Switch Mode

Chapter – 581

အခန်း (၅၈၁) ပညာအတင်းပေးခြင်း
ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတာနဲ့ ဟန်ယွီဆီ ထပ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပျင်းရိဖွယ်ကောင်းတဲ့ ဒီနှစ်တွေမှာ ပျော်စရာတစ်ခုတော့ ရှိသင့်တယ် မဟုတ်ပါလား။ ဟန်ကျွယ်ဟာ မန္တန်တစ်ခု အသုံးပြုပြီး ဓမ္မစွမ်းအားကို ကိုယ်ပွားတစ်ခုအဖြစ် အသွင်ပြောင်းလဲ လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကျင့်ကြံမှုကို တာအိုပညာရှိအတုအဆင့်အထိ ဖိနှိပ်ပြီး ဟန်ယွီဆီ သွားပါတယ်။
တောင်ကြားထဲမှာ ခရမ်းပြာရောင် ဝတ်ဆင်ထားတဲ့ ဟန်ယွီဟာ သစ်တစ်ပင်အောက်မှာ ထိုင်နေပါတယ်။ သူ့ရောင်ဝါက ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်ပန်းမန်တွေနဲ့ တစ်သားတည်းမို့ လုံးဝ သဟဇာတ ဖြစ်နေပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယွီထိုင်နေတဲ့ သစ်ပင်အောက်မှာပဲ ပေါ်လာပါတယ်။ ဒီတစ်ခါမှာလည်း သစ်ပင်ရိပ်က ဟန်ကျွယ်မျက်နှာကို ဖုံးထားပါတယ်။ ဟန်ကျွယ်ဟာ ဟန်ယွီကို စိုက်ကြည့်လိုက်ပြီး ချက်ချင်း အနှောင့်အယှက် မပေးပါဘူး။
နှစ်တစ်ထောင် ကြာပြီးနောက်မှာတော့ ဟန်ယွီမှာ အရင်လိုမျိုး ကလေးဆန်တဲ့အရာတွေ လုံးဝ မရှိတော့ပါဘူး။ ဟန်ကျွယ်ဟာ ဟန်ယွီကိုကြည့်ရင်း သူ့ငယ်ဘဝကို ပြန်ကြည့်နေရတယ်လို့ ခံစားလိုက်ရပါတယ်။ ရုပ်တင် မဟုတ်ပါဘူး။ ကျင့်ကြံမှုပုံစံနဲ့ စရိုက်ကလည်း တကယ်ကို တစ်ထပ်တည်းပါ။
ဟန်ကျွယ်ဟာ ဟန်ယွီကို ကြည့်လေလေ ကျေနပ်အားရလေလေပါပဲ။ ဟန်ကျွယ်ဟာ ဟန်ယွီကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီတောင် ခေါ်သွားချင်လာပါတယ်။ ဒါပေမဲ့ ဟန်ထော်ကိုတောင် ပြန်မခေါ်သေးတဲ့အတွက် ဟန်ယွီကိုလည်း တောင်ထိပ်တစ်ရာ အင်‌မော်တယ်မြစ်ဆီ ခေါ်မသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ရယ်မိလိုက်ပါတယ် ‘အဘိုးတွေက မြေးတွေကို သူတို့သားတွေထက် ပိုချစ်တာ အံဩစရာ မရှိတော့ပါဘူး’
ဟန်ကျွယ်ဟာ ဟန်ယွီကို တစ်ခဏကြည့်ပြီးတဲ့နောက်မှာတော့ ခေါ်နိုးလိုက်ပါတယ်။
“ဟန်ယွီ”
ဟန်ယွီဟာ သူ့နာမည်ခေါ်သံကြောင့် ကြောက်လန့်တကြား ခုန်ထလိုက်ပါတယ်။ လက်ထဲမှာလည်း သစ်သားလှံတစ်ချောင်း ပေါ်လာပြီး ဟန်ကျွယ်ကို သတိကြီးစွာ ကြည့်လိုက်ပါတယ်။ ဒါကိုကြည့်ပြီး ဟန်ကျွယ်ဟာ ရယ်ချင်သွားပါတယ်။
တာအိုပညာရှိဖြစ်လာပြီးနောက် ဟန်ကျွယ်ဟာ သူ့ကို ရယ်မောစေတဲ့ အရာတွေကို သိပ်မကြုံရတော့ပါဘူး။
“ခင်ဗျားပဲ…” ဟန်ယွီဟာ မျက်လုံးပြူးသွားပါတယ်။
ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြန်မေးလိုက်ပါတယ် “မင်းက ငါ့ကို မှတ်မိသေးတာလား”
ဟန်ယွီဟာ ခေါင်းညိတ်လိုက်ပါတယ် “လွန်ခဲ့တဲ့နှစ်တစ်ထောင်က ခင်ဗျား ကျုပ်ဆီကိုလာပြီး ကျင့်စဉ်သင်ပေးချင်တယ်လို့ ပြောခဲ့တာမလား”
“ဟုတ်တယ်၊ မင်း အခု အဲဒီတုန်းက ငြင်းခဲ့တာကို နောင်တရနေပြီလား”
“အမှန်အတိုင်း ပြောရရင် တစ်ခါတော့ နောင်တရလိုက်တယ်၊ ဒါပေမဲ့ နောက်တော့ မရတော့ဘူး၊ အခုလက်ရှိ ကျွန်တော်ရဲ့ ကျင့်ကြံမှုကိုလည်း ကျွန်တော် ကျေနပ်တယ်”
“ဒါဆို ငါမင်းကို နောက်တစ်ခါ အခွင့်အရေးထပ်ပေးမယ်၊ ဒီတစ်ခါတော့ မင်း သဘောတူမယ်မလား”
ဟန်ယွီဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ကလည်း အလျင်မလိုတဲ့အတွက် အေးဆေးစောင့်ပါတယ်။ အဲဒီအချိန်မှာ ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်က ကောင်းကင်ဘုံ ၉ ဘုံမြောက်ကို ကြည့်လိုက်ပါတယ်။
ဖန်းလျန်ဟာ လောကရဲ့ရင်းမြစ်ကို စုပ်ယူနေတုန်းပါ။ တာအိုပညာရှိတွေကလည်း တကယ်ကြီး ဒီကိစ္စကို အာရုံခံမိပုံ မပေါ်ပါဘူး။ ဘယ်သူမှ ဖန်းလျန်ကို လာမတားပါဘူး။ ဒီကိစ္စက ဟန်ကျွယ်ကို ပဟေဠိ ဖြစ်သွားစေပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ မေးလိုက်ပါတယ် “ဖန်းလျန်က ဘာလုပ်နေတာလဲ”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၁၀ ဘီလီယံ… ဒါက ကောင်းကင်တာအိုနဲ့ ညီမျှတဲ့ တန်ဖိုးပဲ…’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်မသွားဘဲ ဟန်ကျွယ်မြင်ကွင်းထဲမှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ဖန်းလျန်: ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်၊ တာအိုဘိုးဘေး အမွေခံ၊ ကောင်းကင်ရုံးတော် အရှင်သခင်၊ အနန္တဧကရာဇ်။ လောလောဆယ်၌ သူသည် တာအိုဘိုးဘေး၏ စိတ်ဆန္ဒနှင့် ပေါင်းစပ်နေပြီး ပေါင်းစပ်မှု အောင်မြင်သည်နှင့် တာအိုဘိုးဘေး ဖြစ်လာလိမ့်မည်။]
ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပါတယ် ‘တာအိုဘိုးဘေး ဖြစ်လာမယ်… ဒါ ဘာအဓိပ္ပာယ်လဲ… ဒီကောင်လေး ကျင့်ကြံမှု တိုးတက်လာတာ မြန်လှချည်လား…’
“ဖန်းလျန် ခန္ဓာသိမ်းခံလိုက်ရတာလား”
[ခန္ဓာသိမ်းခံရခြင်း မဟုတ်ပါ။ ပေါင်းစပ်ခြင်းသာ ဖြစ်သည်။ ဤပေါင်းစပ်မှုကို စနစ်၏ လက်ရှိအင်အားနှင့် ခွဲခြမ်းစိတ်ဖြာရန် မဖြစ်နိုင်ပါ။]
‘ပေါင်းစပ်တာ…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ထပ်မေးလိုက်ပါတယ် “ဒီပေါင်းစပ်မှု အောင်မြင်သွားရင် ဖန်းလျန်က ငါ့ရန်သူ ဖြစ်လာမှာလား…”
[လေလောဆယ် မတွက်ချက်နိုင်သေးပါ။ စနစ်၏ အကန့်အသတ်ထက် ကျော်လွန်သော တည်ရှိမှုတစ်ခု ပါဝင်နေသည်။]
“ပေါင်းစပ်ပြီးရင် ဖန်းလျန်က ဘယ်လောက်ထိ စွမ်းအားကြီးသွားမှာလဲ”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်။]
ဒီတော့မှ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘တော်သေးတယ်… ဒီအဆင့်လောက်နဲ့ဆို ဒီကောင်လေး ငါ့ကို မခြိမ်းခြောက်နိုင်သေးဘူး’
ဒါပေမဲ့ ဒီကျင့်ကြံမှုတိုးတက်တာက တကယ်ကို ယုတ္တိမရှိပါဘူး။ ဒါပေမဲ့ တာအိုဘိုးဘေးပါနေတာ မဖြစ်နိုင်တာ ဘာရှိအုန်းမှာလဲ။
ဒီအချိန်မှာပဲ ဟန်ယွီက ပြန်ဖြေလိုက်ပါတယ် “ကျွန်တော် စီနီယာရဲ့ ကြင်နာမှုကို ထပ်ပြီးတော့ ငြင်းပါရစေ၊ ကျွန်တော့်အစွမ်းအစနဲ့ ဘယ်လောက်ထိ ဆက်သွားနိုင်မလဲဆိုတာ သိချင်လို့ပါ၊ ကျွန်တော် တခြားသူကို မမှီခိုချင်ဘူး”
ဟန်ယွီဟာ နှလုံးသားထဲကလာတဲ့ လေသံနဲ့ ပြောလိုက်တာဖြစ်ပြီး သူ့မျက်လုံးတွေကလည်း ပြတ်သားလှပါတယ်။
ဟန်ကျွယ်ကတော့ ဒေါသထွက်သွားပါတယ် “မင်းကိုယ်မင်း ဘယ်လောက်ထိ သွားနိုင်မယ်လို့ ထင်နေတာလဲ”
ဟန်ယွီဟာ တစ်ဖက်လူရဲ့ မျက်နှာကို မမြင်ပေမဲ့ တစ်ဖက်လူရဲ့ လေသံကနေ သူ့အဖြေကို မကျေနပ်မှန်း သိသွားပါတယ်။
“ကျွန်တော်လည်း သေချာမသိဘူး၊ မဟာညီညွတ်မှု ကောင်းကင်အင်မော်တယ်တောင် ရောက်နိုင်လောက်တယ်” ဒီစကားတွေကို ပြောလိုက်တဲ့ ဟန်ယွီဟာ သူ့ကိုယ်သူတော့ ယုံကြည်မှု ရှိနေပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘မဟာညီညွတ်မှု ကောင်းကင်အင်မော်တယ်… သေမျိုးတွေအတွက်တော့ မဟာညီညွတ်မှု ကောင်းကင်အင်မော်တယ်က အင်မော်တယ်လိုမျိုး အထင်ကြီးလေးစားဖို့ ကောင်းတာပေါ့… ဒါပေမဲ့ ငါ့အတွက်တော့….’
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် “ဒီလိုလား… မင်းက ငါ့ကို ထပ်ငြင်းမှတော့ ငါကလည်း မင်းကို မရမက သင်ပေးရလိမ့်မယ်”
ဟန်ကျွယ်ဟာ ဟန်ယွီကို သူ့ရှေ့ဆီ ဆွဲခေါ်လိုက်ပါတယ်။ ဟန်ယွီဟာ မျက်လုံးပြူးသွားပြီး အလိုလို ခုခံလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဟန်ယွီရဲ့ တိုက်ခိုက်မှုကို ဂရုမစိုက်ဘဲ ဟန်ယွီရဲ့ နဖူးကို လက်ညိုးနဲ့ ညွှန်လိုက်ပါတယ်။
“ဝုန်း…”
ဟန်ယွီရဲ့ စိတ်ဟာ ပေါက်ကွဲထွက်သွားပြီး သူ့ခန္ဓာကိုယ်ကလည်း ချက်ချင်း ရပ်တန့်သွားပါတယ်။ အတန်ကြာလို့ ဟန်ယွီ နိုးထလာတဲ့အခါ ညဉ့်တောင်နက်နေပါပြီ။ တောင်ကြားထဲမှာ ဟန်ယွီသာ ရှိတော့ပြီး ဟန်ကျွယ်ကတော့ အစအန ရှာမရတော့ပါဘူး။
ဟန်ယွီဟာ အံဩမှင်သက်ရင်း သူ့စိတ်ထဲက ကျင့်စဉ်နာမည်ကို ရေရွတ်လိုက်ပါတယ် “ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်”
…..
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တာအိုဘုံကျောင်းထဲမှာရှိတဲ့ ဟန်ကျွယ်ဟာ ဖန်းလျန်ကို အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်နယ်မြေ။
ဖန်းလျန်ဟာ မျက်လုံးဖွင့်လိုက်ပြီး ဟန်ကျွယ်ကို တွေ့တယ်ဆိုရင်ပဲ ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။ ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဘာလုပ်နေတာလဲ”
“ကျွန်တော် ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို စုပ်ယူနေတာပါ၊ ကျွန်တော်…” ဖန်းလျန်ဟာ ချီတုံချတုံ ဖြစ်သွားပြီး ဆက်ဖြေသင့်မဖြေသင့် မသိတော့ပါဘူး။
ဟန်ကျွယ်ကလည်း ဖန်းလျန် သူ့ဘာသာ ပြောလာတာကို စောင့်ပါတယ်။
ဖန်းလျန်ဟာ အတန်ကြာ ရုန်းကန်းပြီးတဲ့နောက်မှာတော့ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး… အမှန်အတိုင်း ပြောရရင် ကျွန်တော် တာအိုဘိုးဘေး ဖြစ်သွားနိုင်တယ်”
“တာအိုဘိုးဘေး ဖြစ်လာမယ်…” ဟန်ကျွယ်ဟာ နားမလည်ဟန် ဆောင်လိုက်ပါတယ်။
ဖန်းလျန်ဟာ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီး အလေးအနက် ပြောလိုက်ပါတယ် “တာအိုဘိုးဘေးက ကျွန်တော့်ကို ရွေးချယ်ထားတာ ကြာပြီ၊ တာအိုဘိုးဘေးက ကျွန်တော်ကို လောကဦးခေတ်ရဲ့ ဆန်းကြယ်စွမ်းအားကို သင်ပေးပြီး သူ့ကိုယ်ပွားကို ထောက်ပံ့စေချင်တယ်၊ ကျွန်တော် အောင်မြင်တာန့ ကျွန်တော်က တာအိုဘိုးဘေးအသွင် ပြောင်းလဲသွားပြီး ကောင်းကင်တာအိုကို ထိန်းချုပ်နိုင်လိမ့်မယ်”
“အခု ကျွန်တော် ဆရာဘိုးဘိုးကို ဘယ်လို ကျေးဇူးဆပ်ရမလဲ မသိဘူး၊ ကျွန်တော် အောင်မြင်ခဲ့မယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းကို ကျိန်းသေပေါက် ဂရုစိုက်ပေးပါ့မယ်၊ ဆရာဘိုးဘိုးသာ ကျွန်တော်ရဲ့ ကံကြမ္မာကို မပြောင်းလဲခဲ့ရင် ကျွန်‌တော် သေသွားတာကြာပြီ၊ တာအိုဘိုးဘေးရဲ့ အမွေခံ ဖြစ်လာဖို့ဆိုတာ ဝေးလာဝေးပေါ့”
ဟန်ကျွယ်က မေးလိုက်ပါတယ် “တာအိုဘိုးဘေးဖြစ်သွားရင် မင်းက မင်းပဲ ဖြစ်နေအုန်းမှာလဲ”
“တာအိုဘိုးဘေးပြောတာတော့ ကျွန်တော်က ကျွန်တော်ပဲတဲ့၊ ဒါပေမဲ့ ကျွန်တော် တာအိုဘိုးဘေးရဲ့ နာမည်ကို ခံယူရလိမ့်မယ်၊ ကျွန်တော် တာအိုဘိုးဘေးကို ယုံကြည်ဖို့ ရွေးချယ်လိုက်တယ်”
“မင်း တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား”
“ဆရာဘိုးဘိုး သဘောတူဖို့ မျှော်လင့်ပါတယ်”
“ဒီလိုဆိုမှတော့လည်း ငါ ဘာမှမပြောတော့ဘူး” ဟန်ကျွယ်ဟာ ပြောပြောဆိုဆို ရှေ့တက်သွားပြီး ဖန်းလျန်ရဲ့ ပခုံးကို ကိုင်လိုက်ပါတယ် “ဘာလိုလိုနဲ့ မင်းတောင် ကြီးပြင်းလာပြီပဲ”
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ဒါက ဟန်ကျွယ် သရုပ်ဆောင်နေတာ မဟုတ်ပါဘူး။ တကယ် သက်ပြင်းချလိုက်တာပါ။ သူတို့နှစ်ယောက် စတွေ့တုန်းက ဖန်းလျန်ဟာ ကလေးသာသာပဲ ရှိပါသေးတယ်။
နှစ်ပေါင်း ၇၀,၀၀၀ ကြာပြီးနောက်မှာ သူနဲ့ ရင်းနှီးတဲ့လူတွေက သိပ်မရှိတော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ရှိနေသေးတဲ့ လူတွေကို တန်ဖိုးထားပါတယ်။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ်စီရည်မှန်းချက် ရှိတဲ့အတွက် ဟန်ကျွယ်ဟာ ဖန်းလျန်ကို တွန်အားမပေးတာပါ။
ဖန်းလျန်ဟာ ဟန်ကျွယ်စကားကြောင့် ခါးသီးသလို ခံစားလိုက်ရပြီး မျက်နှာအမူအရာလည်း ရှုပ်ထွေးသွားပါတယ်။ ဖန်းလျန်ဟာ မငိုပါဘူး။ ဖန်းလျန်ဟာ ကောင်းကင်ဧကရာဇ် ဖြစ်ခဲ့ဖူးတဲ့အတွက် သေမျိုးမဟုတ်တာ ကြာပါပြီ။
ဖန်းလျန်နဲ့ ဟန်ကျွယ်ဟာ တစ်ယောက်ကိုတစ်ယောက် အတန်ကြာအောင် တိတ်တဆိတ် စိုက်ကြည့်နေကြပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ သိစိတ်လည်း အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။
“ဒီကောင်လေး ကိုယ့်ဘာသာ လမ်းလျှောက်နိုင်နေပြီ”
“တာအိုဘိုးဘေးက ဖန်းလျန်ကို လိမ်ထားလားဆိုတာ ငါ သိချင်တယ်”
[စနစ်၏ အကန့်အသတ်ထက် မြင့်မားသော တည်ရှိမှု ပါဝင်နေ၍ တွက်ချက်မရပါ။]
ဟန်ကျွယ်ဟာ မေးခွန်းပြောင်းမေးဖို့ ဆုံးဖြတ်လိုက်ပါတယ် “ဖန်းလျန်က နောက်ကပ်ဘေးစရင် ဘာလုပ်နေမလဲ”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက် ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်မြင်ကွင်းထဲမှာ ခမ်းနားထည်ဝါတဲ့ နန်းတော်တစ်ခု ပေါ်လာပါတယ်။ ဒီနန်းတော်က တာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်း အားလုံးပေါင်းထက် ကြီးမားပြီး ခရမ်းရောင်အလင်းတန်း ဖြာထွက်ကာ လျှို့ဝှက်ဆန်းကြယ်နေပါတယ်။
နန်းတော်ရဲ့ ဆိုင်းဘုတ်မှာလည်း စာလုံးသုံးလုံးထွင်းထားပါတယ်။
ခရမ်းရောင် မိုးကောင်းကင် နန်းတော်။
ဒီမြင်ကွင်းကြောင့် ဟန်ကျွယ်ဟာ လန့်သွားပါတယ်။ ဟန်ကျွယ် ခရမ်းရောင် မိုးကောင်းကင်နန်းတော်ကို ရောက်သွားတဲ့အခါ တာအိုဝတ်ရုံဝတ်ဆင်ပြီး ပွင့်ချပ် ၃၆ ချပ်ရှိတဲ့ အစိမ်းရောင် ကြာပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဖန်းလျန်ကို တွေ့လိုက်ရပါတယ်။
ဒီဖန်းလျန်ဟာ ဆံဖြူနေပေမဲ့ မျက်နှာက ငယ်ရွယ်နေတုန်းပါ။ ဒါပေမဲ့ ဒီဖန်းလျန်က ဟန်ကျွယ်သိတဲ့ ဖန်းလျန်နဲ့ အများကြီး ကွာခြားပါတယ်။ သူ့ရောင်ဝါကလည်း ဘိုးဘေးရှီတျန်ရဲ့ ရောင်ဝါနဲ့ တော်တော်လေးကို ဆင်တူပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset