Switch Mode

Chapter – 578

အခန်း (၅၇၈) ဘိုးဘေးရဲ့ ဘိုးဘေး
ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ အတွေ့အကြုံတွေကို သိပ်ဂရုမစိုက်ပါဘူး။ ဟန်ထော် မသေရင် တော်ပါပြီ။ ဘဝမှာ ဘေးအန္တရယ်နဲ့ ဒုက္ခတွေကို မရင်ဆိုင်ရတဲ့သူ ဘယ်သူများ ရှိလို့လဲ။
ဟန်ကျွယ်ဟာ တွက်ချက်ကြည့်ပြီးပါပြီ။ ဘယ်တာအိုပညာရှိမှ ဟန်ထော်ကို နောက်ကွယ်ကနေ မကြံစည်ထားကြပါဘူး။ ဒါပေမဲ့ ဟန်ထော်ဟာ ဒီဘေးဒုက္ခကနေ လေလောဆယ်တော့ လွတ်မြောက်အုန်းမှာ မဟုတ်သေးပါဘူး။
ဟန်ကျွယ်ဟာ ငိုယိုနေတဲ့ ဟန်မိသားစုက လူငယ်လေးဆီ အကြည့် ရောက်သွားပါတယ်။ ပထမတော့ ဟန်ကျွယ်ဟာ ဒီလူငယ်လေးကို စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ဒီကောင်လေးနဲ့ သူနဲ့ ဆင်တူလွန်းတဲ့အတွက် လှမ်းကြည့်လိုက်တာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒီလူငယ်လေးက ဟန်ကျွယ်နဲ့ တော်တော်လေးကို ဆင်တူပါတယ်။
ဒီလူငယ်လေးဟာ အသက် ၁၆ နှစ် ၁၇ နှစ်ပုံစံရှိပြီး အလွန်တရာမှ ချောမောပါတယ်။ ပြောရမယ်ဆိုရင် ဟန်ကျွယ်ရဲ့ မျက်နှာကို ပုံတူကူးထားသလိုပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်နဲ့တော့ ယှဉ်လို့မရသေးပါဘူး။ ရုပ်ရည်ချင်း ဆင်တာကြောင့် ဟန်ကျွယ်ဟာ ဒီလူငယ်လေးကို သဘောကျသွားတာ ဖြစ်ပါတယ်။
‘ဒါ ဘာလဲ… ငါ့ဗီဇကို အမွေဆက်ခံတာလား… ဗီဇကို အမွေဆက်ခံတယ်ဆိုရင်လည်း မျိုးဆက်က ဘယ်လောက်တောင် ခြားနေပြီလဲ’
တောရိုင်းတစ်ခုရဲ့ ကောင်းကင်ပြင်မှာ မိုးကြိုးတိမ်တိုက်တွေ ပြည့်နှက်နေပါတယ်။ ဟန်ယွီဟာ သူ့မိဘတွေရဲ့ အလောင်းရှေ့မှာ ဒူးထောက်ပြီး ငိုကြွေးနေတာ အသံတောင် ဩလာပါတယ်။
တကယ်တော့ ဟန်ယွီငိုကြွေးတာက ကြောက်လို့ မဟုတ်ပါဘူး။ ဒေါသထွက်လွန်းလို့ ငိုကြွေးတာပါ။ သူ့ဘိုးဘေးက တစ်ယောက်တည်း ထွက်သွားပြီး ဟန်မိသားစုကို ပြန်မကြည့်တဲ့အတွက် ဒေါသထွက်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ အားနည်းမှုနဲ့ မိုးကောင်းကင်ရဲ့ တရားမျှတမှု မရှိတာကိုလည်း ဒေါသထွက်နေတာပါ။
ခံစားချက်တွေ လွှင့်ပါး ပျောက်ကွယ်သွားတဲ့အခါမှာတော့ ဟန်ယွီဟာ မြေပြင်ပေါ်က အလောင်းတွေကိုကြည့်ရင်း တိတ်ဆိတ်သွားပါတယ်။
