Switch Mode

Chapter – 577

အခန်း (၅၇၇) အသက် ၇၀,၀၀၀ ပြည့်ခြင်း၊ ကောင်းကင်ဖွင့်လှစ်ပုဆိန်
ကောင်းကင်အရှင်ရွှမ်တုဟာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး တခြားတာအိုပညာရှိတွေနဲ့ မျက်နှာချင်း ဆိုင်ကာ ဖြည်းညင်းစွာ ပြောလိုက်ပါတယ် “လီမုယဲ့ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ငါ့ဘာသာ ကောက်ချက် ချထားတာရှိတယ်၊ အခုအချိန်မှာ အရေးကြီးဆုံးက ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို တည်ငြိမ်အောင် လုပ်ဖို့ပဲ၊ ဒီအတောအတွင်း ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့က ဖရိုဖရဲ ဖြစ်နေတာဆိုတော့ စနစ်တကျပြန်ဖြစ်ဖို့ လိုအပ်တယ်၊ အခုလောလောဆယ်မှာ ဘာပြဿနာမှတက်လို့ မရဘူး”
တာအိုပညာရှိတွေဟာ ရင်ထဲက အလုံးကြီး ကျသွားပါတယ်။ ဒီအခြေအနေက သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်နဲ့ မတိုက်ခိုက်ချင်ကြပါဘူး။ သူတို့စိတ်ထဲမှာ ဟန်ကျွယ်က ကောင်းကင်အရှင်ရွှမ်တုထက် အားမနည်းဘူးလို့တောင် ခံစားနေကြရပါတယ်။
အခုအခြေနေကလည်း သူတို့အတွေး မှန်ကန်ကြောင်း သက်သေပြနေပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်နဲ့ မယှဉ်ပြိုင်ရဲပါဘူး။
အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ ယဉ်ကျေးနေတာရပ်ပြီး တာအိုပညာရှိတွေကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။
တာအိုပညာရှိတွေ အပြင်ရောက်သွားတဲ့အခါ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ဧကရီဟုတ်ထိုကိုရှာပြီး ပြောလိုက်ပါတယ် “မင်းက ဟန်ကျွယ်နဲ့ ရေစက်အရှိဆုံးပဲ၊ သူက ငါတို့ကို ဘယ်လိုထင်လဲ”
တခြားတာအိုပညာရှိတွေဟာ ဧကရီဟုတ်ထိုနား ကပ်သွားကြပါတယ်။ ချုံရှီလိုင်နဲ့ ကောင်းကင်အရှင်ဝူဖာကတော့ နိုးနိုးကြားကြား ဖြစ်သွားပါတယ်။ ဧကရီဟုတ်ထိုသာ ဟန်ကျွယ်ကို မလေးစားဘူးဆိုရင် ချုံရှီလိုင်နဲ့ ကောင်းကင်အရှင်ဝူဖာက ဧကရီဟုတ်ထိုကို ကျိန်းသေပေါက် အကောက်ကြံပစ်မှာပါ။
လောကဦး ကောင်းကင်ထောင်ရဲ့ ကျွန်ပြုမှုကို ခံရပြီးတဲ့နောက် ချုံရှီလိုင်နဲ့ ကောင်းကင်အရှင်ဝူဖာဟာ ဟန်ကျွယ်အပေါ် အကြွင်းမဲ့ သစ္စာရှိနေကြပါပြီ။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အတွေးအမြင်တွေကို မဆုံးရှုံးသွားပါဘူး။ ဒီပြောင်းလဲမှုက တကယ်ကို ကြောက်စရာ ကောင်းလှပါတယ်။ တာအိုပညာရှိတွေတောင် ဒီကိစ္စကို မရိပ်မိကြပါဘူး။
ဧကရီဟုတ်ထိုက ပြန်ဖြေလိုက်ပါတယ် “ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ၊ ဒါပေမဲ့ ရှင်တို့တွေ သူ့ကို ပစ်မှတ်မထားရင် သူကလည်း ရှင်တို့ကို ဂရုစိုက်မှာ မဟုတ်ဘူး၊ ဒီကလေး ဂရုစိုက်တာက မဟာတာအို၊ သူများကို အကောက်ကြံဖို့ အချိန်မရှိဘူး၊ ရှင်တို့တွေလည်း လီမုယဲ့ သေရတဲ့ အကြောင်းအရင်းကို သိပြီးပြီပဲ၊ ရှင်တို့သာ သူနေရာမှာဆိုရင်ရော ဘယ်လိုလုပ်မှာလဲ”
ဧကရီဟုတ်ထိုဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ဟန်ကျွယ်က ချုံရှီလိုင်နဲ့ လီမုယဲ့ရဲ့ ထောင်ချောက်ဆင်တာကို ထိုးဖောက်မြင်နိုင်တယ်၊ ဒီကိစ္စက သေချာစဉ်းစားဖို့ ထိုက်တန်တယ်၊ သူ့ဆန်းကြယ်စွမ်းအားကို ငါတို့တွေ လက်လှမ်းမမီဘူး”
စကားဆုံးတဲ့အခါမှာတော့ ဧကရီဟုတ်ထိုဟာ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။ တာအိုပညာရှိတွေကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ကျန်နေခဲ့ကြပါတယ်။
နှစ် ၆၉၀ ကြာပြီးနောက်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတွေ ပေါ်လာပါတယ်။
[သင်သည် အသက် ၇၀,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ အဆုံးအသတ်အပျက်အစီး နတ်ဘုံသို့ ချက်ချင်း သွားရောက်၍ မဟာတာအိုကို လိုက်စားပါ။ ဆုလာဘ်အဖြစ် တာအိုပညာရှိအဆင့် တာအိုစက်ကွင်းအစောင့်တစ်ပါး၊ မဟာတာအို အပိုင်းအစ တစ်စ၊ အကောင်းစား ရတနာတစ်ပါးနှင့် ဆန်းကြယ်စွမ်းအားတစ်ပါးကို ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ရှုပ်ထွေးမှုများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဆန်းကြယ်စွမ်းအား တစ်ပါးနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီခွေးစနစ်က ငါ့ကို အပြင်ထွက်အောင် ထပ်မြူဆွယ်ပြန်ပြီ’
ဟန်ကျွယ်ဟာ တစ်ခါတည်း နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ ဆန်းကြယ်စွမ်းအားတစ်ပါးနှင့် အကောင်းစား ရတနာတစ်ပါးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
[ဓမ္မရုပ်တုပေါင်းစပ်ခြင်း ဆန်းကြယ်စွမ်အားကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ဓမ္မရုပ်တု ပေါင်းစပ်ခြင်း: အထူးဆန်းကြယ်စွမ်းအား။ ဤဆန်းကြယ်စွမ်အားဖြင့် ဓမ္မရုပ်တုများကို သင့်ပင်မခန္ဓာကိုယ်သို့ ပေါင်းစပ်နိုင်ပြီး မတူညီသော စွမ်းအားများကိုလည်း တစ်ပါးတည်းဖြစ်အောင် ပေါင်းစပ်နိုင်၏။]
