးရိုက်ချက်ကြောင့် ဖြစ်တာက စတာပဲ”
“သိတယ်၊ ကျုပ်သိပါတယ် . . .
ရဲရှောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။ ဆက်လက်၍ –
“ဦးလေးဆောင် . . . အမှန်တိုင်း ပြောရရင် ဒီနေ့ အိမ်ရှေ့မင်းသား နန်းတော်ကို သွားရင်း သူ့ကို သတ်ပြီး ထွက်ပြေးလာမယ် လို့တောင် တွေးထားခဲ့တာဗျ။ သူတို့ကလည်း ကျုပ်ကို ဘာမှ အတင်းအကြပ် လုပ်ဝံ့မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ကျုပ် ဒီအတွေးကို စွန့်လွှတ်လိုက်တယ် . . .”
“ကျုပ်တို့က မြို့တော်ထဲမှာ လုပ်ချင်သလို လုပ်လို့ မရနိုင်ဘူးလေ . . .”
ရဲရှောင် ပြတင်းပေါက်မှတဆင့် အပြင်ဘက်ကို ငေးရင်း ပြောလိုက်သည်။ ဆက်လက်၍လည်း –
“ကျုပ်တို့အနေနဲ့ တော်ဝင်အင်အားစုနဲ့ ရင်ဆိုင်တဲ့ အခါမှာ ကိုယ်ကိုယ်ကိုယ် အရမ်း မာန်တက် နေလို့ မရဘူး၊ နိုင်နိုင်ခြေကလည်း နည်းတယ်လေ . . .”
“ကျုပ်တို့ရဲ့ အိမ်တော်မှာ သွေးသောက် ရဲမက်တွေ အများကြီး ရှိတယ်။ သူတို့အားလုံး ကျုပ်ကြောင့် သေသွားနိုင်တယ်ဗျ . . .”
ရဲရှောင် ပြုံးလျက် ပြောလိုက်သည်။ ဆက်လက်၍ –
“ကျုပ်အတွက်နဲ့ ဒေါသထွက်ပြီး ခင်ဗျားတို့အားလုံး ဒုက္ခရောက်မှာကို မလိုလားဘူး . . .”
“အဲဒါကြောင့် ကျုပ်တစ်ခု စဉ်းစားမိခဲ့တယ် . . .”
အိမ်တော်ထိန်းကြီးသည် နှုတ်ခမ်းများ တဆတ်ဆတ် တုန်လျက် တိတ်တဆိတ် နားထောင် နေမိသည်။ သူ၏ ပေါက်ကွဲထွက်နေသည့် စိတ်ကို လျော့ချနိုင်ရန် ကြိုးစားနေပုံပါပင်။
“အဲဒါကြောင့် သူတို့ရဲ့ အကြံအစည်တွေကို ရိပ်မိတဲ့ အချိန် သူတို့ဟာ တကယ်ပဲ အကြံအစည် တွေရှိနေတယ် ဆိုတာကို သိလိုက်ရတဲ့အပြင် သူတို့တွေ ကြောက်နေတယ် ဆိုတာကိုပါ တွေ့လိုက်ရ တယ်။ အဲဒါကြောင့် သူတို့ဟာ ကျုပ်ရဲ့ အသက်ကို ယူနိုင်ဖို့အတွက် လူမသိနိုင်တဲ့ တိုက်ကွက် တစ်ခုနဲ့ တိုက်ခိုက်မယ်လို့ ကြံစည်ထားတယ်လို့ ကျုပ်သိလိုက်တယ် . . .”
ရဲရှောင် လက်ချောင်း ၆ ချောင်း ထောင်ပြလိုက်ပြီး –
“အဲဒီလို လူမသိအောင် တိုက်နိုင်တဲ့ တိုက်ကွက် ၆ ခုကတော့ အရိုးပျော်လက်ဝါးရိုက်ချက်၊ တိမ်တိုက်လက်သီး၊ ယင်ဓာတ်လေတိုက်ကွက်၊ ရေခဲငွေ့အလင်း တိုက်ကွက်၊ လက်ချောင်းထိုး တိုက်ကွက်နဲ့ မရဏတိုက်ကွက် တွေပဲ ဖြစ်တယ် . . .”
“ကမ္ဘာကြီး တစ်ခုလုံးမှာ ဒီတိုက်ကွက်တွေကပဲ ကျုပ်ရဲ့ အသက်ကို လူမသိ သူမသိ ယူနိုင်မှာ ဖြစ်ပြီးတော့ အသံတိတ် သတ်နိုင်သွားမှာပေါ့ . . .”
ရဲရှောင် ပြုံးလျက်ပင် ပြောလိုက်၏။
အိမ်တော်ထိန်းကြီးသည် အံ့သြလွန်း၍ ဘာပြောရမှန်းပင် မသိတော့ချေ။
အဘယ်ကြောင့်ဆိုသော် ထိုတိုက်ကွက် ၆ ကွက်ထဲမှ ၄ ကွက်ကိုသာ သူသိထားခြင်း ဖြစ်ပါသည်။
မော်တယ်ကမ္ဘာကြီး တစ်ခုလုံးတွင်သာမက မော်တယ်ကမ္ဘာအထက်ရှိ နယ်ပယ်များမှာပင် သူသိတာထက် ပိုသိမည့် လူဆိုတာ လက်တစ်ဆုပ်စာပင် မရှိဟု ယုံကြည်ထားခဲ့တာ ဖြစ်၏။
သို့သော် ရဲရှောင်သည် တိုက်ကွက် ၆ ကွက်လုံးအား ရင်းနှီးကျွမ်းဝင်နေဟန်ဖြင့် ရှင်းလင်းပြ နေလေ၏။
“အင်း . . . ဒါနဲ့ ရေခဲငွေ့အလင်း တိုက်ကွက်နဲ့ မရဏ တိုက်ကွက်ဆိုတာ ဘာတွေလဲ . . .”
အိမ်တော်ထိန်းကြီး မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
“မင်းက အိမ်တော်ထဲမှာပဲ တစ်သက်လုံး နေခဲ့တာ၊ နောက်မင်း ကယ်တင်ပေးခဲ့တဲ့ လူကြီး ဆိုတာကလည်း မင်းကို သင်ပေးနိုင်မှ တစ်ကွက် နှစ်ကွက်လောက်ပေါ့။ ဒီကျင့်စဉ်တိုက်ကွက်တွေကို မင်း ဘယ်လိုဖြစ်ပြီး သိနေရတာလဲ။ ငါမသိတဲ့ လျို့ဝှက်ကျင့်စဉ်တွေကိုတောင် သိနေတာပါလား . . .”
အိမ်တော်ထိန်းကြီး မယုံကြည်နိုင်ဟန်ဖြင့် ဆက်လက် ပြောဆို လိုက်ပါတော့သည် . . .။