အနီရောင် အလင်းတန်းဟာ ကောင်းကင်ပေါ် ထိုးတက်သွားပြီး မီးပန်းတွေ ဖြာထွက်သွားပါတယ်။ ဒါက ရန်သူရဲ့ အချက်ပေးမှု ဖြစ်တဲ့အတွက် သူ့ကို ရှာတွေ့သွားပြီဆိုတာကို ဟန်ယွီ သိလိုက်ပါတယ်။ လွန်ခဲ့တဲ့ ငါးမိနစ်က ဟန်ယွီက ဒီနေရာကို အပြေးရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ရောက်ရောက်ချင်းပဲ မြေပြင်ပေါ်မှာ အလောင်းတွေ ပြန့်ကျဲနေတာကို ဟန်ယွီ တွေ့လိုက်ရပါတယ်။ အခုတော့ ရန်သူက သူ့ကိုသတ်ဖို့ ပြန်လာနေပါပြီ။
ရန်သူက ဟန်မိသားစုကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ရှင်းပစ်ချင်နေတာပါ။ ဟန်ယွီရဲ့ မျက်လုံးထဲမှာ ဒေါသတွေ လျှံထွက်လာပြီး ပြတ်သားလာပါတယ် “ဒါက ငါတို့ဟန်မိသားစုရဲ့ ကံကြမ္မာဆိုရင် ငါ သူတို့နဲ့ အတူတူ သေမယ်” ဟန်ယွီဟာ သူ့ဘာသာ ရေရွတ်ပြီး မျက်လုံးကို ဖြည်းညင်းစွာ မှိတ်လိုက်ပါတယ်။
“ဝှစ်”
ထက်လှတဲ့ ဓားတစ်စင်းဟာ ဟန်ယွီရဲ့ ရင်ဘက်ကို ထိုးဖောက်ထွက်ပြီး ဘေးနားက အလောင်းတစ်လောင်းကို သွေးတွေ စင်သွားစေပါတယ်။
ကျင့်ကြံသူတွေဟာ ဓားတွေနဲ့ ပျံသန်းလာကြပြီး ဟန်ယွီကို ဝန်းရံလိုက်ကြပါတယ်။ ဝတ်ရုံပြာနဲ့လူက ဟန်ယွီကို ငုံ့ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းက ဟန်မိသားစုရဲ့ ဟန်ယွီဖြစ်မယ်၊ မင်းက အရည်အချင်း ရှိပါတယ်၊ ဒါပေမဲ့ ကံဆိုးချင်တော့ ဟန်မိသားစုရဲ့ တပည့်ဖြစ်နေတယ်၊ မဟုတ်ရင် ငါ မင်းကို သမက်တော်မိမှာ၊ ဒါပေမဲ့ ဒီနေ့ မင်းသေရမယ်၊ ငါတို့မိသားစုကြားက ရန်ငြိုးဟာလည်း ဒီနေရာမှာ အဆုံးသတ်သင့်ပြီ”
“ချွင်”
ဝတ်ရုံပြာနဲ့လူဟာ အင်္ကျီလက်စထဲက ဓားကို အသာဆွဲထုတ်လိုက်ပါတယ်။ အဲဒီနောက် ဓားတစ်ခုလုံး မီးလျှံတွေ တောက်လောင်လာပါတယ်။ ဟန်ယွီကလလည်း သူ့ဓားကို ဆွဲထုတ်လိုက်ပါတယ်။
“ခြိမ်း…”
လျှပ်စီးတွေ လင်းလက်တွေပြီး မိုးခြိမ်းသံတွေ ဆူညံစွာ ထွက်ပေါ်လာပါတယ်။
“ဒီကောင်က ခုခံချင်သေးတာလား”
“ကျွတ်..ကျွတ်… ဟန်မိသားစုက သူတို့ဆီမှာလည်း အင်မော်တယ်နတ်ဘုရား ဘိုးဘေးရှိတယ်တဲ့၊ ဒါပေမဲ့ သူတို့ဘိုးဘေးက ငါတို့ဝမ်မိသားစု ဘိုးဘေးကို မမီပါဘူး၊ အနည်းဆုံးတော့ ငါတို့ဝမ်မိသားစုဘိုးဘေးက ပြန်လာပြီး တပည့်တွေကို တာအိုကျင့်စဉ် သင်ပေးသေးတယ်”
“ဟန်မိသားက ဒီလိုအဆုံးသတ်တာ သူတို့ထိုက်နဲ့ သူတို့ကံပဲ၊ သူတို့တွေ စွမ်းအားကြီးတုန်းကလည်း ငါတို့ဝမ်မိသားစုကို လိုက်သတ်ခဲ့တာပဲမလား”