[ပဋိပက္ခ အကောင်းစား ရတနာ- ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ကောင်းကင်ဖွင့်လှစ်ပုဆိန်: ပဋိပက္ခ အကောင်းစား ရတနာ၊ ပဋိပက္ခ နတ်ဘီလူး ပန်ကူး၏ မွေးရာပါ ဓမ္မရတနာတစ်ပါးဖြစ်ပြီး ပဋိပက္ခနတ်ဘီလူးများ၏ ကံတရား အထောက်အပံ့ကို ဝါးမြိုကို လောကကို ထက်ခြမ်း ခြမ်းနိုင်၏။]
‘ကောင်းကင်ဖွင့်လှစ်ပုဆိန်…’ ဟန်ကျွယ်ဟာ မျက်လုံးပြူသွားပါတယ် ‘ပဋိပက္ခ အကောင်းစားရတနာ… ဒါက ဘယ်လိုအဆင့်မျိုးလဲ’
ဟန်ကျွယ် နားလည်ထားတာကတော့ ဓမ္မရတနာတွေကို စိတ်ဝိညာဉ်ရတနာနဲ့ အကောင်းစား ရတနာဆိုပြီး အဓိကအဆင့်တွေအလိုက် ခွဲခြားထားပါတယ်။
ကောင်းကင်ဘဝဂ် စိတ်ဝိညာဉ်ရတနာ၊ ကောင်းကင်ဘဝဂ် အကောင်းစား ရတနာ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ရတနာ၊ ကောင်းကင်တာအို အကောင်းစား ရတနာ၊ လွတ်လပ်မှု စိတ်ဝိညာဉ် ရတနာ၊ လွတ်လပ်မှု အကောင်းစား ရတနာ စသဖြင့်ပေါ့။
‘ပဋိပက္ခ အကောင်းစား ရတနာက လွတ်လပ်မှုအဆင့်ထက် ပိုမြင့်တဲ့ ရတနာလား…’ ဟန်ကျွယ်ဟာ ပျော်လွန်းတာကြောင့် ခေါင်းတောင် နည်းနည်း နောက်သွားပါတယ်။
ပန်ကူးမှာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ရှိသလို တာအိုဘိုးဘေးဆီမှာလည်း ဖန်တီးရှင် ကျောက်စိမ်းပြား ရှိပါတယ်။ ဒီရတနာတွေသာ သူတို့တွေ တာအိုမရရှိခင်မှာ ရှိခဲ့တာဆိုရင် ပန်ကူးနဲ့ တာအိုဘိုးဘေးက ဂိမ်းကို ခိုးဆော့တာနဲ့ အတူတူပါပဲ။
ဟန်ကျွယ်ဟာ သိချင်စိတ်ကို မမြိုသိပ်နိုင်တော့တာကြောင့် စနစ်ကို မေးလိုက်ပါတယ် “စနစ်… မင်း ဒီအကောင်းစား ရတနာတွေကို ဘယ်ကနေ သွားစုဆောင်းလာတာလဲ”
ဟန်ကျွယ်ဟာ တာအိုဘိုးဘေးကနေ စနစ်ဖြစ်လာတာလားလို့ သံယဝင်နေတဲ့အတွက် ဒီမေးခွန်းကို မေးလိုက်တာ ဖြစ်ပါတယ်။
[စနစ်သည် အကူသာ ဖြစ်သည်။ စနစ်၏ ဇစ်မြစ်ကို နားလည်ရင် သင်တွင် လုံလောက်သော စွမ်းအားရှိရန် လိုအပ်သည်။ လောလောဆယ်၌ စနစ်သည် ကိုယ့်ဇစ်မြစ် ကိုယ်မသိပါ။]
စနစ်ရဲ့ အဖြေက အရင်လိုပဲ ကျောက်တောင်လို ခိုင်မာပြီး ကျောက်တုံးလို ခံစားချက် ကင်းမဲ့နေတုန်းပါ။ ဒါပေမဲ့ စနစ်ရဲ့ အဖြေက ဟန်ကျွယ်ကို စိတ်သက်သာသွားစေပါတယ်။ စနစ်မှာသာ ကိုယ်ပိုင်စိတ်ဆန္ဒရှိရင် တော်တော် ကြောက်ဖို့ကောင်းမှာပါ။
