အခန်း (၅၈၂) အနန္တကပ်ဘေးသားတော်၊ မိတ်ဆွေဟောင်း လာလည်ခြင်း
ခရမ်းရောင် မိုးကောင်ကင်နန်းတော်မှာ ဖန်းလျန်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဖန်းလျန်က သူ့ကို ရှာတွေ့သွားပြီလို့ ထင်လိုက်ပေမဲ့ ရုပ်သွင်တစ်ခုကို ဟန်ကျွယ်ကို ဖြတ်ပြီး ဖန်းလန်ဆီ လျှောက်သွားပါတယ်။
ဟန်ကျွယ် သေချာကြည့်လိုက်တဲ့အခါ သူ့ကို ဖြတ်သွားတဲ့လူက ကောင်းကင်အရှင်ရွှမ်တု ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ရှေ့ဆက်လျှောက်သွားပြီး ဖန်းလျန်ရှေ့မှာ ဒူးထောက်လိုက်ပါတယ် “တာအိုဘိုးဘေးကို အရိုအသေပြုပါတယ်”
ဖန်းလျန်က ခံစားချက်ကင်းမဲ့တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “ဘယ်လိုလဲ”
ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေပါတယ် “ကျွန်တော် အဲဒီပဋိပက္ခ နတ်ဘီလူးကို ရှာတွေ့ထားပါပြီ၊ သူ့ကို ကောင်းကင်တာအိုထဲ ထည့်ပြီး အနန္တကပ်ဘေးသားတော်နဲ့ အချိန်မရွေး တိုက်ခိုင်းလို့ရပါတယ်”
“ကောင်းပြီ… အနန္တကပ်ဘေးသားတော် တာအိုပညာရှိအတုအဆင့်ကို ရောက်တာနဲ့ အဲဒီပဋိပက္ခ နတ်ဘီလူးကို လွှတ်ပေးလိုက်”
“ကျွန်တော် နားလည်ပါပြီ”
ဟန်ကျွယ်ဟာ သိချင်စိတ် ပြင်းပြသွားပါတယ် ‘ပဋိပက္ခနတ်ဘီလူးကို လွှတ်မယ်… အနန္တကပ်ဘေးသားတော်…’
အကြောင်းအရင်းတချို့ကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုပြောတဲ့ ပဋိပက္ခ နတ်ဘီလူးက ဟန်ထော်ဖြစ်လိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။
ပုံရိပ်ယောင် ပြီးဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ ချက်ချင်းပဲ စနစ်ကို ထပ်မေးလိုက်ပါတယ် “အနန္တကပ်ဘေးသားတော်က ဘယ်သူလဲ”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ယီတျန်: အင်မော်တယ်ဧကရာဇ် ပထမအဆင့်၊ ကောင်းကင်တာအို သားတော်၊ ပဋိပက္ခ နတ်ဘီလူး၊ ကောင်းကင်တာအို ရွေးချယ်ထားသော မဟာကံတရား အထောက်အပံ့အား သယ်ဆောင်သူ ဖြစ်ပြီး အင်မော်တယ်ကမ္ဘာအား စုစည်းရန်တာဝန်ကို ထမ်းဆောင်ထားသူ ဖြစ်သည်။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘တော်သေးတယ်… ငါ့သား မဟုတ်လို့… ဒီအတိုင်းဆို ဖန်းလျန်က တိတ်ဆိတ်ဂိုဏ်းကို ပစ်မှတ်မထားပုံပဲ၊ မဆိုးဘူး…’
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ကာ စတင်ကျင့်ကြံလိုက်ပါတယ်။
အချိန်ဟာ ပုံမှန်ကုန်ဆုံးပြီး အင်မော်တယ်ကမ္ဘာဟာ တစ်နေ့တစ်ခြား ပြောင်းလဲလျက်ရှိပါတယ်။ မကြာမကြာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပေါ်လာတဲ့အတွက် အင်မော်တယ်ကမ္ဘာဟာ ပိုပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။
တာအိုပညာရှိတွေရဲ့ ဒဏ္ဍာရီကလည်း ပိုပြီးတော့ ဝေဝါးလာပြီး လီတောက်ခုံး၊ ရှီတုတောက်၊ ဂျိရှင်းရှန်၊ ကျန်းတုကူး၊ ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်၊ အရှေ့ပင်လယ်ရဲ့ နဂါးဘုရင်၊ ရှန်ဝေဗုဒ္ဓနဲ့ တခြားစွမ်းအားကြီး ပုဂ္ဂိုလ်တွေဟာ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ သက်ရှိတွေရဲ့ အာရုံစိုက်စရာ ဖြစ်လာပါတယ်။
ဟန်ထော်ကတော့ ယီတျန်နဲ့ ဆက်ဆံရေးကောင်း ရှိပေမဲ့ သိုသိုသိပ်သိပ် နေတဲ့အတွက် သိပ်ပြီးတော့ နာမည်မကြီးပါဘူး။
ဒီနေ့မှာတော့ ကျိုးဖန် ပြန်ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကျိုးဖန်ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ ရွှေ့လိုက်ပါတယ်။ အဲဒီနောက် ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်တဲ့အခါမှာ ၁,၇၂၀ နှစ် ကုန်ဆုံးသွားပြီဆိုတာကို သိလိုက်ရပါတယ်။
ကျိုးဖန် ပြန်လာတာက ကိုယ်ပိုင်တပည့်တွေကို စုဝေးသွားစေပြီး ဖူစန်းသစ်ပင်အောက်မှာ စည်စည်ကားကား ဖြစ်သွားစေပါတယ်။
ဟန်ကျွယ်ကတော့ ကျိုးဖန်ကို ဂရုမစိုက်ဘဲ စာစောင်တွေကိုသာ စစ်ဆေးလိုက်ပါတယ်။
[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်တာအိုမူလ စွမ်းအားနှင့် ပေါင်းစပ်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ ကောင်းကင်အရှင်ဝူဖာသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဧကရာဇ်ရှောင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် တပည့်သစ် စုဆောင်းသောကြောင့် ကျယ်ကျောင်းတော်၏ ကံတရား အထောက်အပံ့ တိုးတက်ပြီး သူ့ကျင့်ကြံမှုလည်း များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် ရှေးဟောင်းကပ်ဘေးသခင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ရှီတုတောက်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ လီရွှမ်အောက်သည် သင့်မိတ်ဆွေ ကျန်းတုကူး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
သူ့မိတ်ဆွေတွေရဲ့ ကျင့်ကြံမှုက မြင့်မားလွန်းတဲ့အတွက် အကြိမ်ထောင်သောင်းချီ တိုက်ခိုက်ခံရတာကို မြင်တွေ့ရဖို့ မလွယ်တော့ပါဘူး။ စွမ်းအားကြီးပုဂ္ဂိုလ်တွေ တိုက်ခိုက်ကြရင် အမြဲတမ်း တစ်ဦးချင်း တိုက်ကြတာပါ။ ဒီလိုအဆင့်မျိုးမှာ ပူးပေါင်းတိုက်ခိုက်တာက အရမ်းကို ရှားပါးပါတယ်။
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ လက်တလော အခြေအနေကို စိတ်ဝင်စားသွားပါတယ်။ ဟွမ်ဇွမ်တျန်က ကျယ်ကျောင်းတော် အင်အားကြီးလာအောင် စတင်ကြိုးစားတဲ့အတွက် သူ့ကံတရား အထောက်အပံ့လည်း တိုးတက်လာပြီး ကျင့်ကြံမှု တိုးသွားတာဖြစ်ပါတယ်။
ဟန်ကျွယ် သိသလောက်ဆိုရင် ဟွမ်ဇွမ်တျန်က စီမံမှုထက် အတွင်းကြိတ်ပြီး ယှဉ်ပြိုင်ရတာနဲ့ပဲ သင့်တော်ပါတယ်။ ဒါကြောင့် ကျယ်ကျောင်းတော် မကြာခင် တစ်ခုခုဖြစ်တော့မှာပါ။
ဟိုးအရင်တုန်းက ဟွမ်ဇွမ်တျန်ရဲ့ဂိုဏ်းဟာ ဟန်ကျွယ်ရဲ့ ခြေထောက်အောင် သက်ဆင်းခဲ့ရပြီး ဟန်ကျွယ်ရဲ့ ပြိုင်ဘက်ကင်းလမ်းစဉ်မှာ ခြေနင်းကျောက်ပြားတစ်ပြား ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျယ်ကျောင်းတော်ရဲ့ ကပ်ဘေးက ဟန်ကျယ်နဲ့ ဘာမှမဆိုင်ပါဘူး။
လေးငါးဆယ်ရက် အကြာမှာတော့ ကျိုးဖန်ဟာ ဟန်ကျွယ်ဆီ လာလည်ပါတယ်။
ဟန်ကျွယ်ဟာ ကျိုးဖန်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့် ပြုလိုက်ပါတယ်။
ဟန်ကျွယ်ကို ဦးညွှတ် အရိုအသေပေးပြီးတာနဲ့ ကျိုးဖန်က ပြောလိုက်ပါတယ် “ဆရာသခင်… ပဋိပက္ခမြို့မှာ အဆုံးသတ်အပျက်စီး နတ်ဘုံကို သွားနိုင်တဲ့ အစီအမံပေါ်တယ်တစ်ခု ပေါ်လာတယ်၊ တခြားဂိုဏ်းတွေကလည်း သူတို့တပည့်တွေကို ပို့လိုက်ကြပြီ၊ တိတ်ဆိတ်ဂိုဏ်းက အဆုံးသတ်အပျက်အစီး နတ်ဘုံမှာ နောက်ခံမရှိဘူး၊ ဒါပေမဲ့ တာအိုပညာရှိတွေက ကျွန်တော်ဆီ ဖိတ်စာပို့ထားတယ်၊ သူတို့ပြောတာတော့ အဆုံးသတ်အပျက်အစီး နတ်ဘုံမှာရှိတဲ့ တာအိုစက်ကွင်းက တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေကို လက်ခံပြီး မဟာတာအိုကို သုံးသပ်နားလည်ဖို့ ကူညီပေးမယ်တဲ့”
“ဒီကိစ္စက ကိစ္စကြီးဆိုတော့ ကျွန်တော်လည်း အလျင်စလို မဆုံးဖြတ်ရဲဘဲ ဆရာသခင်ကို ပြန်လာမေးတာပါ”
ဟန်ကျွယ်က မေးလိုက်ပါတယ် “အနန္တကမ္ဘာမြင်ကွင်းကနေ ဘာလို့ မပြောတာလဲ”
ကျိုးဖန်ဟာ ပြုံးဖြဲဖြဲ ဖြစ်သွားပါတယ် “ကျွန်တော် ပြန်လာပြီး နားချင်လို့ပါ၊ ပဋိပက္ခမြို့က တကယ်ကို ပျင်းဖို့ကောင်းတယ်၊ ဂိုဏ်းအသီးသီးရဲ့ တပည့်တွေကို အပေါ်ယံမှာ သဟဇာတဖြစ်တယ်လို့ ထင်ရပေမဲ့ အချင်းချင်း မျက်ခြေမပြတ်ခံကြဘူး”
“ပဋိပက္ခမြို့က အရမ်းအရေးကြီးတယ်၊ မင်း အချိန်တစ်ခုအထိ အနားယူပြီးတာနဲ့ ပြန်သွားရလိမ့်မယ်”
“ကျွန်တော်နားလည်ပါတယ်၊ အဆုံးသတ်အပျက်အစီး နတ်ဘုံရဲ့ တာအိုစက်ကွင်းကိစ္စကရော…”
“ငြင်းလိုက်… ငါ့ရဲ့တိတ်ဆိတ်ဂိုဏ်းက ကောင်းကင်တာအိုမှာပဲ နေမှာ၊ အဆုံးသတ်အပျက်အစီး နတ်ဘုံရဲ့ ကိစ္စတွေနဲ့ ဝင်ပတ်သက်မှာ မဟုတ်ဘူး”
“ကြာရင် အင်အားချင်း ကွာမသွားနိုင်ဘူးလား”
“ဟမ်… အဲဒီလောက် လွယ်နေရင် သူတို့တွေ ဘေးအန္တရာယ်ကျတဲ့အချိန်မှာ အဆုံးအသတ်အပျက်အစီး နတ်ဘုံမှာရှိတဲ့ သူတို့နောက်ခံတွေကို ဘာလို့ မလှုပ်ရှားကြတာလဲ”
“ဆရာသခင် ဆိုလိုချင်တာက…”
“မင်းသွားလို့ ရပြီ”
“ဟုတ်ကဲ့ပါ”
ကျိုးဖန်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲကနေ ထွက်ခွာသွားပါတယ်။ တာအိုဘုံကျောင်း အပြင်ကို လမ်းလျှောက်ထွက်ပြီးနောက် ကျိုးဖန်ဟာ အဆုံးအသတ်အပျက်အစီးရဲ့ နတ်ဘုံကို တွေးနေတုန်းပါ။ အဲဒီနောက် ကျိုးဖန်ဟာ ကျန်းကျွယ်ကို တွေ့သွားပါတယ်။
‘ငါက တကယ်ကို မဆိုင်တာတွေ စဉ်းစားနေတာပဲ၊ ငါက ငါ့ဆရာသခင်ရဲ့ နောက်ခံကိုတောင် မသိဘဲနဲ့ ဘာလို့ စိုးရိမ်နေရမှာလဲ’ ကျိုးဖန်ဟာ ခေါင်းခါပြီး ရယ်မိလိုက်ပါတယ်။ အဲဒီနောက် အတွေးတွေကို ခေါင်းထဲက ရှင်းထုတ်ပစ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျိုးဖန်ဟာ ဟန်ကျွယ်ကို ယုံကြည်ပါတယ်။
လေးငါးခြောက်လ အကြာမှာတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို နောက်ထပ်ဧည့်သည်တစ်ဦး ထပ်ရောက်လာပါတယ်။
“ဟန်ကျွယ် ဒီမှာရှိလား….”
ဒီဧည့်သည်ဟာ ချောက်ကမ်းပါးစွန်းမှာရပ်ပြီး အော်မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။
ဒီဧည့်သည်က ဟန်ကျွယ်ရဲ့ မိတ်ဆွေဟောင်းကြီး ကျန်းကူရှင်းပါ။ ကျန်းကူရှင်းဟာ တစ်ခါတုန်းက ရှန်နန်းတော်ရဲ့ ပါရမီရှင်တစ်ပါး ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဓားတာအိုမြစ်ကို စောင့်ကြပ်ရင်း ဟန်ကျွယ်နဲ့ တွေ့ဆုံခဲ့ပြီး ဟန်ကျွယ်ရဲ့ အစ်ကိုအဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။
အတိတ်ကို ပြန်တွေးပြီးနောက် ဟန်ကျွယ်ဟာ ကျန်းကူရှင်းကို တာအိုဘုံကျောင်းထဲ တစ်ခါတည်း ရွှေ့လိုက်ပါတယ်။
ကျန်းကူရှင်းက မူလဆန်းကြယ် နတ်စွမ်းအားတစ်ပါးပဲ ရှိတဲ့အတွက် ဟန်ကျွယ်မျက်လုံးထဲမှာ ပုရွက်ဆိတ်တစ်ကောင်နဲ့ ဘာမှမခြားနားပါဘူး။ ခြားနားချက်တစ်ချက်က ဒီပုရွက်ဆိတ်ကို အရင်က မြင်ဖူးရုံတင်ပါ။
အရင်တစ်ခေါက်တုန်းက ဟန်ကျွယ်ဟာ ကျန်းကူရှင်းကို ကယ်တင်ဖို့အတွက် ကျန်းကူရှင်းရဲ့ ရန်သူကို သေအောင် ကျိန်စာတိုက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့တင် ကျန်းကူရှင်းရဲ့ ကျေးဇူးကို အကုန်ပြန်ဆပ်ပြီးရာ ရောက်ပါတယ်။ ဟန်ကျွယ် ကျန်းကူရှင်းကို လက်ခံတွေ့ဆုံတာက ကျန်းကူရှင်းဟာ ဟန်ထော်ကို ဂရုစိုက်ထားလို့ပါ။
ကျန်းကူရှင်းဟာ ဟန်ကျွယ်ကိုမြင်တဲ့အခါမှာ မှင်သက်သွားပါတယ်။
ဟန်ကျွယ်ကလည်း ကျန်းကူရှင်းကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပါတယ်။ နှစ်သောင်းချီ ကြာပြီးတဲ့နောက်မှာတော့ ကျန်းကူရှင်းဟာ ပိုအိုလာပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်အနေနဲ့ ကျန်းကူရှင်းကို အစ်ကိုလို့ ခေါ်လို့ မရတော့ပါဘူး။ ကျန်းကူရှင်းကလည်း ဒီလိုခေါ်တာကို ခံနိုင်မှာ မဟုတ်ပါဘူး။
ကျန်းကူရှင်းဟာ သတိပြန်ဝင်လာပြီး ရှုပ်ထွေးတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “အနန္တကုသိုလ်ရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အရိုအသေပေးပါတယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်လာပါတယ် “ဘာလို့ ငါ့ကို ဦးညွှတ်နေတာလဲ၊ ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား”
ဟန်ကျွယ်ဟာ ကျန်းကူရှင်းအကြောင်းကို တွက်ချက်ကြည့်လို ရနိုင်ပေမဲ့ ဒီလိုလုပ်ဖို့ မလိုဘူးလို့ ခံစားရတဲ့အတွက် မတွက်တာပါ။ တချို့အရာတွေက အလွယ်တကူလုပ်လို့ရပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အရာအားလုံးကို သိနေတာက ပျင်းဖို့ကောင်းပါတယ်။
ကျန်းကူရှင်းဟာ မချိုပြုံးပြုံးလိုက်ပါတယ် “အဆင်မပြေပါဘူး၊ အဲဒါကြောင့် ကျွန်တော် တာအိုပညာရှိကို လာရှာတာ၊ အမှန်အတိုင်းပြောရရင် ကျွန်တော် မိတ်ဆွေဟောင်းတွေဆီက အကူအညီ မတောင်းချင်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်မှာ ရွေးချယ်စရာ မရှိတာကြောင့် တာအိုပညာရှိကို လာရှာရတာပါ”
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ကျန်းကူရှင်းထိုင်ဖို့ ကော်ဇောတစ်ချပ်ကို ဖန်တီးပေးလိုက်ပါတယ်။ ကျန်းကူရှင်းဟာ ကော်ဇောပေါ်ထိုင်ပြီး သူ့အခက်အခဲတွေကို စပြောပါတယ်။
ကျန်းကူရှင်းဟာ ရှန်နန်းတော်ကို ပြန်ဖန်တီးချင်တာဖြစ်ပြီး ဟန်ထော်၊ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်နဲ့ တခြားအရည်အချင်းရှိတဲ့လူတွေကို ဖိတ်ခေါ်ပြီးပါပြီ။ ဒါပေမဲ့ ကျန်းကူရှင်း ကံတရား အထောက်အပံ့ဂိုဏ်းကို ဖန်တီးတိုင်း တာအိုပညာရှိတွေရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို ဟန့်တားမှုကြောင့် တစ်ခါမှ မအောင်မြင်ခဲ့ပါဘူး။
ဟန်ထော်နဲ့ ပတ်သက်လို့ ကျန်းကူရှင်းဟာ ဘာကိုမှ မဖုံးကွယ်ပါဘူး။ ဟန်ထော်က ဟန်ကျွယ်ရဲ့ သားဆိုတာကို ခန့်မှန်းမိလို့ ကျန်းကူရှင်းကို ဟန်ထော်ကို ဓားတာအို ဆန်းကြယ်စွမ်းအား သင်ပေးတဲ့အပြင် အသက်ကိုပဲ ကယ်တင်ပေးတာပါ။ ဟန်ထော်က သူ့အဖေရဲ့ သရုပ်မှန်ကို မသိတဲ့အတွက် ကျန်းကူရှင်းကလည်း ထုတ်မပြောပါဘူး။
ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ရှန်နန်းတော်ထဲ ဝင်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဒါပေမဲ့ သေချာတွေးကြည့်ရင် ဒီကိစ္စက ဟန်ထော်ကြောင့် ဖြစ်နိုင်ပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ဟန်ကျွယ် ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့သူပါ။ ကျန်းကူရှင်းတောင် ဟန်ထော်ရဲ့ သရုပ်မှန်ကို ခန့်မှန်းနိုင်ရင် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ဘယ်လိုလုပ်ပြီး မခန့်မှန်းနိုင်ဘဲ နေမှာလဲ။
ဒါ့အပြင် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ရှန်နန်းတော်ကို အသုံးပြုပြီး အင်မော်တယ်ကမ္ဘာထဲ ပေါ်ပေါ်ထင်ထင် ဝင်ရောက်ကာ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ချင်တာလည်း ပါမှာပါ။
ဟန်ကျွယ်ဟာ လက်ချောင်းတွေသုံးပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ ကျန်းကူရှင်းကို ရှန်နန်းတော် ပြန်မတည်ထောင်ဖြစ်အောင် ဟန့်တားနေတဲ့လူက တောင်ဘက်စွန်း ကောင်းကင်အရှင် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 582
? Views, Released on December 10, 2024