“သူ့ကို မြန်မြန်သတ်လိုက်တော့”
“ဘာကြောက်နေတာလဲ၊ ဘယ်သူက သူ့ကို လာကယ်မှာလဲ”
ကျင့်ကြံသူတစ်ချို့ဟာ ဟန်ယွီကို မြန်မြန်သတ်ဖို့ တိုက်တွန်းကြာပြီး တချို့ကတော့ ကျိန်ဆဲကြပါတယ်။ တချို့ကတော့ ဟန်ယွီကို လှောင်ပြောင်ကြပါတယ်။
ဝတ်ရုံပြာနဲ့လူဟာ သူ့ဓားကို ဝှေ့ယမ်းလိုက်ပါတယ်။ ဓားချက်ဟာ မီးငှက်တွေ အသွင်ပြောင်းလဲပြီး ဟန်ယွီဆီကို ပြေးဆင်းသွားပါတယ်။
ဟန်ယွီဟာ သူ့ဆီ တဟုန်ထိုးဆင်းလာတဲ့ မီးငှက်တွေကို တည်ငြိမ်စွာ ကြည့်လိုက်ပါတယ်။ ဟန်ယွီဟာ ဟန်မိသားစု အမြစ်ပြတ်သွားတဲ့ကိစ္စကို လက်ခံလိုက်ပြီး မဟုတ်ပါလား။ ဒီတဒင်္ဂက ဟန်ယွီအတွက်တော့ ဘဝတစ်သက်စာလိုပါပဲ။
“ဟမ်… ဟန်မိသားစု ဘိုးဘေးက မင်းတို့ ဝမ်မိသားစု ဘိုးဘေးကို မမီဘူးလို့ ဘယ်သူပြောလဲ” အေးစက်တဲ့ အသံနဲ့အတူ ဝမ်သားစု ကျင့်ကြံသူတွေဟာ မိုးကြိုးပစ်ခံရသလိုမျိုး ခန္ဓာကိုယ်တွေ တုန်လှုပ်ကာ မျက်လုံးတွေ အရောင်မှိန်သွားပါတယ်။
ဟန်ယွီဟာ မျက်ဆံကျယ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရှေ့မှာတင် ဝမ်မိသားစု ကျင့်ကြံသူတွေဟာ အမှုန့်ဖြစ်သွားလို့ပါ။
ဟန်ကျွယ် တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ ဒီကျင့်ကြံသူတွေကို သတ်ဖို့က အတွေးတစ်ချက်နဲ့တင် လုံလောက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကရုဏာသက်သောအားဖြင့် ဝမ်မိသားစု ကျင့်ကြံသူတွေရဲ့ ဝိညာဉ်ကို မဖျက်ဆီးဘဲ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ကျဆင်းခွင့် ပြုလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုကို ရရှိပြီးပါပြီ။ သူ့ထက် စွမ်းအားကြီးမားတဲ့လူတွေကသာ ဟန်ကျွယ်ကို ထိတ်လန့်နိုင်စွမ်း ရှိပါတယ်။ ဟန်ကျွယ်ဟာ ဒီသေမျိုးကျင့်ကြံသူတွေကို သတ်လိုက်လို့ အပြစ်ရှိသလို မခံစားရပါဘူး။
ဟန်ယွီဟာ သတိပြန်ဝင်လာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်ပါတယ် “ဘိုးဘေး ဟန်ထော်လား”
ဟန်ကျွယ်ရဲ့ အသံဟာ ထပ်မံ ထွက်ပေါ်လာပါတယ် “ဟန်ထော်လား… ငါက သူ့ထက် နှစ်သောင်းချီ အသက်ကြီးတယ်” ဟန်ကျွယ်ဟာ သူဘယ်သူလဲဆိုတာကို ထုတ်မပြောပါဘူး။ တစ်ချိန်ကျလို့ ဟန်တော် ပြန်လာရင် ဟန်မိသားစုရဲ့ ဘိုးဘေးလို့ပဲ ထင်စေချင်လို့ပါ။
ဟန်ထော်ရဲ့ စိတ်ထဲမှာ ဟန်ကျွယ်မှာလည်း မိဘတွေ ရှိသင့်ပါတယ်။ ဒါကြောင့် ဟန်မိသားစုမှာ ဘိုးဘေးတွေ ရှိနေတာ အဆန်းမဟုတ်ပါဘူး။

ဟန်ယွီဟာ ကြက်သေသေသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိသားစုမှတ်တမ်းမှာ ဟန်ထော်က ဟန်မိသားစု တည်ထောင်သူဖြစ်ပြီး အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်နေလို့ပါ။
နောက်ပိုင်းမှာ ဒီကိစ္စကို သူ့မျိုးဆက်တွေဆီ ပြန်ပြောင်း ပြောပြတိုင်း ဟန်ယွီဟာ သက်ပြင်းမချတဲ့အကြိမ် မရှိပါဘူး။ အဲဒီနေ့မှာ သူ ဘိုးဘေးကို အကူအညီတောင်းခဲ့ပေမဲ့ ဘိုးဘေးဆီက ဘာအကူအညီမှ မရခဲ့ဘဲ ဘိုးဘေးရဲ့ ဘိုးဘေးကို သူ့ကို လာကယ်ခဲ့တယ် ဆိုပြီးတော့ပေါ့။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ဟန်ယွီကို ဂရုမစိုက်တော့ပါဘူး။ အသက်ကယ်ပေးလိုက်တာပဲ လုံလောက်နေပါပြီ။ ဟန်ကျွယ်ဟာ ဟန်ယွီကို ထပ်ပြီးတော့ ကူညီမှာ မဟုတ်ပါဘူး။ ဟန်ယွီရဲ့ စရိုက်ကို သူကို ကျေနပ်စေတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
အင်မော်တယ်ကမ္ဘာမှာ တစ်ရက် သေမျိုးကမ္ဘာမှာ တစ်နှစ် ဆိုတာက အချိန်ကွာခြားချက်ကို ပြောတာ မဟုတ်ဘဲ ဘဝ အတွေ့အကြုံကို ပြောတာ ဖြစ်နိုင်ပါတယ်။ ကျင့်ကြံသူအတွက် တစ်နှစ်ဆိုတာက ဘာမှမဟုတ်ပေမဲ့ သေမျိုးတွေအတွက်တော့ တစ်နှစ်ဆိုတာ သူတို့ဘဝကို ပြောင်းလဲဖို့ လုံလောက်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ထပ်တိုးတက်သွားပါတယ်။ တိုးတက်မှုနှုန်းက သိပ်မသိသာပေမဲ့ ရပ်နေတာထက်စာရင်တော့ တော်ပါသေးတယ်။ ဟန်ကျွယ်ဟာ ပထမဆုံး ဟန်ထော်ကို ကြည့်လိုက်ပါတယ်။ ဟန်ထော်ဟာ ကျို့ယိုငရဲကနေ လွတ်မြောက်ပြီး အင်မော်တယ်ကမ္ဘာကို ပြန်ရောက်နေပါပြီ။ ဟန်ထော်ရဲ့ ကျင့်ကြံမှုဟာ နတ်မင်းအဆင့်နဲ့ အတော်လေး နီးကပ်နေပါပြီ။
ဟန်ကျွယ်ဟာ ဟန်ယွီကို ထပ်ကြည့်လိုက်ပါတယ်။ ဟန်ယွီဟာ မသေသေးဘဲ ကောင်းကင်ဘုံဝင်အဆင့်ကိုတောင် ရောက်နေပါပြီ။ ဟန်ယွီက အသက်ရှင်နေသေးပေမဲ့ ဟန်မိသားစုကတော့ မရှိတော့ပါဘူး။
ဟန်ယွီဟာ ဟန်မိသားစုကို ထပ်ပြီးတော့ မတည်ထောင်ပါဘူး။ အဲဒီအစား ကြိုးကြိုးစားစား ကျင့်ကြံပါတယ်။ ဘယ်လောက်တောင် ကြိုးစားကျင့်ကြံလဲဆိုရင် ကလေးမပြောနဲ့၊ တာအိုလက်တွဲဖော်တောင် မရှိပါဘူး။
‘ဒီကောင်လေးက တော်တော် သိတက်တာပဲ’