စနစ်က လောလောဆယ်မှာ ဟန်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ စနစ်ကို ယုံကြည်ဖို့ ရွေးချယ်လိုက်ပါတယ်။ စနစ်ကြောင့်သာ မဟုတ်ရင် ဟန်ကျွယ် ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်အတွက် အေးအေးဆေးဆေး ကျင့်ကြံအားထုတ်လို့ရရင် တော်ပါပြီ။ စနစ်က သူ့ကို အပြင်ထွက်ဖို့ တွန်းအားမပေးရင် ပြဿနာမရှိပါဘူး။
ကောင်းကင်ဖွင့်လှစ် ပုဆိန်ကလွဲရင် ဓမ္မရုပ်တုပေါင်းစပ်တဲ့ ပညာရပ်ကလည်း စွမ်းလွန်းပါတယ်။ ဓမ္မရုပ်တု ဘယ်လောက်များများကို တစ်ချိန်တည်းမှာ ပေါင်းစပ်နိုင်လဲ ဆိုတာကတော့ မသိနိုင်သေးပါဘူး။
ဒီပညာရပ်က မဟာညီညွတ်မှုရုပ်သွင်နဲ့ လုံးဝကို သင့်တော်ပါတယ်။ ဒီပညာရပ်ရဲ့ စွမ်းအားက အကန့်အသတ် မရှိပါဘူး။ ဓမ္မရုပ်တု ဆန်းကြယ်စွမ်းအားက အစွမ်းထက်လေလေ သူကလည်း အစွမ်းထက်လေလေပါပဲ။
ဟန်ကျွယ်ဟာ ပထမဆုံး ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ထုတ်ယူလိုက်ပြီး ကိုယ်ပိုင်ပစ္စည်း ပြုပါတယ်။
ကောင်းကင်ဖွင့်လှစ်ပုဆိန်က ဟန်ကျွယ် ခန္ဓာကိုယ်တစ်ခုလုံးထက် ကြီးမားပါတယ်။ ပုဆိန်သွားက ကြီးမားကျယ်ပြန့်ပြီး အလွန်သေးမွှားတဲ့ ပုံရိပ်လေးတွေ ထွင်းထားပါတယ်။ ဒီပုံရိပ်လေးတွေရဲ့ ပုံစံက မတူကွဲပြားနေပြီး ရှုပ်ထွေးတဲ့ တိုက်ပွဲတစ်ခုထဲ ရောက်နေပုံပါပဲ။ ဟန်ကျွယ်ဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ကိုင်ရင်း အလွန်လေးလံတယ်လို့ ခံစားလိုက်ရတဲ့အတွက် တည်တည်ငြိမ်ငြိမ် မကိုင်နိုင်လုနီး ဖြစ်သွားပါတယ်။
‘ငါလို တာအိုပညာရှိတောင် ဒီပုဆိန်ကို တည်တည်ငြိမ်ငြိမ် မကိုင်နိုင်ပါ့လား… ပဋိပက္ခ အကောင်းစား ရတနာလို့ ခေါ်ထိုက်ပါတယ်’
တစ်နှစ်ကြာတဲ့အခါမှာတော့ ကောင်းကင်ဖွင့်လှစ်ပုဆိန်ဟာ ဟန်ကျွယ်ကို သခင်အဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။ ဒီပုဆိန်ကို ကိုယ်ပိုင်ပစ္စည်းလုပ်ရတာက သတ်ဖြတ်ခြင်းတာအိုတံဆိပ်ထက် ပိုခက်ပါတယ်။
ဟန်ကျွယ်ဟာ ဓမ္မရုပ်တုပေါင်းစပ်တဲ့ ပညာရပ်ကို ဆက်ပြီးတော့ အမွေဆက်ခံပါတယ်။ လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ ဓမ္မရုပ်တုပေါင်းစပ်တဲ့ ပညာရပ်ကို တတ်မြောက်သွားပြီး အသွင်တူ လက်ရည်စမ်းပွဲထဲမှာ စမ်းကြည့်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်နက္ခ နတ်ဘီလူးကို သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်ပြီး ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ကိုင်ကာ ကောင်းကင်အရှင်ဝူဖာကို တစ်ချက်တည်း သတ်ပစ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ စမ်းသပ်မှုတွေ စလုပ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်နက္ခ နတ်ဘီလူးနဲ ခွန်အားနတ်ဘီလူးကို သူ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်လိုက်ပါတယ်။ ဒီတစ်ခါမှာလည်း ဟန်ကျွယ်ရဲ့ စွမ်းအားက ထပ်မံတိုးတက်သွားပြီး ကောင်းကင်အရှင်ဝူဖာကို ကြက်ကလေး ငှက်ကလေးလို သတ်ပစ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စမ်းကြည့်တဲ့အခါ နတ်ဘီလူးဓမ္မရုပ်တုတွေကို ပေါင်းစပ်တာက လုံးဝပေါင်းစပ်တာ မဟုတ်မှန်း ရှာတွေ့သွားပါတယ်။ ပဋိပက္ခ နတ်ဘီလူးတွေ အများစုရဲ့ စွမ်းအားက အခြေခံအားဖြင့် မတူကွဲပြားနေကြပါတယ်။ ဒါကြောင့် ဓမ္မရုပ်တုတွေကို ပေါင်းစပ်တဲ့ ပညာရပ်က အားသာချက်တွေကိုပဲ ပေါင်းစပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နဲ့တစ်ပေါင်းရင် နှစ်မထွက်ဘဲ တစ်ခွဲလောက်ပဲ ထွက်ပါတယ်။
ဒါပေမဲ့ ဒီရလဒ်ကလည်း မဆိုးလှပါဘူး။
ဟန်ကျွယ်ဟာ ဒီပညာရပ်ကို အလွန်တရာမှ ကျေနပ်အားရပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ဟာ အများဆုံး နတ်ဘီလူးဓမ္မရုပ်တု ငါးပါးအထိ ပေါင်းစပ်နိုင်ပါတယ်။ ဒီထက်ပိုပြီးတော့ ပေါင်းစပ်ရင် ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်က တောင့်မခံနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဓမ္မရုပ်တုတွေ ပေါင်းစပ်တဲ့ ပညာရပ်ကို လုံးဝတတ်မြောက်ချင်တဲ့အပြင် မတူညီတဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေကို ပေါင်းစပ်လို့ ရလာတဲ့ စွမ်းအားကိုလည်း စမ်းသပ်ချင်တာ ပါပါတယ်။
လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုမှာ အလင်းရောင်မျိုးစုံ တောက်ပနေတဲ့ ရုပ်သွင်တွေဟာ ရုတ်ခြည်း ပေါ်လာပါတယ်။ သူတို့တွေဟာ အရပ်မျက်နှာတစ်ခုတည်းကိုပဲ ကြည့်လိုက်ကြပါတယ်။ အဲဒီနေရာက အလင်းရောင် အမှတ်တစ်ခု ဖြစ်ပြီး အမှောင်ထုထဲမှာ ကြယ်တစ်စင်းလိုပါပဲ။
“ဒီမဟာတာအိုက ထပ်ပြီးတော့ အင်အားကြီးလာပြန်ပြီ၊ ဒီမဟာတာအိုရဲ့ တိုးတက်နှုန်းက တကယ့်ကို အံမခန်းပဲ”
“သဘာဝကနေ ဖြစ်ပေါ်လာတာလား ဒါမှမဟုတ် ပိုင်ရှင်ရှိတဲ့ မဟာတာအိုလား…”
“ငါလည်း သေချာမသိဘူး၊ ငါ ထိုးဖောက်မမြင်နိုင်ဘူး”
“ထပ်ပြီးတော့ စောင့်ကြည့်ရအောင်… ဒီမဟာတာအိုက ပဋိပက္ခကို သက်ရောက်လိမ့်မယ်လို့ ငါ ခံစားနေရတယ်”
“ငါလည်း မင်းလိုပဲ ခံစားနေရတယ်”
ဒီရုပ်သွင်တွေဟာ ခပ်တိုးတိုး‌ ဆွေးနွေးကြပြီး တစ်ခဏကြာတဲ့အခါ ရုတ်ခြည်း ပျောက်ကွယ်သွားကြပါတယ်။
အလင်းရောင်အမှတ်ကတော့ အမှောင်ထုထဲမှာ ဆက်ပြီးတော့ တောက်ပနေတုန်းပါပဲ။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ၈၃၄ နှစ် ကြာသွားပါတယ်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ငိုသံတစ်သံကို ရုတ်တရက် ကြားလိုက်ရပါတယ်။ ဒီငိုသံက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ လာတာ မဟုတ်ပါဘူး။ ဝေးကွာလှတဲ့ သေမျိုးကမ္ဘာတစ်ခုကနေ လာတာပါ။
“ဘိုးဘေး ဟန်ထော်… ကိုယ်ထင်ပြဖို့ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ဟန်မိသားစုက မျိုးတုံးသတ်ဖြတ်ခံရပါတော့မယ်၊ ဘိုးဘေး တကယ်ပဲ ထိုင်ကြည့်နေတော့မှာလား”
“ဘာဖြစ်လို့ တခြာမိသားစုတွေက အထက်လောကကနေ အင်မော်တယ်တွေ ပင့်ဖိတ်နိုင်ရတာလဲ၊ ကျွန်တော်တို့ ဟန်မိသားစုမှာ အင်မော်တယ် နတ်ဘုရားဘိုးဘေးရှိပေမဲ့ ဘာဖြစ်လို့ ကျွန်တော်တို့ကို လျစ်လျူရှုထားရတာလဲ”
“ဘာဖြစ်လို့လဲ… ဘာဖြစ်လို့လဲ…”
“ကျွန်တော်တို့ ဟန်မိသားစုက နှစ်တစ်ထောင်ကျော်အောင် ခြေဦးတည့်ရာ လျှောက်သွားပြီး သေမင်းတံခါးမှာ ရုန်းကန်ကြိုးစားနေရတာ၊ ဘာဖြစ်လို့ မိုးကောင်းကင်က ကျွန်တော်တို့ကို ချမ်းသာ မပေးရတာလဲ”
ဒီအသံဟာ မျှော်လင့်ချက်ကင်းမဲ့မှုတွေနဲ့ ပြည့်နှက်နေပါတယ်။
ဟန်ကျွယ် ကြည့်လိုက်တဲ့အခါ တောင်ကတုံးတစ်ခုမှာ လူငယ်တစ်ယောက်က မြေကြီးပေါ် ဒူးထောက်ပြီး ကောင်းကင်ပေါ် မော့ကြည့်ကာ အော်ဟစ်နေတာကို တွေ့လိုက်ရပါတယ်။ လူငယ်ရဲ့ မျက်လုံးအိမ်ထဲကနေလည်း မျက်ရည်တွေ ဆက်တိုက် ကျဆင်းနေပါတယ်။ လူငယ်ဘေးမှာလည်း အလောင်းတွေ ပြန့်ကျဲနေပါတယ်။
ဟန်ကျွယ်ဟာ တစ်ချက်ကြည့်ရုံနဲ့ ဒီအလောင်းတွေက ဟန်မိသားစုရဲ့ ကလေးတွေဆိုတာကို သိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်ထော်ကို ကြည့်လိုက်ပြန်ပါတယ်။
ဒီအချိန်မှာ ဟန်ထော်က ကျို့ယိုငရဲမှာ အကျဉ်းချခံထားရပြီး ကျို့ယိုမီးလျှံရဲ့ အရိုးခိုက်အောင် လောင်ကျွမ်းမှုဒဏ်ကို ခါးစည်းခံနေရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset