Chapter – 32
သူများလုပ်ရပ်ကြောင့် ထိခိုက်ခံစားရသည်ကို လိမ်လိမ်မာမာဖြင့် သည်းခံခြင်းသည် ချူဖုန်း၏ အကျင့်မဟုတ်ချေ။
သူ့အတွက် အခြားသူက ကြိုတင်ချမှတ်ပေးသော သေဆုံးနည်းဖြင့် အသက်ဆုံးရှုံးရခြင်းသည် ရှက်ဖို့ကောင်းသလို ကျက်သရေလည်းမရှိသည်ဖြစ်သည်။ ဓာတ်လိုက်သေခြင်း သို့ ကျောက်မီးသွေးတုံးအဖြစ် မီးရှို့ခံရခြင်းတို့မှာ နာကျင်သည်ထက် ပို၍ ရှက်ဖွယ်ကောင်းလှသည်။
သူသာ နွားနတ်ဆိုးလက်ဝှေ့ထိုးနည်းပုံစံကို မတတ်ကျွမ်းခဲ့လျှင် ထိုကဲ့သို့ အဖြစ်ဆိုးဖြင့် အသက်ဆုံးရှုံးရမည် ဖြစ်သည်။
နောက်ဆုံးတွင် ဖုန်းခေါ်ဆိုမှုကို ကိုင်လိုက်ပြီ၊ အမျိုးသမီးတစ်ဦး၏အသံ ကြားရသည်။
မြောက်ပိုင်းကြယ်များဖြင့် တောက်ပနေသည့် ကောင်းကင်အောက်တွင် ချူဖုန်းသည် တိတ်ဆိတ်ပြီး လူရှင်းသည့် သစ်ခွတောအုပ်ထဲတွင် ရပ်လျက်ရှိသည်။ တစ်ဖက်က ဖုန်းပြောနေသူမှာ လင်းနွိုင်မဟုတ်ကြောင်း သိရသည့်အခါ သူ့မျက်နှာအမူအရာပြောင်းသွားသည်။ သူ့ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်ဖြစ်၍ လင်းနွိုင်၏ ဆွဲဆောင်မှုရှိသော အသံမဟုတ်ကြောင်း သူသေသေချာချာ ပြောနိုင်သည်။
သူဖုန်းနံပါတ် မှားဆက်မိသလား။ သူခေါင်းငုတ်ကာ သူခေါ်လိုက်သည့် ဖုန်းနံပါတ်ကို သေချာပြန်ကြည့်လေသည်။ ဖုန်းနံပါတ်မှာ လုံးဝမမှားချေ။
“ကျွန်တော် လင်းနွိုင်နဲ့ ဖုန်းပြောချင်လို့” သူ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ချူဖုန်းလား၊ တိုင်ဟန်တောင်တန်းမှာ နေတဲ့တစ်ယောက်” တစ်ဖက်ရှိ အမျိုးသမီးသည် ဖုန်းပေါ်တွင် ပေါ်သော နာမည်ကို တွေ့သွား၍ သူဖြစ်ကြောင်း သေချာသိသွားသည်။
“ဟုတ်တယ်” ချူဖုန်း ပြန်ဖြေလိုက်သည်။
“ရှင်က ချင်းရန်ရွာမှာ နေတာလား၊ အဲ့နားမြို့က လူသွားလူလာနည်းပြီး အပြင်ကမ္ဘာကြီးနဲ့ သီးခြားဖြစ်နေပေမယ့် အဲ့နေရာက ငါအခုနေနေတဲ့နေရာထက် ပိုကောင်းတယ်ဆိုတာ သိတယ်၊ စီးပွားရေးနည်းနည်းဖြစ်ထွန်းတဲ့ ငါတို့ ကျန်းနင်မြို့ကို အေးဆေး ကျော်လွှားနိုင်တယ်” အမျိုးသမီးသည် ဘာကိုမျှ မမှုပဲ ပြောသည်။
ချူဖုန်း မျက်မှောင်ကြုတ်သွားသည်။ ဒီအမျိုးသမီးက ဘာကို ပြောချင်နေတာလဲ။ ပြီးတော့ သူမက ဘယ်သူလဲ။ သူမပြောသောစကားများမှာ ဘာအကြောင်းအရာကို ပြောဆိုချင်မှန်း မသိရသော်လည်း ထိုစကားနောက်တွင် သွယ်ဝိုက်သော အကြောင်းအရင်း ရှိလိမ့်မည်ဟု သူသေချာသိသည်။
ချင်းရန်ရွာသည် တိုင်ဟန်တောင်တန်း၏ အောက်ခြေတွင်ရှိသည့် မြို့ငယ်လေးတစ်ခုသာဖြစ်သည်။ ကျန်းနန်မြို့သည် ကြီးမားသော မြို့ပြတစ်ခုဖြစ်သည်။ စွမ်းအားနှင့် ဘုန်းတန်ခိုးကြီးသော ကြွယ်ဝချမ်းသာသည့် မြို့ကြီးဖြစ်သည်။ ဤမြို့သည် ယန်ထျန်မြစ်တောင်ပိုင်းရှိဒေသများ၏ အချက်အချာကျသောမြို့အဖြစ် သတ်မှတ်ထားသည်။
ဤကဲ့သို့ မြို့၂မြို့ကို ဘေးချင်းကပ်ယှဥ်ကြည့်လျှင် အဆမတန်ကွာခြားမှုရှိကြောင်း သိနိုင်သည်။ ထိုမြို့၂ခုမှာ ကမ္ဘာခြားသကဲ့သို့ ရှိသည်၊ ထို့ကြောင့် ထိုအမျိုးသမီးသည် အသိစိတ်ပုံမှန်ရှိသူဆိုလျှင် ချူဖုန်းကို တစ်ခုခုပြောဆိုချင်တာဖြစ်ရမည်။
ချူဖုန်းသည် ငြိမ်ငြိမ်သာ နေနေသည်။ သူသည် လင်းနွိုင်ဖြင့် စကားပြောလိုကြောင်း ထပ်မံ သတိပေးလိုက်သည်။
“နွိုင်က ခုတလော အလုပ်များနေတယ်၊ ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုမှာ သူအာရုံစိုက်ရမယ့် ကိစ္စတွေ အများကြီးပဲ၊ သူနဲ့တကယ်ခင်တဲ့သူတွေဆို သူအလုပ်ရှုပ်နေမှန်းသိလို့ မနှောင့်ယှက်ကြဘူး” အမျိုးသမီး၏အသံမှာ ညှင်ညှင်သာသာပဲဖြစ်သည်။
ချူုဖုန်းသည် တစ်ဖက်ရှိအမျိုးသမီးက ထက်မြက်သွက်လက်ခြင်းကြောင့် လန့်သွားသည်။ သူမသည် နူးညံ့ညှင်သာစွာဖြင့် ပုံမှန်ပြောသော်လည်း သူမသုံးသည့် စကားလုံးတိုင်းတွင် ပိုလေးနက်သော အဓိပ္ပာယ်ပါဝင်သည်။ ထိုစကားများ၏ အစစ်အမှန်အဓိပ္ပာယ်သို့ ဘာသာပြန်ကာ ဆုံးဖြတ်ခြင်းသည် နားထောင်သူ၏ လွတ်လပ်မှုပင်ဖြစ်သည်။
ထိုညှင်သာသော စကားလုံးများမှတစ်ဆင့် အမျိုးသမီးသည် လင်းနွိုင်၏ရာထူးကို သိသာစေရုံမက ချူဖုန်းသည် လင်းနွိုင်၏ ခင်မင်မှုအသိုင်းအဝိုင်းအတွင်း မရှိကြောင်းကို ထောက်ပြကာ သူသည် သူမအတွက် ဘာမှမဟုတ်ကြောင်း ပြောရင်း အရှက်ခွဲလိုက်သည်။ ထိုနူးညံ့ညှင်သာသော စကားများနောက်ကွယ်တွင် စူးရှပြီး အထင်သေးသော အဓိပ္ပာယ်များရှိနေသည်။
ဤအမျိုးသမီးမှာ လင်းနွိုင်နှင့် ခင်မင်ရင်းနှီးသူဖြစ်ရမည်ဟု ချူဖုန်းကောက်ချက်ချလိုက်သည်၊ မဟုတ်လျှင် နွိုင်၏ဖုန်းသည် သူမလက်ထဲတွင် မရှိနိုင်ချေ။
ချူဖုန်းသည် ထိုအမျိုးသမီး၏စကားကို မငြင်းဆိုချေ၊ နောက်ကျနေပြီဖြစ်သည့်ညဘက်တွင် အနှောင့်အယှက်ပေးမိ၍ တောင်းပန်ကြောင်း တည်ငြိမ်စွာပြောပြီးနောက် ဖုန်းချလိုက်သည်။
နောက်တစ်ခေါက်မှ ပြန်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအခါကျ သူရင်းနှီးသည့် ရည်းစားဟောင်း၏အသံကို ဖုန်း၏တခြားတစ်ဖက်တွင် ကြားကောင်းကြားနိုင်သည်။
သို့သော် သူခုနက ဘယ်သူနှင့် စကားပြောလိုက်တာလဲ၊ ပြီးတော့ ထိုအမျိုးသမီးက လင်းနွိုင်နှင့်ဘယ်လို ပတ်သတ်မှုရှိလဲစသည်ဖြင့် မေးခွန်းများ ထွက်လာသည်။
သူမအသံကိုနားထောင်၍ အသက်မှန်းရန် ခက်ခဲသည်။ အသက်၂၀ထဲတွင် ရှိသည့် မိန်းမငယ်လေးဖြစ်နိုင်သလို အသက်၄၀ကျော်ရှိသည့် အလယ်အလတ်အမျိုးသမီးတစ်ဦးလည်း ဖြစ်နိုင်သည်။
ချူုဖုန်းသည် နောက်တစ်နာရီအကြာ လင်းနွိုင်၏ဖုန်းနံပါတ်ကို ထပ်ခေါ်လိုက်သည်။
ဒီတစ်ခါ အမျိုးသမီးတစ်ဦး၏ ပျင်းရိသောအသံကို ကြားရသည်။ ဆွဲဆောင်မှုရှိသော အသံဖြစ်ပေမယ့် လေးနက်မှုမရှိသောအသံလည်းဖြစ်သည်။ “ဘာလို့ ထပ်ဆက်နေတာလဲ”
ရှေ့တစ်ခေါက်က အမျိုးသမီးပင်ဖြစ်သည်။
“ရှင် လင်းနွိုင်ကို ထပ်မဆက်သွယ်ရင် ကောင်းလိမ့်မယ်၊ ကျွန်မပြောသလို သူမအားဘူး၊ ရှင်နဲ့ပြောဖို့အချိန်မရှိဘူး၊ ပြီးတော့ နောက်ဆုံးအနေနဲ့ ရှင့်ကို အကြံတစ်ခုပေးမယ်၊ ယောက်ျားဆိုတာ စည်းသိရတယ်၊ သူဘယ်သူလဲ၊ သူဘာတတ်နိုင်လဲဆိုတာ သေသေချာချာသိဖို့ လိုအပ်တယ်၊ ဒီလောကမှာ လူတိုင်းအတွက် သတ်မှတ်ထားတဲ့ စည်းတွေရှိတယ်၊ တစ်ခါတစ်လေ ကိုယ့်အဆင့်ကိုယ်သိပြီး စည်းမကျော်တာကောင်းမယ်” ဒီတစ်ခါ အမျိုးသမီးသည် ရှင်းရှင်းလင်းလင်းပြောလိုက်သည်။ သူမအသံထဲတွင် မောက်မာခြင်းကို ခံစားရသည်။
“ခင်ဗျားအထင်လွဲနေပြီ၊ ကျွန်တော် သူ့နဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ရှင်းရမယ့်ကိစ္စရှိလို့၊ ခင်ဗျား ကျွန်တော့်ကို သတ်မှတ်ထားတဲ့ စည်းဆိုလားဘာလားကို ကျော်ဖို့ စိတ်ကူးမရှိဘူး” ချူဖုန်း၏အသံမှာ တည်တည်ငြိမ်ငြိမ်ပင် ဖြစ်သည်။
“ရှင်မပတ်သတ်သင့်တဲ့အရာတွေ အများကြီးရှိတယ်၊ မဟုတ်ရင် အဆုံးသတ်မကောင်းဘူး၊ နားလည်းလား၊ လူ့အသိုင်းအဝိုင်းရဲ့ အောက်ခြေလူတန်းစားတစ်ယောက်အနေနဲ့ ရိုးရိုးသားသားနဲ့ အေးအေးချမ်းချမ်းနေတာ ကောင်းလိမ့်မယ်၊ ချင်းရန်ရွာက ရှင်နဲ့ကွက်တိပဲ၊ သေးပြီး ဆင်းရဲတယ်၊ ဒါက ရှင့်ကို ကွက်တိဖော်ပြနေတာပဲ မဟုတ်လား၊ ဒါကြောင့် ကိုယ်ရှိသင့်တဲ့နေရာမှာပဲ နေ” အမျိုးသမီး၏အသံသည် အေးစက်ကာ စိတ်မဝင်စားတော့ပုံ ပေါက်သည်။ သူမသည် စိတ်မရှည်တော့ချေ။ သူမ၏စကားများမှာ မညှင်သာတော့ချေ။
“ကြည့်ရတာ ငါတို့ အချင်းချင်း အထင်လွဲနေတယ်နဲ့တူတယ်…”
“မဟုတ်ဘူး အထင်လွဲစရာ ဘာမှမရှိဘူး၊ ပြီးတော့ ကျွန်မရှင့်ကို သေချာပြောမယ်၊ လင်းနွိုင်နဲ့ ဝေးဝေးနေ၊ သူ့မှာ သူ့ဘဝနဲ့သူရှိတယ်၊ ရှင့်မှာကောပဲ၊ ရှင်တို့၂ယောက်လုံးက မတူညီတဲ့ကမ္ဘာတစ်ခုစီမှာ ရှိတာ၊ အဲ့တော့ ကိုယ့်အဆင့်ကိုယ်သိပြီး စည်းစောင့်တာကောင်းမယ်၊ အကယ်၍ သူနဲ့ ဆက်ပတ်သတ်နေရင် ရှင်ကိုယ်တိုင်တောင် မသိပဲနဲ့ မတော်တဆသေသွားနိုင်တယ်၊ ကျွန်မအခုပြောနေတာကို နားလည်မှာ မဟုတ်ပေမယ့် မကြာခင် နားလည်လာလိမ့်မယ်” အမျိုးသမီး၏အသံမှာ အေးစက်သွားသည်။
ချူဖုန်းသည် ထိုအမျိုးသမီး၏စကားကို ကြားပြီး တွေဝေသွားသည်၊ သို့သော် ဂရုမစိုက်သလို ပြုမူသည်။ “အမ် တကယ်တော့ ခင်ဗျား အိုဗာဖြစ်နေတယ်လို့ ထင်တယ်၊ ကျွန်တော် လင်းနွိုင်ကို ခေါ်တာက ထူးဆန်းတဲ့အဖြစ်အပျက်အကြောင်း မေးချင်လို့”
“အိုဟုတ်လား ဘာအဖြစ်အပျက်လဲ၊ ကျွန်မကို ပြောပြလို့ရတယ်၊ ပြီးရင် သူ့ကို ပြန်ပြောပြပေးမယ်” အမျိုးသမီးသည် အနည်းငယ် အံ့သြသွားပုံ ရသည်။
“ဧရာမလင်းနို့တစ်ကောင်က ကျွန်တော့်ခြံဝင်းရှေ့မှာ ပြုတ်ကျသေနေတယ်၊ သူ့တစ်ကိုယ်လုံး သွေးတွေနဲ့” သူသည် ဒီနေရာမှာ ရပ်ပြီး တစ်ဖက်လူ၏ တုန့်ပြန်မှုကို စိတ်ရှည်ရှည်စောင့်ဆိုင်းလျက်ရှိသည်။
ထင်ထားသည့်အတိုင်း အမျိုးသမီးသည် အလွန်အံ့သြသွားသည်။ သူမ၏ ကုတင်ပေါ်မှ ဆင်းကာ ထို့နောက် အသံမကြားရတော့ချေ။
အချိန်ခဏကြာပြီးနောက် ထိုအမျိုးသမီးသည် အာရုံစုစည်းပြီး စိတ်ပြန်ထိန်းချုပ်လိုက်သည်။ “ရှင်ပြောချင်တာက ဒီအကြောင်းလား၊ ပျင်းစရာကြီး”
“အဲ့လင်းနို့က ဒဏ်ရာအပြင်းအထန်ရထားပုံပဲ၊ ကျွန်တော် သူ့ကို ရက်ရက်ရောရော ကူညီဖို့ ကမ်းလှမ်းပေမယ့် သူက ကျွန်တော့်ကို တစ်ချိန်လုံး စိမ်းကားနေတယ်၊ ဒီလိုအပြုအမူမျိုးက သူက ဒိမ်ဒီလုပ်ငန်းစုကလူဆိုတာ ထင်ရတယ်၊ ဒါမှမဟုတ် ခင်ဗျားနဲ့ ပတ်သတ်မှုရှိလောက်တယ်မလား” ချူဖုန်းသည် တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
ဖုန်း၏အခြားတစ်ဖက်တွင် ခဏတာ တိတ်ဆိတ်မှု ဖြစ်သွားပြီးနောက် ထိုအမျိုးသမီးသည် ညှင်သာသောလေသံဖြင့် ပြောလေသည်။ “သူက ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုနဲ့ ပတ်သတ်မှတော့ သူ့ကို ကျွန်မတို့ကိုယ်စား ဂရုစိုက်ပေးဖို့ တောင်းဆိုလို့ရမလား၊ သူအသက်ရှင်သေးအောင် လုပ်ပေးပါ”
ချူဖုန်း၏မျက်လုံးများ အေးစက်သွားသည်။ ဤအမျိုးသမီးသည် လင်းနို့လူသားကို သိနေသည်။
“ဘာလို့ သူ့ကိုကူညီဖို့က ကျွန်တော့်အလုပ်လိုမျိုး ပြောနေတာလဲ၊ သူဘာကြောင့်ဒဏ်ရာရလဲ ကျွန်တော်မသိပေမယ့် သူက ကျွန်တော့်အပေါ် စိမ်းကားတယ်၊ ကျွန်တော့်ကိုတောင် သတ်တော့မယ်လို့ ခံစားနေရတယ်”
“ရှင်…” အမျိုးသမီးသည် ဒေါသထွက်လာသည်။ ချူဖုန်းက ထိုလူကို ကူညီရန်အတွက် သူမ၏အပေါ်စီးဆန်သော အပြောအဆိုကို လေးစားသောအပြောအဆိုဖြင့် ပြောင်းလဲပြောဆိုရန်လိုအပ်ကြောင်း သူမသိသည်။ ဒါက သူမကို စိတ်တိုစေခြင်း ဖြစ်သည်။
“ကျွန်မ ရှင့်ကို သတိပေးမယ်၊ သူတစ်ခုခုဖြစ်လို့ရတော့ ရှင်အသေဆိုးနဲ့ သေလိမ့်မယ်လို့ ကျွန်မအာမခံတယ်” အမျိုးသမီးသည် ခြိမ်းခြောက်သော အသံဖြင့် ပြောလိုက်သည်။
ထိုအမျိုးသမီး၏ အပြုအမူကိုကြည့်လျှင် ဟိုလူသည် သူတို့အဖွဲ့၏ အတော်ဆုံးတိုက်ခိုက်သမားများထဲက တစ်ယောက်ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ ထိုလူသည် သူတို့အဖွဲ့က စတေးလိုသည့် နောက်လိုက်မဟုတ်ကြောင်း သူသေချာသိလိုက်ရသည်။
“သူ့ရဲ့ ကျန်းမာရေးက ငါ့အပူမဟုတ်ဘူး၊ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်ရတာ သူ နောက်ထပ် ၁ရက် ၂ရက်ပဲ ခံတော့မှာ” ချူဖုန်းသည် ခြံဝင်းထဲတွင် မေ့မျောနေသည့် ဟို၂ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။
“သူ့ကို လာခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်၊ ရှင် သူ့ဒဏ်ရာတွေကို ဆေးထည့်ပြီး ရှင်းပေးဖို့ပဲ လိုတယ်” အမျိုးသမီးသည် အေးစက်စွာ တောင်းဆိုပြီး ဖုန်းချလိုက်သည်။
ချူဖုန်းသည် ဖုန်းဘေးချလိုက်ပြီး ပြုံးလိုက်သည်။ သူခုနက ဖုန်းပြောဆိုခြင်းမှ ရရှိသည့် အချက်အလက်များကို အခြေခံပြီး ထိုအဖွဲ့၏ အမှန်တကယ်အင်အားကို မှန်းဆလိုက်သည် : ကြောက်စရာမလိုဘူးပဲ။
သူသည် သံကွင်းဆက်ကို ယူလာပြီး ဟို၂ယောက်ကို တင်းတင်းချည်ကာ ခြံဝင်းအပြင်ရှိ ညနေစောင်းလေတွင် ထုတ်ထားသည်။ ထိုလူ၂ယောက် မထွက်ပြေးနိုင်ကြောင်း စစ်ဆေးပြီးနောက် သူ့အခန်းထဲဝင်ကာ အိပ်လေသည်။
ကျန်ရှိသည့်ညတာမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။
ချူဖုန်းနှင့်နွားဝါတို့ ဗိုက်တင်းအောင် စားသောက်ပြီးသော နောက်နေ့မွန်းတည့်ချိန်အထိ မည်သူမျှ လာမရှာချေ။ ထို့နောက် လူတစ်ယောက်သည် ယဥ်ကျေးမှုဝတ်တရားများကို လျစ်လျူရှုကာ ပိုင်ရှင်၏ခွင့်ပြုချက်မရှိပဲ ခြံဝင်းအတွင်းသို့ အတင်းဝင်လာသည်။
“မင်းက ချူဖုန်းလား၊ လူဘယ်မှာလဲ” အသက်၃၀ကျော်ရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ နေလောင်၍ မဲနေသည့် သူ့ပါးပြင်ပေါ်တွင် နီရဲနေသည်။ ခန္ဓာကိုယ်မှာ အသင့်အတင့်ရှိသော်လည်း သန်စွမ်းပုံပေါက်သည်။ သူ့မျက်လုံးအတွင်းရှိ အကြည့်မှာ လွှမ်းမိုးပြီး ကြမ်းကြုတ်သည်။
“ကျွန်တော်က ချူဖုန်းပါ၊ ဟိုမှာ ကြည့်လိုက်၊ ဟိုလူက ခင်ဗျားရှာနေတဲ့သူလား” ချူဖုန်းသည် ခြံဝင်း၏ အစွန်းရှိနံရံထောင့်ကို ကြည့်ရန် ညွှန်ပြလိုက်သည်။
ထိုလူသည် ဆင့်ကဲပြောင်းလဲပြီးသူ၂ယောက်ကို ဝက်သေတစ်တွဲကဲ့သို့ အတူတူ ချည်နှောင်ထားသည်ကို တွေ့လိုက်သည်။ သူတို့၏အဝတ်များမှာ သွေးများစိုရွှဲလျက်ရှိပြီး သတိပြန်မရသေးချေ။ ထိုယောကျ်ားသည် ဟိုလူ၂ယောက်၏ ပုံစံကိုမြင်ပြီး သနားသွားသည်။ ချူဖုန်းကို ပြန်လှည့်ကြည့်သည့်အခါ သူ့မျက်လုံးများသည် အေးစက်လာသည်။
“ငါ့ကို အပြစ်တင်လို့မရဘူး၊ သူက ဒဏ်ရာရနေတာတောင် ငါ့ကို အချိန်မရွေးသတ်တော့မယ့် သွေးအေးလူသတ်သမားလို ပြုမူနေတာ၊ အဲ့တော့ ငါလည်း ကြောက်ကြောက်နဲ့ သူတို့ကို သံကြိုးနဲ့ တုပ်ထားရတာ” ချူဖုန်းသည် အပြစ်ကင်းပြီး ထိခိုက်လိုစိတ်မရှိကြောင်း ပြောလေသည်။
“ကောင်းပြီ၊ ငါ သူတို့ကို ခေါ်သွားမယ်၊ ပြီးရင် မင်းကျတော့ မတော်တဆမီးလောင်မှုနဲ့ သေသွားတယ်” ထိုလူလတ်ပိုင်းလူကြီးသည် စကားပြောမဆုံးသေးခင် ချူဖုန်းကို လက်သီးဖြင့်ထိုးလေသည်။ သူသည် ချူဖုန်း၏နားထင်ကို ထိုးလိုက်သည်၊ တစ်ချက်တည်းဖြင့် ချက်ကောင်းထိကာ သေစေလိုကြောင်း သိသာသည်။
ချူဖုန်း၏ မျက်နှာသည် အေးစက်သွားသည်။ သူသည် မြေကြီးပေါ်တွင် ရပ်ကာ လက်သီးစုပ်ပြီး အံကြိတ်လိုက်သည်။ ထို့နောက် စိတ်တိုမှုဖြင့် ထိုလူ၏ လက်သီးကို ညီမျှသော အစွမ်းအားဖြင့် ခုခံလိုက်သည်။
“အား…”
လူလတ်ပိုင်းလူကြီး၏ ခန္ဓာကိုယ်မှာ လေထဲသို့ လွင့်သွား၍ စူးရှကျယ်လောင်စွာ အော်လိုက်သည်။ သူ့လက်သီးများမှာ ဆိုးရွားစွာ ဒဏ်ရာရသွားသည်။ သူ့လက်မောင်းများမှာလည်း အပြင်းအထန်ဒဏ်ရာရသွားပြီး ၂ခုလုံး ကွေးလိမ်သွားသည်။
“မင်း…မင်းက တကယ်သာမန်လူသားမဟုတ်ဘူးပဲ” သူ စိတ်တိုတိုဖြင့် ပြောလေသည်။ “ပစ်ကြ”
ချက်ချင်းဆိုသလိုပင် အသံတိတ်သေနတ်များကိုင်ထားသော အုပ်စုတစ်စုသည် ခြံဝင်း၏ ဘေးနှစ်ဖက်ဆီမှ ရုတ်တရက်ပေါ်လာသည်။ သူတို့၏ သေနတ်အားလုံးမှာ ချူဖုန်းကို ချိန်ထားပြီး မရပ်မနား ပစ်လေသည်။
သို့သော် ချူဖုန်း၏ သဘာဝလွန်အစွမ်းက အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်၍ ရုတ်တရက်ပေါ်လာသော ဘေးအန္တရာယ်ကို ရှောင်လွှားလိုက်နိုင်သည်။ အလင်း၏နှုန်းကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ခုန်ကာကျော်လွှားကာဖြင့် ခြံဝင်းနံရံကို ကျော်သွားပြီး သစ်ခွတောအုပ်ထဲသို့ ပြေးသွားသည်။
အစပိုင်းတွင် သေနတ်ပစ်သူများ၏ မျက်နှာပေါ်တွင် အံ့သြသောအကြည့်ဖြင့် တိတ်ဆိတ်နေကြပြီးနောက် ရုတ်တရက် ချူဖုန်းသည် သူတို့၏နောက်ကျောဘက်မှ ပြန်ဝင်လာကာ တုန့်ဆိုင်းမှုမရှိပဲ သူ၏အားကြီးသော လက်သီးများဖြင့် ထိုအသုံးမကျသော လုပ်ကြံသမားများ၏ ဦးခေါင်းခွံနှင့်ကျောရိုးများကို ဆွဲထိုးလိုက်သည်။ ဆက်တိုက်ထိုးနှက်ပြီးနောက် သေနတ်သမား၄ယောက်လုံးသည် လေထဲသို့ လွင့်သွားကာ ကွန်ကရစ်မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်၊ သွေးများအန်ထွက်ရင်း သူတို့၏မျက်လုံးများမှာ ငါးသေတစ်ကောင်၏မျက်လုံးများကဲ့သို့ ဖြစ်သွားသည်။
“မင်း…”
လူလတ်ပိုင်းလူကြီးမှာ အံ့အားသင့်သွားသည်။ ရုတ်တရက် သူ့ပါးစပ်မှ တောက်ပသောအလင်းတန်းတစ်ခု ထွက်လာသည်။ ပင့်ကူတစ်ကောင်ကဲ့သို့ ချူဖုန်းထံ အဖြူရောင်ပိုးမျှင်များ ထုတ်လုပ်လိုက်သည်။
ချူဖုန်းသည် ထိုပိုးမျှင်တန်းများကို အေးဆေးရှောင်လိုက်နိုင်သည်၊ သို့သော် ထိုလူ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ဖောင်းကားလာသည်။ သူ့ခန္ဓာကိုယ်သည် တုန်ခါလာပြီးနောက် ရုတ်တရက် ပင့်ကူခြေချောင်းများစွာက သူ့ကိုယ်ဘေးမှ ထွက်လာသည်။ ထိုခြေချောင်းများမှာ မဲနက်ပြီး မာတောင့်ကာ သတ္တုမှုန်များဖြင့် တောက်ပလျက်ရှိသည်။
အခု သူသည် ဧရာမပင့်ကူတစ်ကောင်ပုံစံရှိသွားပြီဖြစ်သည်။ သူ့ပါးစပ်အတွင်းမှ ပိုးချည်မျှင်များ အန်ထွက်ကာ အရှိန်မြန်မြန်ဖြင့် ချူဖုန်းဆီသို့ လာနေသည်။ ထိုခြေချောင်းမဲများသည် မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်ထားသည်။
အုန်း!
လေထု တုန်ခါသွားပြီး ဧရာမပင့်ကူလူသားကြီးသည် ပြေးလာနေသည်။ သူ၏ခြေချောင်းများမှာ မာတောင့်ပြီး ဖြောင့်တန်းကာ ချူဖုန်း၏ ခန္ဓာကိုယ်တည့်တည့်ဆီသို့ ထိုးလိုက်သည်။ ထိုခြေချောင်းများသည် အေရီစစ်နတ်ဘုရား၏ လှံများကဲ့သို့ ချွန်ထက်သည်။
ဂလုန့်!
ကံမကောင်းစွာဖြင့် နွားမဲသည် တစ်ချိန်တည်းထွက်ပေါ်လာပြီး ပင့်ကူ၏သတ္တုကဲ့သို့ ခြေချောင်းများကို အလွယ်တကူ ချိုးလိုက်သည်။ ချူဖုန်းသည် လက်သီးစုပ်ကာ ပင့်ကူ၏ရင်ဘတ်ကို ထိုးလိုက်ကာ ထိုလူ၏ နှလုံးအထိ ထိုးဖောက်သွားသည်။ ထို့နောက် ပင့်ကူ၏ ဒဏ်ရာရသွားသည့် ခန္ဓာကိုယ်မှ လက်သီးကို ပြန်ဆွဲထုတ်လိုက်ကာ အပေါ်ကြီးတစ်ပေါက်ကျန်ခဲ့ကာ သွေးများ စီးထွက်လာသည်။
လူလတ်ပိုင်းလူကြီးမှာ ပြုတ်ကျလာပြီး နာကျင်စွာအော်မြည်နေသည်။ ပြင်းထန်သည့် ဒဏ်ရာကြောင့် ထိုလူကြီးမှာ ကွန်ကရစ်မြေကြီးပေါ်တွင် နာကျင်စွာ ညည်းတွားနေသည်။
ချူဖုန်းသည် သူတို့ကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ့ကို ဟို၂ယောက်ဖြင့် အတူတူ ချည်နှောင်ထားလိုက်သည်။
“နွားဝါ သူတို့ကို ရှေးဟောင်းတောင်တွေထဲ သွားပစ်ပြီး တောရိုင်းကောင်တွေကို အစာကျွေးလိုက်” ချူဖုန်း ပြောလိုက်သည်။
နွားဝါသည် သူ့ကို ကျောပေးလိုက်သည်၊ သူမလုပ်ချင်ဘူးဟူသော အဓိပ္ပာယ်ကို ပြနေသည်။
“ဟိုအမျိုးသမီးနဲ့ လင်းနို့အတောင်ပံပါတဲ့ ယောကျ်ားက မနေ့ညက မင်းရဲ့တွင်းကို သွားတူးပြီးလို့ မင်းရဲ့ လျှို့ဝှက်ချက်အကုန် သိသွားပြီ” ချူဖုန်းပြောလိုက်သည်။
ချူဖုန်း၏စကားမှာ နွားဝါကို ချက်ချင်း ဒေါသထွက်သွားစေသည်။ သူ့မျက်လုံးထဲရှိ ဒေါသကြောင့် သူ့သွေးများ အေးစက်သွားသည်။ သူ၏ အလျှို့ဝှက်ဆုံးသော ကိစ္စကို သူစိမ်းလူက သိသွားသည်ကို ကြားသိလိုက်ရသောအခါ ဒေါသထွက်၍ အမွေးများထောင်လာသည်။ စိတ်တိုလွန်း၍ ခုန်ဆွခုန်ဆွလုပ်နေသည်။
“ငါ့ကို စိတ်မဆိုးနဲ့၊ မင်းတွင်းကိုဖုံးထားတဲ့ မြေကြီးကို တူးလိုက်တယ်၊ မယုံရင် သူတို့ကို သွားစစ်မေးလို့ရတယ်၊ စဥ်းစားကြည့် ဟိုအမျိုးသမီးက မင်းကို မြင်တုန်းက ဘာလို့ ဆက်တိုက်ပျို့အန်နေလဲဆိုတာ” ချူဖုန်း ပြောလိုက်သည်။
ထူးဆန်းစွာဖြင့် နွားဝါ၏မျက်နှာသည် အရောင်ပြောင်းနေသည်၊ အနီရောင်မှ ခရမ်းရောင်သန်းသွားသည်။ သူ၏လျှို့ဝှက်ချက်ပေါ်သွားသည်ကို သိရသည့် နွားဝါသည် အရှက်ရကာ ဒေါသထွက်နေသည်။
နောက်ဆုံးတွင် ချူဖုန်း၏ အကူအညီဖြင့် နွားဝါသည် ထို၃ယောက်ကို တစ်တန်းထဲ ချည်နှောင်ပြီးနောက် တုန့်ဆိုင်းခြင်းမရှိပဲ တောင်နက်ပိုင်းသို့ ဆွဲခေါ်သွားသည်။
သူပြန်လာသည့်အခါ ချူဖုန်းသည် ထိုလူ၃ယောက် ဘယ်လိုဖြစ်သွားကြောင်း မေးလေသည်။
နွားဝါသည် ဒေါသမထွက်တော့ပဲ စိတ်တည်ငြိမ်သွားပုံပေါ်သည်။ သူ၏မျက်လုံးကို ရှေ့ခြေထောက်တစ်ဖက်ဖြင့် ဖုံးအုပ်ကာ ၃ ၄ချက်အော်မြည်လိုက်သည်။ ဒါသည် တောင်ထဲရှိမြင်ကွင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်လွန်း၍ သူတောင် ရပ်မကြည့်နိုင်ဘူးဟု အဓိပ္ပာယ်ရသည်။
ချူဖုန်းသည် နွားဝါ၏ စာနာသနားနေမှုကို ကြည့်ပြီး စကားမဲ့သွားသည်။ ထို၃ယောက်ကို အခုလိုအဆုံးသတ်အောင် နွားပေါက်ကိုယ်တိုင်ပို့လိုက်ခြင်းဖြစ်ပြီး အခု နွားပေါက်သည် မျက်ရည်ကျနေသည်။
ညဘက်တွင် ချူဖုန်းသည် ရေချိုးပြီးနောက် စိတ်ဝင်စားဖွယ်ကောင်းသော စာအုပ်တစ်အုပ်ကို ဖတ်နေသည်။
ဒီတစ်ခါ သူသည် လင်းနွိုင်ကော ထိုအမျိုးသမီးဆီကိုကော မဆက်သွယ်ပါ။
သိပ်မကြာခင် ဖုန်းမြည်လာသည်။ ဟိုအမျိုးသမီးဆီမှ လာသောဖုန်းဖြစ်သည်။ သူသည် အသံမြည်နေသောဖုန်းကို လျစ်လျူရှုကာ စာအုပ်ကို ဆက်ဖတ်လျက်ရှိသည်။
တစ်အောင့်နေသော် ဖုန်းထပ်မြည်ပြန်သည်။ သူကိုင်လိုက်သည်။
ထင်ထားသည့်အတိုင်း ထိုအမျိုးသမီးပင် ဖြစ်သည်။ သူမသည် အသံကျယ်ကျယ်ဖြင့် လင်းနို့လူသားကို ခေါ်ရန်လွှတ်လိုက်သော လူအကြောင်းမေးလေသည်။ သူမသည် ထိုလူ၏ ရုပ်အသွင်အပြင်ကို ဖော်ပြကာ ဤပုံစံအသွင်အပြင်ရှိသည့်လူကို တွေ့မိလားမေးသည်။
“ဟုတ်တယ် ဟုတ်တယ်၊ ကျွန်တော် တွေ့လိုက်တယ်၊ ဒါပေမဲ့ မိစ္ဆာကောင်လိုမျိုးပုံပေါက်တဲ့ လူတစ်ဝက် ပင့်ကူတစ်ဝက်ပုံရှိတယ်၊ သူက ကောင်းကင်ပေါ်ကနေ ကျွန်တော့်ခြံဝင်းအရှေ့ကို ပြုတ်ကျလာပြီး သေတော့မလိုဖြစ်သွားတယ်” ချူဖုန်းသည် သေချာစွာ ပြန်ဖြေလိုက်သည်။
အပိုင်း ၃၂ ပြီး၏။