ဟန်ကျွယ်ဟာ တစ်ချက်ပဲ ကြည့်လိုက်တာပါ။ ဟန်ထော်နဲ့ ဟန်ယွီ အန္တရာယ်မရှိတာ တွေ့တာနဲ့ ဆက်ပြီးတော့ ဂရုမစိုက်တော့ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ မကြာခင်မှာပဲ စာစောင်တစ်ခုက ဟန်ကျွယ်အာရုံကို ဖမ်းစားသွားပါတယ်။
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
‘ချုံရှီလိုင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာလား…’ ဟန်ကျွယ်ဟာ မော့ကြည့်လိုက်တဲ့အခါ ချုံရှီလိုင်က သူ့တာအိုစက်ကွင်းထဲမှာ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ ဘယ်တိုက်ပွဲရိုက်ခတ်မှုကိုမှ မခံစားရပါဘူး။ ဒီကိစ္စက နည်းနည်းတော့ ထူးဆန်းပါတယ်။
‘ဘာဖြစ်တာလဲ… ဘယ်သူက ချုံရှီလိုင်ကို တိုက်ခိုက်တာလဲ’ ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။
[ကောင်းကင်အရှင်ရွှမ်တု: ကောင်းကင်တာအိုပညာရှိ ထိပ်ဆုံးအဆင့်၊ ရွမ်လိန့်ကျောင်းတော်၏ အကြီးဆုံးတပည့်၊ အနန္တဧကရာဇ်၊ လူသားမျိုးနွယ်စု၏ ဘိုးဘေး။]
‘ကောင်းကင်အရှင်ရွှမ်တု… နတ်ဘုရားရွေးချယ်ပွဲထဲက မဟာတာအိုရှင်ရွှမ်တုလား…’
ဟန်ကျွယ်ဟာ လီမုယဲ့တာအိုစက်ကွင်းထဲမှာ အားကောင်းတဲ့ရောင်ဝါတစ်ခုကို ခံစားမိလိုက်ပါတယ်။ ဒီရောင်ဝါက ကောင်းကင်အရှင်ဝူဖာထက် အားမနည်းတဲ့အပြင် ပိုတောင် အားကောင်းပါသေးတယ်။
‘ဘာဖြစ်လို့ ကောင်းကင်အရှင်ရွှမ်တုက ချုံရှီလိုင်ကို တိုက်ခိုက်ရတာလဲ’
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ထပ်မသုံးတော့ဘဲ ချုံရှီလိုင်ကို အိပ်မက်ထဲကနေ သွားလည်လိုက်ပါတယ်။ စောစောက ဟန်ကျွယ် တွက်ချက်လိုက်တာက ရန်သူရဲ့ ကျင့်ကြံမှုအဆင့်ကို သိချင်လို့ပါ။
အိပ်မက်နယ်မြေ။
ချုံရှီလိုင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ကောင်းကင်အရှင်ရွှမ်တုက ဘာဖြစ်လို့ မင်းကို တိုက်ခိုက်တာလဲ”
မှင်သက်သွားတဲ့ ချုံရှီလိုင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဆရာက တကယ်ကို လေးစားလောက်ပါပေတယ်၊ ဒီအကြောင်းကိုတောင် သိတယ်၊ တကယ်တော့ တိုက်ခိုက်တာ မဟုတ်ပါဘူး၊ လက်ရည်စမ်းတာပါ၊ သူက အထူးဆန်းကြယ်စွမ်းအားကိုသုံးလိုက်လို့ ကောင်းကင်တာအိုကို မနှောင့်ယှက်မိတာပါ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset